မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝေးလံသောဒေသများတွင် သတင်းကောင်းဝေမျှခြင်း

ဝေးလံသောဒေသများတွင် သတင်းကောင်းဝေမျှခြင်း

ဝေးလံသောဒေသများတွင် သတင်းကောင်းဝေမျှခြင်း

ဟယ်လန်ဂျုံးစ် ပြောပြသည်

၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းမှာ အိန္ဒိယနိုင်ငံ၊ ဘန်ဂလိုမြို့ရဲ့ လူစည်ကားတဲ့ ဈေးတစ်ခုထဲကို ကျွန်မဖြတ်လျှောက်သွားတယ်။ ရုတ်တရက် ကျွဲတစ်ကောင်က ကျွန်မကို သူ့ချိုနဲ့ ခွေ့လိုက်ပြီး မြေကြီးပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကျွန်မကို နင်းချေမလို့လုပ်နေတုန်း အိန္ဒိယအမျိုးသမီးတစ်ယောက်က လာကယ်လို့ တော်သေးတယ်။ ကျွန်မ အိန္ဒိယနိုင်ငံမှာ ဘာလာလုပ်တာလဲ။

ကျွန်မကို ၁၉၃၁ ခုနှစ်မှာ မွေးဖွားပြီး ကနေဒါနိုင်ငံရဲ့ လှပတဲ့ဗန်ကူးဗားမြို့မှာ ကြီးပြင်းခဲ့တယ်။ ကျွန်မရဲ့မိဘတွေက ကိုယ်ကျင့်တရားကောင်းတဲ့သူတွေဖြစ်ပေမဲ့ ချာ့ခ်ျမတက်ကြဘူး။ ဒါပေမဲ့ ဘုရားသခင်အကြောင်းကို ကျွန်မအရမ်းသိချင်တဲ့အတွက် လူငယ်တစ်ယောက်အနေနဲ့ ဆန်းဒေးစကူးနဲ့ နွေရာသီကျမ်းစာသင်တန်းတွေ တက်ခဲ့တယ်။

၁၉၅၀ ပြည့်နှစ်၊ အသက် ၁၉ နှစ်အရွယ်မှာ ဖရန့်ခ်ရှီလာနဲ့ အိမ်ထောင်ပြုလိုက်တယ်။ သူ့မှာ အရင်အိမ်ထောင်နဲ့ရတဲ့ သားသမီးလေးယောက်ရှိတယ်။ နှစ်နှစ်လောက်ကြာတဲ့အခါ ကျွန်မတို့မှာ သားတစ်ယောက်ရလာတယ်။ ဘာသာတရားတစ်ခုထဲကို ကျွန်မတို့ဝင်ချင်တယ်၊ ဒါပေမဲ့ ဖရန့်ခ်က ကွာရှင်းထားလို့ ဘယ်ချာ့ခ်ျကမှ ကျွန်မတို့ကို လက်ခံမှာမဟုတ်ဘူး။ ဖရန့်ခ်ဟာ စိတ်ပျက်သွားပြီး ဘာသာတရားအကြောင်း မပြောတော့ဘူး။

