မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်သည့်ဘာသာမှန်သည်ကို မည်သူ ဆုံးဖြတ်သင့်သနည်း

မည်သည့်ဘာသာမှန်သည်ကို မည်သူ ဆုံးဖြတ်သင့်သနည်း

မည်သည့်ဘာသာမှန်သည်ကို မည်သူ ဆုံးဖြတ်သင့်သနည်း

ဝတ်ပြုကိုးကွယ်မှုပုံစံတချို့သည် ဘုရားသခင်အတွက် လက်ခံနိုင်ဖွယ်ရာမဟုတ်ကြောင်း ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ “ပရောဖက်အတုအယောင်များ” အကြောင်း ကိုယ်တော်ပြောဆိုရာတွင် သူတို့ကို အသီးဖျင်းသီးသဖြင့် “ခုတ်လှဲ၍ မီးထဲသို့ချလိုက်” သောသစ်ပင်တစ်ပင်နှင့် နှိုင်းယှဉ်ခဲ့သည်။ ထို့ပြင် “ ‘သခင်၊ သခင်’ ဟုငါ့ကို ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်” ဟုလည်း ကိုယ်တော်မိန့်ဆိုခဲ့၏။—⁠မဿဲ ၇:၁၅-၂၂ကဘ။

အမှန်မှာ မိမိနောက်ကိုလိုက်ပါသည်ဟု ပြောဆိုကြမည့်သူတို့ကို ယေရှုက “သင်တို့ကို ငါလုံးဝမသိ။ မတရားသောအမှုကို ပြုသောသူတို့ ငါ့ထံမှ ထွက်သွားကြဟု ထိုသူတို့အား ငါပြောမည်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၇:၂၃ကဘ) ထို့ပြင် ယေရှုသည် မိမိခေတ်မှ ဘာသာရေးခေါင်းဆောင်များအား အယူဖောက်ပြန်သော အစ္စရေးနိုင်ငံနှင့်စပ်လျဉ်း၍ မိန့်တော်မူသော ဘုရားသခင့်နှုတ်မြွက်စကားများသည် ၎င်းတို့နှင့် သက်ဆိုင်ကြောင်း ဤသို့ပြောဆိုခဲ့၏– “သူတို့သည် လူတို့၏အယူဝါဒများကိုသာ သွန်သင်သောကြောင့် ငါ့ကို အချည်းနှီးကိုးကွယ်နေကြ၏။”—မာကု ၇:၆၊ ၇ကဘ။

ဝတ်ပြုကိုးကွယ်မှုအားလုံးကို ဘုရားသခင် သို့မဟုတ် ကိုယ်တော်၏သားတော် လက်မခံသည်မှာ ရှင်းနေပါသည်။ သို့ဖြစ်ရကား ဝတ်ပြုကိုးကွယ်မှုအားလုံးသည် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုမဟုတ်ချေ။ ယင်းကြောင့် ဘာသာတရားတစ်ခုတည်းကသာ အမှန်တရားကို သွန်သင်သည်ဟု ဆိုလိုရာရောက်ပါသလော။ ဘုရားသခင်သည် ဘာသာတရားအချို့ကို အသုံးပြု၍ ကျန်ဘာသာတရားအချို့ကိုမူ ငြင်းပယ်သည်ဟု ဆိုနိုင်ပါသလော။ သို့မဟုတ် နောက်ဖြစ်နိုင်ခြေတစ်ခုမှာ မိမိတို့၏ဘာသာတရားများက အဘယ်အရာပင် သွန်သင်ပါစေ ဘာသာတရားအမျိုးမျိုးတွင် ရှိနေကြသူတို့၏ ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင်လက်ခံနိုင်သလော သို့မဟုတ် ငြင်းပယ်နိုင်သလောဟူ၍ဖြစ်သည်။

