မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြီးလေးသောအပြစ်များကို ဘုရားသခင် ခွင့်လွှတ်သလော

ကြီးလေးသောအပြစ်များကို ဘုရားသခင် ခွင့်လွှတ်သလော

သမ္မာကျမ်းစာရှုထောင့်

ကြီးလေးသောအပြစ်များကို ဘုရားသခင် ခွင့်လွှတ်သလော

သနားကြင်နာမှုသည် ဘုရားသခင်၏ အထင်ရှားဆုံးအရည်အသွေးများအနက် တစ်ခုဖြစ်သည်။ (ဆာလံ ၈၆:၁၅) ကိုယ်တော်၏ သနားကြင်နာမှုသည် အဘယ်မျှလောက် ကြီးမားတော်မူသနည်း။ ဆာလံကျမ်းရေးသူတစ်ဦးက ဤသို့ရေးသားခဲ့၏– ‘အိုဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်းရှိစေခြင်းငှာ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။’ (ဆာလံ ၁၃၀:၃၊ ၄) နောက်အခန်းငယ်များတွင် ဤသို့ဖတ်ရသည်– ‘အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသခင်သည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။’—ဆာလံ ၁၀၃:၁၂-၁၄

ယေဟောဝါသည် သဘောထားကြီးကြီးဖြင့် လုံးလုံးလျားလျား ခွင့်လွှတ်တော်မူပြီး “မြေမှုန့်” ဖြစ်သော ကျွန်ုပ်တို့၏ ကန့်သတ်ချက်များနှင့် မစုံလင်မှုများကို ထည့်တွက်စဉ်းစားပေးတော်မူသည်။ ဘုရားသခင်၏သနားကြင်နာမှု အတိုင်းအတာကို ဖော်ပြသည့် ကျမ်းစာပုံနမူနာအချို့ကို သုံးသပ်ကြည့်ပါ။

တမန်တော်ပေတရုသည် ခရစ်တော်ကိုမသိဟု သုံးကြိမ်တိုင် ငြင်းဆိုခဲ့၏။ (မာကု ၁၄:၆၆-၇၂) တမန်တော်ပေါလုသည် မယုံကြည်သူတစ်ဦးဖြစ်ခဲ့စဉ်က ခရစ်တော်၏နောက်လိုက်များကို နှိပ်စက်ညှဉ်းပန်းခဲ့သည်။ ခရစ်တော်၏နောက်လိုက်များအနက် အချို့တို့ကို ကွပ်မျက်သောအခါ၌လည်း ပေါလု အလိုတူအလိုပါ ဖြစ်ခဲ့သည်။ ထိုသူတို့အနက်တစ်ဦးကို သတ်ပစ်ရန်ပင် သူသဘောတူခဲ့၏။ (တမန်တော် ၈:၁၊ ၃; ၉:၁၊ ၂၊ ၁၁; ၂၆:၁၀၊ ၁၁; ဂလာတိ ၁:၁၃) ခရစ်ယာန်များမဖြစ်လာမီက ကောရိန္သုအသင်းတော်သားအချို့သည် သောက်ကြူးသူများ၊ အနိုင်အထက်လုယူသူများနှင့် သူခိုးများဖြစ်ခဲ့ကြသည်။ (၁ ကောရိန္သု ၆:၉-၁၁) သို့သော် ထိုသူတို့အားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏မျက်နှာသာတော်ကို ခံစားခဲ့ရသည်။ သူတို့ကို ဘုရားသခင် အဘယ်ကြောင့် ခွင့်လွှတ်တော်မူခဲ့သနည်း။

ဘုရားသခင်၏သနားကြင်နာမှုကို ရရှိစေနိုင်သော အဆင့်သုံးဆင့်

‘ငါသည် ယုံကြည်ခြင်းမရှိ၊ မသိဘဲပြုသောကြောင့် သနားကြင်နာမှုကိုခံရ၏’ ဟုပေါလုရေးသားခဲ့သည်။ (၁ တိမောသေ ၁:၁၃သမ္မာ) သူ၏ပွင့်လင်းရိုးသားသောစကားက ကျွန်ုပ်တို့အား ဘုရားသခင့်ခွင့်လွှတ်မှုကိုရရှိရန် လိုအပ်သည့် ပထမအဆင့်ကို သိရှိစေပါသည်။ အဆိုပါပထမအဆင့်မှာ ယေဟောဝါနှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာနှင့် သမ္မာကျမ်းစာတွင်ဖော်ပြထားသော ကိုယ်တော်၏စံနှုန်းတော်များကို ဆည်းပူးရယူခြင်းဖြစ်၏။ (၂ တိမောသေ ၃:၁၆၊ ၁၇) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အကြောင်းကို ကောင်းစွာမသိရှိထားလျှင် ကိုယ်တော့်စိတ်တော်နှင့် မတွေ့နိုင်သည်မှာ သေချာပါသည်။ ‘ထာဝရအသက်ရရန် မှန်သောဘုရားသခင်ဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်’ ဟု ခမည်းတော်ထံ ဆုတောင်းရာတွင် ယေရှုမိန့်ဆိုခဲ့သည်။—ယောဟန် ၁၇:၃ကဘ။