ကျမ်းစာအမှန်တရားသင်ယူခြင်း

၁၉၅၄ ခုနှစ်မှာ ကျွန်မရဲ့အစ်ကိုက ကျွန်မကို ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့အလုပ်ဖော်တစ်ဦးဆီက သိရှိခဲ့ရတဲ့ ကျမ်းစာအကြောင်းတွေ အားတက်သရောပြောပြတယ်။ ကျွန်မမှာ မေးစရာမေးခွန်းတွေ အများကြီးရှိပြီး သက်သေခံတွေ စည်းဝေးကျင်းပတဲ့နေရာကို သိထားပေမဲ့ ဘာသာတရားကို ဖရန့်ခ်စိတ်ပျက်နေတဲ့အတွက် ကျွန်မ မတက်ဖြစ်ခဲ့ဘူး။ သိပ်မကြာခင်မှာ ကျွန်မတို့အိမ်ကို သက်သေခံနှစ်ယောက်ရောက်လာတယ်။ ကွာရှင်းခြင်းနဲ့ပတ်သက်ပြီး သူတို့ရဲ့ဘာသာတရားက ဘယ်လိုသွန်သင်သလဲဆိုတာ ကျွန်မသိချင်တဲ့အတွက် သူတို့က ကွာရှင်းခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအခြေခံအကြောင်းရင်းကို ကျမ်းစာထဲကနေ ဖော်ပြပေးခဲ့တယ်။ (မဿဲ ၁၉:၃-၉) ပုံမှန်ကျမ်းစာလေ့လာမှု ပြုလုပ်မယ်ဆိုရင် ကျွန်မရဲ့ကျမ်းစာမေးခွန်းတွေအတွက် အဖြေရနိုင်တယ်လို့လည်း ပြောပြကြတယ်။

ဖရန့်ခ် အကြီးအကျယ်ဒေါသထွက်ပြီး အဲဒီသက်သေခံတွေနဲ့ လုံးဝမပတ်သက်ချင်ခဲ့ဘူး။ ၁၉၅၅ ခုနှစ်မှာ ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို ကျွန်မတက်ခဲ့ပြီး အိမ်ပြန်ရောက်တော့ ကျွန်မခင်ပွန်းကို ကျမ်းစာကနေ သိရှိခဲ့ရာကို အားတက်သရော စပြောပြတယ်။ “မဖြစ်နိုင်ဘူး။ ကျမ်းစာကနေ မင်းသက်သေပြနိုင်ရင် အဲဒီအသုံးမကျတဲ့စည်းဝေးတွေထဲက တစ်ခုကို ငါတက်မယ်” လို့သူအော်လိုက်တယ်။

သူ့ကို ကျမ်းစာအုပ်ကမ်းပေးလိုက်တော့ အဲဒါကို သူရိုရိုသေသေ လှမ်းယူတယ်။ ကျွန်မရေးမှတ်ထားတဲ့ ကျမ်းချက်တွေကို ရှာဖွေပြီး ကျွန်မဘက်က သိပ်မပြောဘဲနဲ့ ကျမ်းစာကိုပဲ ပြောခွင့်ပြုတယ်။ ဖရန့်ခ် စောဒကမတက်ဘဲ အဲဒီတစ်ညနေလုံး ဆင်ခြင်သုံးသပ်နေပုံပဲ။

အချိန်တန်တော့ စည်းဝေးတက်မယ်လို့ သူကတိပေးထားတာကို သတိပေးလိုက်တယ်။ သူက “ကောင်းပြီလေ၊ စည်းဝေးတွေကို ဘယ်လိုလုပ်သလဲဆိုတာ သိဖို့ တစ်ခေါက်ပဲတက်မှာ” ဆိုပြီး စိတ်မပါ့တပါနဲ့ ပြန်ဖြေတယ်။ ကျမ်းစာဟောပြောချက်က ဇနီးသည်တွေ မိမိတို့ခင်ပွန်းသည်တွေကို လက်အောက်ခံရမယ်ဆိုတဲ့အကြောင်း ဆွေးနွေးသွားတယ်။ (ဧဖက် ၅:၂၂၊ ၂၃၊ ၃၃) ကြားရတဲ့အကြောင်းအရာတွေကို သူ အရမ်းသဘောကျသွားတယ်။ အဲဒီအချိန်လောက်မှာပဲ ဖရန့်ခ်ဟာ “အကျင့်အားဖြင့် ကျေနပ်ရောင့်ရဲလော့” ဆိုတဲ့ဆောင်းပါးကို အခြေခံပြီး လေ့လာတဲ့ ကင်းမျှော်စင် သင်တန်းကို တက်ခဲ့တယ်။ ဖရန့်ခ်က အလုပ်ကြိုးစားတဲ့သူဆိုတော့ အဲဒီဆောင်းပါးကို သူနှစ်သက်သွားတယ်။ အဲဒီအချိန်ကစပြီး သူဟာ အစည်းအဝေးတွေကိုလည်း ဘယ်တော့မှ မလွတ်တော့ဘူး။ မကြာခင်မှာပဲ ဖရန့်ခ်ဟာ ခရစ်ယာန်ဓမ္မအမှုမှာ ဇွဲရှိရှိပါဝင်လာပြီး ကျွန်မကတော့ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတဲ့သူတွေနဲ့ ကျမ်းစာသင်အံမှုတွေ ကျင်းပခဲ့တယ်။ အဲဒီနှစ်မှာပဲ ဖရန့်ခ်နဲ့ကျွန်မအပြင် ကျွန်မရဲ့အမေနဲ့ အစ်ကိုတို့ဟာ ဘုရားသခင်ကို အပ်နှံတဲ့အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံလိုက်ကြတယ်။

