မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါနေမကောင်းရင် ဘယ်လိုလုပ်မလဲ

ငါနေမကောင်းရင် ဘယ်လိုလုပ်မလဲ

‘လူပျို၏ဘုန်းကား အစွမ်းသတ္တိဖြစ်၏’ ဟုနယပုံပြင် ၂၀:၂၉ ကဆိုသည်။ သင်သည် နာမကျန်းဖြစ်နေသည် သို့မဟုတ် မသန်မစွမ်းဖြစ်နေသည်ဆိုလျှင် အဆိုပါကျမ်းစကားက သင်နှင့်မဆိုင်ဟု ယူမှတ်ပေမည်။ သို့သော် သင်နှင့် သက်ဆိုင်နိုင်ပါသည်။ အဖြစ်မှန်မှာ ကိုယ်အင်္ဂါမသန်စွမ်းသော လူငယ်များစွာနှင့် နာတာရှည်ရောဂါ ခံစားနေရသော လူငယ်များစွာသည် အတားအဆီးကြီးများကို အောင်မြင်ကျော်လွှားခဲ့ကြပြီ ဖြစ်သည်။ ယင်းသို့သော လူငယ်လေးဦးကို နိုးလော့! မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဂျပန်နိုင်ငံမှ ဟီရိုကီ သည် မွေးရာပါ ဦးနှောက်သွက်ချာပါဒရောဂါ ခံစားခဲ့ရသည်။ “ကျွန်တော့်ရဲ့ လည်ပင်းကြွက်သားတွေက ခေါင်းကို မတ်မတ်မထားပေးနိုင်တဲ့အပြင် ကျွန်တော့်ရဲ့လက်တွေကလည်း တုန်နေတယ်။ သူများအပေါ်မှာပဲ လုံးလုံးမှီခိုနေရတယ်” ဟု သူက ဆိုသည်။

တောင်အာဖရိကနိုင်ငံမှ နာတာလီနှင့် သူ၏မောင် ဂျိမ်းစ်သည် ရှားပါးသည့်ရောဂါတစ်မျိုးဖြစ်သော ကိုယ်ခန္ဓာပုညက်လွန်ရောဂါဖြင့် မွေးဖွားလာခဲ့ကြသည်။ နာတာလီ၏ ကျောရိုးသည်လည်း စောင်းနေ၏။ “ကျွန်မရဲ့ကျောရိုးကို လေးကြိမ် ခွဲစိတ်ကုသခဲ့ရတယ်။ ကျောရိုးကုန်းလို့ ကျွန်မရဲ့အဆုတ်တွေ အားမကောင်းဘူး” ဟု သူက ဆိုသည်။

ဗြိတိန်နိုင်ငံမှ တီမသီ သည် အသက် ၁၇ နှစ်အရွယ်တွင် နာတာရှည်မောပန်းခြင်းရောဂါလက္ခဏာစု ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ “နှစ်လမပြည့်ခင်မှာ ကျန်းမာသန်စွမ်းနေရာကနေ ကိုယ့်ဘာသာကိုယ် မရပ်နိုင်တော့တဲ့အထိ အရမ်းအားနည်းသွားခဲ့တယ်” ဟုသူကဆို၏။

ဩစတြေးလျနိုင်ငံမှ ဒန်ယဲလ်သည် အသက် ၁၉ နှစ်အရွယ်တွင် ဆီးချိုရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ “ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မမြင်ရပေမဲ့ အဲဒီရောဂါဟာ ဘယ်လောက် စိုးရိမ်ရတယ်ဆိုတာကို တချို့က နားမလည်ကြဘူး။ တကယ်ဆိုရင် ဆီးချိုရောဂါက ကျွန်မကို သေစေနိုင်တယ်” ဟု သူက ဆိုသည်။

သင်သည် ဖျားနာမှု သို့မဟုတ် မသန်မစွမ်းမှု တစ်မျိုးမျိုးကို ခံစားနေရသည်ဆိုလျှင် ဟီရိုကီ၊ နာတာလီ၊ တီမသီနှင့် ဒန်ယဲလ်တို့ပြောခဲ့သည့် စကားများမှ သင် ခွန်အားရရှိမည်မှာ သေချာပါသည်။ သင်သည် ကျန်းမာရေးကောင်းနေသော်လည်း သူတို့ပြောခဲ့သည့်စကားများက မသန်မစွမ်းဖြစ်နေသူ သို့မဟုတ် နာမကျန်းဖြစ်နေသူတို့ကို ပို၍နားလည်ပေးရန် သင့်ကို ကူညီပေးနိုင်ပါသည်။

