မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“နေ့ခင်းကြောင်တောင် ညရောက်သွားချိန်”

“နေ့ခင်းကြောင်တောင် ညရောက်သွားချိန်”

“နေ့ခင်းကြောင်တောင် ညရောက်သွားချိန်”

ဘီနင်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

မတ်လ ၂၉ ရက်၊ ၂၀၀၆ တွင် နေအပြည့်ကြတ်သွားပြီး နောက်တစ်နေ့၌ ဂါနာနိုင်ငံထုတ် သတင်းစာ (Daily Graphic) ခေါင်းကြီးပိုင်းတွင် “နေကြတ်ခြင်းကို လူသန်းပေါင်းများစွာ တအံ့တသြဖြစ်ခဲ့ကြ” ဟုဖော်ပြခဲ့သည်။ နေကြတ်သည်ကို ဦးဆုံး တွေ့မြင်ရသည့်နေရာမှာ ဘရာဇီးနိုင်ငံအရှေ့ဖျားပိုင်းတွင်ဖြစ်ပြီး ထို့နောက်မှ တစ်နာရီလျှင် မိုင် ၁,၀၀၀ နီးပါးနှုန်းဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်သန်းကာ နံနက် ၈:၀၀ နာရီမှစ၍ ကမ်းရိုးတန်းနိုင်ငံများဖြစ်သော ဂါနာ၊ တိုဂိုနှင့် ဘီနင်သို့ ရောက်ရှိသွားသည်။ ယင်းအနောက်အာဖရိကနိုင်ငံများတွင် နေကြတ်ခြင်းကို မည်သည့်ပုံစံဖြင့် တွေ့ မြင်ကြရသနည်း။

ဂါနာနိုင်ငံ၌ နောက်ဆုံး နေအပြည့်ကြတ်သွားခဲ့ချိန်မှာ ၁၉၄၇ ခုနှစ်တွင်ဖြစ်သည်။ ထိုစဉ်က အသက် ၂၇ နှစ်အရွယ်ရှိ သီအိုဒေါက ဤသို့ပြန်ပြောပြသည်– “အဲဒီအချိန်တုန်းက လူအတော်များများ နေကြတ်တာကို တစ်ခါမှ မမြင်ဖူးတဲ့အတွက် ဘာဖြစ်နေသလဲဆိုတာကို တိတိကျကျ မသိခဲ့ကြဘူး။ ဒါနဲ့ လူတွေက ဒီဖြစ်ရပ်ကို ‘နေ့ခင်းကြောင်တောင် ညရောက်သွားချိန်’ လို့ဖော်ပြခဲ့ကြတယ်။”

အန္တရာယ်ကို အသိပေးလှုံ့ဆော်သည့် ကင်ပိန်းများ

အာဏာပိုင်များသည် နေကြတ်စဉ်အတွင်း နေကို စူးစိုက်ကြည့်ခြင်းဖြင့် ဖြစ်ပေါ်လာသောအန္တရာယ်များကို လူအများသိရှိစေရန် လှုံ့ဆော်ရေးကင်ပိန်းများ ကျယ်ကျယ်ပြန့်ပြန့် အစပြု လုပ်ဆောင်ခဲ့ကြသည်။ တိုဂိုနိုင်ငံ၌ ဆွဲဆောင်မှုရှိသော ပိုစတာများတွင် ဤသို့သတိပေးထား၏– “သင့်မျက်လုံးများကို ဂရုစိုက်ပါ။ မျက်စိကွယ်သွားနိုင်သည်။”

