မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောဘာသာတရားကို တွေ့ရှိနိုင်ပုံ

စစ်မှန်သောဘာသာတရားကို တွေ့ရှိနိုင်ပုံ

စစ်မှန်သောဘာသာတရားကို တွေ့ရှိနိုင်ပုံ

‘အကယ်၍ ဘုရားသခင်ဆီကလာတဲ့ အမှန်တရား ရှိတယ်ဆိုရင် ဒါကို တွေ့အောင် ငါဘာလို့ ရှာဖွေရမှာလဲ။ လူသားတွေအတွက် အရေးကြီးတဲ့သတင်းတစ်ခု ဘုရားသခင်မှာရှိတယ်ဆိုရင် လူတွေ စုံစမ်းစစ်ဆေးဖို့မလိုဘဲ ချက်ချင်း သဘောပေါက်အောင် ရှင်းရှင်းလင်းလင်း မဖော်ပြပေး သင့်ဘူးလား’ ဟုအချို့က မေးကြသည်။

ဘုရားသခင်၌ ထိုသို့ပြုနိုင်စွမ်းရှိတော်မူသည်မှာ သေချာပါသည်။ သို့သော် ကိုယ်တော်သည် အမှန်တရားကို ထိုသို့ဖော်ပြပေးရန် ရွေးချယ်တော်မူခဲ့သလော။

အမှန်တရားကို ဘုရားသခင်ဖော်ပြပေးပုံ

အမှန်ဆိုလျှင် ဘုရားသခင်သည် စိတ်ရင်းမှန်သူများ အမှန်တရားရှာတွေ့စေသည့်နည်းဖြင့် မိမိ၏သတင်းတရားကို ဖော်ပြပေးတော်မူသည်။ (ဆာလံ ၁၄:၂) လွန်ခဲ့သောရာစုနှစ်များစွာက ပရောဖက်ယေရမိအားဖြင့် ဘုရားသခင်ပေးတော်မူခဲ့သည့် သတင်းတရားကို သုံးသပ်ကြည့်ပါ။ ဗာဗုလုန်လူတို့လက်ချက်ဖြင့် ယေရုရှလင်မြို့ပျက်စီးတော့မည်ဟူသောသတင်းကို ဘုရားသခင်အား ပုန်ကန်သည့်လူများကို ယေရမိ ကြားပြောခဲ့သည်။—ယေရမိ ၂၅:၈-၁၁; ၅၂:၁၂-၁၄

သို့သော် တစ်ချိန်တည်းတွင် အခြားသောပရောဖက်များကလည်း ဘုရားသခင်ထံမှလာသော သတင်းတရားများကို မိမိတို့ဟောပြောနေသည်ဟု ဆိုခဲ့ကြ၏။ ဟာနနိက ယေရုရှလင်တွင် ငြိမ်သက်အေးချမ်းမည်ဟု ကြိုဟောခဲ့၏။ ယင်းသည် ယေရမိပြောခဲ့သည့်သတင်းတရားနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ထိုအချိန်၌ မည်သူ့ကို ယုံကြည်ရမည်နည်း၊ ယေရမိကိုလော၊ ယေရမိနှင့်ဆန့်ကျင်၍ ဟောသူများကိုလော။—ယေရမိ ၂၃:၁၆၊ ၁၇; ၂၈:၁၊ ၂၊ ၁၀-၁၇

မည်သူမှန်သည်ကို သိရှိရန် စိတ်ရင်းမှန်သောဂျူးများသည် ယေဟောဝါအား ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိဖို့လိုသည်။ ကိုယ်တော်၏ပညတ်တော်များနှင့် မူများကိုသာမက အမှားပြုခြင်းနှင့်ပတ်သက်သော ကိုယ်တော်၏သဘောထားကိုပါ နားလည်ဖို့လိုသည်။ ထိုသို့ပြုခြင်းဖြင့် သူတို့သည် “ကိုယ့်အပြစ်ကိုမြင်၍ အဘယ်သူမျှ နောင်တမရ” ဟုယေရမိမှတစ်ဆင့် ယေဟောဝါမိန့်တော်မူခဲ့သောစကားများနှင့် သဘောချင်းတူရာရောက်မည်။ (ယေရမိ ၈:၅-၇) ထို့ပြင် ဤအခြေအနေဆိုးသည် ယေရုရှလင်နှင့် မြို့သူမြို့သားများအတွက် နိမိတ်ဆိုးဖြစ်ကြောင်း သူတို့သိမြင်ကြပေလိမ့်မည်။ —တရားဟောရာ ၂၈:၁၅-၆၈; ယေရမိ ၅၂:၄-၁၄

