မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

နောဧသင်္ဘောနှင့် ရေကြောင်းဗိသုကာပညာ (ဇန်နဝါရီ ၂၀၀၇) သင်္ဘောကို ကောင်းစွာဆောက်လုပ်ထားတယ်ဆိုတာ ကျွန်မ အမြဲသိရှိထားပေမဲ့ ဘယ်လိုဆောက်လုပ်သလဲဆိုတာကိုတော့ နားမလည်ခဲ့ဘူး။ ဒီဆောင်းပါးမှာ ပင်လယ်ခရီးလမ်းအတွက် လုံခြုံစိတ်ချရအောင် သင်္ဘောရဲ့အလျား၊ အနံနဲ့ အမြင့်တွေကို ဘယ်လောက်ထားပြီး ဆောက်လုပ်ထားတယ်ဆိုတာကို နားလည်လွယ်တဲ့နည်းနဲ့ ရှင်းပြထားတယ်။ ဖော်ပြထားတဲ့ ပုံစံကားချပ်ကိုအသုံးပြုပြီး အသင်းတော်ကလူငယ်လေးတွေနဲ့ သင်္ဘောပုံစံငယ်တစ်ခုလုပ်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့ အိုရီဂါမီ (စက္ကူပုံစံငယ်) တိရစ္ဆာန်ရုပ်လေးတွေလုပ်ပြီး သင်္ဘောထဲမှာထည့်လိုက်တယ်။ ပြီးတော့ နောဧနဲ့သူ့မိသားစုပုံ ဆွဲလိုက်တယ်။ ကျွန်မတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခဲ့တဲ့အတွက် နောဧသင်္ဘောဆောက်လုပ်တဲ့အကြောင်းကို ပိုသိလာခဲ့ရတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

တီ.အေ.၊ ဂျပန်

ကျွန်တော့်ရဲ့ ခြောက်နှစ်အရွယ်သားလေးဟာ ပုံစံငယ်လေးတွေဆောက်တာ နှစ်သက်တယ်။ နိုးလော့! ဆောင်းပါးကိုဖတ်ပြီးသွားတဲ့အခါ နောဧသင်္ဘောပုံစံငယ်ကို ဘယ်လိုစကေးချပြီး ဆောက်လုပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေကို တွေ့လိုက်ရလို့ သားနဲ့ကျွန်တော်တို့နှစ်ယောက်စလုံး အရမ်းဝမ်းသာသွားတယ်။ မွန်းလွဲပိုင်းကို သားအဖနှစ်ယောက်အတူတူ အသုံးပြုလိုက်ရတာ တကယ့်ကို ပျော်စရာကောင်းတယ်။ သင်တို့ရဲ့ ကောင်းမွန်လှတဲ့ ဒီဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ ဗျာများတဲ့လောကမှာ ကျွန်တော်တို့အသက်ရှင်နေရပြီး ကျွန်တော်တို့ရဲ့သားသမီးလေးတွေလည်း သူတို့ရဲ့ကျောင်းမှာ အပတ်တိုင်း ဖိစီးမှုတွေခံနေရလို့ ကလေးတွေကို ယေဟောဝါရဲ့နည်းလမ်းတော်တွေအတိုင်း သွန်သင်ဆုံးမရာမှာ မိဘတွေကိုကူညီပေးတဲ့ နိုးလော့! လိုမျိုး ကိရိယာတစ်ခုရရှိထားတာ တကယ့်ကိုကောင်းချီးပါပဲ။

အမ်.အက်ဖ်.၊ အမေရိကန်

လူငယ်များအမေး . . . ဒီအကျင့်ကို ငါဘယ်လိုဖျောက်ရမလဲ (နိုဝင်ဘာ ၂၀၀၆) ဒီဆောင်းပါးကိုဖတ်လိုက်တဲ့အခါ ကျွန်တော် အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လိုဂရုစိုက်နေတယ်၊ ကျွန်တော်တို့ရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘယ်လိုကူညီပေးနေတယ်ဆိုတာ သိလိုက်ရတယ်။ အကျင့်ဆိုးတွေပြန်ပေါ်လာပေမဲ့ ယေဟောဝါက ‘ခွင့်လွှတ်ဖို့အသင့်ရှိ’ တယ်။ (ဆာလံ ၈၆:၅) ဒါကိုသိရှိထားခြင်းက ‘လူငယ်များမှာ ဖြစ်ပေါ်တတ်တဲ့ အလိုဆန္ဒများကို ရှောင်ကြဉ်’ ဖို့ လူငယ်တွေကို ကူညီပေးတယ်။—၂ တိမောသေ ၂:၂၂