ပိုမိုလုပ်ဆောင်လိုသည့်ဆန္ဒ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ စီအဲတဲလ်မြို့မှာကျင်းပတဲ့ ၁၉၅၇ ခုနှစ် ခရိုင်စည်းဝေးကြီးမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်တဲ့အကြောင်း ဟောပြောတင်ဆက်သွားတယ်။ ‘အို ယေဟောဝါ၊ ကျွန်မလည်း သွားချင်ပါတယ်။ လိုအပ်တဲ့ တစ်နေရာရာကိုသွားဖို့ ကျေးဇူးပြု၍ ကျွန်မတို့ကို ကူညီပါ’ လို့ကျွန်မ ဆုတောင်းလိုက်တယ်။ ဒါပေမဲ့ ဖရန့်ခ်က မိသားစုကိုကျွေးမွေးပြုစုဖို့ စိုးရိမ်မကင်းဖြစ်နေတယ်။—၁ တိမောသေ ၅:၈

နောက်တစ်နှစ်မှာ ရန်ကီးအားကစားကွင်းနဲ့ ပိုလိုကစားကွင်းမှာ တစ်ပြိုင်တည်းကျင်းပတဲ့ နယူးယောက်စီးတီးမြို့က စည်းဝေးကြီးကို ကျွန်မတို့မိသားစု တက်ရောက်ခဲ့တယ်။ လူထုဟောပြောချက်မှာ ပရိသတ် ၂၅၃,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်။ တွေ့ မြင်ကြားသိခဲ့ရာတွေကို ဖရန့်ခ်စွဲမှတ်သွားတယ်။ ဒါနဲ့ အိမ်ကိုပြန်ရောက်တော့ အာဖရိကနိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံမှာ အင်္ဂလိပ်လိုပြောတဲ့အပြင် ကလေးတွေကို ကျောင်းကောင်းကောင်းထားနိုင်မှာဖြစ်လို့ အဲဒီနိုင်ငံကို ကျွန်မတို့ ရွေးချယ်လိုက်ကြတယ်။

၁၉၅၉ ခုနှစ်မှာ ကျွန်မတို့အိမ်ကို ရောင်းလိုက်တယ်။ ပစ္စည်းတွေကို ကားပေါ်တင်ပြီး မြောက်အမေရိက,ကနေ ကနေဒါနိုင်ငံ၊ မွန်ထရီရောလ်မြို့ကို ဖြတ်မောင်းလာကြတယ်။ အဲဒီကနေ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို သင်္ဘောနဲ့သွားပြီး အင်္ဂလန်နိုင်ငံကနေ နောက်သင်္ဘောတစ်စင်းနဲ့ မြေထဲပင်လယ်နဲ့ပင်လယ်နီကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထဲကို ခရီးဆန့်ခဲ့ကြတယ်။ နောက်ဆုံး အာဖရိကအရှေ့ကမ်းရိုးတန်းပေါ်က ကင်ညာနိုင်ငံ၊ မွန်ဘာဆာမြို့ကို ကျွန်မတို့ ရောက်သွားတယ်။ နောက်တစ်နေ့မှာ ကျွန်မတို့ အဲဒီနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နိုင်ရိုဘီကို ရထားနဲ့သွားခဲ့ကြတယ်။