စိတ်နှလုံးရိုးဖြောင့်သူတို့သည် ယင်းအသိပညာကို ရရှိကြသောအခါ မိမိတို့၏ အတိတ်မှအမှားများအတွက် အကြီးအကျယ်ယူကျုံးမရဖြစ်ပြီး စစ်မှန်သောနောင်တယူရန် လှုံ့ဆော်ခံရကြသည်။ ယင်းသည် ဘုရားသခင့်ခွင့်လွှတ်မှုရရှိရေးအတွက် ဒုတိယအဆင့်ဖြစ်၏။ တမန်တော် ၃: ၁၉ [ကဘ] ကဤသို့ဆိုလေသည်– “ထို့ကြောင့် သင်တို့၏အပြစ်များကို ပယ်ဖျက်စေလိုလျှင် နောင်တရ၍ ပြောင်းလဲကြလော့။”

အဆိုပါအခန်းငယ်တွင် တတိယအဆင့် ဖြစ်သော ပြောင်းလဲခြင်းကိုလည်း ဖော်ပြထား၏။ ပြောင်းလဲခြင်းဟူသည် လူတစ်ဦး၏လမ်းစဉ်ဟောင်းများနှင့် သဘောထားများကို စွန့်ပယ်ပြီး ဘုရားသခင့်စံနှုန်းတော်များနှင့် သဘောထားများကို ခံယူကျင့်သုံးခြင်းဖြစ်သည်။ (တမန်တော် ၂၆:၂၀) ဆိုလိုသည်မှာ လူတစ်ဦးသည် ဘုရားသခင်အား စိတ်ရင်းမှန်ဖြင့် တောင်းပန်ကာ မိမိ၏ဘဝပုံစံကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ဘုရားသခင်၏ခွင့်လွှတ်မှုမှာ အကန့်အသတ်ရှိ

တချို့သောအပြစ်ကျူးလွန်သူများသည် ဘုရားသခင်၏ခွင့်လွှတ်မှုကို မရရှိကြချေ။ ပေါလုဤသို့ရေးသားခဲ့၏– “[အမှန်တရားနှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာ] ကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင် နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သော မျှော်လင့်ရသောအကြောင်း . . . ရှိ၏။” (ဟေဗြဲ ၁၀:၂၆၊ ၂၇) “ကိုယ်အလိုသို့လိုက်၍ ပြစ်မှား” ခြင်းဟူသောစကားက လူတစ်ဦးသည် ဆိုးသွမ်းမှုအတွက်နောင်တယူရန် ခေါင်းမာမာနှင့် ငြင်းဆန်ခြင်းကိုဖော်ပြသည်။

ယုဒရှကာရုတ်သည် ထိုသို့သောသဘောထားကို မွေးမြူခဲ့၏။ “ထိုသူမမွေးဖွားခဲ့လျှင် သူ့အတွက် သာ၍ကောင်းမည်” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၆:၂၄၊ ၂၅ကဘ) မိမိခေတ်က ဘာသာရေးခေါင်းဆောင်တချို့နှင့်စပ်လျဉ်း၍ ယေရှုဤသို့မိန့်ဆိုခဲ့လေသည်– ‘သင်တို့သည် သင်တို့၏အဘတည်းဟူသော စာတန်မှ ဆင်းသက်ကြ၏။ . . . သူသည် မုသာစကားကိုပြောသောအခါ မိမိ၏စိတ်ရင်းအတိုင်းပြောတတ်၏။ အကြောင်းမူကား သူသည် မုသာကောင်ဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။’ (ယောဟန် ၈:၄၄ကဘ) စာတန်ကဲ့သို့ပင် ထိုဘာသာရေးခေါင်းဆောင်များသည် မိမိတို့၏စိတ်ရင်းအတိုင်း ဆိုးသွမ်းခဲ့ကြသည်။ သူတို့သည် မိမိတို့ပြုခဲ့သောအမှုအတွက် နောင်တရခြင်းမရှိသည့်အပြင် မိမိတို့၏ဆိုးယုတ်သောလမ်းစဉ်တွင် ပို၍ပင် ခက်ထန်ကြမ်းကြုတ်လာခဲ့ကြသည်။ * မစုံလင်မှုနှင့် အားနည်းချက်ကြောင့် ခရစ်ယာန်စစ်များပင် အပြစ်ပြုကြပြီး တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား မှားခဲ့ကြသည်မှာ မှန်ပါသည်။ သို့သော် ၎င်းတို့၏အားနည်းချက်များက အမြစ်စွဲနေသော ဆိုးညစ်သည့်သဘောထားကို မဖော်ပြချေ။—ဂလာတိ ၆:၁

