မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ဦးစီးဟူသည် အမှန်တကယ် အဘယ်အရာကို ဆိုလိုသနည်း

အိမ်ထောင်ဦးစီးဟူသည် အမှန်တကယ် အဘယ်အရာကို ဆိုလိုသနည်း

သမ္မာကျမ်းစာရှုထောင့်

အိမ်ထောင်ဦးစီးဟူသည် အမှန်တကယ် အဘယ်အရာကို ဆိုလိုသနည်း

နိုင်ငံများစွာတွင် ထိမ်းမြားမင်္ဂလာအခမ်းအနားများ၌ ထုံးစံအရ အပြန်အလှန်ကတိသစ္စာပြုခြင်းပါဝင်ပြီး သတို့သမီးသည် မိမိ၏လင်ယောက်ျားအား နာခံပါမည်ဟု ကတိပြုရသည်။ သို့သော် အမျိုးသားသည် အိမ်ထောင်တွင် အိမ်ထောင်ဦးစီးဖြစ်သည်ဟူသောအယူအဆကို အမျိုးသမီးများစွာက မနှစ်သက်ကြချေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာ မည်သို့သွန်သင်သည်ကို သုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာသွန်သင်ချက်သည် မျှတ၍ လက်တွေ့ကျကြောင်း သင်တွေ့ရှိရမည်။

ဘုရားသခင်ပြဋ္ဌာန်းသော ဦးစီးမှု

ဦးစီးမှုနှင့်ပတ်သက်သော ကျမ်းစာအခြေခံဖော်ပြချက်ကို ဧဖက် ၅:၂၂-၂၄ တွင်တွေ့နိုင်သည်။ “အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ . . . အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။” “မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏” ဟုဆိုသောကြောင့် လင်ယောက်ျားသည် မိသားစုတွင် ဦးဆောင်ပြီး ဇနီးသည်,သည် သူ၏ဦးဆောင်မှုနောက်လိုက်ကာ သူ၏ဦးစီးမှုကို လေးစားရသည်။—ဧဖက် ၅:၃၃

လင်ယောက်ျား၏အခွင့်အာဏာကို ဘုရားသခင်နှင့် ခရစ်တော်အား သူကိုယ်တိုင်နာခံခြင်းဖြင့် ကန့်သတ်ထားသည်။ သူသည် ဇနီးသည်အား ဘုရားသခင်၏ပညတ်များကို ချိုးဖောက်ရန်၊ ဇနီးသည်၏ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်ကို ဆန့်ကျင်၍လုပ်ကိုင်ရန် ညွှန်ကြားပိုင်ခွင့်မရှိချေ။ သို့သော် ဤကန့်သတ်မှုများအတွင်းတွင် မိသားစုအတွက် အရေးကြီးဆုံးဖြတ်ချက်များချရန် လင်ယောက်ျားအား ဘုရားသခင် တာဝန်ပေးတော်မူသည်။—ရောမ ၇:၂; ၁ ကောရိန္သု ၁၁:၃

သမ္မာကျမ်းစာက လင်ယောက်ျားများ ဦးဆောင်မှုပြုရာတွင် ကိုယ်ကျိုးကိုသာမကြည့်ရန်၊ မိမိအရေးထက် ဇနီးသည်၏အရေးကို ဦးစားပေးရန် မိန့်မှာထားသည်။ ဧဖက် ၅:၂၅ တွင်ဤသို့ဆိုသည်– “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။” ခရစ်တော်၏ ကြီးမြတ်လှသည့် မေတ္တာပုံသက်သေကိုတုပသော လင်ယောက်ျားသည် တစ်ကိုယ်ကောင်းဆန်သောဦးစီးမှုကို ကျင့်သုံးမည်မဟုတ်ချေ။

ထို့ ပြင် သမ္မာကျမ်းစာက လင်ယောက်ျားအား ဇနီးသည်နှင့် “သတိပညာနှင့်လျော်စွာ” နေထိုင်ရန် လမ်းညွှန်ထားသည်။ (၁ ပေတရု ၃:၇) ဤတွင် ယောက်ျားနှင့် မိန်းမတို့သည် ကိုယ်ခန္ဓာပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းတွင် မတူညီကြကြောင်း သိထားရုံထက်မကပေ။ သူသည် မိမိဇနီးသည်၏ လိုအပ်ရာများကို သိနားလည်ထားရမည်။

‘သင်၏အဆွေခင်ပွန်းဖြစ်၏’