အာဏာပိုင်များသည် ပြုလုပ်နိုင်သည့်နည်းလမ်းနှစ်ခုကို အလေးပေးဖော်ပြခဲ့ကြသည်။ ပထမနည်းလမ်းမှာ အိမ်ထဲတွင်နေ၍ အဆိုပါဖြစ်ရပ်ကို ရုပ်မြင်သံကြားမှကြည့်ရှုရန်ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ အိမ်အပြင်ထွက်၍ကြည့်ရှုလိုလျှင် အထူးပြုလုပ်ထားသည့် နေကာမျက်မှန်များ တပ်ဆင်ထားကြရန်ဖြစ်သည်။ သန်းပေါင်းများစွာသောသူတို့သည် အဆိုပါစွဲမှတ်ဖွယ်ပုံရိပ်များကို မြင်တွေ့ရန် ရုပ်မြင်သံကြားနှင့် ကွန်ပျူတာဖန်သားပြင်များမှတစ်ဆင့် စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။ သို့သော် ရုပ်မြင်သံကြားနှင့် ကွန်ပျူတာဖန်သားပြင်များက နေမကြတ်မီနှင့် နေကြတ်နေစဉ်အတွင်း သိလိုစိတ်နှင့် ရုတ်ရုတ်သဲသဲဖြစ်နေကြသော ဝါသနာအိုးများ၏ စိတ်ဇောကို မဖမ်းစားထားနိုင်ပါ။ ယင်းဖြစ်ရပ်ကို ပြန်အသက်သွင်းကြည့်ကြစို့။

တွေ့မြင်လိုစိတ်တိုးများလာ

ထွန်းလင်းသောနေနှင့် ကြည်လင်သောမိုးကောင်းကင်သည် အနောက်အာဖရိကနံနက်ခင်း၏ ထူးခြားချက်နောက်တစ်မျိုးဖြစ်ပုံရသည်။ နေကြတ်ခြင်း တကယ်ပင် ဖြစ်ပျက်တော့မည်လော။ နေကြတ်ခြင်းကို ဦးဆုံးမြင်ရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ အိမ်အပြင်ဘက်ရောက်နေသည့် ကြည့်ရှုသူတို့သည် နေကာမျက်မှန်များတပ်ဆင်ကာ ကောင်းကင်ယံသို့ စူးစိုက်ကြည့်ခဲ့ကြသည်။ လူတချို့က တခြားဒေသရှိ မိမိတို့၏အသိအကျွမ်းများကို အဘယ်အရာတွေ့မြင်ကြောင်း ဆဲလ်ဖုန်းများဖြင့် မေးမြန်းနေကြသည်။

စောင့်ကြည့်နေသူများ၏အထက် မိုင်ပေါင်း ၂၀၀,၀၀၀ ကျော်တွင် အစပိုင်း၌ မတွေ့ရသော လသည် နေကြတ်ခြင်းကိုဖြစ်ပေါ်စေမည့်နေရာသို့ မှန်မှန်လေး ရွေ့လျားလာနေသည်။ ရုတ်တရက် ယင်းသည် မည်းမှောင်သော အစိတ်အပိုင်းလေးတစ်ခုအဖြစ် ပေါ်လာပြီး နေကို စတင်ဖုံးကွယ်တော့သည်။ ယင်းကို တွေ့ မြင်သူ ပို၍ပို၍များပြားလာသည်နှင့်အမျှ စိတ်ဝင်စားမှုကလည်း တိုးများလာလေသည်။

အစပိုင်းတွင် တွေ့မြင်သူတို့သည် မိမိတို့၏အနီးဝန်းကျင်၌ မည်သည့်အပြောင်းအလဲကိုမျှ သတိမပြုမိကြချေ။ သို့သော် လသည် နေအပေါ် ဆက်လက်ဖုံးအုပ်သွားသည်နှင့်အမျှ မိုးကောင်းကင်မှာ ထူးခြားလာသည်။ အပြာရောင်မိုးကောင်းကင်မှာ တဖြည်းဖြည်းမည်းမှောင်သွား၏။ အပူချိန်မှာလည်း ကျဆင်းသွား၏။ အမှောင်ကျသွားသည့်နေရာတိုင်းကို လမ်းမီးများနှင့် လုံခြုံရေးမီးများ ထွန်းထားရ၏။ လမ်းများပေါ်တွင် လူသူကင်းမဲ့လျက်ရှိ၏။ ဈေးဆိုင်များကို ပိတ်လိုက်ရ၏။ ကျေးငှက်များ၏တေးဆိုသံ တိတ်သွားပြီး တိရစ္ဆာန်များသည် ပုန်းခိုရာနေရာရှာကာ အိပ်စက်ကြတော့၏။ အမှောင်ထုကြီးက လုံးဝကြီးစိုးသွားလေပြီ။ ထိုအခါ နေအပြည့်ကြတ်သွားကာ တိတ်ဆိတ်သွားလေတော့သည်။

