မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှင်းတောထဲဝယ် နွေးနွေးထွေးထွေး

နှင်းတောထဲဝယ် နွေးနွေးထွေးထွေး

နှင်းတောထဲဝယ် နွေးနွေးထွေးထွေး

ဖင်လန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ကမ္ဘာ့မြောက်ဖျားပိုင်းဒေသ၏ အလွန်အေးသောဆောင်းရာသီတွင် အနွေးထည်နှင့်ဖိနပ် အလုံအလောက်မရှိသူများအဖို့ အအေးဒဏ်ကို အလူးအလဲခံစားရမည်သာမက အသက်ပင်ဆုံးသွားနိုင်သည်။ သို့သော် မရေမတွက်နိုင်သော တိရစ္ဆာန်များအတွက်မူ ရာသီမရွေး အသက်ဆက်နိုင်ကြသည်။ တိရစ္ဆာန်များသည် နွေးနွေးထွေးထွေးရှိသော သားမွေးများမှ အကျိုးရရှိသည့်အပြင် လေအေးဒဏ်မှ ကာကွယ်ပေးနိုင်သော ဆီးနှင်း၏အစွမ်းကိုလည်း ကောင်းစွာအသုံးချတတ်ကြသည်။

ဆီးနှင်းတွင် ရေငွေ့ပျံခြင်းမှ တိုက်ရိုက်ဖြစ်ပေါ်လာသော ရေခဲပုံဆောင်ခဲများပါဝင်သည်။ တစ်ဆယ်လက်မရှိသော ဆီးနှင်းသည် ရေတစ်လက်မခန့်နှင့် ညီမျှ၏။ ယင်းသို့ကွာခြားရသည့်အကြောင်းမှာ ဆီးနှင်းတွင် လေများစွာရှိနေ၍ ယင်းတို့သည် ပုံဆောင်ခဲများအကြားတွင် စုနေကြသည်။ အံ့ဖွယ်ကောင်းသော ဤဒီဇိုင်းကြောင့် ဆီးနှင်းသည် ရေခဲများအရည်ပျော်ချိန်ဖြစ်သော နွေဦးပေါက်အထိ အစေ့များနှင့်အပင်များကို အအေးလွန်ကဲမှုဒဏ်မှ ကောင်းစွာကာကွယ်ပေးနိုင်သည်။ ဆီးနှင်းပြင်ကြီးသည် ဧရာမရေလှောင်ကန်ကြီးတစ်ခုနှင့်တူ၏။ ဆီးနှင်းများ အရည်ပျော်သွားသောအခါ မြေဆီလွှာကို စွတ်စိုစေပြီး စမ်းချောင်းများထဲ စီးဝင်သွားသည်။

ဆီးနှင်းပြင်ကြီးအောက်မှသက်ရှိများ

ဆီးနှင်းပြင်ကြီးအောက်ရှိ လိုဏ်ခေါင်းကွန်ရက်များတွင် လျင်မြန်စွာ ရွေ့လျားနေကြသူများမှာ နေ့စဉ် လုပ်ငန်းဆောင်တာများ အထူးသဖြင့် အစာရှာဖွေခြင်းတွင် အလုပ်များနေသော အလွန်သေးငယ်သည့် အမွေးထူတိရစ္ဆာန်မျိုးစုံဖြစ်နိုင်ပါသည်။ ယင်းတိရစ္ဆာန်များတွင် လမ်မင်ကြွက်များ၊ ဗိုးကြွက်မြီးတိုများ၊ ညဉ့်အချိန်ကျက်စားသည့် ပွေးကောင်မျိုးဝင် ကြွက်စုတ်များပါဝင်သည်။ ထို့ ပြင် ဆီးနှင်းပြင်ပေါ်တွင် ဘယ်ရီသီးများ၊ အခွံမာသီးများ၊ သစ်စေ့များနှင့် သစ်ပင်ပျိုများ၏ နူးညံ့သော အပေါ်ယံသစ်ခေါက်များကို ရှာဖွေစားသောက်နေကြသည့် ကြွက်များကိုလည်း တွေ့ရလေ့ရှိ၏။