ယေရုရှလင်နှင့်ပတ်သက်သော ယေရမိ၏ပရောဖက်ပြုချက်များသည် အမှန်ဖြစ်ပျက်လာခဲ့သည်။ ဘီစီ ၆၀၇ တွင် ဗာဗုလုန်လူမျိုးသည် မြို့တော်ကို ဖျက်ဆီးခဲ့ကြသည်။

မနာခံမှု၏ဆိုးကျိုးများအကြောင်းကို ကြာမြင့်စွာကတည်းက ကြိုတင်ပြောပြခဲ့သော်လည်း ဘုရားသခင်အရေးယူလုပ်ဆောင်မည့်အချိန် တန်ပြီဖြစ်ကြောင်း အသိအမှတ်ပြုရန် ကြိုးစားအားထုတ်ဖို့လိုသည်။

ဘုရားသခင်ထံမှလာသော အမှန်တရားကို အသိအမှတ်ပြုခြင်း

ယေရှုခရစ်ကြေညာခဲ့သည့် အမှန်တရားနှင့်ပတ်သက်၍ မည်သို့ဆိုနိုင်သနည်း။ လူတိုင်းက ယင်းကို ဘုရားသခင်ထံမှလာသော အမှန်တရားအဖြစ် အသိအမှတ်ပြုခဲ့ပါသလော။ မပြုခဲ့ကြချေ။ ယေရှုသည် အစ္စရေးလူတို့အလယ်တွင် ရှိနေပြီး သူတို့ကို သွန်သင်ပေးကာ အံ့ဖွယ်အမှုများ ပြုလုပ်ခဲ့သော်လည်း ကိုယ်တော်သည် ကြိုဟောထားသော မေရှိယ—ခရစ်တော် သို့မဟုတ် ဘိသိက်ခံရသူဖြစ်ကြောင်း နားထောင်သူအများစုက မသိမြင်ခဲ့ကြချေ။

ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အချိန်တွင် ရောက်လာမည်နည်းဟု မေးမြန်းကြသော ဖာရိရှဲတို့အား ယေရှုက “ကောင်းကင်နိုင်ငံတော်သည် ထင်ရှားမြင်သာသောနည်းဖြင့် လာမည်မဟုတ်” ဟုမိန့်ဆိုခဲ့သည်။ ထပ်ဆင့်၍ “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌ရှိ၏” ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။ (လုကာ ၁၇:၂၀၊ ၂၁ကဘ) ဘုရားသခင်ခန့်အပ်ထားသော အုပ်စိုးရှင် ယေရှုသည် သူတို့အလယ်၌ ရှိနေတော်မူ၏။ သို့သော် အဆိုပါဖာရိရှဲတို့က ကိုယ်တော်သည် မေရှိယနှင့်ဆိုင်သော ပရောဖက်ပြုချက်များကို ပြည့်စုံစေနေသည်ဟူသော အထောက်အထားကို ငြင်းဆိုကာ ကိုယ်တော်အား “အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်၊ ခရစ်တော်” အဖြစ် လက်မခံခဲ့ကြချေ။—မဿဲ ၁၆:၁၆ကဘ။

ခရစ်တော်၏ ပထမရာစုတပည့်များ ကြေညာခဲ့သည့် အမှန်တရားလည်း ထိုနည်းတူ တုံ့ပြန်ခံခဲ့ရသည်။ တပည့်များကို ဘုရားသခင် ထောက်မပေးနေကြောင်း အံ့ဖွယ်အမှုများက သက်သေထင်ရှားပြခဲ့သော်လည်း လူအများစုကမူ ယင်းအမှန်တရားကို အသိအမှတ်မပြုကြသေးချေ။ (တမန်တော် ၈:၁-၈; ၉:၃၂-၄၁) ယေရှုသည် မိမိ၏နောက်တော်လိုက်များအား လူတို့ကို သွန်သင်ပေးခြင်းဖြင့် “တပည့်ဖြစ်စေ” ရန် တာဝန်ပေးအပ်ခဲ့သည်။ စိတ်ရင်းမှန်သော အမှန်တရားရှာဖွေသူတို့သည် ကျမ်းစာအမှန်တရားများကို နားထောင်၍ သင်ယူလေ့လာခြင်းကြောင့် ယုံကြည်သူများဖြစ်လာကြသည်။—မဿဲ ၂၈:၁၉; တမန်တော် ၅:၄၂; ၁၇:၂-၄၊ ၃၂-၃၄