နေအပြည့်ကြတ်ခြင်းကို မမေ့နိုင်

ကြယ်များသည် မှိတ်တုတ်မှိတ်တုတ် လင်းစပြုလာ၏။ နေမှ အလွန်တောက်ပသော ရောင်ခြည်ဝန်း (‘ကိုရိုနာ’ ခေါ် ဓာတ်ငွေ့လွှာထု) သည် ပုလဲဖြူရောင်အဆင်းရှိ အလင်းစက်ဝန်းအဖြစ် လမည်း၏ပတ်လည်တွင် ပေါ်ထွက်လာသည်။ လမျက်နှာပြင်ရှိ လျှိုမြောင်များနှင့် ချိုင့်ခွက်များအပေါ် နေ၏အလင်း ကျရောက်သောအခါ လ၏အဝန်းမှ တောက်ပသည့် အလင်းစက်ဝိုင်းတန်းများ (Baily’s Beads *) ဖြာထွက်လာသည်။ စိန်လက်စွပ်သဖွယ် လင်းလက်တောက်ပနေ၏။ ခရိုမိုစဖီယာ (ကိုရိုနာ၏အောက်ဘက်ရှိ အလွှာ) မှ ပန်းရောင်၊ နှင်းဆီရောင်များ လင်းလက်တောက်ပနေခြင်းက ရင်သပ်ရှုမောဖွယ်ရာပင်။ စောင့်ကြည့်သူတစ်ဦးက “ကျွန်တော်မြင်ဖူးသမျှထဲမှာ အံ့ဩစရာအကောင်းဆုံး ရှုခင်းပဲ၊ အရမ်းလှတယ်” ဟုဆိုခဲ့၏။

နေအပြည့်ကြတ်ခြင်းသည် သုံးမိနစ်ခန့်သာကြာ၏။ ထို့နောက် နေသည် ကောင်းကင်ယံတွင် ပြန်လည်ထွန်းလင်းလာသည်။ ထိုအခါ ကြည့်ရှုသူများစွာက ဝမ်းသာအားရ အော်ဟစ်ခဲ့ကြ၏။ မိုးကောင်းကင်တွင် လင်းကျင်းသွားပြီး ကြယ်များ ပျောက်ကွယ်သွားကြသည်။ ကျောချမ်းဖွယ်ကောင်းသော ဝန်းကျင်အခြေအနေသည်လည်း နံနက်မြူခိုးအလား ပျောက်ကွယ်သွား၏။