တမန်တော်ပေါလုသည် ဘုရားသခင့်လှုံ့ဆော်မှုဖြင့် ဤသို့ရေးသားခဲ့သည်– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် တစ်စိတ်တစ်သဘောတည်း ပြောဆို၍ အချင်းချင်း စိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ စိတ်သဘောထား တစ်မျိုးတည်းဖြင့် စည်းလုံးမှုရှိကြရန် ငါတို့သခင် ယေရှုခရစ်၏နာမကိုအမှီပြု၍ သင်တို့ကို ငါနှိုးဆော်ပါ၏။” (၁ ကောရိန္သု ၁:၁၀ကဘ) ထို့ပြင် သမ္မာကျမ်းစာသည် ခရစ်ယာန်များအား ‘တစ်စိတ်တစ်သဘောတည်းရှိရန်၊ ညီတူညီမျှချစ်ရန်၊ တစည်းတလုံးတည်းရှိရန်၊ အကြံအစည်တစ်မျိုးတည်းရှိရန်’ လည်းတိုက်တွန်းထားသည်။—ဖိလိပ္ပိ ၂:၂ကဘ။

အမှန်မှာ ယင်းသို့သောစည်းလုံးမှုတည်ရှိလျှင် ဘာသာတရားတစ်ခုရှိရမည် ဖြစ်သည်။ သို့ဖြစ်၍ သမ္မာကျမ်းစာက “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ နှစ်ခြင်းတစ်ပါးတည်းရှိ၏” ဟုဆိုသည်။—⁠ဧဖက် ၄:၄၊ ၅ကဘ။

သမ္မာကျမ်းစာဖော်ပြရာ

အထက်ပါဆင်ခြင်သုံးသပ်ချက်တွင် ကျမ်းစာထောက်ခံချက် အခိုင်အမာရှိကြောင်း ကျမ်းစာမှတ်တမ်းမှ ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ ဤမှတ်တမ်းကို ရှာဖွေလေ့လာခြင်းဖြင့် ဘုရားသခင်သည် မိမိလူမျိုးတော်ကို ဝတ်ပြုကိုးကွယ်မှုပုံစံတစ်မျိုးတည်းဖြင့် ဆက်ဆံတော်မူခဲ့ကြောင်း သင်တွေ့ရှိရပေမည်။ လူ့သမိုင်းအစောပိုင်းတွင် ဘုရားသခင်သည် ရှေးဘိုးဘေးများ သို့မဟုတ် အိမ်ထောင်ဦးစီးများကို မိမိ၏ကိုယ်စားလှယ်များအဖြစ် အသုံးပြုတော်မူခဲ့၏။ ယင်းတို့အထဲတွင် ထင်ရှားကျော်ကြားသူများမှာ နောဧ၊ အာဗြံ (အာဗြဟံ)၊ ဣဇာက်နှင့် ယာကုပ်တို့ဖြစ်ကြသည်။—⁠ကမ္ဘာဦး ၈:၁၈-၂၀; ၁၂:၁-၃; ၂၆:၁-၄; ၂၈:၁၀-၁၅

ယာကုပ်မှဆင်းသက်လာသူတို့သည် အီဂျစ်ပြည်တွင် ကျွန်များဖြစ်ခဲ့ကြသည်။ ထိုပြည်တွင်ရှိစဉ် သူတို့သည် ရက်ရက်စက်စက် ဖိနှိပ်ခံရသော်လည်း အရေအတွက်မှာ တိုးပွားများပြားခဲ့၏။ ဘုရားသခင်သည် သူတို့ကို သုံ့ပန်းဘဝမှ လွတ်မြောက်စေကာ အံ့ဖွယ်နည်းဖြင့် ပင်လယ်နီတွင် ဖြတ်သန်းသွားစေခဲ့သည်။ ထို့နောက် ကိုယ်တော်သည် သူတို့အား မိမိ၏လူမျိုးတော်အဖြစ် ရွေးချယ်ခဲ့ပြီး ဖျန်ဖြေစေ့စပ်ပေးသူ မောရှေမှတစ်ဆင့် ပညတ်တရားများ ပေးအပ်ခဲ့သည်။ ထိုသူတို့သည် ဘုရားသခင့်လူမျိုး၊ ရှေးအစ္စရေးလူမျိုး ဖြစ်လာခဲ့ကြ၏။—⁠ထွက်မြောက်ရာ ၁၄:၂၁-၂၈; ၁၉:၁-၆; ၂၀:၁-၁၇

