မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိုက်ကြီးတစ်တိုက်ကိုဖြတ်ဖို့ နှစ်ပေါင်း ၁၂၀ ကျော်ကြာခဲ့

တိုက်ကြီးတစ်တိုက်ကိုဖြတ်ဖို့ နှစ်ပေါင်း ၁၂၀ ကျော်ကြာခဲ့

တိုက်ကြီးတစ်တိုက်ကိုဖြတ်ဖို့ နှစ်ပေါင်း ၁၂၀ ကျော်ကြာခဲ့

ဩစတြေးလျနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

စ်မိုင်၏ လေးပုံသုံးပုံခန့် ရှည်လျားသော မီးရထားတစ်စီးသည် ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဩစတြေးလျနိုင်ငံ၏ လူနေကျဲသည့် မြောက်ပိုင်းဒေသရှိ ဒါဝင်ဘူတာရုံသို့ တရွေ့ရွေ့ဝင်ရောက်လာ၏။ ထောင်ပေါင်းများစွာသောသူတို့သည် ဆိုက်ရောက်လာသည့် အဆိုပါမီးရထားကို ကြိုဆိုဂုဏ်ပြုရန် ရောက်ရှိနေကြသည်။ တောင်မှမြောက်သို့ မိုင်ပေါင်း ၁,၈၅၀ ရှိသော ဩစတြေးလျတိုက်ကြီးကို နှစ်ရက်ကြာဖြတ်သန်းလာသည့် The Ghan ဟုခေါ်သော အဆိုပါမီးရထားကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။—စာမျက်နှာ ၁၇ ရှိ “အမည်နောက်ဝယ်ရှိ ပုံပြင်” လေးထောင့်ကွက်ကိုရှု။

ကင်မရာကိုင်ဆောင်ထားသည့် ပရိသတ် ၂,၀၀၀ ကျော်သည် သံလမ်းဘေးတွင် စုရုံးရောက်ရှိနေကြသဖြင့် ဒါဝင်မြို့သို့ ရထားချဉ်းကပ်ဝင်ရောက်လာသောအခါ အရှိန်ကို လျှော့လိုက်ရ၏။ ယင်းကြောင့် ရထားဆိုက်ချိန် မိနစ် ၃၀ ခန့် နောက်ကျသွားသည်။ သို့သော် မည်သူကမျှ အပြစ်မတင်ခဲ့ချေ။ ဩစတြေးလျနိုင်ငံသားများသည် ရာစုနှစ်တစ်ခုကျော်ကြာ စောင့်ဆိုင်းလာခဲ့ရပြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် အခြောက်သွေ့ဆုံး၊ အပူဆုံးနှင့် အခေါင်ဆုံးဒေသများအနက် တစ်ခုဖြစ်သည့် ယင်းဒေသကို ဖြတ်ကျော်ရန် အယ်ဒလိတ်မြို့မှ ဒါဝင်မြို့အထိရှည်သော ရထားလမ်းကို ဖောက်လုပ်ပြီးစီးရန် ၁၂၆ နှစ်ကြာခဲ့သည်။

ရထားလမ်းဖောက်ရန်လိုအပ်ချက်

၁၈၇၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် မဟာသြစတြေးလျ ကမ်းရိုးတန်းကွေ့ဟုခေါ်သော ကျယ်ပြောသည့် ပင်လယ်အော်၏ အရှေ့ဘက်ရှိ အယ်ဒလိတ်မြို့နေ လူနည်းစုသည် အဆိုပါဒေသ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝေးလံသောမြောက်ဘက်သို့ ကုန်သွယ်ရေးလမ်းကြောင်းကောင်းတစ်ခု ဖောက်ရန် စိတ်ကူးရှိခဲ့ကြသည်။ အမေရိကန်နိုင်ငံသည် ယင်း၏ တိုက်ကြီးဖြတ်ရထားလမ်းကို ၁၈၆၉ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့၏။ အလားတူ အယ်ဒလိတ်မြို့သားများကလည်း မိမိတို့နေထိုင်ရာအရပ်မှ ထိုစဉ်က ဒါဝင်ဟုခေါ်သော ဒါဝင်ဆိပ်ကမ်းမြို့သို့ ရထားလမ်းဖောက်လုပ်ရန် စိတ်ကူးရှိခဲ့ကြသည်။ ဤအဝေးပြေးရထားလမ်းသည် ကုန်းတွင်းပိုင်းအတွက် လမ်းပွင့်သွားစေရုံသာမက အာရှနှင့်ဥရောပသို့သွားသည့် ခရီးကြာချိန်ကိုလည်း များစွာလျော့နည်းသွားစေမည်ဖြစ်သည်။