လသည် “မိုးကောင်းကင်၌ သစ္စာစောင့်သော သက်သေ” ဖြစ်၏။ ထို့ကြောင့် နေကြတ်ခြင်းများကို ရာစုနှစ်ပေါင်းများစွာ ကြိုတင်တွက်ချက်နိုင်သည်။ (ဆာလံ ၈၉:၃၇) အနောက်အာဖရိကသည် နေအပြည့်ကြတ်ခြင်းကို တွေ့မြင်နိုင်ရန် အနှစ် ၆၀ နီးပါး စောင့်ခဲ့ရသည်။ အနောက်အာဖရိကအတွက် နောက်တစ်ကြိမ်နေကြတ်ခြင်းကို ၂၀၈၁ ခုနှစ်တွင် တွေ့မြင်ရမည်ဟု ဇယားဆွဲထား၏။ သင်နေထိုင်ရာဒေသတွင်လည်း မမေ့နိုင်ဖွယ်နေကြတ်ခြင်းကို စောနိုင်သရွေ့စောစော တွေ့မြင်ရဖို့အခွင့်အရေး သင်၌ရှိနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ၁၈၃၆ ခုနှစ်တွင် နေကြတ်စဉ်အတွင်း တွေ့မြင်ခဲ့ရာကို ဦးဆုံး မှတ်တမ်းတင်ခဲ့သည့် ဗြိတိသျှနက္ခတ္တဗေဒပညာရှင် ဖရန်ဆက်စ်ဘေလီကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ယေရှုသေဆုံးချိန်တွင် ဖြစ်ခဲ့သည့် နေကြတ်ခြင်း

မာကု ၁၅:၃၃ [ကဘ] တွင် ဤသို့ဖော်ပြထား၏– “မွန်းတည့်အချိန်ရောက်သော် တစ်ပြည်လုံး၌ အမှောင်ကျလေရာ မွန်းလွဲသုံးနာရီခန့်တိုင်အောင်ဖြစ်၏။” မွန်းတည့်အချိန်ခန့်မှ မွန်းလွဲ ၃:၀၀ နာရီအထိ သုံးနာရီကြာ အမှောင်ထုကျရောက်ခြင်းက အံ့သြဖွယ်ရာပင်။ ယင်းသည် နေကြတ်ခြင်းမဖြစ်နိုင်ပေ။ ဦးဆုံးအနေနှင့်၊ ကမ္ဘာ့မည်သည့်နေရာတွင်မဆို ကျရောက်ခဲ့သည့် အကြာဆုံးဖြစ်နိုင်သော နေကြတ်ချိန်မှာ ခုနစ်မိနစ်ခွဲခန့် ဖြစ်သည်။ ဒုတိယအနေနှင့်၊ ယေရှုသည် နိသန်လ ၁၄ ရက်နေ့တွင် သေဆုံးခဲ့၏။ နိသန်လ၏ ပထမဦးဆုံးရက်ကို လဆန်းသည်နှင့် သတ်မှတ်သည်။ ထိုအချိန်၌ လသည် ကမ္ဘာနှင့်နေကြားတွင် ရောက်ရှိနေရာ နေကြတ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ နိသန်လ ၁၄ ရက်နေ့သို့ရောက်သော် လပြည့်နေလေပြီ။ ထိုအခါ ကမ္ဘာသည် နေနှင့်လကြားတွင် တည်ရှိနေပြီး နေမှအလင်းရောင်ကို အပြည့်အဝ ရရှိနေလေပြီ။ ထို့ကြောင့် လပြည့်နေ့တွင် ယေရှု၏သေခြင်းအောက်မေ့ရာပွဲကို ကောင်းစွာကျင်းပနိုင်ခြင်းဖြစ်သည်။

[ပုံ]

နိသန်လ ၁၄ ရက်သည် အမြဲပင် လပြည့်နေ့ သို့မဟုတ် လပြည့်ခါနီးတွင်ကျရောက်

[စာမျက်နှာ ၁၆၊ ၁၇ ပါပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

နေကြတ်ရာ လမ်းကြောင်း

⇧ အာဖရိက

ဘီနင် ●

တိုဂို ●

ဂါနာ ●

[Credit Line]

Map: Based on NASA/​Visible Earth imagery

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

၂၀၀၆၊ မတ်လ ၂၉ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် နေအပြည့်ကြတ်ခြင်း

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကြည့်ရှုသူများသည် အထူးနေကာမျက်မှန်များဖြင့် နေကြတ်ခြင်းကို တိုက်ရိုက်ကြည့်ရှုနိုင်ကြ