အာဖရိကတွင် ကောင်းချီးများခံစားရ

အဲဒီအချိန်တုန်းက ကင်ညာနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့အတွက် ကျွန်မတို့ သတိနဲ့ ဟောပြောခဲ့ကြတယ်။ တခြားနိုင်ငံက ဇနီးမောင်နှံအတော်များများလည်း ကင်ညာနိုင်ငံမှာ နေထိုင်ကြပြီး ကျွန်မတို့လို တိုင်းတစ်ပါးသားတွေကို နေထိုင်ခွင့်ပေးထားတယ်။ အစည်းအဝေးတွေမှာ တက်ရောက်တဲ့သူအရေအတွက်က ဆယ်ယောက်ထက်မပိုရဘူး။ ဒါကြောင့် ကလေးတွေအပါအဝင် ကျွန်မတို့ မိသားစုဝင်အားလုံး တစ်ယောက်မကျန် အစည်းအဝေးတွေမှာ ပါဝင်ခွင့်ရခဲ့တယ်။

ကင်ညာနိုင်ငံကိုရောက်ပြီး မကြာခင်မှာ ကျွန်မတို့နေမယ့်အိမ်ကို ရှာတွေ့ ပြီး ဖရန့်ခ်လည်း အလုပ်ရခဲ့တယ်။ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းမှာ ကျွန်မ ဦးဆုံးတွေ့ဆုံခဲ့ရတဲ့ အမျိုးသမီးက ကျမ်းစာလေ့လာဖို့ လက်ခံလိုက်ပြီး နောက်ဆုံး ရှေ့ဆောင်လို့ခေါ်တဲ့ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ နောက်သင်အံမှုတစ်ခုကတော့ ဂူဒီလို့ ကျွန်မတို့ခေါ်တဲ့ ဆစ်ခ်လူမျိုး ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ဖြစ်တယ်။ မိသားစုနဲ့ ဆစ်ခ်လူမျိုးအသိုင်းအဝိုင်းမှာ ဖိစီးမှုတွေရှိပေမဲ့လည်း သူ တည်ကြည်မြဲမြံခဲ့တယ်။ ဂူဒီလာလ် အိမ်ကနေနှင်ချခံရပြီးနောက် သက်သေခံမိသားစုတစ်စုဆီ သွားနေတယ်။ ယေဟောဝါထံ သူ့ရဲ့အသက်တာကို အပ်နှံလိုက်ပြီး ရှေ့ဆောင်တစ်ယောက်ဖြစ်လာတယ်။ နောက်ပိုင်းမှာ ဂိလဒ်ခရစ်ယာန်သာသနာပြုကျောင်းရဲ့ သင်တန်းဆင်းတစ်ဦးဖြစ်ခဲ့တယ်။

ကျွန်မတို့မိသားစုမှာ စုံစမ်းနှောင့်ယှက်မှုတချို့ ရှိခဲ့တယ်။ ကျွန်မတို့ရဲ့သားအကြီးဆုံးဟာ ရိုးဆစ်ရောင်ရမ်းနာစွဲကပ်လာပြီး ဖရန့်ခ်လည်း ကားပြင်နေတုန်း အကြီးအကျယ်မီးဟပ်ခံရတဲ့အတွက် အလုပ်ပြုတ်သွားတယ်။ အချိန်တန်တော့ တန်ဂန်ရီကာ (ယခု တန်ဇန်းနီးယား) မြို့တော် ဒါအက်စ်ဆာလမ်နဲ့ မိုင် ၇၀၀ ခန့်ဝေးတဲ့နေရာမှာ သူအလုပ်ရခဲ့တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ပစ္စည်းတွေကို ကားတစ်စီးပေါ်တင်ပြီး ခရီးရှည်ထွက်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ဒါအက်စ်ဆာလမ်မြို့မှာ ကျွန်မတို့ကို ကြိုဆိုခဲ့တဲ့ အသင်းတော်ငယ်လေးတစ်ခုပဲရှိတယ်။

