မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောဘာသာတရားတစ်ခု ရှိပါသလော

စစ်မှန်သောဘာသာတရားတစ်ခု ရှိပါသလော

စစ်မှန်သောဘာသာတရားတစ်ခု ရှိပါသလော

ဤသို့မေးသည်ကို လူတချို့ မနှစ်မြို့ကြချေ။ ကမ္ဘာတစ်ဝန်းတွင် ဘာသာရေးယုံကြည်ချက် ဤမျှများပြားစွာရှိနေရာ အမှန်တရားတစ်ခုတည်းသာရှိသည်ဟု ပြောဆိုသူကို အမြင်ကျဉ်းသူ၊ မာနထောင်လွှားသူဟုပင် သူတို့ထင်မှတ်ကြသည်။ ဘာသာတရားအားလုံး၊ အနည်းဆုံး ဘာသာတရားအများစုတွင် ကောင်းသည့်အရာရှိကြသည်ချည်းပင်ဟု ကောက်ချက်ချခြင်းမှာ ကျိုးကြောင်းဆီလျော်သည်ဟု သူတို့ယူဆကြ၏။ အသင်ကော ထိုသို့ယူဆပါသလော။

အချို့သော အကြောင်းအရာများအတွက်ဆိုလျှင် ထင်မြင်ချက်များ သို့မဟုတ် ယုံကြည်ချက်များစွာသည် လက်ခံနိုင်ဖွယ်ရာဖြစ်သည်ဟု အသိအမှတ်ပြုခြင်းက ပညာရှိရာရောက်သည်။ ဥပမာ၊ လူတစ်ဦးက အစားအသောက်တချို့သည် မိမိအား ပို၍ကျန်းမာစေလိမ့်မည်ဟု ယူဆကောင်းယူဆပေမည်။ သို့သော် ယင်းအစားအသောက်များသည် ကျန်းမာစွာနေထိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့်အလား အခြားသူတို့ကို အတင်းအကျပ်ပြု၍ စားသောက်စေသင့်သလော။ အမှန်မှာ တစ်စုံတစ်ဦးရွေးချယ်ထားသော အစားအသောက်သည် မိမိရွေးချယ်ထားသော အစားအသောက်ထက်၊ အနည်းဆုံးတော့ အခြားသူတစ်ဦးအတွက် ပို၍ကောင်းမွန်နိုင်သည်ဟု အသိအမှတ်ပြုခြင်းက ပညာရှိပြီး ကျိုးနွံရာရောက်ပေမည်။

ဘာသာတရားနှင့်ပတ်သက်၍ကော ထိုသို့ပင်ဖြစ်သလော။ လူတစ်ဦး မွေးဖွားကြီးပြင်းပုံနှင့် ကိစ္စရပ်များအား သိနားလည်ပုံတို့အပေါ်မူတည်၍ ရွေးချယ်ရမည့် လက်ခံနိုင်ဖွယ်ရာ ဘာသာတရားအမျိုးမျိုး ရှိပါသလော။ သို့မဟုတ် လူသားထုတစ်ရပ်လုံးအတွက် မှန်ကန်ပြီး ကျင့်သုံးနိုင်သည့် ဘာသာတရားဆိုင်ရာအမှန်တရား တစ်ခုတည်းသာရှိပါသလော။ သမ္မာကျမ်းစာပြောဆိုရာကို သုံးသပ်ကြည့်ကြစို့။ ဦးစွာ၊ အမှန်တရားကို အမှန်တကယ် ရှာတွေ့နိုင်မနိုင် ကျွန်ုပ်တို့ သုံးသပ်ကြမည်။ အမှန်တရားကို ရှာမတွေ့နိုင်ပါက စစ်မှန်သောဘာသာတရားတစ်ခုကို ရှာဖွေရန်အကြောင်းလည်း မရှိချေ။