ယနေ့လည်း အလားတူပင်။ ‘လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြော’ လျက်နေ၏။ (မဿဲ ၂၄:၁၄ကဘ) ယင်းကို ဘုရားသခင်ထံမှလာသည့် သတင်းတရားတစ်ရပ်အဖြစ် ကမ္ဘာပေါ်ရှိလူတိုင်းအား အသိအမှတ်ပြုစေမည့် ထင်ရှားမြင်သာသောနည်းဖြင့် လုပ်ဆောင်စရာမလိုပေ။ သို့သော် ဘုရားသခင့်အမှန်တရားကို ခွဲခြားသိမြင်နိုင်ပြီး ယင်းက ဘုရားသခင် နှစ်သက်လက်ခံသည့်နည်းဖြင့် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်လိုသော စိတ်နှလုံးရိုးဖြောင့်သူများကို တလိုတလား တုံ့ပြန်စေသည်။—ယောဟန် ၁၀:၄၊ ၂၇

သမ္မာကျမ်းစာအကြောင်းပါရှိသည့် မဂ္ဂဇင်းတစ်စောင်ကို သင် ဖတ်ရှုနေသည်ဟူသောအချက်က သင်သည် အမှန်တရားကိုရှာဖွေနေသည့် စိတ်ရင်းမှန်သူတစ်ဦး ဖြစ်ဖွယ်ရှိကြောင်း ဖော်ပြနေ၏။ မည်သည့်ဘာသာတရားက အမှန်တရား သွန်သင်ပေးနေကြောင်း သင်မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။

စစ်မှန်သောဘာသာတရားကို တွေ့ ရှိနိုင်ပုံ

တမန်တော်ပေါလုသည် ပထမရာစုက ဗေရိမြို့သားတချို့အား သွန်သင်ပေးခဲ့ချိန်တွင် ၎င်းတို့တုံ့ပြန်ခဲ့ပုံကို ချီးမွမ်းပြောဆိုခဲ့၏။ သူတို့သည် ပေါလုပြောဆိုခဲ့ရာကို အမှန်တရားအဖြစ် ချက်ချင်းလက်မခံခဲ့ကြသော်လည်း လေးလေးစားစား နားထောင်ခဲ့ကြ၏။ သတင်းတရားကို ကြားနာပြီးနောက် ဗေရိမြို့သားများ လုပ်ဆောင်ခဲ့ရာမှ ကျွန်ုပ်တို့ သင်ယူနိုင်စရာရှိပါသည်။

သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်ကို သတိပြုကြည့်ပါ– “[ဗေရိမြို့သား] တို့သည် သက်သာလောနိတ်မြို့သားတို့ထက် စိတ်ထားမြင့်မြတ်သဖြင့် အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားတော်ကိုခံယူ၍ ကြားနာရသည့်အရာများ မှန်မမှန်သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်ကြ၏။ ထို့ကြောင့် လူအများတို့သည် ယုံကြည်သူများဖြစ်လာ၏။” (တမန်တော် ၁၇:၁၀-၁၂ကဘ) ထို့ကြောင့် ထိုသူတို့သည် အမှန်တရားကို အပေါ်ယံရှာဖွေခဲ့ခြင်းမဟုတ်ချေ။ သူတို့သည် ပေါလုနှင့် တစ်ခေါက်နှစ်ခေါက် တိုတိုတုတ်တုတ် ဆွေးနွေးပြောဆိုရုံဖြင့် အကျိုးကျေးဇူး အပြည့်အဝရရှိရန် မမျှော်လင့်ခဲ့ကြချေ။

