မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသမီးများအပေါ် ဘုရားသခင်နှင့်ခရစ်တော် မည်သို့ရှုမြင်သနည်း

အမျိုးသမီးများအပေါ် ဘုရားသခင်နှင့်ခရစ်တော် မည်သို့ရှုမြင်သနည်း

အမျိုးသမီးများအပေါ် ဘုရားသခင်နှင့်ခရစ်တော် မည်သို့ရှုမြင်သနည်း

အမျိုးသမီးများအပေါ် ယေဟောဝါဘုရားသခင်၏ရှုမြင်ပုံကို ကျွန်ုပ်တို့ မည်သို့အပြည့်အဝ သိနားလည်နိုင်သနည်း။ တစ်နည်းမှာ “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်” ဖြစ်ပြီး ကိစ္စရပ်များအပေါ် ဘုရားသခင့်ရှုမြင်ပုံကို အပြည့်အဝ ရောင်ပြန်ဟပ်သည့် ယေရှုခရစ်၏ သဘောထားနှင့် အမူအကျင့်တို့ကို လေ့လာဆန်းစစ်ကြည့်ခြင်းဖြစ်သည်။ (ကောလောသဲ ၁:၁၅) မိမိခေတ်က အမျိုးသမီးများကို ယေရှုဆက်ဆံခဲ့ပုံက ယေဟောဝါနှင့် ယေရှုသည် အမျိုးသမီးများကို လေးစားကြောင်း၊ ယနေ့ခေတ် နိုင်ငံများစွာတွင် အဖြစ်များနေသည့် နိုင်လိုမင်းထက်ဆက်ဆံမှုကို မနှစ်သက်ကြောင်း ဖော်ပြသည်။

ဥပမာ၊ ရေတွင်းတစ်တွင်း၌ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောဆိုခဲ့သည့် အခါသမယကို သုံးသပ်ကြည့်ပါ။ “ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန် ရောက်လာ၏။ ထိုအခါ ယေရှုက ‘ငါသောက်ဖို့ ရေပေးပါ’ ဟုဆို” ကြောင်း ယောဟန်ခရစ်ဝင်ကျမ်းက ဖော်ပြသည်။ ဂျူးအများစုသည် ရှမာရိလူမျိုးနှင့် မဆက်ဆံကြသော်လည်း ယေရှုမူ လူအများရှေ့တွင် ရှမာရိအမျိုးသမီးတစ်ဦးနှင့် စကားပြောဆိုရန် တလိုတလားရှိခဲ့သည်။ နိုင်ငံတကာစံတင်ကျမ်းစာစွယ်စုံကျမ်း အရ ဂျူးများအတွက် “လူအများရှိသောနေရာ၌ အမျိုးသမီးတစ်ဦးနှင့် စကားစမြည်ပြောဆိုခြင်းသည် အလွန်ပင်ကျော်မကောင်းကြားမကောင်းသော ကိစ္စဖြစ်သည်။” သို့သော် ယေရှုသည် အမျိုးသမီးများကို လေးလေးစားစားနှင့် ထောက်ထားစာနာစွာ ဆက်ဆံခဲ့ပြီး လူမျိုးရေးအရ ဘက်လိုက်ခြင်း သို့မဟုတ် လိင်ခြားသူကို စိတ်ကွက်ခြင်းမရှိခဲ့ချေ။ ယင်းအစား ယေရှုသည် အဆိုပါရှမာရိအမျိုးသမီးအား မိမိသည် မေရှိယဖြစ်ကြောင်း ဦးဆုံးအကြိမ်အဖြစ် ကိုယ်တော်တိုင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။—⁠ယောဟန် ၄:၇-၉၊ ၂၅၊ ၂၆ကဘ။

