မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကြာမီ ရာဇဝတ်မှု ‘ရှိတော့မည်မဟုတ်’

မကြာမီ ရာဇဝတ်မှု ‘ရှိတော့မည်မဟုတ်’

မကြာမီ ရာဇဝတ်မှု ‘ရှိတော့မည်မဟုတ်’

“ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။”—ဆာလံ ၃၇:၁၀

ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် မိမိဖန်ဆင်းထားသော လူသားတို့ကို အလွန်စိတ်ဝင်စားတော်မူ၏။ လူတချို့ ယူဆသကဲ့သို့ ကိုယ်တော်သည် လူသားတို့နှင့် ခပ်တန်းတန်းမနေချေ။ (ဆာလံ ၁၁:၄၊ ၅) ထို့ ပြင် လူတို့မတွေ့ မြင်သည့်အရာများအပါအဝင် ရာဇဝတ်မှုမှန်သမျှ၊ မတရားမှုမှန်သမျှကို ကိုယ်တော်တွေ့ မြင်တော်မူ၏။ ‘ယေဟောဝါ၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍ ဆိုးသူ၊ ကောင်းသူတို့ကို ကြည့်ရှုတော်မူ၏။’ (သု. ၁၅:၃သမ္မာ) ထို့ကြောင့် လူဆိုးများသည် “ချောသောအရပ်၌” အမှန်ပင် ရှိနေသည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။—⁠ဆာလံ ၇၃:၁၂၊ ၁၈

သို့သော် အပြစ်မဲ့သူများနှင့် ကိုယ်ကျင့်တရားကောင်းသူများသည် ဆင်းရဲနွမ်းပါးကာ အနှိမ်ခံရသော်လည်း သူတို့တွင် ထူးမြတ်သောမျှော်လင့်ချက်ရှိပါသည်။ “အပြစ်တင်ခွင့်ကင်းသောသူကို ကြည့်ရှု၍ ဖြောင့်မတ်သောသူကို မျက်မှောက်ပြုလော့။ အကြောင်းမှာ ထိုသူ၏အနာဂတ်သည် ငြိမ်းချမ်းလိမ့်မည်” ဟု ဆာလံဆရာဒါဝိဒ် ရေးသားခဲ့သည်။ (ဆာလံ ၃၇:၃၇ကဘ) ထိုစကားများသည် ယနေ့ ကျွန်ုပ်တို့အတွက် အလွန်ပင် နှစ်သိမ့်မှုဖြစ်စေပါသည်။ အကြောင်းမှာ မဝေးတော့သည့်အနာဂတ်တွင် ကမ္ဘာတစ်ခုလုံး၌ ထိုသို့သောသူများဖြင့် ပြည့်နှက်နေသည်ကို တွေ့ မြင်ရမည့်မျှော်လင့်ချက် ကျွန်ုပ်တို့တွင် ရှိထားသောကြောင့်ဖြစ်၏။

ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်များတွင် နေထိုင်လျက်ရှိ

လွန်ခဲ့သော အနှစ် ၂,၀၀၀ ခန့်က ယေရှုခရစ်၏တပည့်များသည် ကိုယ်တော်အား အလွန်အဓိပ္ပာယ်ပြည့်ဝသည့် မေးခွန်းတစ်ခု မေးခဲ့ကြသည်။ သူတို့က “ဤအစီအစဉ်စနစ် နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ” ဟုလျှောက်ဆိုခဲ့ကြသည်။ (မဿဲ ၂၄:၃ကဘ) ယေရှု၏အဖြေအသေးစိတ်ကို သမ္မာကျမ်းစာ၏ မဿဲအခန်းကြီး ၂၄၊ မာကုအခန်းကြီး ၁၃ နှင့် လုကာအခန်းကြီး ၂၁ တို့တွင် တွေ့ရှိနိုင်ပါသည်။ အဆိုပါခရစ်ဝင်ကျမ်းသုံးကျမ်းစလုံးက လက်ရှိလောက၏ နောက်ဆုံးသောနေ့ရက်များကို စစ်ဖြစ်ပွားခြင်း၊ အစာခေါင်းပါးခြင်း၊ ရောဂါဖြစ်ခြင်း၊ ငလျင်အကြီးအကျယ်လှုပ်ခြင်းနှင့် မတရားမှု သိသိသာသာတိုးများလာခြင်းတို့ဖြင့် ဖော်ပြထားသည်။

ယေရှုကြိုပြောခဲ့သည့် အဆိုပါအခြေအနေဆိုးများသည် ၁၉၁၄ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့၏။ သမိုင်းပညာရှင် အဲရစ်ဟော့စ်ဘောမ်၏ Age of Extremes စာအုပ်တွင် ၎င်းဖော်ပြထားသည့်အတိုင်း ဤ ၂၀ ရာစုသည် “လူ့သမိုင်းတွင် အရက်စက်ဆုံးရာစုနှစ်ဖြစ်ပေသည်။”