ဘာသာတရားဆိုင်ရာ အမှန်တရားကို ရှာတွေ့နိုင်ပါသလော

မိမိအသတ်မခံရမီလေးတွင် မိမိအားစစ်ဆေးမေးမြန်းသူ ရောမမြို့ဝန် ပုန္တိပိလတ်အား ယေရှုခရစ်က “အမှန်တရားဘက်တွင် ရှိသောသူတိုင်း ငါ့စကားကို နားထောင်ကြသည်” ဟုမိန့်တော်မူခဲ့၏။ “အမှန်တရားကား အဘယ်နည်း” ဟုပိလတ်ပြောဆိုရာ၌ သံသယဝင်သောသဘောဖြင့် မေးခဲ့ခြင်းဖြစ်ပေမည်။ (ယောဟန် ၁၈:၃၇၊ ၃၈ကဘ) သို့သော် ယေရှုသည် အမှန်တရားအကြောင်း မရှက်မရွံ့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ အမှန်တရားရှိကြောင်းကို ကိုယ်တော် သံသယမဝင်ခဲ့ချေ။ ဥပမာ၊ လူအမျိုးမျိုးအား ယေရှုထုတ်ဖော်ပြောဆိုခဲ့သည့် အောက်ပါစကားလေးရပ်ကို သုံးသပ်ကြည့်ပါ။

အမှန်တရားကို သက်သေခံရန် ငါသည် ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ ကြွလာပြီ။”—⁠ယောဟန် ၁၈:၃၇ကဘ။

“ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။”—⁠ယောဟန် ၁၄:၆ကဘ။

“ဘုရားသခင်သည် . . . ဝိညာဉ်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကိုးကွယ်သောသူတို့သည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ ကိုးကွယ်ရမည်။”—⁠ယောဟန် ၄:၂၃၊ ၂၄ကဘ။

“သင်တို့သည် ငါ၏တရား၌ တည်နေလျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ အမှန်တရားကို သင်တို့သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကိုလွှတ်လိမ့်မည်။”—⁠ယောဟန် ၈:၃၁၊ ၃၂ကဘ။

ယေရှုသည် အမှန်တရားတည်ရှိကြောင်းနှင့် ယင်းကို ကျွန်ုပ်တို့သင်ယူသိရှိနိုင်ကြောင်း ဤမျှယုံကြည်စိတ်ချစွာ ပြောဆိုခဲ့ရာ ဘာသာတရားဆိုင်ရာအမှန်တရား တည်ရှိ၍ ယင်းကိုတွေ့နိုင်ခြေရှိကြောင်း အနည်းဆုံးတော့ မဆန်းစစ်ကြည့်သင့်ပေလော။

အကြွင်းမဲ့အမှန်တရား တကယ်တည်ရှိသလော

သင် လုံးဝယုံကြည်စိတ်ချနိုင်သည့် အရာတချို့ရှိကြောင်း သင်သဘောတူမည်မှာ သေချာပါသည်။ သင်တည်ရှိကြောင်းနှင့် သင့်ပတ်ပတ်လည်ရှိ အရာဝတ္ထုများသည် အစစ်အမှန်ဖြစ်ကြောင်း သင်ယုံကြည်စိတ်ချ၏။ ရုပ်လောကဖြစ်သည့် သစ်ပင်၊ တောင်တန်း၊ မိုးတိမ်၊ နေနှင့်လတို့သည် သင့်စိတ်ကူးထဲတွင်ရှိသော အရာများမဟုတ်ချေ။ ထိုအရာများသည် ဒွိဟဖြစ်စရာများဖြစ်သည်ဟုပင် လူတချို့က သင့်အား ယုံကြည်အောင် ပြောဆိုကြပေမည်။ သို့သော် ယင်းသို့သော အစွန်းရောက်သည့်အယူအဆကို သင် သဘောတူနိုင်ဖွယ်ရာမရှိချေ။

ထို့ပြင် သဘာဝတရားတွင် နိယာမတရားများရှိသည်။ ယင်းတို့ကိုလည်း သင် လုံးဝယုံကြည်စိတ်ချနိုင်သည်။ ဥပမာ၊ သင်သည် ချောက်ကမ်းပါးတစ်ခုမှ ခုန်ချမည်ဆိုလျှင် ပြုတ်ကျသွားပေမည်။ သင်သည် အစာစားဖို့ ငြင်းဆန်မည်ဆိုလျှင် ဗိုက်ဆာလာပေမည်။ သင်သည် အချိန်ကြာကြာ အစာမစားဘဲနေလျှင် သေသွားပေလိမ့်မည်။ ယင်းသို့သော သဘာဝနိယာမတရားများသည် လူတချို့အတွက် မှန်ကန်သော်လည်း အချို့သောသူတို့အတွက်မူ မမှန်ကန်ဟု သင်မစဉ်းစားချေ။ ယင်းတို့သည် လူသားအားလုံးနှင့်သက်ဆိုင်သည်ဖြစ်ရာ ခြွင်းချက်မရှိ မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။