ဗွီ.အက်ဖ်.အက်ဖ်.၊ ဘရာဇီး

လူငယ်များအမေး . . . စည်းကမ်းတွေ ဘာကြောင့် ဒီလောက်များရတာလဲ (ဒီဇင်ဘာ ၂၀၀၆) ကျွန်မ ကျမ်းစာလေ့လာနေတာ အခုဆိုရင် ခြောက်နှစ်ရှိသွားပြီ။ ကျွန်မရဲ့မိဘတွေဟာ ကျွန်မတို့မောင်နှမတွေအပေါ်မှာ အရမ်းတင်းကျပ်ပေမဲ့ ကျွန်မကို သူတို့တကယ်ဂရုစိုက်တယ်ဆိုတာ သိပါတယ်။ ဒီဆောင်းပါးကို ဖတ်လိုက်ရတဲ့အခါ ကျွန်မမိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်လာပြီး ကျွန်မကို ယေဟောဝါကိုယ်တော်တိုင် ဂရုစိုက်နေတာကို ကျေးဇူးတင်မိတယ်။

ကေ.တီ.၊ ထိုင်း

ကျွန်တော် ဖြုန်းတီးတဲ့သားမိုက်ဖြစ်ခဲ့ (ဒီဇင်ဘာ ၂၀၀၆) ယေဟောဝါအကြောင်းကို ၁၉၉၂ ခုနှစ်ကတည်းက ကျွန်တော်သိရှိလာခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ဘဝမှာ ယေဟောဝါရဲ့နည်းလမ်းတော်နဲ့တခြားစီဖြစ်တဲ့ ဘဝပုံစံမျိုးနဲ့ နေထိုင်ခဲ့တဲ့အချိန်တစ်ချိန် ရှိခဲ့တယ်။ မီရိုစ်ဆန်းဒေးလိုပဲ ကောင်းတစ်ခါဆိုးတစ်လှည့်နဲ့ ဘဝကိုရုန်းကန်ခဲ့ရတယ်။ ယေဟောဝါနဲ့ သုံးနှစ်ကင်းကွာပြီးတဲ့နောက် အကူအညီအတွက် ကိုယ်တော့်ထံ တောင်းလျှောက်ခဲ့တယ်။ အခု ကျွန်မ “အိမ်” ပြန်ရောက်နေပါပြီ။ သင်တို့ရဲ့လုပ်ငန်းအတွက် ကျေးဇူးတင်ပါတယ်။

ဒီ.ကေ.၊ ယူကရိန်း

လူငယ်များအမေး . . . ငါ ဘယ်အချိန်မှာ စချိန်းတွေ့လို့ရမလဲ (ဇန်နဝါရီ ၂၀၀၇) ကျွန်မအသက်က ၁၅ နှစ်ပါ။ ကျွန်မရဲ့အဒေါ်နဲ့ဦးလေးတို့အိမ်ကို သွားလည်ပတ်တုန်းက အသက် ၁၇ နှစ်အရွယ်ရှိတဲ့ သက်သေခံကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်မတို့ အင်တာနက်နဲ့ အဆက်အသွယ်လုပ်ကြတယ်။ အစပိုင်းမှာတော့ တစ်ခါတလေပဲ ဆက်သွယ်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ကျွန်မတို့ နေ့တိုင်းဆက်သွယ်ပြီး မေတ္တာသက်ဝင်လာကြတယ်။ အဲဒီအခါမှာ ဒီဆောင်းပါးကို ကျွန်မဖတ်လိုက်ရပြီး ကျွန်မတို့ တကယ်ပဲ ချိန်းတွေ့နေကြပါလားဆိုတာ သိမြင်လာခဲ့ရတယ်။ ကျွန်မရဲ့မိဘတွေနဲ့ ဒီနိုးလော့! ဆောင်းပါးရဲ့အကူအညီကြောင့် အဲဒီကောင်လေးနဲ့ အဆက်အသွယ်ဖြတ်ဖို့ စိတ်ဒုံးဒုံးချလိုက်တယ်။ ကျွန်မတို့ မိတ်ဆွေတွေအဖြစ် ဆက်ရှိနေသေးပေမဲ့ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုပဲ ဦးစားထားလိုက်တယ်။ ကျွန်မကို အမြင်မှန်ရစေခဲ့တဲ့ ဒီဆောင်းပါးအတွက် အရမ်းကျေးဇူးတင်တယ်။

ဒီ.ဒီ.၊ ကနေဒါ