ရာဇဝတ်မှုကို ထိန်းချုပ်၍မရတော့ပြီလော
ရာဇဝတ်မှုကို ထိန်းချုပ်၍မရတော့ပြီလော
▪ စိတ်မနှံ့သော ကျောင်းသားတစ်ဦးသည် လက်နက်မျိုးစုံဖြင့် မိမိ၏ကျောင်းမှ ကျောင်းနေဖက်များနှင့် ဆရာဆရာမများကို ပစ်သတ်လိုက်သည်။
▪ လေးနှစ်အရွယ် ကလေးမလေးတစ်ဦး ပြန်ပေးဆွဲခံရသဖြင့် ၎င်း၏မိဘများခမျာ ဖော်ပြ၍မရနိုင်လောက်အောင် ပူဆွေးသောကရောက်ခဲ့ရသည်။
▪ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသည် စိတ်လှုပ်ရှားမှုရလို၍ လူတစ်ဦးကိုသတ်ပစ်ကာ အလောင်းကို သူငယ်ချင်းများအား ပြသခဲ့ပြီး ၎င်းတို့က အပတ်ပေါင်းများစွာ လျှို့ဝှက်ပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။
▪ လိင်မုဆိုးတစ်ဦးသည် ကလေးသူငယ်များအား မည်သို့သွေးဆောင်ဖြားယောင်းရမည်ဟူသော အကြံဉာဏ်များကို ကလေးသူငယ်များအပေါ် လိင်မှုကိစ္စကျူးလွန်လိုသူတို့ထံ အင်တာနက်မှတစ်ဆင့် ပေးပို့ခဲ့သည်။
ယင်းတို့မှာ ယနေ့ခေတ် သတင်းများတွင် ထုတ်လွှင့်နေသည့် ထိတ်လန့်ဖွယ်ရာ ရာဇဝတ်မှုအချို့သာဖြစ်၏။ သင်သည် အိမ်အနီးဝန်းကျင်တွင် အထူးသဖြင့် ညအချိန်၌ လုံခြုံမှုရှိသည်ဟု ခံစားရပါသလော။ သင် သို့မဟုတ် သင့်မိသားစုသည် ရာဇဝတ်မှုနှင့် ကြုံခဲ့ဖူးသလော။ လုံခြုံမှုအတော်အတန်ရှိသည်ဟု တစ်ချိန်က ယူဆခဲ့သည့် နိုင်ငံများ၌ပင် သန်းပေါင်းများစွာသောသူတို့သည် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများကို အမြဲတစေ ကြောက်လန့်နေရကြောင်း ဝန်ခံကြသည်။ အောက်တွင်ဖော်ပြထားသည့် နိုင်ငံအသီးသီးမှ ထုတ်ပြန်သော သတင်းတိုများကို သုံးသပ်ကြည့်ပါ။
ဂျပန်– Asia Times က ဤသို့သတင်းထုတ်ပြန်သည်– “ယခင်က ဂျပန်နိုင်ငံသည် ကမ္ဘာ့လုံခြုံမှုအရှိဆုံးနိုင်ငံများတွင် ပါဝင်ခဲ့၏။ . . . သို့သော် တစ်ချိန်က လူတို့တွင်ရှိခဲ့သည့် လုံခြုံမှုရှိသည်ဟူသော ခံစားချက်မှာ ယခုအခါပျောက်ကွယ်သွားပုံရပြီး လုံခြုံမှုရှိသောတိုင်းပြည်တွင် မိမိတို့နေထိုင်ရသည်ဟူသော ခံစားချက်အစား ရာဇဝတ်မှုများ၊ ကမ္ဘာချီအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်နေသည့်ခံစားချက်က ဝင်ရောက်လာခဲ့ပြီ။”