အဆိုပါစိတ်ကူးမှာ ရိုးရှင်းသော်လည်း ရထားလမ်းမှာ ကျောက်ဆောင်ထူထပ်သော တောင်ကုန်းများ၊ တောင်တန်းများ၊ ချုံပုတ်များဖုံးလွှမ်းနေသည့်ဒေသ၊ သဲနှင့်ကျောက်ပေါများသော ကန္တာရများ၊ တချို့အပိုင်းတွင် မိုးရွာပြီးနောက် ရွှံ့ညွန် သို့မဟုတ် အရှိန်အဟုန်ပြင်းသည့် ရေစီးကြောင်းများရှိသော ကန္တာရများကို ဖြတ်ကျော်ရမည်ဖြစ်သည်။ စူးစမ်းရှာဖွေသူ ဂျော်န်စတူးဝါ့တ်သည် ဤကြမ်းတမ်းသောနယ်မြေကို ၁၈၆၂ ခုနှစ်တွင် တတိယအကြိမ် ကြိုးပမ်းသည့်အနေနှင့် နောက်ဆုံး ဖြတ်သန်းခဲ့၏။ သို့သော် ခရီးစဉ်အတွင်း သူနှင့် သူ၏အဖော်တို့သည် အစာရေစာပြတ်လပ်သွားသဖြင့် သေလုမျောပါးဖြစ်ခဲ့ရသည်။

ပူပြင်းသောနေရှိန်၊ သဲမုန်တိုင်းများနှင့် လျှပ်တစ်ပြက်ရေလွှမ်းမိုးမှုများ

အယ်ဒလိတ်မြို့သားများသည် အတားအဆီးများရှိလင့်ကစား စိတ်မပျက်ခဲ့ကြချေ။ ၁၈၇၈ ခုနှစ်တွင် ရထားလမ်းကို ဩဂတ်စတာဆိပ်ကမ်းမှစတင်၍ ဖောက်လုပ်ခဲ့ကြသည်။ လက်လုပ်ကိရိယာများ၊ မြင်းများနှင့် ကုလားအုတ်များကိုအသုံးပြုကာ ရထားလမ်းလုပ်သား ၉၀၀ တို့သည် အဘော်ရီဂျင်များထွင်ခဲ့သည့် တောလမ်းများအတိုင်း ဖလင်ဒါတောင်တန်းများ (Flinders Ranges) ကိုဖြတ်၍ မြောက်ဘက်သို့ ဖောက်ထွက်ခဲ့ကြသည်။ ဤလမ်းကြောင်းသည် သဘာဝရေတွင်းများကိုသာ အားကိုးအားထားပြုရ၏၊ အကြောင်းမှာ ရေနွေးငွေ့ဖြင့်မောင်းနှင်သောမီးရထားများသည် စက်လည်ပတ်ရန် ရေလိုအပ်သောကြောင့်ဖြစ်သည်။