နိုးလော့!– သင့်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘယ်အရာက အခက်ခဲဆုံးလဲ။

တောင်အာဖရိကမှ အသက် ၂၀ ရှိ နာတာလီ

နာတာလီ– ကျွန်မအတွက် အခက်ခဲဆုံးအရာက လူတွေ ကျွန်မကိုတွေ့ရင် တုံ့ပြန်တဲ့ပုံကို လက်ခံရခက်တာ ဖြစ်တယ်။ ကျွန်မ အနေရခက်တယ်။ အမြဲတမ်း အကြည့်ခံနေရတယ်လို့ ကျွန်မ ခံစားရတယ်။

ဒန်ယဲလ်– ဆီးချိုရောဂါရှိတဲ့အတွက် အဓိကပြဿနာက ဘာစားရမယ်၊ ဘယ်လောက်စားရမယ်၊ ဘယ်အစားအသောက်ကို ကန့်သတ်ရမယ်ဆိုတာတွေကို သိထားဖို့ ဖြစ်တယ်။ အစားအသောက်ကို မဆင်ခြင်ဘူးဆိုရင် သွေးထဲမှာ သကြားဓာတ်နည်းပြီး မေ့မြောတဲ့အထိ ဖြစ်သွားစေနိုင်တယ်။

ဟီရိုကီ– ကျွန်တော့်ရဲ့ကိုယ်လုံးနဲ့ အနေတော်ဖြစ်တဲ့ အထူးဘီးတပ်ကုလားထိုင်တစ်လုံး ကျွန်တော့်မှာ ရှိတယ်။ အဲဒီထိုင်ခုံမှာ တစ်နေ့ကို ၁၅ နာရီလောက် မလှုပ်မယှက် ထိုင်နေရတယ်။ ပြီးတော့ ကျွန်တော် ကောင်းကောင်း အိပ်မပျော်ဘူး။ အသံတိုးတိုးလေးကြားတာနဲ့ ကျွန်တော် နိုးသွားတယ်။

တီမသီ– အစပိုင်းမှာ ကျွန်တော်ရဲ့အကြီးမားဆုံး ပြဿနာက ကျွန်တော်ဟာ လူနာတစ်ယောက်ဆိုတဲ့ အဖြစ်မှန်ကို လက်ခံဖို့ခက်တာပဲ။ ကျွန်တော်ရဲ့ရောဂါကြောင့် စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ်။

နိုးလော့!– တခြား ဘာပြဿနာတွေ ရင်ဆိုင်ရသေးလဲ။

ဩစတြေးလျမှ အသက် ၂၄ နှစ်ရှိ ဒန်ယဲလ်

ဒန်ယဲလ်– ဆီးချိုရောဂါကြောင့် ကျွန်မ အရမ်းမောတယ်။ ကျွန်မနဲ့သက်တူရွယ်တူတွေထက် ပိုအိပ်ဖို့ လိုအပ်တယ်။ ဒါ့အပြင် ဆီးချိုရောဂါဟာ ကုရာနတ္တိဆေးမရှိတဲ့အတွက် နာတာရှည်ရောဂါတစ်ခု ဖြစ်တယ်။

နာတာလီ– ကျွန်မအတွက် အရပ်ပုနေတာက ဘဝတစ်ခုလုံးကို ထိခိုက်စေတယ်။ စတိုးဆိုင်မှာ စင်ပေါ်ကပစ္စည်းတွေ လှမ်းယူတာကအစ သာမန်လုပ်ငန်းဆောင်တာတွေကို လုပ်တဲ့အခါ အခက်တွေ့ခဲ့တယ်။ ကျွန်မတစ်ယောက်တည်း ဈေးဝယ်ထွက်တဲ့အခါ အတော်လေးကို အားထုတ်ရတယ်။