တန်ဇန်းနီးယားနိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားပေမဲ့လည်း အရမ်းမတင်းကျပ်ဘူး။ ၁၉၆၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်က ကိုယ်စားလှယ်ဖြစ်တဲ့ မီလ်တန်ဟဲန်ရှယ်လ် ကျွန်မတို့ဆီကို လာလည်ပတ်တယ်။ အဲဒီနိုင်ငံမှာ အကောင်းဆုံးအဆောက်အအုံဖြစ်တဲ့ ကူရမ်ဂျီခန်းမမှာ သူဟောပြောချက်တစ်ခုပေးနေတုန်း ဆင်းရဲသားတစ်ယောက်လို ဝတ်စားထားတဲ့ အသက်ကြီးကြီးလူတစ်ယောက် ကျွန်မဘေးမှာ လာထိုင်တယ်။ သူ့ကို နှုတ်ဆက်လိုက်ပြီး ကျွန်မရဲ့ကျမ်းစာအုပ်နဲ့ သီချင်းစာအုပ်ကို မျှကြည့်ကြတယ်။ အစီအစဉ်ပြီးသွားတော့ သူ့ကို ထပ်လာဖို့ ဖိတ်ခေါ်လိုက်တယ်။ သူထွက်သွားတဲ့အခါ ဒေသခံသက်သေခံတွေ ကျွန်မဆီ ချက်ချင်းရောက်လာကြတယ်။

“အဲဒီလူ ဘယ်သူလဲဆိုတာ သိသလား။ သူက ဒါအက်စ်ဆာလမ်ရဲ့ မြို့တော်ဝန်လေ” လို့ပြောပြတယ်။ အစပိုင်းမှာ ကျွန်မတို့ရဲ့စည်းဝေးပွဲကို မကျင်းပဖို့ သူခြိမ်းခြောက်ခဲ့တယ်။ ကျွန်မက ဆင်းရဲသားလို ဟန်ဆောင်ထားတဲ့သူ့ကို မချေမငံဆက်ဆံလိမ့်မယ်လို့ သူတွက်ထားပုံရတယ်။ ဒါပေမဲ့ သူ့ကို ကြင်ကြင်နာနာနဲ့ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြတာကို အရမ်းစွဲမှတ်သွားပြီး ကျန်သေးတဲ့စည်းဝေးပွဲကို အနှောင့်အယှက်မရှိ ဆက်ကျင်းပခွင့်ပြုခဲ့တယ်။ တက်ရောက်သူ ၂၇၄ ယောက်ရှိပြီး ၁၆ ယောက် နှစ်ခြင်းခံခဲ့တယ်။

တန်ဇန်းနီးယားနိုင်ငံမှာ ကျွန်မတို့ရှိနေတုန်း အဲဒီနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် ဒေသခံအလုပ်ရှင်တွေဟာ တိုင်းတစ်ပါးသားတွေထက် ဒေသခံလူတွေကို ပိုပြီးအလုပ်ပေးလာကြတယ်။ တိုင်းတစ်ပါးသားအများစုဟာ အဲဒီနိုင်ငံကနေ ထွက်ခွာခဲ့ရတယ်။ ဒါပေမဲ့ ဖရန့်ခ်က ဇွဲကောင်းကောင်းနဲ့ အလုပ်ရှာတာ နောက်ဆုံး ဒီဇယ်စက်ခေါင်းတွေကို ဆက်အသုံးပြုနိုင်ဖို့ ကျွမ်းကျင်တဲ့စက်ပြင်ဆရာတစ်ဦး အလိုရှိတဲ့အကြောင်း ကြားတဲ့အခါ သူအလုပ်ရသွားတယ်။ ဒီလိုနဲ့ ကျွန်မတို့ နောက်ထပ်လေးနှစ် ဆက်နေခွင့်ရသွားတယ်။ ဖရန့်ခ်ရဲ့အလုပ် ပြီးသွားတဲ့အခါ ကနေဒါနိုင်ငံကို ကျွန်မတို့ ပြန်ခဲ့ကြတယ်။ အဲဒီမှာ ကျွန်မတို့သားသမီးတွေ ကြီးပြင်းလာပြီး အိမ်ထောင်ကျတဲ့အထိ ဆက်နေခဲ့ကြတယ်။ ကျွန်မတို့ နုပျိုနေသေးတယ်လို့ ခံစားရပြီး ထပ်လုပ်ဆောင်ဖို့ စိတ်စောနေပါတယ်။