မိုင် ၆၀ ရှည်လျားသည့် ပထမဆုံးသံလမ်းကိုဖောက်လုပ်ရန် နှစ်နှစ်ခွဲကြာသည်။ နွေရာသီတွင် အပူချိန်သည် တစ်ခါတစ်ရံ ၁၂၀ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်သွား၏။ ခြောက်သွေ့သောဤအပူရှိန်တွင် လက်သည်းများ အက်ကွဲကုန်၏၊ ကလောင်သွားကို မင်ထဲနှစ်ပြီး စာရွက်ပေါ်မရေးမီ တစ်ခဏအတွင်း မင်များ ခြောက်သွေ့ကုန်၏၊ သံလမ်းများမှာ ကွေးကောက်တွန့်လိမ်ကုန်၏။ မကြာခဏ မီးရထားလမ်းချော်မှုများလည်း ဖြစ်တတ်သည်။ သဲမုန်တိုင်းကျပြီးနောက် အလုပ်သမားများသည် မိုင်နှင့်ချီရှိသောသံလမ်းများပေါ်တွင် စုပုံနေသည့်သဲများကို ရှင်းလင်းပစ်ရသည်။ အချို့သဲပုံများမှာ ခြောက်ပေအထိမြင့်၏။ သို့သော် မကြာခဏပင် သဲမုန်တိုင်းကျတတ်ရာ အလုပ်သမားများ၏လုပ်ဆောင်မှုမှာ အရာမရောက်ခဲ့ချေ။

ထို့နောက် မိုးကရွာလာ၏။ ဖြူရော်ခြောက်သွေ့နေသော မြစ်ကြမ်းပြင်များမှာ မိနစ်အနည်းငယ်အတွင်း အရှိန်ပြင်းသည့် ရေစီးကြောင်းများဖြစ်လာကာ လပေါင်းများစွာ ဖောက်လုပ်ခဲ့ရသော သံလမ်းများကို ရစ်ပတ်တိုက်စားလိုက်သဖြင့် ခရီးသည်အပြည့်တင်ဆောင်ထားသော ရထားများမှာ ခရီးမဆက်နိုင်တော့ချေ။ မီးရထားစက်မောင်းတစ်ဦးသည် ဆိတ်ရိုင်းများကို ပစ်ခတ်၍ ခရီးသည်များအား ကျွေးခဲ့ရသည်။ နှစ်ပေါင်းများစွာအကြာတွင် ဖြစ်ရပ်တစ်ခု၌ ရှေ့ဆက်မသွားနိုင်သော ရထားတစ်စီးပေါ်သို့ အစားအသောက်များကို လေထီးဖြင့် ချပေးခဲ့ရသည်။

မိုးရွာသွန်းပြီးသောအခါ ကန္တာရပေါက်ပင်များ ရုတ်တရက် ရှင်သန်ကြီးထွားလာပြီး ကျိုင်းကောင်အုပ်ကြီးများကို လက်ယပ်ခေါ်နေ၏။ ဘေးဆိုးတစ်ခုတွင် ကြိတ်မိသောကျိုင်းကောင်များကြောင့် သံလမ်းများမှာ ချောကျိကျိဖြစ်လာသဖြင့် နောက်ထပ်စက်ခေါင်းတစ်လုံးက အနောက်မှနေ၍ တွန်းပေးခဲ့ရသည်။ ကြွက်များသောင်းကျန်းခြင်းကလည်း နောက်ပြဿနာတစ်ခုဖြစ်သည်။ ကြွက်များသည် စားစရာဟု ၎င်းတို့ထင်သည့် သံလမ်းလုပ်သားများအတွက် ထောက်ပံ့ပေးထားသောပစ္စည်းများ၊ ရွက်ဖျင်များ၊ တိရစ္ဆာန်များ၏ သိုင်းကြိုးများ၊ ဘွတ်ဖိနပ်များပါမကျန် အကုန်ကိုက်ဖြတ်ပစ်ကြသည်။ သံလမ်းနံဘေးတွင် သင်္ချိုင်းတစ်ခုမှာ ထီးတည်းတည်ရှိနေသည်၊ ယင်းမှာ အူရောင်ငန်းဖျားရောဂါအတွက် သတိပေးချက်တစ်ရပ်နှင့် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း၏ အစောပိုင်းအဆင့်များတွင် အလုပ်သမားများနေထိုင်ရာစခန်း၏ မသန့်ရှင်းသောအခြေအနေများအတွက် သတိပေးချက်တစ်ရပ်ဖြစ်၏။