တီမသီ– နာကျင်မှုနဲ့အတူ စိတ်ဓာတ်ကျမှုကို အမြဲခါးစည်းခံခဲ့ရတယ်။ ကျွန်တော် မဖျားခင်တုန်းက အရမ်းတက်ကြွခဲ့တယ်။ ကျွန်တော့်မှာ အလုပ်ရှိတဲ့အပြင် ကားမောင်းလိုင်စင်လည်း ရှိတယ်။ အားကစားတွေ လုပ်ခဲ့တယ်။ အခုတော့ ဘီးတပ်ကုလားထိုင်မှာ ခြေချုပ်မိနေတယ်။

ဟီရိုကီ– ကျွန်တော် စကားကို ပီပီသသ မပြောနိုင်ဘူး။ အဲဒါကြောင့် စိတ်ပျက်ပြီး လူတွေနဲ့ စကားမပြောရဲဘူး။ တစ်ခါတလေ ကျွန်တော့်ရဲ့ တုန်နေတဲ့လက်တွေက တစ်ယောက်ယောက်ကို မတော်တဆ ရိုက်မိတယ်။ အဲလိုရိုက်မိတဲ့အခါ စကားမပီတဲ့အတွက် “တောင်းပန်ပါတယ်” လို့တောင် ကျွန်တော် မပြောနိုင်ဘူး။

နိုးလော့!– သင့်ရဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘာက ကူညီပေးခဲ့သလဲ။

ဒန်ယဲလ်– ကျွန်မဘဝမှာရှိတဲ့ ကောင်းတဲ့အရာတွေကိုပဲ အာရုံစိုက်ဖို့ ကြိုးစားတယ်။ ကျွန်မမှာ အရမ်းကောင်းတဲ့ မိသားစု ရှိတယ်၊ အသင်းတော်က ချစ်ခင်စရာကောင်းတဲ့ မိတ်ဆွေတွေ ရှိတယ်၊ အဲဒါတွေထက် ကျွန်မရဲ့ထောက်မပေးရှင်အဖြစ် ယေဟောဝါဘုရားသခင် ရှိတယ်။ ဆီးချိုရောဂါကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကိုလည်း သိရှိအောင် ကြိုးစားလေ့လာတယ်။ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်တာဝန်ယူပြီး အတတ်နိုင်ဆုံး ဂရုစိုက်ပါတယ်။

နာတာလီ– ဆုတောင်းခြင်းက ခွန်အားရင်းမြစ်တစ်ခု ဖြစ်တယ်။ ကျွန်မရဲ့ပြဿနာတွေကို တစ်ကြိမ်မှာ တစ်ခုပဲ ဖြေရှင်းဖို့ ကြိုးစားတယ်။ အလုပ်များနေခြင်းက အပျက်သဘောတွေကို အာရုံမစိုက်မိအောင် ကူညီပေးတယ်။ ပြီးတော့ ကျွန်မမှာ ရင်ဖွင့်ပြောဆိုလို့ရတဲ့ အရမ်းကောင်းတဲ့ မိဘနှစ်ပါး ရှိထားတယ်။

ဗြိတိန်မှ အသက် ၂၀ ရှိ တီမသီ

တီမသီ– နေ့တိုင်း ဝိညာဉ်ရေးနဲ့ဆိုင်တဲ့အရာတစ်ခုခုကို ခဏတစ်ဖြုတ်ပဲဖြစ်ဖြစ် ကျွန်တော် လုပ်ဆောင်တယ်။ ဥပမာ၊ တစ်နေ့တာကို နေ့စဉ်ကျမ်းချက်သုံးသပ်တာနဲ့ အစပြုတယ်။ ကိုယ်ပိုင်ကျမ်းစာလေ့လာတာ၊ ဆုတောင်းတာတွေက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်၊ အထူးသဖြင့် ကျွန်တော်စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာ ဖြစ်တယ်။

ဟီရိုကီ– ကျွန်တော်မတတ်နိုင်တဲ့ အရာတွေအတွက် မစိုးရိမ်မိဖို့ ကြိုးစားတယ်။ အဲဒါက အချိန်ဖြုန်းနေတာပဲ ဖြစ်တယ်။ အဲဒီအစား ဝိညာဉ်ရေးမှာ ခိုင်ခံ့အောင် အတတ်နိုင်ဆုံး လုပ်ဆောင်တယ်၊ ကျွန်တော့်ရဲ့အခြေအနေကို အကြောင်းပြပြီး ကျမ်းစာမလေ့လာဘဲ မနေဘူး။ ကျွန်တော်အိပ်လို့မရတဲ့အခါ အဲဒါကို ဆုတောင်းဖို့အခွင့်အရေးတစ်ရပ်အနေနဲ့ ရှုမြင်တယ်။—ရောမ ၁၂:၁၂ ကိုရှု။