နောက်ဖြစ်ရပ်တစ်ခုတွင် ရှက်စရာကောင်းပြီး အားယုတ်စေသော သွေးသွန်နာကို ၁၂ နှစ်တိုင်ခံစားနေရရှာသည့် အမျိုးသမီးတစ်ဦးသည် ယေရှုအနားသို့ ချဉ်းကပ်ခဲ့၏။ သူသည် ကိုယ်တော်အား တို့ထိလိုက်သောအခါ ၎င်း၏ဝေဒနာ ချက်ချင်းပျောက်သွားသည်။ “ယေရှုသည် လှည့်၍ ထိုမိန်းမကို သတိပြုမိလျှင် ‘ငါ့သမီး၊ အားယူလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ’ ဟုမိန့်တော်မူ၏။” (မဿဲ ၉:၂၂ကဘ) မောရှေပညတ်အရ သွေးသွန်နာစွဲသော အမျိုးသမီးတစ်ဦးသည် လူအုပ်ထဲတွင် မနေသင့်သည့်အပြင် အခြားသူများကိုလည်း မထိရချေ။ သို့သော် ယေရှုသည် ၎င်းအမျိုးသမီးကို အပြစ်မတင်ခဲ့ချေ။ ယင်းအစား ကိုယ်တော်သည် သူ့အား ထောက်ထားစာနာစွာ နှစ်သိမ့်ပေးခဲ့ပြီး “သမီး” ဟုပင် ခေါ်ခဲ့သည်။ ထိုအသုံးအနှုန်းက သူ့ကို အလွန်ပင်အားရှိစေကာ သူခံစားနေရသော စိုးရိမ်ပူပန်မှုကိုလည်း လျော့ပါးသက်သာစေခဲ့ပေမည်။ ယေရှုလည်း သူ့ကို ကုသပေးလိုက်ရ၍ အလွန်ဝမ်းမြောက်ခဲ့ပေမည်။

ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီးနောက် မာဂဒလမာရိနှင့် သမ္မာကျမ်းစာတွင် “အခြားသော မာရိ” ဟုရည်ညွှန်းထားသူ အခြားတပည့်တစ်ဦးထံ ဦးဆုံး ကိုယ်ယောင်ထင်ရှားပြခဲ့သည်။ ယေရှုသည် ပေတရု၊ ယောဟန် သို့မဟုတ် အခြားအမျိုးသား တပည့်များရှေ့ ဦးဆုံး ကိုယ်ယောင်ပြနိုင်ပါသည်။ ယင်းအစား ကိုယ်တော်သည် မိမိ၏ရှင်ပြန်ထမြောက်မှုနှင့်စပ်လျဉ်း၍ အမျိုးသမီးများအား ပထမဆုံး မျက်မြင်သက်သေများဖြစ်ခွင့်ပေးခြင်းဖြင့် သူတို့ကိုဂုဏ်တင်ခဲ့၏။ ကောင်းကင်တမန်တစ်ပါးသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသော ယင်းဖြစ်ရပ်ကို ယေရှု၏အမျိုးသားတပည့်များထံ အကြောင်းကြားရန် အဆိုပါအမျိုးသမီးများအား ညွှန်ကြားခဲ့သည်။ ၎င်းအမျိုးသမီးများကို ယေရှုက “ငါ့ညီအစ်ကိုတို့ကို သွား၍ကြားပြောလော့” ဟုမိန့်ဆိုခဲ့၏။ (မဿဲ ၂၈:၁၊ ၅-၁၀ကဘ) အမျိုးသမီးများသည် တရားရုံးတွင် သက်သေဖြစ်ခွင့်မရှိဟူသော မိမိခေတ်က ဂျူးများ၏ထုံးစံဖြစ်သည့် စိတ်ကွက်မှု၏ လွှမ်းမိုးခြင်းကို ယေရှု မခံခဲ့သည်မှာ သေချာသည်။

ထို့ကြောင့် အမျိုးသမီးများကို စိတ်ကွက်မည့်အစား သို့မဟုတ် တစ်နည်းနည်းဖြင့် အမျိုးသားများက အမျိုးသမီးများထက်သာသည်ဟူသော သဘောထားများကို ဆင်ခြေပေးမည့်အစား အမျိုးသမီးများကို တန်ဖိုးထားလေးစားကြောင်း ယေရှုဖော်ပြခဲ့သည်။ အမျိုးသမီးများအား အကြမ်းဖက်ခြင်းသည် ယေရှုသွန်သင်ခဲ့ရာနှင့် လုံးဝဆန့်ကျင်၏။ ကိုယ်တော်၏သဘောထားသည် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခမည်းတော် ယေဟောဝါ၏ရှုမြင်ပုံကို အပြည့်အဝရောင်ပြန်ဟပ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။