မီးရထားအမှုထမ်းများသည် ပျော်ရွှင်မှုအတွက် တစ်ခါတစ်ရံ တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ကျီစယ်ခဲ့ကြသည်။ ဩစတြေးလျအလယ်ပိုင်းတွင် ယုန်များ အကြီးအကျယ် သောင်းကျန်းခဲ့စဉ် တစ်ခါက အမှုထမ်းများသည် ယုန်များကို The Ghan မီးရထားပေါ်သို့ ခိုးသွင်းခဲ့ကြသည်။ နောက်တစ်နေ့မနက်တွင် ခရီးသည်များ နံနက်စာသွားစားရန် မိမိတို့၏တွဲတံခါးများကိုဖွင့်၍ စင်္ကြံသို့ ထွက်လာကြသောအခါ ထိုတွင် “ယုန်များဖြင့်ပြည့်” နေလေ၏ဟု The Ghan—From Adelaide to Alice ဟူသောစာအုပ်ကဆိုသည်။ နောက်ခရီးစဉ်တစ်ခုတွင် တစ်စုံတစ်ယောက်သည် သားပိုက်ကောင်လေးတစ်ကောင်ကို အိပ်ခန်းတွဲများတွင် လွှတ်ထား၏။

ဝေးလံသီခေါင်သောဒေသများတွင် နေထိုင်ကြသည့် အဘော်ရီဂျင်တိုင်းရင်းသားများသည် မီးရထားဖြတ်သွားသောအခါ သံလမ်းအနားသို့ တစ်ခါတစ်ရံ ချဉ်းကပ်လာခဲ့ကြသည်။ စိတ်ချရသည့်နေရာမှ ရထားထဲသို့လှမ်းကြည့်ရာ လူများရှိနေသည်ကို တွေ့ခဲ့ရ၏။ အဘော်ရီဂျင်တိုင်းရင်းသားများသည် အစပိုင်းတွင် သတိကြီးစွာထားကြပြီး တချို့မှာမူ ကြောက်ရွံ့ကြသည်။ အမှန်မှာ တချို့က “ဧရာမမြွေဆိုးတစ်ကောင်” သည် ခရီးသည်များကို အရှင်လတ်လတ် မျိုထားသည်ဟု ထင်မှတ်ခဲ့ကြ၏။

ရှည်ကြာသော ရပ်ဆိုင်းမှု

၁၃ နှစ်ကြာ ကြိုးစားပမ်းစား ဖောက်လုပ်ပြီးသည့်နောက် အဲလစ်စပရင်းမြို့သို့ ရထားလမ်းရောက်ရန် မိုင် ၂၉၀ ခန့်အလိုတွင် ငွေပြတ်သွားခဲ့သည်။ “အလွန်ကြီးကျယ်သော ယင်းစီမံကိန်း . . . က လူနည်းစုကို ဝန်ပိစေခဲ့သည်” ဟု Australian Geographic ကဆို၏။ ၁၉၁၁ ခုနှစ်တွင် ဖက်ဒရယ်အစိုးရက ယင်းစီမံကိန်းကို တာဝန်ယူလိုက်ပြီး ရထားလမ်းကို အဲလစ်စပရင်းအထိ တိုးချဲ့ဖောက်လုပ်ခဲ့သည်။ သို့သော် မြောက်ဘက် မိုင်ပေါင်း ၈၈၀ ဝေးလံသော ဒါဝင်အထိ ရထားလမ်းဖောက်လုပ်ပြီးစီးရန်ဟူသော စီမံကိန်းများကိုမူ ဆိုင်းငံ့ထား၏။