အဆုံးတိုင်အောင် သနားကြင်နာခဲ့

အပြစ်ကိုသာမက အပြစ်ပြုသူ၏သဘောထားကိုလည်း ယေဟောဝါ ရှုမှတ်တော်မူ၏။ (ဟေရှာယ ၁:၁၆-၁၉) ယေရှု၏ဘေးတစ်ဖက်တစ်ချက်စီတွင် နှက်တိုင်တင်ခံခဲ့ရသော လူဆိုးနှစ်ဦး၏အခြေအနေကို သုံးသပ်ကြည့်ပါ။ လူဆိုးနှစ်ဦးစလုံးသည် ရာဇဝတ်မှုကြီးများ ကျူးလွန်ခဲ့သည်မှာ ထင်ရှားပါသည်၊ အကြောင်းမှာ လူဆိုးတစ်ဦးက ဤသို့ဝန်ခံခဲ့၏– “ငါတို့သည် ကိုယ့်အပြစ်အတွက် ထိုက်သင့်သောပြစ်ဒဏ်ကို တရားသဖြင့် ခံရကြ၏။ ဤသူ [ယေရှု] မူကား အဘယ်အပြစ်ကိုမျှ မကျူးလွန်ခဲ့။” အဆိုပါလူဆိုး၏စကားက ယေရှုအကြောင်း အနည်းအကျဉ်းသိထားကြောင်း ဖော်ပြပြီး ယင်းက သူ၏သဘောထားကို ပြုပြင်ပြောင်းလဲစေခဲ့သည်။ သူ၏သဘောထားပြောင်းသွားသည်ကို သူဆက်ပြောသည့်စကားအားဖြင့် သိနိုင်ပါသည်။ ဤတစ်ကြိမ်တွင် ယေရှုအား ဤသို့အနူးအညွတ်တောင်းပန်၏– “နိုင်ငံတော်ကိုအမွေခံရသည့်အခါ ကျွန်ုပ်ကို သတိရတော်မူပါ။” အဆိုပါလှိုက်လှဲသောတောင်းဆိုချက်ကို ခရစ်တော် မည်သို့တုံ့ ပြန်ခဲ့သနည်း။ “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” ဟုမိန့်ဆိုခဲ့လေသည်။—လုကာ ၂၃:၄၁-၄၃ကဘ။

ဤအချက်ကို စဉ်းစားကြည့်ပါ– လူသားတစ်ဦးအနေနှင့် ယေရှု နောက်ဆုံးပြောသွားသည့်စကားတွင် မိမိသည် သေဒဏ်ခံထိုက်ကြောင်း ဝန်ခံခဲ့သူတစ်ဦးကို သနားကြင်နာကြောင်းဖော်ပြခဲ့သည်။ ယင်းသည် အလွန်အားရှိစရာပင်။ သို့ဖြစ်၍ ယခင်ကလုပ်ရပ်များ မည်သို့ပင်ဖြစ်ခဲ့ပါစေ စစ်မှန်သောနောင်တ တင်ပြသူအားလုံးအပေါ် ယေရှုခရစ်နှင့် ခမည်းတော်ယေဟောဝါတို့သည် ကရုဏာပြမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။—ရောမ ၄:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ဇူလိုင် ၁၅၊ ၂၀၀၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၂၀ ရှိ “သန့်ရှင်းသောဝိညာဉ်တော်ကို သင် ပြစ်မှားမိပြီလော” ဟူသည့်ဆောင်းပါးကိုရှု။

သင်စဉ်းစားဖူးသလော

▪ ဘုရားသခင့်သနားကြင်နာမှုအကြောင်း သင် မည်သို့ ဖော်ပြမည်နည်း။—ဆာလံ ၁၀၃:၁၂-၁၄; ၁၃၀:၃၊ ၄

▪ ဘုရားသခင့်မျက်နှာသာတော်ရရှိရန် လူတစ်ဦး အဘယ်အဆင့်များသို့ တက်လှမ်းရမည်နည်း။—ယောဟန် ၁၇:၃; တမန်တော် ၃:၁၉

▪ နှက်တိုင်တင်ခံရသော လူဆိုးတစ်ဦးကို ယေရှု အဘယ်ကတိ ပေးခဲ့သနည်း။—လုကာ ၂၃:၄၃

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကြီးလေးသောအပြစ်များကို ခွင့်လွှတ်နိုင်ကြောင်း ယေရှုပြသခဲ့