ယင်းသို့သော ခြွင်းချက်မရှိသည့် အမှန်တရားတစ်ခုကို ရည်ညွှန်း၍ သမ္မာကျမ်းစာက “လူသည် အဝတ်မလောင်ဘဲ မီးကိုပိုက်ဖက်နိုင်သလော” ဟုမေးလေသည်။ အမှန်မှာ ယင်းကိုရေးသားခဲ့စဉ်က အဝတ်နှင့်မီး ထိမည်ဆိုလျှင် လောင်တတ်ကြောင်း အများသိဖြစ်၏။ သို့သော် ယင်းအမှန်တရားကို ဖော်ပြရာတွင် အထက်ပါကျမ်းစာပညာရှိစကားက “သူ့မယားကို [လိင်ဆိုင်ရာ] ပြစ်မှားသောသူမည်သည်ကား” ဆိုးကျိုးများခံစားရမည်ဟူသော ပို၍အရေးကြီးသည့် အချက်တစ်ချက်ကို ဖော်ပြနေခြင်းဖြစ်သည်။—⁠သု. ၆:၂၇၊ ၂၉

ယင်းဖော်ပြချက်သည် ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သော အကြွင်းမဲ့အမှန်တရားတစ်ခု ဖြစ်ပါသလော။ တချို့က မဖြစ်ပါဟု ဆိုကြပေမည်။ ကျင့်ဝတ်စံနှုန်းများသည် လူတစ်ဦး၏ကြီးပြင်းလာပုံ၊ ယုံကြည်ချက်နှင့် အခြေအနေပေါ်မူတည်၍ ကွဲပြားသည်ဟု သူတို့ကဆိုကြသည်။ သို့သော် သမ္မာကျမ်းစာတွင် တွေ့ရသည့်အတိုင်း ဘုရားသခင်၏ ကျင့်ဝတ်ဆိုင်ရာပညတ်အချို့ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ယင်းတို့သည် ခြွင်းချက်မရှိသော အမှန်တရားများမဟုတ်ပေလော။

အိမ်ထောင်ရေးဖောက်ပြန်မှုကို သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀ကဘ) ဤကျမ်းစာသွန်သင်ချက်ကို အမှန်တရားအဖြစ် တချို့က လက်မခံဘဲ အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ သို့သော် အများအားဖြင့် သူတို့သည် ခါးသီးသော အကျိုးဆက်များကို ခံစားကြရပြီး ယင်းတို့တွင် ကိုယ်ကိုယ်ကိုသိစိတ် နှောင့်ယှက်ခံရခြင်း၊ အိမ်ထောင်ကွာရှင်းပြတ်စဲခြင်း၊ ပတ်သက်သူများကို စိတ်ဒဏ်ရာရစေခြင်းတို့ ပါဝင်လေ့ရှိသည်။

ဘုရားသခင်သည် သောက်ကြူးခြင်းကိုလည်း ပြစ်တင်ရှုတ်ချတော်မူ၏။ (သု. ၂၃:၂၀; ဧဖက် ၅:၁၈) လူတို့သည် သောက်ကြူးသောအခါ အဘယ်အရာဖြစ်ပျက်သနည်း။ အများအားဖြင့် သူတို့သည် အလုပ်ပြုတ်၍ ကျန်းမာရေးချို့တဲ့ပြီး မိသားစုမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်ရလေသည်။ (သု. ၂၃:၂၉-၃၅) သောက်ကြူးခြင်းသည် မမှားပါဟု ယူမှတ်ကြသူတို့ပင် ယင်းသို့သောဆိုးကျိုးများကို ခံစားကြရသည်။ လူတစ်ဦး၏ ယုံကြည်ချက်သည် မည်သို့ပင်ဖြစ်ပါစေ သို့မဟုတ် ကိစ္စရပ်များကို လူတစ်ဦး မည်သို့ပင်ရှုမြင်ပါစေ အဆိုပါကျင့်ဝတ်ဆိုင်ရာ ပညတ်များသည် မှန်ကန်၏။