သေးငယ်သော နို့တိုက်သတ္တဝါများသည် ၎င်းတို့၏ ကိုယ်ခန္ဓာအပူချိန်ကို အနေတော်ဖြစ်စေရန် မည်သို့ထိန်းထားကြသနည်း။ ယင်းတိရစ္ဆာန်များစွာတွင် ထူထဲ၍ နွေးထွေးသောအမွေးများရှိရုံသာမက အလျင်အမြန်ဓာတ်ပြိုကွဲသည့်ပုံစံဖြင့် အပူထုတ်လွှတ်ပေးသော ကိုယ်တွင်းယန္တရားလည်းပါရှိ၏။ ထို့ကြောင့် ဤသတ္တဝါလေးများသည် အပူဓာတ်ရရှိရန် များစွာစားသုံးဖို့လိုအပ်သည်။ ဥပမာ၊ ကြွက်စုတ်များသည် ၎င်းတို့၏ကိုယ်အလေးချိန်နီးပါးနှင့် ညီမျှသော အင်းဆက်ပိုးများ၊ ပိုးလောင်းများနှင့် ပိုးတုံးလုံးများကို နေ့စဉ်စားသုံးကြ၏။ အသေးငယ်ဆုံးမျိုးစိတ်များဖြစ်သည့် အလွန်သေးငယ်သော ကြွက်စုတ်လေးများမှာ ပို၍ပင်စားသုံးကြသေးသည်။ ထို့ကြောင့် ၎င်းတို့သည် နိုးနေသမျှကာလပတ်လုံး အစာကို သဲသဲမဲမဲ ရှာဖွေစားသောက်နေတတ်ကြ၏။

တစ်ဖန် အဆိုပါအလွန်သေးငယ်သော နို့တိုက်သတ္တဝါများသည် ဇီးကွက်နှင့် ဝီဇယ်ဖျံမျိုးဝင်သတ္တဝါနှစ်မျိုး၊ မြွေပါနှင့် ဝီဇယ်ဖျံငယ်တို့အပါအဝင် သားစားကောင်များ အလွန်ကြိုက်နှစ်သက်သော အစာများဖြစ်ကြသည်။ ကိုယ်ခန္ဓာသေးသွယ်ပေါ့ပါးသော ဝီဇယ်ဖျံများသည် ဆီးနှင်းဖုံးလွှမ်းနေသော ဝင်္ကပါသဖွယ် ရှုပ်ထွေးနေသည့် လိုဏ်ခေါင်းများထဲဝင်၍ အစာကို ကောင်းစွာရှာဖွေနိုင်ကြသည်။ ဝီဇယ်ဖျံများသည် ၎င်းတို့ထက် ကိုယ်ခန္ဓာအရွယ်အစားကြီးမားသော ယုန်များကိုပင် လိုက်လံရှာဖွေတတ်ကြ၏။

ဇီးကွက်များလည်း သားကောင်များကို ရှာဖွေကြသည်။ နားပါးသော မီးခိုးရောင်ဇီးကွက်ကြီးသည် ထုသိပ်မနက်သည့် ဆီးနှင်းပြင်အောက်တွင် ပြေးလွှားနေသော ဗိုးကြွက်မြီးတိုတစ်ကောင်ကို အနံ့ခံ၍ ခြေရာခံလိုက်နိုင်သည်။ သားကောင်ရှိသည့်နေရာကို ရှာဖွေတွေ့ရှိပြီးနောက် ဇီးကွက်သည် နှင်းထုထဲ ထိုးဆင်းလိုက်ပြီး အကြောင်းမလှသောသားကောင်ကို သန်မာလှသည့် ခြေသည်းများဖြင့် ပြုတ်တူပမာ ဖမ်းကုပ်၍ ဆွဲချီသွားလေသည်။ သို့သော် ထူထဲသောဆီးနှင်းထုကြောင့် သားစားကောင်များစွာသည် အစာရှာ၍မရသဖြင့် ဆာလောင်မွတ်သိပ်ကာ အစားခံရမည့်သားကောင်မျိုးစိတ်များ၏ အရေအတွက်ကို များလွန်းနေစေပေမည်။

အစာရှားပါးသည့် ဆောင်းရာသီအတွင်း အစာမွတ်သိပ်ခြင်းမရှိစေရန် တိရစ္ဆာန်များစွာသည် ပူနွေးသောလများအတွင်း စုဆောင်းထားသော အဆီများကို အသုံးချကြ၏။ သို့သော် အများအားဖြင့် အစာအချို့ကို ရရှိနိုင်ပါသည်။ ဥပမာ၊ ဆတ်ချိုပြားသည် သစ်ပင်များ အထူးသဖြင့် ထင်းရှူးပင်များ၏ အကိုင်းအခက်နုနုလေးများကို တစ်တိတိကိုက်ဝါးစားသည်။ ရှဉ့်ကလေးများသည် နေရာအသီးသီးတွင် စုဆောင်းထားသော အာဟာရရှိသစ်စေ့များကို စားသုံးကြကာ တောယုန်များသည် သစ်ခေါက်နုနုများ၊ သစ်ခက်များနှင့် အစို့အညှောက်များကို ကိုက်ဝါးစားကြသည်။ ငှက်မျိုးစိတ်အချို့သည် အေးခဲနေသော ဘယ်ရီသီးများနှင့် ထင်းရှူးညွန့်များကို နှစ်သက်စွာစားသုံးကြသည်။