ဘုရားသခင်၏ဂရုစိုက်မှုကို ခံစားခဲ့ရသော အမျိုးသမီးများ

“မျက်မှောက်ခေတ် အနောက်တိုင်းလူ့အဖွဲ့အစည်းများတွင် အမျိုးသမီးများရရှိသည့် လွတ်လပ်ခွင့်မျိုးကို ရှေးမြေထဲပင်လယ်ဒေသနှင့် အရှေ့ဖျားဒေသရှိ အမျိုးသမီးများ မရကြချေ။ ယေဘုယျ ပုံစံမှာ ကျွန်သည် လူလွတ်ထက်၊ လူငယ်သည် လူကြီးထက် အဆင့်နိမ့်သည်နည်းတူ အမျိုးသမီးသည် အမျိုးသားထက် အဆင့်နိမ့်သည်။ . . . ယောက်ျားကလေးများကို မိန်းကလေးများထက် ပါစားပေးပြီး တစ်ခါတစ်ရံ ရင်ခွင်ပိုက်မိန်းကလေးများအား ဆုံးပါးသွားစေရန် ပစ်စလက်ခတ်ထားတတ်ကြသည်။” ရှေးခေတ်က အမျိုးသမီးများနှင့်ပတ်သက်၍ ပျံ့နှံ့လျက်ရှိသော သဘောထားကို ကျမ်းစာအဘိဓာန်ကျမ်းတစ်အုပ်က ထိုသို့ဖော်ပြထားပါသည်။ ကိစ္စရပ်များစွာတွင် အမျိုးသမီးများကို ကျွန်နီးပါး တစ်တန်းတစ်စားတည်း ထားကြ၏။

ဓလေ့ထုံးစံများတွင် ဤသဘောထားမျိုး ထင်ဟပ်ခဲ့သည့် အချိန်တစ်ချိန်၌ သမ္မာကျမ်းစာကို ရေးသားခဲ့သည်။ သို့သော် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ဘုရားသခင့်ပညတ်တော်သည် ရှေးယဉ်ကျေးမှုများစွာရှိ သဘောထားများနှင့် လားလားကြီးဆန့်ကျင်ကာ အမျိုးသမီးများကို အလွန်လေးစားကြောင်း ဖော်ပြခဲ့သည်။

ယေဟောဝါသည် အမျိုးသမီးများ၏ကောင်းကျိုးကို စိတ်ဝင်စားတော်မူကြောင်း မိမိအားဝတ်ပြုသည့် အမျိုးသမီးများအတွက် ကိုယ်တော်လုပ်ဆောင်ပေးတော်မူခဲ့သည့် ဖြစ်ရပ်အတော်များများတွင် ပေါ်လွင်ထင်ရှားသည်။ အာဗြဟံ၏ဇနီးချော စာရာအား ဗလက္ကာရမပြုစေရန် နှစ်ကြိမ်တိုင်တိုင် ကိုယ်တော်ကြားဝင် လုပ်ဆောင်တော်မူခဲ့၏။ (ကမ္ဘာဦး ၁၂:၁၄-၂၀; ၂၀:၁-၇) ဘုရားသခင်သည် ယာကုပ်၏ အချစ်မခံရသောဇနီး လေအာကို “သားဖွားရသောအခွင့်” ပေးခြင်းဖြင့် မျက်နှာသာပေးခဲ့သည်။ (ကမ္ဘာဦး ၂၉:၃၁၊ ၃၂) ဘုရားသခင်အား ကြောက်ရွံ့သည့် အစ္စရေးဝမ်းဆွဲနှစ်ဦးသည် အီဂျစ်ပြည်တွင် နို့စို့ကလေးသူငယ်များအား သတ်ပစ်သောဘေးမှ ဟေဗြဲသားယောက်ျားလေးများကို အသက်စွန့်၍ ကာကွယ်ပေးခဲ့သောအခါ ယေဟောဝါသည် သူတို့၏လုပ်ရပ်ကို လေးမြတ်သည့်အနေနှင့် “သူတို့အိမ်သူအိမ်သားများကို ပြုစုတော်မူ၏။” (ထွက်မြောက်ရာ ၁:၁၇၊ ၂၀၊ ၂၁) ကိုယ်တော်သည် ဟန္န၏ ထက်သန်သောဆုတောင်းချက်ကိုလည်း ဖြေကြားပေးတော်မူခဲ့၏။ (၁ ဓမ္မရာဇဝင် ၁:၁၀၊ ၂၀) ပရောဖက်တစ်ဦး၏ဇနီးဖြစ်ခဲ့သူ မုဆိုးမတစ်ဦးသည် အကြွေးမဆပ်နိုင်သဖြင့် မိမိ၏သားများကို ကျွန်ပြုရန် ခေါ်သွားတော့မည့် ကြွေးရှင်နှင့် ရင်ဆိုင်ရသောအခါ ယေဟောဝါသည် သူ့အား ခိုကိုးရာမဲ့ပစ်ထားတော်မမူခဲ့ချေ။ ဘုရားသခင်သည် ဧလိရှဲမှတစ်ဆင့် မေတ္တာဖြင့် သူ၏ဆီကို တိုးပွားအောင်လုပ်ပေးခဲ့ရာ အကြွေးဆပ်နိုင်ခဲ့သည့်အပြင် မိသားစုအတွက်ပါ ဆီအလုံအလောက် ရရှိစေခဲ့သည်။ သို့နှင့် သူသည် မိမိ၏မိသားစုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့၏။—⁠ထွက်မြောက်ရာ ၂၂:၂၂၊ ၂၃; ၄ ဓမ္မရာဇဝင် ၄:၁-၇