လက်တင်အမေရိက– ဘရာဇီးနိုင်ငံမှ ထင်ရှားကျော်ကြားသူတို့က ဆောပိုလိုတွင် မြို့ပြပြောက်ကျားစစ်ဖြစ်ပွားမည်ဟု ကြိုတင်ဟောကိန်းထုတ်နေကြောင်း ၂၀၀၆ ခုနှစ်မှ သတင်းတစ်ပုဒ်ကဆို၏။ အကြမ်းဖက်မှုများသည် အပတ်ပေါင်းများစွာ ကြိုကြားကြိုကြား ဖြစ်ပွားနေသောကြောင့် နိုင်ငံတော်သမ္မတက မြို့လမ်းမများပေါ်တွင် တပ်ဖြန့်ထားရန် စစ်တပ်အား ချက်ချင်းတိုက်တွန်းလိုက်သည်။ အမေရိကအလယ်ပိုင်းနှင့် မက္ကဆီကိုနိုင်ငံတွင် “လူငယ်လမ်းသရဲဂိုဏ်းဝင် အနည်းဆုံး ၅၀,၀၀၀ ရှိနေရာ ဒေသန္တရအာဏာပိုင်များအနေနှင့် သတိဝီရိယဖြင့်စောင့်ကြပ်နေရ” ကြောင်း Tiempos del Mundo သတင်းစာပါ သတင်းတစ်ပုဒ်ကဆို၏။ “၂၀၀၅ ခုနှစ် တစ်နှစ်တည်းတွင် အယ်လ်ဆာဗေးဒေါ၊ ဟွန်ဒူးရပ်စ်နှင့် ဂွာတီမာလာတို့၌ လူငယ်လမ်းသရဲဂိုဏ်းများ၏လက်ချက်ကြောင့် လူပေါင်း ၁၅,၀၀၀ ခန့် သေဆုံးခဲ့ရသည်” ဟုအဆိုပါသတင်းစာက ထပ်ဆင့်ဖော်ပြထားသည်။
ကနေဒါ– “လမ်းသရဲဂိုဏ်းများ တိုးများလာမှုကြောင့် ရာဇဝတ်မှုဆိုင်ရာပညာရှင်များ စိုးရိမ်မကင်းဖြစ်နေကြသည်။ ရဲများက . . . တိုရွန်တိုမြို့တွင် လမ်းသရဲဂိုဏ်း ၇၃ ဂိုဏ်းရှိကြောင်း ဖော်ပြခဲ့” သည်ဟု ၂၀၀၆ ခုနှစ်ထုတ် USA Today သတင်းစာကဆို၏။ အဆိုပါသတင်းစာ၏အဆိုအရ မြို့ပြ လမ်းသရဲဂိုဏ်းများ တိုးများလာသည့်ပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်း၍ရမည်မဟုတ်ကြောင်း တိုရွန်တိုရဲမှူးကြီးက ဝန်ခံခဲ့သည်။
တောင်အာဖရိက– ရာဇဝတ်မှုဆိုင်ရာ သုတေသီ ပက်ထရစ်ဘာတန်က Financial Mail တွင် ဤသို့ဖော်ပြသည်– “ရာဇဝတ်မှုများအား ကြောက်ရွံ့ ခြင်းသည် တောင်အာဖရိကလူငယ်များ၏ ဘဝကဏ္ဍအသီးသီးသို့ စိမ့်ဝင်ပျံ့နှံ့နေ၏။” ယင်းတွင် “လက်နက်ကိုင်လုယက်မှုများ၊ ယာဉ်အပိုင်စီးမှုများနှင့် ဘဏ်ဓားပြတိုက်မှုများစသော အကြမ်းဖက်ရာဇဝတ်မှုများပါဝင်သည်” ဟုအဆိုပါစာစောင်ကဆို၏။
ပြင်သစ်– အိမ်ရာစီမံကိန်းမြေနေရာတွင် နေထိုင်သူများစွာတို့သည် နေ့စဉ်ပင် “ပျက်စီးယိုယွင်းနေပြီဖြစ်သော လှေကားများပေါ် တက်သည်နှင့်၊ အန္တရာယ်ရှိသောနေရာများဖြစ်လာသည့် ကားရပ်နားရာနေရာများတွင် ကားကိုသွင်းသည်နှင့်၊ အမှောင်