ဘုရားသခင်သည် အစ္စရေးနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှလူတို့၏ ဝတ်ပြုကိုးကွယ်မှုပုံစံကို လက်မခံခဲ့သည်မှာ ထူးခြားလှ၏။ အမှန်ဆိုရလျှင် မိမိ၏လူမျိုးတော်သည် မိမိ၏ပညတ်တရားများမှ သွေဖည်၍ အဆိုပါဝတ်ပြုကိုးကွယ်မှုပုံစံများကို လက်ခံကျင့်သုံးသောအခါ ကိုယ်တော် သူတို့ကို ပြစ်ဒဏ်ပေးတော်မူခဲ့သည်။—⁠ဝတ်ပြုရာ ၁၈:၂၁-၃၀; တရားဟောရာ ၁၈:၉-၁၂

အခြားတိုင်းနိုင်ငံများမှ လူတို့သည် စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လိုပါက အဘယ်အရာကို လုပ်ဆောင်ခဲ့ရသနည်း။ ဦးစွာ သူတို့သည် မိမိတို့၏ ယခင် မှားယွင်းသောဝတ်ပြုကိုးကွယ်မှုကို စွန့်လွှတ်ကာ ယင်းနောက် အစ္စရေးလူမျိုးနှင့်ပူးပေါင်း၍ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် လိုအပ်ခဲ့သည်။ များစွာသောသူတို့သည် ဘုရားသခင့်မျက်နှာသာတော်ကို ခံစားခဲ့ရပြီး ကိုယ်တော်၏သစ္စာရှိကျေးကျွန်များ ဖြစ်လာခဲ့ကြသည်။ ယင်းတို့အထဲတွင် ခါနာန်လူမျိုး ရာခပ်နှင့် မောဘလူမျိုး ရုသအစရှိသည့် အမျိုးသမီးများ၊ ဟိတ္တိလူမျိုး ဥရိယနှင့် အီသီယိုးပီးယားလူမျိုး အဘိမလက်အစရှိသည့် အမျိုးသားများ၊ ဂိဗောင်အမျိုးသားများကဲ့သို့သော လူအုပ်စုများ ပါဝင်ခဲ့ကြသည်။ အစ္စရေးရှင်ဘုရင် ရှောလမုန်သည် အထက်ဖော်ပြပါလူများကဲ့သို့သော ဘုရားသခင့်လူမျိုးတော်နှင့်အတူ စစ်မှန်သည့်ဝတ်ပြုကိုးကွယ်မှုတွင် ပါဝင်လာကြသူအားလုံးအတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးခဲ့သည်။ *—⁠၂ ရာဇဝင်ချုပ် ၆:၃၂၊ ၃၃