နိုးလော့!– တခြားသူတွေက သင့်ကို ဘယ်လို အားပေးခဲ့သလဲ။

ဂျပန်နိုင်ငံမှ အသက် ၂၃ နှစ်ရှိ ဟီရိုကီ

ဟီရိုကီ– ကျွန်တော်လုပ်နိုင်တာ သေးသေးမွှားမွှားပဲဖြစ်ပါစေ အကြီးအကဲတွေ အမြဲချီးမွမ်းတယ်။ အသင်းတော်က ညီအစ်ကိုညီအစ်မတွေကလည်း သူတို့ရဲ့ပြန်လည်ပတ်မှုတွေ၊ ကျမ်းစာသင်အံမှုတွေဆီ ကျွန်တော့်ကို ခေါ်သွားကြတယ်။—ရောမ ၁၂:၁၀ ကိုရှု။

ဒန်ယဲယ်– ကျွန်မကို စိတ်ကြည်နူးမှုအပေးဆုံးက အသင်းတော်က ညီအစ်ကိုညီအစ်မတွေ စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးတဲ့အခါ ဖြစ်တယ်။ အဲဒါက ကျွန်မကို တန်ဖိုးထားတယ်လို့ ခံစားရစေပြီး ရှေ့ဆက်ဖို့အတွက် အားဆေးပဲ။

တီမသီ– အစည်းအဝေးတွေမှာ ကျွန်တော်နဲ့စကားပြောဖို့ အမြဲကြိုးစားတဲ့ အသက်ကြီးကြီး ညီအစ်မတစ်ယောက် ရှိတယ်။ အကြီးအကဲတွေနဲ့ သူတို့ရဲ့ဇနီးသည်တွေလည်း ကျွန်တော့်ကို အားပေးပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ ပေးကြပါတယ်။ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ အကြီးအကဲတစ်ယောက်ဆိုရင် ကျွန်တော့်ကို လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေချတတ်အောင် ကူညီပေးခဲ့တယ်။ ဓမ္မအမှုထမ်းတစ်ယောက်က သူနဲ့အတူ ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပြီး ဘီးတပ်ကုလားထိုင် ဝင်ထွက်သွားလာလို့ရတဲ့ ညီညာပြန့်ပြူးတဲ့နေရာမှာ လုပ်ဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။—ဆာလံ ၅၅:၂၂ ကိုရှု။

နာတာလီ– ဘုရားသခင့်နိုင်ငံတော်ခန်းမထဲကို ကျွန်မဝင်လိုက်တာနဲ့ ညီအစ်ကိုညီအစ်မတွေက လှိုက်လှိုက်လှဲလှဲ ပြုံးပြပြီး နှုတ်ဆက်ကြတယ်။ သက်ကြီးရွယ်အိုတွေဟာ သူတို့မှာလည်း အခက်အခဲတွေရှိပေမဲ့ အားရှိစရာ အကြံဉာဏ်ကောင်းတွေ အမြဲဝေမျှကြတယ်။—၂ ကောရိန္သု ၄:၁၆၊ ၁၇ ကိုရှု။

နိုးလော့!– အပြုသဘော အမြဲရှိနိုင်အောင် သင့်ကို ဘာက ကူညီပေးသလဲ။

ဟီရိုကီ– ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ တောက်ပတဲ့မျှော်လင့်ချက် ရှိသူတွေပါဝင်တဲ့ အဖွဲ့အစည်းနဲ့ ပေါင်းသင်းပါတယ်။ ကျွန်တော်ဟာ အဲဒီအုပ်စုဝင်တစ်ယောက် ဖြစ်တယ်ဆိုတဲ့ အသိက ကျွန်တော့်ကို အပြုသဘော ရှိစေတယ်။—၂ ရာဇဝင်ချုပ် ၁၅:၇ ကိုရှု။