ဗေရိမြို့သားတို့သည် “အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားတော်ကိုခံယူ” ခဲ့ကြောင်း သတိပြုပါ။ ယင်းက ကျမ်းစာလေ့လာမှုပြုခြင်းအပေါ် ထားရှိသည့် ၎င်းတို့၏သဘောထားနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ကျွန်ုပ်တို့အား သိရှိစေသည်။ သူတို့သည် ပေါလုပြောသမျှကို ယုံလွယ်လွန်းခြင်းမရှိသကဲ့သို့ သံသယဝင်ခြင်းလည်းမရှိခဲ့ကြချေ။ ဘုရားသခင့် လူသားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ပေါလုရှင်းပြခဲ့ရာကို အပြစ်ရှာလိုသည့်သဘော သူတို့၌ မရှိခဲ့ချေ။

ဤအချက်ကိုလည်း သုံးသပ်ကြည့်ပါ– ဗေရိမြို့သားတို့သည် ပထမဦးဆုံးအကြိမ်အနေနှင့် ခရစ်ယာန်ဘာသာအကြောင်းကို ကြားသိခဲ့ရခြင်းဖြစ်သည်။ ယင်းက သူတို့အား ယုံကြည်လက်ခံရခက်စေပေမည်။ သို့သော် သူတို့သည် ယင်းကို ငြင်းပယ်လိုက်မည့်အစား ကျမ်းစာကို သေသေချာချာ လေ့လာဆန်းစစ်၍ ‘ပေါလုပြောဆိုသည့်အရာများ မှန်မမှန်’ သိမြင်ရန် စစ်ဆေးခဲ့ကြသည်။ စေ့စေ့စပ်စပ် ရှာဖွေလေ့လာခဲ့ကြသည့် ဗေရိမြို့သားများရော သက်သာလောနိတ်မြို့သားများပါ ယုံကြည်သူများဖြစ်လာကြောင်း သတိပြုပါ။ (တမန်တော် ၁၇:၄၊ ၁၂) သူတို့သည် အမှန်တရားကို ရှာမတွေ့နိုင်ဟူ၍ ကောက်ချက်ချကာ လက်လျှော့ခဲ့ခြင်းမရှိချေ။ စစ်မှန်သောဘာသာတရားကို သူတို့အသိအမှတ်ပြုခဲ့ကြသည်။

လူတို့အပေါ် အမှန်တရား အကျိုးသက်ရောက်ပုံ

လူတစ်ဦး အမှန်တရားတွေ့ရှိသောအခါ ဗေရိမြို့သားများပြုခဲ့သည့်အတိုင်း ယင်းအကြောင်းကို အခြားသူတစ်ဦးဦးအား စိတ်အားထက်သန်စွာ ပြောပြရန် လှုံ့ဆော်ခံရသည်။ အခြားသူတို့ကမူ အခြားဘာသာတရားများလည်း ထပ်တူပင် မှန်ကန်နိုင်ကြောင်း ယူဆခြင်းသည် နှိမ့်ချမှုပြရာရောက်သည်ဟု ခံယူကာ သူတစ်ပါးအား အမှန်တရားအကြောင်း ပြောဆိုနေခြင်းကို နှစ်သက်သဘောကျမည်မဟုတ်ပေ။ သို့သော် လူတစ်ဦးသည် ကျမ်းစာအမှန်တရားကို တွေ့ရှိပြီဆိုလျှင် ယင်းကို အခိုင်အမာ လက်ခံယုံကြည်လာသည်။ ထိုသူသည် အမှန်တရားကို တွေ့ရှိနိုင်မနိုင် သို့မဟုတ် ဘာသာတရားအားလုံး ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးနိုင်မနိုင်နှင့်ပတ်သက်၍ သံသယရှိတော့မည်မဟုတ်ပေ။ သို့သော် အမှန်တရားကိုတွေ့ရှိနိုင်ရန် စိတ်အားထက်သန်စွာ ဆန်းစစ်ခြင်းဖြင့် အစပြုရမည်၊ ယင်းသို့ပြုရာတွင် အမှန်ပင် နှိမ့်ချမှု လိုအပ်သည်။