ကမ္ဘာပေါ်သို့ ယေရှုကြွလာပြီးနောက်

ယေရှု ကမ္ဘာပေါ်သို့ စေလွှတ်ခံရပြီးနောက် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုပုံစံကို ကိုယ်တော်၏သွန်သင်ချက်များအပေါ်အခြေပြု၍ ဖွဲ့စည်းကာ ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို ထူးခြားသောနည်းတစ်နည်းဖြင့် ရှင်းလင်းစေခဲ့သည်။ အချိန်တန်သော် စစ်မှန်သောဝတ်ပြုသူများကို “ခရစ်ယာန်များ” ဟုခေါ်ဆိုခဲ့ကြ၏။ (တမန်တော် ၁၁:၂၆) ထို့ကြောင့် ဘုရားသခင့်မျက်နှာသာတော်ကို ခံစားလိုသူ ဂျူးများသည် မိမိတို့၏ ယခင် ဝတ်ပြုကိုးကွယ်မှုပုံစံကို စွန့်လွှတ်ရမည်ဖြစ်သည်။ သူတို့သည် ဝတ်ပြုကိုးကွယ်မှုစနစ်နှစ်မျိုးကြားတွင် စိတ်ကြိုက်ရွေးချယ်ခွင့်မရရှိခဲ့ချေ သို့မဟုတ် တစ်သီးပုဂ္ဂလဝတ်ပြုကိုးကွယ်ခွင့် မရခဲ့ကြချေ။ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည့်အတိုင်း စစ်မှန်သောဝတ်ပြုသူများသည် “ယုံကြည်ခြင်းတစ်ပါး” ၌စည်းလုံးခဲ့ကြသည်။—⁠ဧဖက် ၄:၄၊ ၅ကဘ။

ယနေ့ ဘုရားသခင်သည် ဘာသာတရားတစ်ခုတည်းကိုသာသုံး၍ လူသားတို့နှင့် ဆက်ဆံတော်မူသည်ဟူသောအယူအဆကို လူတချို့ လက်ခံရခက်ပြီး မနှစ်သက်ပုံရပေမည်။ သို့သော် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ထိုသို့ပင် ယူဆစေ၏။ ရှေးအချိန်က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝတ်ပြုကိုးကွယ်ခဲ့ကြသူများစွာသည် ဤအမှန်တရားကို နားလည်သဘောပေါက်ပြီး ယင်းအတိုင်း လိုက်နာခဲ့ကြသည်။ သူတို့သည် ယေဟောဝါ၏ စစ်မှန်သောဝတ်ပြုသူများနှင့် ပူးပေါင်းခဲ့ကြရာ သူတို့တွင် အစပိုင်း၌ ရှိကောင်းရှိခဲ့မည်ဖြစ်သော မည်သည့်သံသယ သို့မဟုတ် မည်သည့်စိုးရိမ်ပူပန်မှုမဆိုသည် များပြားသောကောင်းချီးများနှင့် ဝမ်းမြောက်ရွှင်လန်းမှုတို့ကြောင့် ပျက်ပြယ်သွားခဲ့၏။ ဥပမာ၊ အီသီယိုးပီးယားလူမျိုးတစ်ဦးသည် ခရစ်ယာန်ဘာသာကိုလက်ခံကာ နှစ်ခြင်းခံပြီးနောက် “ဝမ်းမြောက်စွာ ခရီးဆက်သွား” ကြောင်း သမ္မာကျမ်းစာကဆိုသည်။—⁠တမန်တော် ၈:၃၉ကဘ။

ယနေ့လည်း စစ်မှန်သောဘာသာတရားကို လက်ခံကျင့်သုံးနေသူမည်သူမဆို ထပ်တူကောင်းချီးများ ခံစားရမည်ဖြစ်သည်။ သို့သော် ရွေးချယ်စရာဘာသာတရား ဤမျှများပြားလှသည်ဖြစ်ရာ စစ်မှန်သောဘာသာတရားတစ်ခုကို သင်မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ထိုသူတို့အကြောင်းကို ဖော်ပြပါကျမ်းစာမှတ်တမ်းများတွင် သင်ဖတ်ရှုနိုင်ပါသည်– ယောရှု ၂:၁-၇; ၆:၂၂-၂၅; ရုသ ၁:၄၊ ၁၄-၁၇; ၂ ဓမ္မရာဇဝင် ၁၁:၃-၁၁; ယေရမိ ၃၈:၇-၁၃ နှင့် ယောရှု ၉:၃-၉၊ ၁၆-၂၁

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အသီးဖျင်းသီးသော ဘာသာတရားတစ်ခုတွင် အဘယ်အရာဖြစ်လာမည်နည်း