အမျိုးသမီးများအား ခေါင်းပုံဖြတ်ခြင်း သို့မဟုတ် သူတို့အား မတရားအနိုင်ကျင့်ခြင်းကို ပရောဖက်များက ထပ်ခါတလဲလဲ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ပရောဖက်ယေရမိသည် ယေဟောဝါ၏နာမတော်ကိုခံယူထားသော အစ္စရေးလူမျိုးကို ဤသို့ပြောခဲ့၏– “တရားသဖြင့်စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူခြင်းခံရသောသူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသောသူတို့ကို ဤအရပ်၌ မကွပ်မျက်ကြနှင့်။” (ယေရမိ ၂၂:၂၊ ၃) အစောပိုင်းတွင် အစ္စရေးနိုင်ငံမှ ငွေကြေးချမ်းသာပြီး ဩဇာအာဏာရှိသူများသည် အမျိုးသမီးများကို ၎င်းတို့နေအိမ်များမှ နှင်ထုတ်၍ ၎င်းတို့၏သားသမီးများကို နှိပ်စက်ညှဉ်းပန်းခဲ့သည့်အတွက် ပြစ်တင်ရှုတ်ချခံခဲ့ရ၏။ (မိက္ခာ ၂:၉) အမျိုးသမီးများနှင့် ၎င်းတို့၏သားသမီးများ ထိုသို့ ဆင်းရဲဝေဒနာခံစားခဲ့ကြရသည်ကို တရားမျှတမှုရှိသော ဘုရားသခင် မြင်တော်မူပြီး ယင်းကို မကောင်းမှုအဖြစ် ပြစ်တင်ရှုတ်ချတော်မူ၏။

‘အရည်အချင်းရှိသောဇနီး’

ရှေးနယပုံပြင်ကျမ်းရေးသူတစ်ဦးသည် ‘အရည်အချင်းရှိသောဇနီး’ သည်တစ်ဦးနှင့်ပတ်သက်၍ လျောက်ပတ်သောအမြင်ကို ဖော်ပြခဲ့သည်။ ဇနီးသည်တစ်ဦး၏ အခန်းကဏ္ဍနှင့် အနေအထားကို ယေဟောဝါ၏နှုတ်မြွက်စကားတော်တွင် လှပစွာ ထည့်သွင်းဖော်ကျူးထားသောကြောင့် ယင်းကို ကိုယ်တော်နှစ်သက်တော်မူကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။ ယင်းသို့သောအမျိုးသမီးတစ်ဦးသည် အနှိမ်ခံရ၊ နိမ့်ကျသူအဖြစ် ရှုမြင်ခံရမည့်အစား တန်ဖိုးထားလေးစားခံရပြီး ယုံကြည်စိတ်ချခံရ၏။