The Ghan မီးရထားသည် ၁၉၂၉ ခုနှစ်တွင် အဲလစ်စပရင်းမြို့သို့ ဦးဆုံးအကြိမ် ဆိုက်ရောက်လာသောအခါ ထိုစဉ်က လူဦးရေ ၂၀၀ ခန့်ရှိသည့် မြို့တစ်မြို့လုံး အောင်ပွဲခံရန် ရောက်ရှိလာခဲ့ကြသည်။ ဒေသခံများသည် အစားအသောက်တွဲကို တအံ့တသြဖြစ်ရသော်လည်း ၎င်းတို့စိတ်အဝင်စားဆုံးအရာမှာ ခမ်းနားလှသည့် ရေချိုးခန်းဖြစ်၏။ ထိုစဉ်က မီးရထားတစ်စီးတွင် ရေချိုးကန်ပါရှိခြင်းသည် အသစ်အဆန်းဖြစ်သည့်အပြင် ဇိမ်လည်းကျသည်။ အဲလစ်စပရင်းမြို့သည် ၁၉၉၇ ခုနှစ်အထိ မြောက်ပိုင်းရထားလမ်းဆုံးမြို့ ဖြစ်ခဲ့သည်။ ထိုနှစ်တွင် ပြည်နယ်နှင့်ဖက်ဒရယ်အစိုးရများသည် ကြာမြင့်စွာရပ်ဆိုင်းထားသော ရထားလမ်းကို အဲလစ်စပရင်းမှ ဒါဝင်အထိ အပြီးဖောက်လုပ်ရန် သဘောတူခဲ့ကြသည်။ လုပ်ငန်းကို ၂၀၀၁ ခုနှစ်တွင် အစပြုခဲ့ကြ၏။

အလိုအလျောက်စနစ်တပ်ဆင်ထားသည့် စက်ယန္တရားကြီးများက ဩစတြေးလျဒေါ်လာ ၁.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်) တန်ဖိုးရှိ သံလမ်းကို တစ်ရက်လျှင် တစ်မိုင်နှုန်းဖြင့် ခင်းသွားပြီး လမ်းတစ်လျှောက်တွင် ရေလွှမ်းမှုဒဏ်ခံနိုင်အောင် အခိုင်အမာတည်ဆောက်ထားသော အသစ်စက်စက် တံတားအစင်း အနည်းဆုံး ၉၀ ကို ဖြတ်ကျော်သွားသည်။ “ဩစတြေးလျနိုင်ငံ၏ အကြီးမားဆုံး အခြေခံအဆောက်အအုံစီမံကိန်း” အဖြစ်ဖော်ပြထားသော မိုင်ပေါင်း ၈၈၀ ရှည်သည့် ရထားလမ်းကို ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလတွင် လျာထားချက်ထက်လျော့နည်းသော အသုံးစရိတ်ဖြင့် သတ်မှတ်ထားသောအချိန်ထက် စောစီးစွာ ဖောက်လုပ်ပြီးစီးခဲ့လေသည်။

လွင်တီးခေါင်၏ ဆွဲဆောင်မှု

ယနေ့ ခေတ်မီအယ်ဒလိတ်မြို့သည် တိုက်ကြီးကိုဖြတ်ကျော်ရန်အတွက် The Ghan မွန်းလွဲရထားထွက်ခွာရာနေရာ ဖြစ်နေဆဲပင်။ တွဲ ၄၀ ခန့်ရှိသော စက်ခေါင်းနှစ်လုံးတပ်မီးရထားသည် ဆင်ခြေဖုံးရပ်ကွက်ကို နောက်ဝယ်ချန်ခဲ့ကာ မြောက်ဘက် မိုင် ၁၉၀ နီးပါးရှိ ဩဂတ်စတာဆိပ်ကမ်းမြို့သို့ ဂျုံခင်းများကို ကွေ့ဝိုက်ဖြတ်သန်း၍ ခုတ်မောင်းလေသည်။ အဆိုပါရှုခင်းမှ သဲများ၊ ချုံပုတ်များဖြင့် မျက်စိတစ်ဆုံး ဖုံးလွှမ်းနေသော မြေရိုင်းရှုခင်းအသွင်သို့ ပြောင်းသွား၏။