ထို့အပြင် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အား မိမိ၏ဇနီးကို ချစ်မြတ်နိုးရန်၊ မိမိ၏ခင်ပွန်းကို ရိုသေလေးစားရန်နှင့် အခြားသူများအား ကောင်းမှုပြုရန်စသည့် ကောင်းသောအရာများကိုလုပ်ဆောင်ဖို့ မိန့်မှာထားပါသည်။ (မဿဲ ၇:၁၂; ဧဖက် ၅:၃၃) အဆိုပါမိန့်မှာချက်များကို လိုက်နာခြင်းက အကျိုးကျေးဇူးများ ရရှိစေ၏။ ယင်းသို့သော ကျင့်ဝတ်ဆိုင်ရာအကြံပေးချက်သည် လူတချို့နှင့်သာ သက်ဆိုင်ပြီး အခြားသူတို့နှင့်မသက်ဆိုင်ဟု သင်ယူဆပါသလော။

သမ္မာကျမ်းစာပါ ကျင့်ဝတ်ဆိုင်ရာပညတ်များကို လူတို့ လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည်ဖြစ်စေ အကျိုးဆက်ကိုမူ ခံစားရမည်။ ဤအမှန်တရားက ယင်းသို့သောပညတ်များသည် မတူညီသည့် ရှုထောင့်များသာမဟုတ်ကြောင်း သက်သေထူသည်။ ၎င်းတို့သည် အမှန်တရားများဖြစ်ကြ၏။ သမ္မာကျမ်းစာပါ ကျင့်ဝတ်ဆိုင်ရာပညတ်များကို လိုက်နာလျှင် ကောင်းကျိုးများခံစားရပြီး မလိုက်နာလျှင် ဆိုးကျိုးများခံစားရကြောင်း ထင်ရှားပါသည်။

ထို့ကြောင့် ဤမေးခွန်းများကို စဉ်းစားကြည့်ပါလေ– သမ္မာကျမ်းစာပါ ကျင့်ဝတ်ဆိုင်ရာပညတ်များသည် လူသားအားလုံးနှင့်သက်ဆိုင်သည်ဆိုလျှင် ဝတ်ပြုကိုးကွယ်မှုနှင့်စပ်လျဉ်း၍ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင်ပါသော စံနှုန်းများကော အသို့နည်း။ ကျွန်ုပ်တို့သေဆုံးသွားသောအခါ အဘယ်အရာဖြစ်သွားသည်၊ ထာဝရအနာဂတ်မျှော်လင့်ချက် ကျွန်ုပ်တို့တွင်ရှိသည်ဟူသော ကျမ်းစာမိန့်ဆိုချက်များကော အသို့နည်း။ အဆိုပါကျမ်းစာသွန်သင်ချက်များသည်လည်း အမှန်တရားများဖြစ်ကြောင်း၊ ယင်းတို့ကို လူသားအားလုံးရရှိနိုင်ကြောင်း ကောက်ချက်ချခြင်းက ကျိုးကြောင်းဆီလျော်ပါသည်။ ယင်းတို့ကိုလိုက်နာခြင်းမှရရှိသော ကောင်းကျိုးများနှင့် မလိုက်နာခြင်းမှရရှိသော ဆိုးကျိုးများသည် ယင်းတို့ကိုယုံကြည်လက်ခံသူတို့အတွက်သာ မကန့်သတ်ထားချေ။

အမှန်တရားကို တွေ့ရှိနိုင်ပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာသည် အမှန်တရားဖြစ်ကြောင်း ယေရှုမိန့်ဆိုခဲ့၏။ (ယောဟန် ၁၇:၁၇ကဘ) သို့သော် အမှန်တရားကို မတွေ့ရှိနိုင်ပုံပေါက်နေဆဲ ဖြစ်ပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ များပြားလှသည့် ဘာသာတရားအမျိုးမျိုးက သမ္မာကျမ်းစာပြောဆိုရာကို သူတို့သွန်သင်ပေးပါသည်ဟု ဆိုသောကြောင့်ဖြစ်၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အမှန်တရားကို မည်သည့်ဘာသာတရားက သွန်သင်ပေးနေသနည်း။ ဘာသာတရားတစ်ခုတည်းကသာ သွန်သင်ပေးနေသည်ဟု ကန့်သတ်ဖြေဆိုရမည်လော။ အမှန်တရား သို့မဟုတ် အနည်းဆုံး ယင်း၏တစ်စိတ်တစ်ဒေသကို ဘာသာတရားအမျိုးမျိုးတွင် တွေ့နိုင်ပါသလော။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

မီးကိုပိုက်ဖက်ခြင်းမှရရှိသည့် အကျိုးဆက်သည် ဘုရားသခင့်ပညတ်များကို မလိုက်နာခြင်းနှင့် မည်သို့ ဆက်စပ်နေသနည်း