နယပုံပြင် အခန်းကြီး ၃၁ တွင်ဖော်ပြထားသည့် အရည်အချင်းရှိသောဇနီးသည်,သည် တက်ကြွပြီး အလုပ်ကြိုးစားသူဖြစ်၏။ သူသည် “မိမိလက်နှင့်” နှစ်ထောင်းအားရသည့်အရာကို ကြိုးစားလုပ်ဆောင်ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် အိမ်ယာခြံမြေရောင်းဝယ်ရေးလုပ်ငန်းများ၌ပင် ပါဝင်လုပ်ဆောင်လေသည်။ သူသည် မြေတစ်ကွက်ကို တွေ့ရှိ၍ ဝယ်လေ၏။ အဝတ်အထည်များကိုရက်လုပ်၍ ရောင်းချ၏။ သူသည် ကုန်သည်များအား ခါးစည်းများကို ပေးတတ်၏။ သူသည် အစွမ်းခွန်အားနှင့်ပြည့်စုံပြီး တက်တက်ကြွကြွရှိ၏။ ထို့ ပြင် သူသည် ဉာဏ်ပညာရှိရှိ ပြောဆိုတတ်ပြီး ချစ်ခင်ကြင်နာတတ်သည့်အတွက် အလွန်တန်ဖိုးထားခံရသည်။ သို့နှင့် သူ့ကို ခင်ပွန်းသည်နှင့် သားများက အလွန် အထင်ကြီးလေးစားသည်သာမက ယေဟောဝါပင်လျှင် အလွန်တန်ဖိုးထားတော်မူ၏။

အမျိုးသမီးများသည် အခွင့်ကောင်းယူသော၊ မတရားအနိုင်ကျင့်သော၊ တစ်နည်းနည်းဖြင့် မတော်မတရားပြုသော အမျိုးသားများ၏ အနှိမ်ခံများမဟုတ်ကြချေ။ ယင်းအစား အိမ်ထောင်သည်အမျိုးသမီးတစ်ဦးသည် ခင်ပွန်းသည်၏ အရည်အချင်းရှိသော “အထောက်အမ” ဖြစ်ကာ ပျော်ရွှင်သူဖြစ်သည်။—⁠ကမ္ဘာဦး ၂:၁၈

သူတို့အား ဂုဏ်တင်လေးမြတ်ပါ

မိမိတို့၏ဇနီးသည်များကို မည်သို့ဆက်ဆံသင့်ကြောင်း ခရစ်ယာန်လင်ယောက်ျားများထံ စာရေးသောအခါ မှုတ်သွင်းခံစာရေးသူ ပေတရုသည် ယေဟောဝါနှင့်ယေရှုခရစ်၏ သဘောထားကိုတုပရန် လင်ယောက်ျားများအား တိုက်တွန်းခဲ့၏။ ‘ယောက်ျားတို့၊ . . . သူတို့ကို စောင်မပြုစု [“ဂုဏ်တင်လေးမြတ်၊” ကဘ] ကြလော့။’ (၁ ပေတရု ၃:၇) လူတစ်ဦးကို ဂုဏ်တင်လေးမြတ်ခြင်း ဟူသည် ထိုသူအား အလွန်တန်ဖိုးထား၍ ရိုသေလေးစားခြင်းကိုဆိုလို၏။ သို့ ဖြစ်၍ မိမိ၏ဇနီးသည်ကို ဂုဏ်တင်လေးမြတ်သော အမျိုးသားသည် ဇနီးသည်ကို အရှက်ခွဲမည်မဟုတ်၊ ကဲ့ရဲ့ရှုတ်ချမည်မဟုတ် သို့မဟုတ် နိုင်လိုမင်းထက်ပြုမူမည်မဟုတ်။ ယင်းအစား၊ ဇနီးသည်ကို ချစ်မြတ်နိုးကြောင်း အများရှေ့တွင်ဖြစ်စေ၊ နှစ်ယောက်တည်းရှိနေချိန်တွင်ဖြစ်စေ အပြောနှင့်ရော အလုပ်ဖြင့်ပါ သူပြသ၏။