ဩဂတ်စတာဆိပ်ကမ်းမြို့ကိုလွန်သော် The Ghan မီးရထားသည် ရေမြုပ်သွားတတ်သည့်သံလမ်းဟောင်း၏ အနောက်ဘက် မိုင် ၁၅၀ ခန့်အထိရှည်သော ရာသီမရွေး သွားလာနိုင်သည့် ရထားလမ်းသစ်ပေါ်တွင် ခုတ်မောင်းနေသည်။ သဲကန္တာရအပေါ် အမှောင်ထုဖုံးလွှမ်းလာ၏။ တစ်နှစ်တာ၏ အချိန်အများစုတွင် လုံးဝခြောက်သွေ့နေသော်လည်း မိုးရွာသွန်းပြီးနောက် လရောင်တွင် တဖျတ်ဖျတ်လက်နေသည့် ဆားငန်အိုင်များကို မီးရထား ညင်သာစွာ ဖြတ်ကျော်သွားသောအခါ ခရီးသည်များကလည်း အိပ်စက်ကြတော့၏။ ကြည်လင်သောညကောင်းကင်တွင် ကြယ်အတိဖုံးလွှမ်းနေ၏။ ပြုပြင်ထိန်းသိမ်းရသက်သာစေရန် သံလမ်းများကို တစ်သားတည်းဖြစ်အောင် ဂဟေဆက်ထားသောကြောင့် ရထား၏ဂျုန်းဂျုန်းဂျက်ဂျက်မြည်သံကိုပင် မကြားရချေ။

မိုးလင်းသောအခါ အဲလစ်စပရင်းမြို့အနီးရှိ သဲကန္တာရသည် ထွန်းလင်းလာသည့်နေရောင်အောက်တွင် အနီရောင်၊ ရွှေရောင်တောက်နေ၏။ “ရင်သပ်ရှုမောဖွယ် ရှုခင်းပါပဲ။ ရထားထဲမှာ ရှိနေတာတောင် နေပူရှိန်ကို ခံစားရတယ်။ နိမ့်တုံမြင့်တုံဖြစ်နေပြီး အဆုံးအစမရှိ ကျယ်ပြောလှတဲ့အပြင် အရောင်အသွေးစုံလင်ပြီး စိတ်ချောက်ချားစရာကောင်းလောက်အောင် လူသူကင်းမဲ့နေတဲ့ သဲကန္တာရကနေ နေကပြူထွက်လာတယ်။ အဲဒီနေရာက လူတစ်ယောက်ကို စိတ်အားငယ်စေတယ်” ဟုခရီးသည်တစ်ဦးက ဆိုခဲ့သည်။

လွင်တီးခေါင်မှ အပူပိုင်းဒေသသို့

The Ghan မီးရထားသည် အဲလစ်စပရင်းမြို့တွင် မွန်းလွဲပိုင်း၌ ခရီးတစ်ထောက်နားပြီးနောက် ကက်သရင်းမြို့၊ ယင်းမှတစ်ဖန် မြောက်ပိုင်းရထားလမ်းဆုံးမြို့ဖြစ်သော အပူပိုင်းဒေသရှိ ဒါဝင်မြို့သို့ ဆက်လက်ထွက်ခွာလာသည်။ The Ghan မီးရထားတွင် လေအေးပေးစနစ်တပ်ဆင်ထားသော ရထားတွဲများပါရှိသဖြင့် “သက်သောင့်သက်သာရှိတဲ့ ဒီရထားစီးရတာကို ခရီးသည်တွေ သဘောကျနေကြတယ်” ဟုမီးရထားမန်နေဂျာ လယ်ရီလီရက်စ်က The Ghan မီးရထား၏ ပထမဆုံးပြေးဆွဲသည့်ခရီးစဉ်ဖွင့်ပွဲတွင် ပြောပြသည်။ ရထားပြတင်းပေါက်များမှကြည့်နေကြသော ခရီးသည်များသည် အစောပိုင်းရထားလမ်းဖောက်သူများ တွေ့ ကြုံခံစားခဲ့ရသည့် ဘေးအန္တရာယ်များနှင့် ဆင်းရဲခက်ခဲမှုများကို မြင်ယောင်ကြည့်နိုင်ပါသည်။