လက်ရှိပျံ့နှံ့နေသည့် ဆိုးသွမ်းမှုနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– ‘မတရားသောသူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍ မကောင်းမှုကိုပြုသောသူတို့သည် ပွင့်လန်းကြသောအခါ ထာဝရပျက်စီးခြင်းသို့ရောက်ရသော အကြောင်းပေတည်း။’ (ဆာလံ ၉၂:၇) အထောက်အထားများက ရှင်းနေပါသည်။ ရာသီအလိုက် သီးပွင့်ဖြစ်ထွန်းသော အပင်များကဲ့သို့ ယနေ့ခေတ်တွင် တိုးပွားများပြားလာသည့် မတရားမှုသည် အမှန်မှာ လူဆိုးများကို မကြာမီ အပြီးအပြတ်သုတ်သင်တော့မည်ဟူသည့် ဖော်ပြချက်တစ်ခုဖြစ်သည်။ ယင်းသည် သတင်းကောင်းမဟုတ်ပေလော။—⁠၂ ပေတရု ၃:၇

‘ဖြောင့်မတ်သောသူတို့သည် မြေကြီးကို အမွေခံရလိမ့်မည်’

‘ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်’ ဟုဆာလံ ၃၇:၂၉ ကဆို၏။ ထိုအချိန်ရောက်လျှင် မည်သည့်ရာဇဝတ်မှုနှင့် မတရားမှုမျှ ရှိတော့မည်မဟုတ်။ ထို့ကြောင့် လုံခြုံရေးအချက်ပြစနစ်များ၊ သော့ခလောက်များ၊ တရားရုံးများ၊ ရှေ့နေများ၊ ရဲများနှင့် အကျဉ်းထောင်များအစရှိသည့် ရာဇဝတ်မှုနှင့်ဆက်နွှယ်နေသော အရာများအားလုံး ရှိတော့မည်မဟုတ်။ “အရင်ဖြစ်ဖူးသောအရာများကို သတိမရ၊ မှတ်မိတော့မည်မဟုတ်” ဟုသမ္မာကျမ်းစာက ကတိပြုထားသည်။—⁠ဟေရှာယ ၆၅:၁၇သမ္မာ။

ကမ္ဘာမြေကြီးနှင့် လူ့ဘောင်အဖွဲ့အစည်းသည် တစ်ခါမျှမဖြစ်ခဲ့ဖူးသည့် အသွင်အပြင်သို့ အမှန်တကယ် ပြောင်းလဲသွားပေတော့မည်။ (ဟေရှာယ ၁၁:၉; ၂ ပေတရု ၃:၁၃) ယင်းသည် ယေဟောဝါသက်သေများတွင်ရှိထားသည့် ခိုင်လုံသောမျှော်လင့်ချက်ဖြစ်ပြီး မကြာမီ ယင်းသို့အမှန်တကယ် ဖြစ်လာတော့မည်ကို အသင်ကိုယ်တိုင် စူးစမ်းလေ့လာရန် သင့်အား သူတို့ဖိတ်ခေါ်ပါသည်။ သန့်ရှင်းမြင့်မြတ်သည့် သမ္မာကျမ်းစာကို မှုတ်သွင်းတော်မူသောအရှင်သည် “မုသာနှင့်ကင်းစင်တော်မူ” ကြောင်းသတိရပါလေ။—⁠တိတု ၁:၁

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အကျဉ်းသားများအတွက် ဝိညာဉ်ရေးအကူအညီ

အမေရိကန်နိုင်ငံရှိ ယေဟောဝါသက်သေများသည် နှစ်များတစ်လျှောက် စာရိတ္တပြုပြင်ရေးအကျဉ်းထောင် ၄,၁၆၉ ခု၊ ဆေးရုံများနှင့် ဆေးဖြတ်ဌာနများမှ အကျဉ်းသားများပေးပို့သော စာများကို လက်ခံရရှိခဲ့ကြသည်။ အကျဉ်းသားအချို့က သမ္မာကျမ်းစာအခြေပြုစာပေများ တောင်းခံကြပြီး အခြားသူတို့ကမူ အခမဲ့ကျမ်းစာသင်အံမှု တောင်းဆိုကြသည်။ အရည်အချင်းရှိသော သက်သေခံများသည် အဆိုပါတောင်းခံသူများနှင့် အဆက်အသွယ်ပြုကြသည်။ အမှန်ဆိုရလျှင် ကမ္ဘာတစ်ဝန်းတွင် သက်သေခံများသည် ဝိညာဉ်ရေးအကူအညီတောင်းခံခဲ့သော အကျဉ်းသားများဖြစ်ကြသည့် အမျိုးသား၊ အမျိုးသမီးများနှင့် ကျမ်းစာသင်အံမှုများကျင်းပရန် အကျဉ်းထောင်များသို့ မှန်မှန်လည်ပတ်ကြသည်။ ယင်းသို့သောသူများအနက် အတော်များများသည် မိမိတို့၏ပင်ကိုစရိုက်ကို ထူးထူးခြားခြား ပြောင်းလဲခဲ့ကြပြီး ခရစ်ယာန်များအဖြစ် နှစ်ခြင်းခံကာ တရားဥပဒေနှင့်အညီ ဆက်လက်နေထိုင်လျက်ရှိကြသည်။