နှင်းတောထဲ ဦးစိုက်ထိုးဆင်းခြင်း

ငှက်အတော်များများသည် နေ့အချိန် နားနေစဉ် သို့မဟုတ် ညအချိန် အိပ်ပျော်စဉ် နွေးနွေးထွေးထွေးရှိစေရန် ဆီးနှင်း၏ အအေးဒဏ်မှကာကွယ်ပေးနိုင်စွမ်းကို အသုံးချကြသည်။ ယင်းငှက်များတွင် ငှက်ညိုမျိုး၊ ရစ်နက်မျိုးနှင့် ခါမျိုးအပြင် ဝမ်းဗိုက်အဖြူရောင်ရှိ ငှက်ငယ်မျိုး၊ စာကျွဲခေါင်းနှင့် စာကလေးတို့ပါဝင်သည်။ ဆီးနှင်းသည် ထူ၍ပျော့နေမည်ဆိုလျှင် ငှက်တချို့သည် ပင်လယ်ငှက်တစ်ကောင် ရေထဲထိုးဆင်းသည့်အလား ဆီးနှင်းထုထဲ ဦးစိုက်ထိုးဆင်းကြလေသည်။ ဤပါးနပ်သည့်နည်းဗျူဟာက ငှက်ရဲများ မတွေ့နိုင်ရန် သို့မဟုတ် အနံ့မခံနိုင်ရန် ခြေရာဖျောက်ပေးသည်။

ငှက်များသည် ဆီးနှင်းထုတွင်းရှိနေပြီးနောက် လိုဏ်ခေါင်းတစ်ခုကို သုံးပေအထိ အလျားလိုက်တူးဖောက်ကြ၏။ တစ်ညလုံးတိုက်ခတ်သည့်လေက ဆီးနှင်းအောက်တွင် ပုန်းအောင်းနေသော သက်ရှိသတ္တဝါများ၏ မည်သည့်အရိပ်အယောင်ကိုမဆို ဖျောက်ဖျက်လိုက်သည်။ ခြေလျင်ခရီးထွက်လာသူတို့သည် ငှက်များပုန်းအောင်းနေသည့် တွင်းများအနား နီးနီးကပ်ကပ်လျှောက်သွားမိသောအခါ ၎င်းတို့၏ခြေသံများက ငှက်များကို သတိပေးလိုက်သည်။ ငှက်များသည် နှင်းထုထဲမှ တောင်ပံတဖျတ်ဖျတ်ခတ်၍ ရုတ်တရက်ပျံထွက်လာသောအခါ ၎င်းတို့၏တွင်းများအနီး မတော်တဆဖြတ်လျှောက်သွားသူမည်သူမဆို အလန့်တကြားဖြစ်သွားနိုင်သည်။

ဆောင်းရာသီအတွက် အမွေးများပေါက်လာ

ဥတုများပြောင်းလဲသွားသည်နှင့်အမျှ အာတိတ်ဒေသရှိတိရစ္ဆာန်အချို့သည် ဆီးနှင်းဖုံးလွှမ်းသောပတ်ဝန်းကျင်နှင့် လိုက်ဖက်စေရန် နွေဥတုတွင်ပေါက်သော အမွေးများကို ဆောင်းဥတုတွင်ပေါက်သောအမွေးများဖြင့် လဲလှယ်ပေးခြင်းဖြင့် ရုပ်ဖျက်ကြ၏။ ဖင်လန်နိုင်ငံတွင် အာတိတ်မြေခွေးများ၊ အပြာရောင်တောယုန်နှင့် ဝီဇယ်ဖျံမျိုးစိတ်အတော်များများသည် ဆောင်းဦးရာသီ၌ ထူထဲ၍ အဖြူရောင်ရှိသော သို့မဟုတ် အဖြူရောင်ဘက်သန်းသော အမွေးများပေါက်လာကြသည်။

အလားတူ၊ နွေရာသီတွင်ပေါက်သော ခါငှက်၏ အစက်အပြောက်ရှိ အမွေးအတောင်များသည် အလွန်တောက်ပြောင်သော အဖြူရောင်သို့ ပြောင်းသွား၏။ ထို့ ပြင် ပို၍ပူနွေးသောလများအတွင်း အမွေးများ ကျိုးတိုးကျဲတဲပေါက်နေသည့် ယင်းတို့၏ခြေချောင်းများပေါ်တွင် အမွေးများ ထူထဲစွာပေါက်လာကာ အသုံးဝင်သော “နှင်းတောစီးဖိနပ်” ဖြစ်သွားသည်။ သို့သော် ဥတုအလိုက် အမွေးများပြောင်းလဲသွားသော်လည်း တိရစ္ဆာန်မျိုးစိတ်တချို့သည် ဆီးနှင်းများ ဟိုတစ်ကွက် ဒီတစ်ကွက်ဖုံးလွှမ်းနေသော မြေပြင်နှင့် လိုက်လျောညီထွေဖြစ်သည့် ၎င်းတို့၏အရောင်အသွေးမျိုးစုံကြောင့် အကာအကွယ်ရရှိကြ၏။