ကုန်သွယ်ရေးဖွံ့ဖြိုးရန် လှုံ့ဆော်ပေးကာ ကမ္ဘာပေါ်တွင် ကြီးကျယ်သောရထားလမ်းခရီးများအနက်မှ တစ်ခုဖြစ်သည့်အပြင် The Ghan မီးရထားသည် ခေတ်သစ်ကမ္ဘာအား လွင်တီးခေါင်ဒေသ၏ အတွင်းအကျဆုံးအပိုင်းသို့ ဆွဲဆောင်သွားခဲ့သည်။ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အဆိုပါမီးရထားကိုဖွင့်လှစ်သည့် ခရီးစဉ်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သော အသက် ၁၉ နှစ်အရွယ် အဘော်ရီဂျင်တိုင်းရင်းသူလေးတစ်ဦးက “ကျွန်မဘဝမှာ မီးရထားကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ တကယ့်ကို အံ့ဩစရာပါပဲ” ဟုဆိုခဲ့သည်။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အမည်နောက်ဝယ်ရှိ ပုံပြင်

The Ghan မီးရထားသည် The Afghan Express ၏အတိုကောက်ဖြစ်သည်။ အဆိုပါမီးရထားကို အာဖဂန်ကုလားအုတ်မွေးမြူရေးသမားများက မည်သို့အမည်ပေးခဲ့သည်မှာ မသေမချာဖြစ်နေ၏။ သို့သော် အဆိုပါအမည်က ဩစတြေးလျ၏ လွင်တီးခေါင်ဒေသသို့ရောက်အောင် လမ်းဖွင့်ပေးလိုက်သည့် သန်မာကြံ့ခိုင်သော တိုင်းတစ်ပါးသားများကို အမှတ်ရစေ၏။ အမှန်မှာ အုပ်စုတစ်စုအနေနှင့် အာဖဂန်သားများဟုခေါ်သော်လည်း အများစုမှာ ဘလူချီစတန်၊ အီဂျစ်၊ မြောက်ပိုင်းအိန္ဒိယ၊ ပါကစ္စတန်၊ ပါးရှားနှင့် တူရကီစသည့် ဒေသအသီးသီးမှ ရောက်ရှိလာကြသူများဖြစ်သည်။

၎င်းတို့ယူဆောင်လာသော ကုလားအုတ်များသည် အဆိုပါလွင်တီးခေါင်ဒေသ၏ ပို့ဆောင်ရေးယာဉ်များဖြစ်လာသည်။ အာဖဂန်သားများက ယင်းတိရစ္ဆာန်များကို “ဟူရှ်တာ” ဟုခေါ်လိုက်လျှင် နာခံမှုရှိရှိ ဒူးထောက်ပေးသည်၊ သို့မဟုတ် မတ်တတ်ရပ်ပေးသည်။ အကောင် ၇၀ အထိရှိသော ကုလားအုတ်ယာဉ်တန်းများသည် တစ်နာရီလျှင် လေးမိုင်ခန့် ပုံမှန်နှုန်းဖြင့် လူနှင့်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးသည်။ ရထားနှင့်ကားဖြင့် သယ်ယူပို့ဆောင်လာသောအခါ ကုလားအုတ်တန်းများ မလိုအပ်တော့သဖြင့် အာဖဂန်သားများသည် ယင်းတို့ကို လွှတ်ထားပေးကြသည်။ ယနေ့ အဆိုပါကုလားအုတ်များမှ ပေါက်ပွားလာသည့် ထောင်နှင့်ချီသော ကုလားအုတ်များသည် ဩစတြေးလျအလယ်ပိုင်းဒေသတွင် လွတ်လွတ်လပ်လပ် ကျက်စားနေကြသည်။—၂၀၀၂၊ ဧပြီလ ၈ ရက်ထုတ် နိုးလော့!၊ စာမျက်နှာ ၁၆-၁၇ ကိုရှု။

[Picture Credit Line on page 15]

Northern Territory Archives Service, Joe DAVIS, NTRS 573

[Picture Credit Line on page 17]

Train photos: Great Southern Railway