ဒန်ယဲလ်– ဘုရားသခင်ရဲ့ ရည်ရွယ်တော်မူချက်ကို သိနားလည်ရတဲ့အခွင့်ထူးနဲ့ပတ်သက်ပြီး ကျွန်မ စဉ်းစားဆင်ခြင်တယ်။ ကျန်းမာရေးကောင်းနေပေမဲ့ ကျွန်မပျော်သလို မပျော်နိုင်တဲ့ လူတွေ ရှိကြတယ်။—သု. ၁၅:၁၅ ကိုရှု။

နာတာလီ– အပြုသဘောရှိတဲ့သူတွေနဲ့ ပေါင်းသင်းဖို့ အရေးကြီးတယ်ဆိုတာ ကျွန်မသိရတယ်။ စမ်းသပ်မှုတွေကြားက ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်နေကြတဲ့ တခြားသူတွေရဲ့ တွေ့ကြုံမှုတွေ ဖတ်ရတာလည်း အားရှိစရာပဲ။ ဘုရားသခင့်နိုင်ငံတော်ခန်းမကို သွားတဲ့အခါ ကျွန်မ အားပေးခံရမယ်ဆိုတာ အမြဲသိရှိထားပြီး ယေဟောဝါသက်သေတစ်ဦးဖြစ်ရခြင်းက ဘယ်လောက်အခွင့်ထူးတယ်ဆိုတာ သတိပေးခံရတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုရှု။

တီမသီ– ၁ ကောရိန္သု ၁၀:၁၃ အရ၊ ယေဟောဝါဟာ ကျွန်တော်တို့ ခံနိုင်တာထက်ပိုပြီး ခံစားစေမှာ မဟုတ်ဘူး။ ဒီစမ်းသပ်မှုကို ကျွန်တော် ခံနိုင်တယ်လို့ ကျွန်တော်ရဲ့ဖန်ဆင်းရှင်က ယုံကြည်ထားရင် ခံနိုင်တာထက်ပိုနေတယ်လို့ စောဒကတက်ရအောင် ကျွန်တော်က ဘာမို့လို့လဲဆိုပြီး ဆင်ခြင်မိတယ်။

 

ချင့်တွေးစရာ

  • ဟီရိုကီနှင့် တီမသီတို့နှစ်ဦးစလုံး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာကြရ၏။ သင်လည်း အလားတူဖြစ်နေသည်ဆိုလျှင် သူတို့ပြောခဲ့သည့်စကားများက အပြုသဘောထား မွေးမြူနိုင်ရန် သင့်ကို မည်သို့ ကူညီပေးနိုင်သနည်း။

  • “ဆီးချိုရောဂါလက္ခဏာတွေကို မမြင်ရပေမဲ့ အဲဒီရောဂါက ဘယ်လောက် ဆိုးရွားတယ်ဆိုတာ လူတချို့ နားမလည်ကြဘူး” ဟုဒန်ယဲလ်က ဆိုသည်။ အသင်ကော “မမြင်ရသော” ရောဂါတစ်မျိုး ခံစားနေရပါသလော။ ခံစားနေရသည်ဆိုလျှင် ဒန်ယဲလ်၏ ပြောဆိုချက်များမှ အဘယ် သင်ခန်းစာများ သင်ယူနိုင်သနည်း။

  • မိမိရင်ဆိုင်နေရသည့် အကြီးမားဆုံးစမ်းသပ်မှုတစ်ခုမှာ မိမိကို လူတို့တွေ့သောအခါ သူတို့၏ တုံ့ ပြန်ပုံကို ရင်ဆိုင်ရခြင်းဖြစ်သည်ဟု နာတာလီက ဆို၏။ နာတာလီကဲ့သို့သောသူ တစ်ဦးတစ်ယောက်ကို သင်မည်သို့ သက်သောင့်သက်သာ ရှိစေမည်နည်း။ သင်သည် နာမကျန်း သို့မဟုတ် မသန်မစွမ်းဖြစ်နေပြီး နာတာလီကဲ့သို့ ခံစားနေရသည်ဆိုလျှင် နာတာလီ၌ရှိသော အပြုသဘောထားကို သင် မည်သို့ တုပနိုင်သနည်း။

  • သင် သိရှိထားသော မသန်မစွမ်းသူ သို့မဟုတ် နာတာရှည်ရောဂါ ခံစားနေရသူတို့၏ အမည်များကို အောက်တွင် ဖော်ပြပါ။

  • သူတို့တစ်ဦးချင်းစီကို အားပေးထောက်မရန် သင် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။