မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခု၌ “ဘဝသက်တမ်းအတွင်း အမျိုးသမီးလိင်ဆက်ဆံဖော် ၁၅ ဦး သို့မဟုတ် ထိုထက်မကရှိသည်ဟုဆိုသော အမျိုးသားနှစ်ဆယ့်ကိုးရာခိုင်နှုန်းကို ဘဝသက်တမ်းအတွင်း အမျိုးသားလိင်ဆက်ဆံဖော် ၁၅ ဦး သို့မဟုတ် ထိုထက်မကရှိသည်ဟုဆိုသော အမျိုးသမီး ၉% နှင့် နှိုင်းယှဉ်ဖော်ပြထားသည်။”—CENTERS FOR DISEASE CONTROL AND PREVENTION, အမေရိကန်။

ဂရိနိုင်ငံတွင် “အသက် ၁၆ နှစ်အောက်ကလေး ၆၂  ရာခိုင်နှုန်းက မိမိတို့၏မိုဘိုင်းလ်ဖုန်းထဲ အပြာရုပ်ပုံများ ကူးထည့်ခဲ့ကြကြောင်း ဝန်ခံ၏။—ELEFTHEROTYPIA, ဂရိ။

ဗြိတိန်နိုင်ငံတွင် စစ်တမ်းကောက်ယူခဲ့ရာ လူ ၈၂ ရာခိုင်နှုန်းက “ဘာသာတရားကို ကွဲပြားမှုနှင့်တင်းမာမှုကိုဖြစ်စေသော အကြောင်းရင်းတစ်ခုအဖြစ်” ရှုမြင်ကြသည်။—THE GUARDIAN, ဗြိတိန်။

၆၄ နှစ်တိုင် ခေါင်းကိုက်ဝေဒနာခံစားခဲ့ရ

တရုတ်အမျိုးသမီးတစ်ဦးသည် မိမိ၏ဦးခေါင်းထဲရှိ သုံးစင်တီမီတာရှည်သော ကျည်ဆန်တစ်တောင့်ကို ဆရာဝန်များ ဖယ်ရှားလိုက်သည့်အခါမှ အနှစ် ၆၀ ကျော်တိုင် ခံစားခဲ့ရသော “နာတာရှည်ခေါင်းကိုက်ဝေဒနာ” ဖြစ်ရသည့်အကြောင်းရင်းကို သိလိုက်ရသည်။ ၁၉၄၃၊ စက်တင်ဘာလတွင် ရှင်းရီနယ်ရှိ ကျေးရွာတစ်ရွာသို့ ဂျပန်များ ကျူးကျော်ဝင်ရောက်ခဲ့စဉ်က အသက် ၁၃ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့၏။ သူ၏ခေါင်းကိုက်ဝေဒနာမှာ ကျည်ဆန်ကြောင့်ဖြစ်နိုင်သည်ဟု မည်သူကမျှ မတွေးမိခဲ့ကြချေ။ ခေါင်းကိုက်ဝေဒနာခံစားရသည့်အကြိမ်ရေ စိပ်လာသောအခါမှ ဓာတ်မှန်ရိုက်ကြည့်ရာ ကျည်ဆန်ကို တွေ့လိုက်ရကြောင်း ရှင်ဟွာသတင်းဌာနကဆို၏။ ယခု အသက် ၇၇ နှစ်အရွယ်ရှိ ယင်းအမျိုးသမီးသည် “ကျန်းကျန်းမာမာ” ရှိနေကြောင်း သတင်းတွင် ဖော်ပြထား၏။

ဖိုးသက်ရှည် ဝေလငါး

၂၀၀၇ ခုနှစ်တွင် အလက်စကာတိုင်းရင်းသား မုဆိုးများသည် ဘလင်းဝေလငါးတစ်ကောင်ကို သတ်ပစ်ခဲ့ချိန်က ယင်းဝေလငါး၏ကိုယ်တွင် ရှေးဟောင်းမှိန်းတစ်ချောင်း၏ အသွားနှင့် အစိတ်အပိုင်းများ စိုက်ဝင်နေသည်ကို တွေ့ရှိလိုက်ရ၏။ ယင်းတို့သည် “၁၈၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်းက နယူးဘက်ဒ်ဖော့ဒ်မြို့ [မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန်နိုင်ငံ] တွင်ပြုလုပ်ခဲ့သည့် မှိန်းပစ်အမြောက်တစ်ခု၏ အစိတ်အပိုင်းများ” ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်ဟု အင်္ဂလိပ်သတင်းစာ (The Boston Globe) တစ်စောင်ကဆို၏။ ဤလှံရှည်အမျိုးအစားသည် မကြာသေးမီက ခေတ်ကုန်သွားခဲ့ပြီဖြစ်ရာ အဆိုပါဝေလငါးသည် “၁၈၈၅ ခုနှစ်နှင့် ၁၈၉၅ ခုနှစ်စပ်ကြား တစ်ချိန်ချိန်” တွင် မှိန်းဖြင့်အထိုးခံရကြောင်း နယူးဘက်ဒ်ဖော့ဒ်မြို့ရှိ ဝေလငါးပြတိုက်မှ သမိုင်းပညာရှင်များက ကောက်ချက်ချခဲ့ကြသည်။ ထို့ကြောင့် အဆိုပါဝေလငါး သေဆုံးချိန်တွင် အနည်းဆုံး အသက် ၁၁၅ နှစ်ရှိခဲ့ရပေမည်။ ရှေးဟောင်းမှိန်းအပိုင်းအစကို တွေ့ရှိခြင်းက “ဘလင်းဝေလငါးသည် အနှစ် ၁၅၀ အထိ အသက်ရှင်ပြီး ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး နို့တိုက်သတ္တဝါဖြစ်သည်ဟု ကြာမြင့်စွာကတည်းက လက်ခံထားသည့် အယူအဆအတွက် နောက်ထပ်သာဓက” ဖြစ်ကြောင်း အဆိုပါသတင်းစာကဆို၏။

ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားသော မိုးသစ်တော

အပင်တချို့မှာ အမြင့်ပေပေါင်း ၁၃၀ ကျော်အထိရှိခဲ့ပြီး မျိုးသုဉ်းသွားပြီဖြစ်သည့် အပင်များ အံ့ဩစရာကောင်းလောက်အောင် ရောပြွမ်းလျက်ရှိနေသော မြေအောက် ကျောက်ဖြစ်ရုပ်ကြွင်း မိုးသစ်တောပြင်ကျယ်ကြီးတစ်ခုကို ဘူမိဗေဒပညာရှင်များ တူးဖော်တွေ့ရှိခဲ့ကြသည်။ ထူးခြားသောအဆိုပါသစ်တောသည် အမေရိကန်နိုင်ငံ၊ အီလီနွိုင်းစ်ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်တွင်း၏ လမ်းများတွင် တည်ရှိသည်။ အဆိုပါသစ်တောသည် အကြီးအကျယ်လှုပ်သွားသော မြေငလျင်တစ်ခုကြောင့် မြေကြီးအောက်သို့ နစ်မြုပ်သွားခဲ့သည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။ “တော်တော့်ကို အံ့ဩစရာကောင်းတယ်။ အနည်းဆုံးတော့ အဲဒီသစ်တောထဲ ကျွန်တော်တို့ ဖြတ်လျှောက်နေတယ်လို့ မြင်ယောင်ကြည့်နိုင်ပါတယ်” ဟု အဆိုပါတွေ့ရှိချက်ကို ထုတ်ဖော်အသိပေးခဲ့သည့် သုတေသနအဖွဲ့ခေါင်းဆောင် ဘီလ်ဒီမီကလာကဆို၏။

အရည်အသွေးမြင့်ဝိုင်ကို တူးဖော်ခြင်း

“ပထမကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ချန်ရစ်ခဲ့သည့် အရည်အသွေးမြင့်ဝိုင်များကို တူးဖော်ရန်” ယခင် ယူဂိုစလားဗီးယားပြည်သူ့သမ္မတနိုင်ငံဖြစ်သော မက်စီဒိုးနီးယားနိုင်ငံသို့လာရောက်သည့် ဧည့်သည်အရေအတွက်မှာ တိုးများလာလျက်ရှိသည်ဟု အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော သတင်းစာတစ်စောင် (Kathimerini) ကဆို၏။ ပြင်သစ်နိုင်ငံမှ အများစုဖြစ်သော ဧည့်သည်များသည် မြေပုံများဖြင့်ရောက်လာကာ စွန့်ပစ်ထားသော စစ်တပ်စားနပ်ရိက္ခာ သိုလှောင်ခန်းရှိရာ နေရာများကို တူးဖော်ကြသည်။ ယခုထက်ထိ ယခင်စစ်တပ်ရှိရာနေရာများ၌ မြုပ်ချက်သားကောင်းဆဲ ဝိုင်များမှာ အနည်းဆုံး နှစ်ပေါင်း ၉၀ သက်တမ်းရှိပြီး အထက်ပါသတင်းစာ၏အဆိုအရ “အကောင်းပကတိရှိသေးသော ဝိုင်တစ်ပုလင်းကို ယူရိုငွေ ၂,၀၀၀ (၂,၆၇၅ ဒေါ်လာ) ရရှိနိုင်သည်။” “ဤမျှအရသာထူးသည့်ဝိုင်မျိုးကို တစ်ခါမျှ မသောက်ဖူးခဲ့” ကြောင်း ဝိုင်နှင့်ကော့ညက်ကို တွေ့ရှိခဲ့ကြသည့် ဒေသခံများကဆို၏။