ဇနီးသည်ကို ဂုဏ်တင်လေးမြတ်ခြင်းက အိမ်ထောင်တစ်ခုကို အမှန်ပင် သာယာစေပါသည်။ ကားလို့စ်နှင့် စီစီလျာတို့၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ ၎င်းတို့အိမ်ထောင်သက်တမ်း၏ တစ်ချိန်ချိန်တွင် စကားများလေ့ရှိပြီး ယင်းသို့ဖြစ်ပြီဆိုလျှင် မဆုံးနိုင်တော့ချေ။ တစ်ခါတစ်ရံ တစ်ဦးကိုတစ်ဦး စကားမပြောဘဲနေခဲ့ကြ၏။ သူတို့သည် ပြဿနာကို မည်သို့ဖြေရှင်းရမည်ကို မသိရှိခဲ့ကြချေ။ ကားလို့စ်သည် ရန်လိုတတ်ပြီး စီစီလျာကမူ နားပူနားဆာလုပ်တတ်ကာ မာနကြီးသည်။ သို့သော် သူတို့သည် သမ္မာကျမ်းစာကို စတင်လေ့လာပြီး သိရှိခဲ့ရာကို ကျင့်သုံးသည့်အခါ အခြေအနေမှာ တိုးတက်ကောင်းမွန်လာသည်။ စီစီလျာက ဤသို့ပြောပြ၏– “ယေရှုရဲ့သွန်သင်ချက်တွေနဲ့ ပုံသက်သေက ကျွန်မရဲ့စရိုက်ကိုသာမက ကျွန်မယောက်ျားရဲ့ စရိုက်ကိုပါ ပြုပြင်ပြောင်းလဲပေးခဲ့တယ်ဆိုတာ ကျွန်မ သဘောပေါက်တယ်။ ယေရှုရဲ့ပုံသက်သေကြောင့် ကျွန်မ ပိုပြီးနှိမ့်ချတတ်လာတယ်၊ ပိုပြီးနားလည်ပေးတတ်လာတယ်။ ယေရှုလုပ်ခဲ့သလိုပဲ ယေဟောဝါရဲ့အကူအညီကို ဆုတောင်းပြီး တောင်းခံတတ်လာတယ်။ ကားလို့စ်လည်း ပိုပြီးစိတ်ရှည်တတ်လာတယ်၊ ချုပ်တည်းမှု ပိုပြတတ်လာတယ်။ ယေဟောဝါရဲ့အလိုတော်အတိုင်း ဇနီးသည်ကို ဂုဏ်တင်လေးမြတ်တတ်လာတယ်။”

၎င်းတို့၏အိမ်ထောင်ရေးသည် ပြီးပြည့်စုံလင်ခြင်းမရှိသော်လည်း တည်မြဲခဲ့ပါသည်။ မကြာသေးမီနှစ်များက သူတို့သည် ကြီးမားသောအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ၏။ ကားလို့စ်သည် အလုပ်လက်မဲ့ဖြစ်သွားပြီး ကင်ဆာရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ သို့သော် အဆိုပါအပြောင်းအလဲများက ၎င်းတို့၏အိမ်ထောင်ရေးနှောင်ကြိုးကို မပြတ်သွားစေသည့်အပြင် ပို၍ပင် ခိုင်မြဲစေခဲ့သည်။

အပြစ်နှင့်မစုံလင်မှုသို့ လူသားတို့ ကျရောက်ခဲ့ရချိန်မှစ၍ ယဉ်ကျေးမှုများစွာမှ အမျိုးသမီးများသည် သိက္ခာချခံနေရ၏။ သူတို့သည် ကာယပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာတို့တွင် မတရားပြုကျင့်ခံနေရသည်။ သို့သော် အမျိုးသမီးများ ထိုသို့ ပြုမူဆက်ဆံခံရရန် ယေဟောဝါ ရည်ရွယ်တော်မမူခဲ့ချေ။ ယဉ်ကျေးမှုဆိုင်ရာ မည်သည့်အယူအဆပင် လွှမ်းမိုးနေပါစေ အမျိုးသမီးအားလုံးကို ဂုဏ်တင်လေးမြတ်ပြီး ရိုသေလေးစားစွာ ပြုမူဆက်ဆံသင့်ကြောင်း ကျမ်းစာမှတ်တမ်းက ရှင်းရှင်းလင်းလင်း ဖော်ပြသည်။ ယင်းကား သူတို့၏ ဘုရားသခင်ပေးအခွင့်အရေးပင်ဖြစ်သည်။

[စာမျက်နှာ ၄၊ ၅ ပါရုပ်ပုံ]

ရှမာရိ အမျိုးသမီးတစ်ဦး

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

ဖျားနာနေသော အမျိုးသမီးတစ်ဦး

[စာမျက်နှာ ၄၊ ၅ ပါရုပ်ပုံ]

မာဂဒလ မာရိ

[စာမျက်နှာ ၆ ပါရုပ်ပုံ]

စာရာအား ယေဟောဝါ နှစ်ကြိမ်တိုင် ကာကွယ်ပေးခဲ့

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ကားလို့စ်နှင့် စီစီလျာတို့၏ အိမ်ထောင်ရေး အဆင်မပြေခဲ့

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ယနေ့ ကားလို့စ်နှင့် စီစီလျာ