ငှက်များစွာသည် ခြေဗလာဖြင့် နှင်းတောထဲ သို့မဟုတ် ရေခဲပြင်ပေါ် လျှောက်သွားသော်လည်း ထိခိုက်မှု သို့မဟုတ် အနည်းဆုံး အလွန်အမင်းနာကျင်မှုကိုပင် အဘယ်ကြောင့်မခံစားရကြောင်း သင်စဉ်းစားဖူးသလော။ ၎င်းတို့၏ခြေထောက်များကို နွေးနွေးထွေးထွေးရှိစေရန် ထူးခြားစွာ ပုံစံပြုထားသောကြောင့်ဖြစ်၏။ ဤအံ့ဖွယ်ဒီဇိုင်းကြောင့် နှလုံးမှ ပူနွေးသောသွေးများသည် ခြေထောက်သို့ စီးဆင်းလာပြီး ခြေထောက်မှ နှလုံးသို့ပြန်စီးသွားသော သွေးအေးများကို ပူနွေးစေ၏။

ဝင်ရိုးစွန်းဒေသများမှသည် ပူအိုက်သော အပူပိုင်းဒေသများအထိ သက်ရှိများသည် ကမ္ဘာဂြိုဟ်၏ အပူလွန်ကဲမှုနှင့် အအေးလွန်ကဲမှုတို့ကို ကြံ့ကြံ့ခံနိုင်ရုံမျှမက ရှင်သန်ပေါက်ပွားနိုင်ကြလေသည်။ ယင်းသက်ရှိများကို ရှာဖွေတွေ့ရှိကာ ဓာတ်ပုံရိုက်ယူခဲ့ကြသော အမျိုးသားအမျိုးသမီးများသည် ၎င်းတို့၏ကြိုးပမ်းမှုများအတွက် များစွာချီးမွမ်းခံရလေ့ရှိပြီး ထိုသို့လည်း ချီးမွမ်းခံသင့်ပါသည်။ သို့ဆိုလျှင် မြေကြီးပေါ်မှ သက်ရှိအံ့ဖွယ်ရာများ၏ ဖန်ဆင်းရှင်အား ပို၍ပင် မချီးမွမ်းသင့်ပေလော။ ဗျာ. ၄:၁၁ [သမ္မာ] က ဤသို့ဆိုသည်– ‘အကျွန်ုပ်တို့၏အရှင်ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာကို ဖန်ဆင်းတော်မူပြီ။ ထိုအရာများသည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ကျက်သရေတော်၊ တန်ခိုးတော်ကို ခံထိုက်တော်မူ၏။’

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အေးသောရာသီ၌ပင် အလုပ်များ နေကြသော ခရစ်ယာန်များ

ဆောင်းရာသီလများအတွင်း ဖင်လန်နိုင်ငံမှ ယေဟောဝါသက်သေများသည် အနွေးထည်များဝတ်ဆင်ထားကာ အသင်းတော်တွင်နှင့် ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းဆောင်တာများတွင် ဆက်လက်ပါဝင်လုပ်ဆောင်နေကြသည်။ သက်သေခံအချို့သည် ခရစ်ယာန်အစည်းအဝေးများတက်ရောက်ရန် ဝေးလံသောအရပ်များသို့ ပျော်ပျော်ပါးပါး သွားကြ၏။ အမှန်မှာ ရှည်ကြာ၍ အေးမြသောလများအတွင်း ကျေးလက်တောရွာများတွင် အစည်းအဝေးတက်ရောက်သူအရေအတွက်မှာ လျော့နည်းသွားခြင်းမရှိချေ။ ထို့ပြင် ယေဟောဝါသက်သေများသည် လူထုရှေ့အမှုတော်ဆောင်ရာတွင်လည်း အလုပ်များနေကြသည်။ သူတို့သည် ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်အကြောင်း သက်သေခံခြင်းကို အခွင့်ထူးအဖြစ် ယူမှတ်သည့်အတွက် သက်သောင့်သက်သာရှိသော မိမိတို့နေအိမ်များမှ တလိုတလားထွက်လာပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြွေးကြော်ခြင်းတွင် ပါဝင်နေကြသည်။—မဿဲ ၂၄:၁၄

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

လိုဏ်ခေါင်းတစ်ခုအတွင်းမှ အဖြူအနက်ကျား ငှက်ငယ်များ

[Credit Line]

By courtesy of John R. Peiniger

[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]

မြွေပါ

[Credit Line]

Mikko Pöllänen/​Kuvaliiteri

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ငန်းများ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

တောယုန်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

အာတိတ်မြေခွေး