ယေဟောဝါသက်သေများသည် ထိုသို့လေ့လာဆန်းစစ်ခဲ့ကြပြီ။ ယင်းကြောင့် စစ်မှန်သောဘာသာတရားကို သူတို့တွေ့ရှိပြီဟု ယူမှတ်ကြခြင်းဖြစ်၏။ ယနေ့ စစ်မှန်သောဘာသာတရားကို မည်သူလိုက်စားနေကြောင်း ခွဲခြားသိမြင်နိုင်ရန် သမ္မာကျမ်းစာကို စူးစမ်းဖို့ သင့်အား သူတို့ ဖိတ်ခေါ်ပါသည်။ ဆင်ခြင်သုံးသပ်ရန် အချက်အလက်စာရင်းများ ရှိရုံထက်မက ပို၍လိုအပ်မည်ဖြစ်သော်လည်း ဤစာမျက်နှာပါလေးထောင့်ကွက်ရှိ ပထမရာစုခရစ်ယာန်များနှင့်ပတ်သက်သော အကြောင်းအရာက သင့်အား စတင်စူးစမ်းရန် ကူညီပေးပေမည်။

ယေဟောဝါသက်သေများနှင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုပြုရန် လက်ခံခြင်းဖြင့် သင်သည် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကို အသေးစိတ်လေ့လာနိုင်ပါသည်။ ယင်းကိုသိရှိသွားသောအခါ သင်သည် စစ်မှန်သောဘာသာတရားကို ခွဲခြားသိမြင်နိုင်ပါလိမ့်မည်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

စစ်မှန်သောဘာသာတရား၏ အသွင်အပြင်များ

ပထမရာစုခရစ်ယာန်များ၏ သွန်သင်ချက်များနှင့် အကျင့်ဓလေ့များကို သုံးသပ်ကြည့်ပါ–

သူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မိမိတို့၏လမ်းညွှန်အဖြစ် အားထားကြသည်။—၂ တိမောသေ ၃:၁၆; ၂ ပေတရု ၁:၂၁

ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်၍ ဘုရားသခင်နှင့်ကွဲပြားသော သီးခြားပုဂ္ဂိုလ်ဖြစ်ကာ ဘုရားသခင့်လက်အောက်ခံဖြစ်ကြောင်း သူတို့သွန်သင်ခဲ့ကြသည်။—၁ ကောရိန္သု ၁၁:၃; ၁ ပေတရု ၁:၃

သေလွန်သူတို့သည် အနာဂတ်တွင် ရှင်ပြန်ထမြောက်ခြင်းဖြင့် အသက်ပြန်ရှင်လာမည်ဖြစ်ကြောင်း သူတို့သွန်သင်ခဲ့ကြသည်။—တမန်တော် ၂၄:၁၅

သူတို့အချင်းချင်းစပ်ကြားတွင် လွှမ်းမိုးနေသည့် ချစ်ခြင်းမေတ္တာကြောင့် လူသိများကြသည်။—ယောဟန် ၁၃:၃၄၊ ၃၅

သူတို့သည် တစ်ဦးချင်းစီအနေနှင့်သာမက အသင်းတော်များအဖြစ် ဖွဲ့စည်း၍ ဝတ်ပြုကြပြီး ယေရှုအား ဦးစီးအဖြစ် အားထားလေးစားသည့် ကြီးကြပ်မှူးများနှင့် အကြီးအကဲများအဖွဲ့၏လက်အောက်တွင် စည်းလုံးစွာရှိနေကြသည်။—တမန်တော် ၁၄:၂၁-၂၃; ၁၅:၁-၃၁; ဧဖက် ၁:၂၂; ၁ တိမောသေ ၃:၁-၁၃

သူတို့သည် လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်ရာဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ထက်သန်စွာ ဟောပြောသူများဖြစ်ကြသည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; တမန်တော် ၁:၈

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အခြားသူများက ယေရမိနှင့်ဆန့်ကျင်၍ ပြောဆိုကြချိန်တွင် ယေရမိသည် ပရောဖက်အစစ်အမှန်တစ်ဦးဖြစ်ကြောင်း လူတို့ မည်သို့သိရှိနိုင်သနည်း

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ပထမရာစုမှ ဗေရိမြို့သားတို့သည် ပေါလု၏စကားကို နားထောင်ခဲ့ကြသော်လည်း သူ၏စကား မှန်မမှန်သေချာစေရန် ကျမ်းစာကို ဆန်းစစ်ခဲ့ကြ

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာကို အသေအချာလေ့လာခြင်းက သင့်အား ဘာသာတရားဆိုင်ရာ အမှန်တရားကို ခွဲခြားသိမြင်နိုင်စေ