ကျပြီးနောက် အန္တရာယ်ရှိသော လူထုသယ်ယူပို့ဆောင်ရေးယာဉ်ကိုစီးသည်နှင့်” ထိတ်လန့်ကြောက်ရွံ့နေကြရသည်။—Guardian Weeklyအမေရိကန်– စနစ်တကျဖွဲ့စည်းထားသည့် လမ်းသရဲဂိုဏ်းများသည် ရာဇဝတ်မှုများကို တိုးများစေလျက်ရှိ၏။ The New York Times ပါသတင်းတစ်ပုဒ်အရ အမေရိကန်နိုင်ငံ၏ ပြည်နယ်တစ်ခုတွင် လမ်းသရဲဂိုဏ်း ၇၀၀ ခန့်ရှိသည့်အနက် ဂိုဏ်းတစ်ဂိုဏ်းတွင် ယောက်ျားလေးနှင့်မိန်းကလေး အယောက် ၁၇,၀၀၀ နီးပါးရှိကြောင်း ရဲစစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ ယင်းသည် လေးနှစ်အတွင်း ဂိုဏ်းသား ၁၀,၀၀၀ ခန့် တိုးများလာခြင်းဖြစ်၏။
ဗြိတိန်– ကလေးသူငယ်များအပေါ် သက်ရောက်နေသည့် ရာဇဝတ်မှု၏ဆိုးကျိုးအကြောင်း ဖော်ပြသော ယူနီဆက်ဖ်မှထုတ်ပြန်သည့် သတင်းတစ်ပုဒ်နှင့်စပ်လျဉ်း၍ လန်ဒန်ထုတ် The Times ကဤသို့ဖော်ပြခဲ့သည်– “သေနတ်ပစ်ခံရ၍ သေဆုံးရသော ဗြိတိန်လူငယ်အရေအတွက် တိုးများလာလျက်ရှိ၏။ . . . အပစ်ခံရသူနှင့် ပစ်ခတ်သူတို့၏အသက်အရွယ်မှာ ငယ်သည်ထက်ငယ်လာနေသည်။” အင်္ဂလန်နိုင်ငံနှင့် ဝေလနယ်တွင် ထောင်ကျသူဦးရေမှာ ၈၀,၀၀၀ ခန့်တိုးများလာခဲ့သည်။
ကင်ညာ– မိမိတို့၏ကားထဲမှ အလျင်အမြန်မထွက်လာနိုင်ခဲ့သည့် မိခင်တစ်ဦးနှင့် ၎င်း၏သမီးဖြစ်သူကို ကားအပိုင်စီးသူများက ကားရှုပ်သောအဝေးပြေးလမ်းမဘေးတွင် ပစ်သတ်လိုက်ကြကြောင်း သတင်းတစ်ပုဒ်ကဆို၏။ ကင်ညာနိုင်ငံ၏မြို့တော် နိုင်ရိုဘီသည် ကားအပိုင်စီးမှုများ၊ ရိုက်နှက်လုယက်မှုများနှင့် အနုကြမ်းစီးမှုများအပါအဝင် ရာဇဝတ်မှုအမျိုးမျိုးကြောင့် နာမည်ဆိုးထွက်နေသည်။
ရာဇဝတ်မှုတိုးများလာခြင်းကို ထိန်းချုပ်နိုင်သည့် နည်းလမ်းမရှိတော့ပြီလော။ ရာဇဝတ်မှုဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းကား အဘယ်နည်း။ တစ်နေ့နေ့တွင် လူတို့သည် စစ်မှန်သောအေးချမ်းမှုနှင့်လုံခြုံမှုတို့ဖြင့် နေထိုင်နိုင်ကြတော့မည်ဟူ၍ မျှော်လင့်နိုင်စရာအကြောင်းရှိပါသလော။ အဆိုပါမေးခွန်းများကို နောက်ဆောင်းပါးများတွင် ဆန်းစစ်ပါလိမ့်မည်။