ဇနီးသည်၏လက်အောက်ခံမှုသည် လုံးလုံးခေါင်းငုံ့ခံနေခြင်းကို ဆိုလိုသလော။ လင်ယောက်ျားဖြစ်သူ အာဗြဟံအား နာခံရာတွင် စံနမူနာအဖြစ် သမ္မာကျမ်းစာ၌ရည်ညွှန်းသော စာရာကို သုံးသပ်ကြည့်ပါ။ (၁ ပေတရု ၃:၅၊ ၆) စာရာသည် သက်သောင့်သက်သာရှိသော နေအိမ်ကိုစွန့်ကာ တဲထိုး၍ လှည့်လည်သွားလာနေထိုင်ရသော ကြီးလေးသည့်ကိစ္စမှစ၍ ရုတ်တရက်ရောက်လာသောဧည့်သည်အတွက် အစားအသောက်ပြင်ဆင်ပေးရသည့် အသေးအမွှားကိစ္စအထိ အာဗြဟံအား လက်အောက်ခံခဲ့သည်။ (ကမ္ဘာဦး ၁၂:၅-၉; ၁၈:၆) သို့သော် ကြီးလေးသောကိစ္စတစ်ခုနှင့်ပတ်သက်၍ အာဗြဟံနှင့်အမြင်မတူကြောင်းကို ထပ်ခါတလဲ ဖော်ပြခဲ့သည်။ စာရာသည် အိမ်ထောင်တွင်းမှ မယားငယ်ဖြစ်သူ ဟာဂရနှင့် အာဗြဟံ၏သားဦး ဣရှမေလအား အိမ်မှ နှင်ထုတ်စေလိုသောအခါ ဤကိစ္စပေါ်ပေါက်ခဲ့သည်။ ဘုရားသခင်သည် စာရာအား ဆုံးမမည့်အစား အာဗြဟံအား “သူ၏စကားကိုနားထောင်လော့” ဟုမိန့်တော်မူခဲ့သည်။ တစ်ချိန်တည်းတွင် စာရာသည် ဟာဂရနှင့် ဣရှမေလအား သူကိုယ်တိုင် နှင်ထုတ်မည့်အစား စောင့်ဆိုင်းခြင်းဖြင့် အာဗြဟံအား နာခံကြောင်း ဆက်တင်ပြခဲ့သည်။—ကမ္ဘာဦး ၂၁:၈-၁၄

ဇနီးသည်တစ်ဦးသည် မိမိလင်ယောက်ျား၏ လွှမ်းမိုးမှုအောက်တွင်သာ ရှိနေမည့်အစား လင်ယောက်ျား၏ “အဆွေခင်ပွန်း” အဖြစ် ဂုဏ်တင်ခံထိုက်သည့်အနေအထားတွင်ရှိကြောင်း စာရာ၏ပုံသက်သေက တင်ပြသည်။ (မာလခိ ၂:၁၄) ဇနီးသည်,သည် အဆွေခင်ပွန်းတစ်ဦးအနေနှင့် မိသားစုဆုံးဖြတ်ချက်များချရာတွင် အဖိုးတန်အကြံဉာဏ်များပေးကာ မိသားစုတွင် အခွင့်အာဏာအထိုက်အလျောက်ရှိသည်။ အိမ်ထောင်မှုကိစ္စများစွာနှင့် အချို့သောငွေကြေးဆိုင်ရာကိစ္စများကိုပင် စီမံခန့်ခွဲလေ့ရှိသည်။ သို့သော် မိသားစုဦးစီးအနေနှင့် အပြီးသတ်ဆုံးဖြတ်ချက်များချရန်မှာ လင်ယောက်ျား၏တာဝန်ဖြစ်သည်။—သု. ၃၁:၁၀-၃၁; ၁ တိမောသေ ၅:၁၄

အစပြုရှင်ကို လေးစားခြင်း

ယေဟောဝါဘုရားသခင်သည် ယောက်ျားနှင့်မိန်းမကို ဖန်ဆင်းကာ ထိုသူနှစ်ဦးအား အသရေရှိစွာပေါင်းဖက်စေ၍ အိမ်ထောင်ရေးကို အစပြုပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၁၈-၂၄) သူတို့အား အကြီးမားဆုံးသောရွှင်လန်းမှုခံစားရစေမည့် လင်ယောက်ျားနှင့် ဇနီးသည်၏ကဏ္ဍများကို သတ်မှတ်ပေးခဲ့သည်။—တရားဟောရာ ၂၄:၅; သု. ၅:၁၈

အိမ်ထောင်ကိုအစပြုရှင်ဖြစ်သော ယေဟောဝါသည် အိမ်ထောင်အစီအစဉ်အတွက် စံနှုန်းများကို သတ်မှတ်ပိုင်ခွင့်နှင့် သတ်မှတ်နိုင်စွမ်းရှိသည်။ ဘုရားသခင့်ဦးစီးမှုအစီအစဉ်အတိုင်း အိမ်ထောင်ဖက်များ မိမိတို့ဆိုင်ရာတာဝန်များကို ထမ်းဆောင်ခြင်းမှာ ယင်းသည် လက်တွေ့ကျသောကြောင့်သာမဟုတ်ဘဲ ဘုရားသခင်၏မြင့်မြတ်သောအခွင့်အာဏာကို လေးစားခြင်းကြောင့် မိမိတို့ဆိုင်ရာတာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင့်ဦးစီးမှုအစီအစဉ်ကို လိုက်လျှောက်ကြသောအိမ်ထောင်ဖက်များသည် ကိုယ်တော့်မျက်နှာသာနှင့် ထောက်မမှုကို ရရှိကြသည်။

သင်စဉ်းစားဖူးသလော

▪ မည်သူသည် စုံလင်သော ဦးစီးမှုစံနမူနာကို ချမှတ်ခဲ့သနည်း။—ဧဖက် ၅:၂၅

▪ လင်ယောက်ျား၏အခွင့်အာဏာကို ဘုရားသခင် ကန့်သတ်ထားသလော။—၁ ကောရိန္သု ၁၁:၃

▪ အိမ်ထောင်နှင့် ဦးစီးမှုဆိုင်ရာအစီအစဉ်သည် အဘယ်ရည်ရွယ်ချက်အတွက်နည်း။—သု. ၅:၁၈

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ခရစ်တော်၏စံနမူနာအတိုင်း ဦးစီးမှုကိုကျင့်သုံးခြင်းသည် အိမ်ထောင်ဖက်နှစ်ဦးစလုံးအား ရွှင်လန်းမှုနှင့် ကျေနပ်ရောင့်ရဲမှုကို ခံစားရစေ