အိန္ဒိယနိုင်ငံကို ပြောင်းရွှေ့ခဲ့

၁၉၇၀ ပြည့်နှစ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးရဲ့ ထောက်ခံချက်နဲ့ ကျွန်မတို့ဟာ အဲဒီအချိန်တုန်းက လူဦးရေ ၁.၆ သန်းခန့်ရှိတဲ့ ဘန်ဂလိုမြို့ကို ပြောင်းရွှေ့သွားတယ်။ ကျွန်မ ကျွဲချိုစာမိဖို့ သီသီကလေးလွတ်သွားတဲ့ နေရာပဲဖြစ်တယ်။ အဲဒီတုန်းက လူအယောက် ၄၀ ရှိတဲ့ အင်္ဂလိပ်စကားပြောအသင်းတော်တစ်ခုနဲ့ တမီလ်စကားပြောတဲ့ သီးခြားအုပ်စုတစ်စုပဲရှိတယ်။ ကျမ်းစာအသိပညာများများသိလာပြီး နောက်ပိုင်းမှာ ခရစ်ယာန်အကြီးအကဲတွေဖြစ်လာကြတဲ့ အမျိုးသားအတော်များများကို ဖရန့်ခ် ကျမ်းစာသင်ပေးခဲ့တယ်။ ကျွန်မလည်း ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်လာကြတဲ့ မိသားစုတွေကို ကျမ်းစာသင်ပေးခဲ့တယ်။

ဂလိုရီယာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ဆင်းရဲသားရပ်ကွက်တစ်ခုမှာ နေထိုင်တယ်။ သူ့ဆီကို ဦးဆုံးအကြိမ်ရောက်သွားတုန်းက ကျွန်မကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တယ်။ ပရိဘောဂတစ်ခုမှမရှိတဲ့အတွက် ကျွန်မတို့ ကြမ်းပြင်ပေါ်မှာပဲ ထိုင်ခဲ့ကြတယ်။ ကျွန်မ ကင်းမျှော်စင် တစ်စောင် ထားပေးခဲ့တယ်။ အဲဒီစာစောင်ထဲမှာပါတဲ့ ဗျာ. ၄:၁၁ က ကျမ်းစာအကိုးအကားကို သူညှပ်လိုက်ပြီး အဲဒါကို နေ့တိုင်းတွေ့နိုင်အောင် နံရံပေါ်မှာ ကပ်ထားလိုက်တယ်။ ‘ယေဟောဝါသည် ချီးမွမ်းခံထိုက်တော်မူ၏’ ဆိုတဲ့စကားပါရှိတဲ့ အဲဒီကျမ်းချက်က သူ့အတွက် အရမ်းဆွဲဆောင်မှုရှိတဲ့ စာသားဖြစ်တယ်။ တစ်နှစ်အကြာမှာ သူ နှစ်ခြင်းခံလိုက်တယ်။

ဖရန့်ခ်ကို ဘုံဘေဌာနခွဲမှာ တစ်နှစ်အမှုဆောင်ဖို့နဲ့ အိန္ဒိယနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပထမဆုံးစည်းဝေးပွဲခန်းမ ဆောက်လုပ်ရေးလုပ်ငန်းမှာ ကြီးကြပ်ဖို့ ဖိတ်ခေါ်လိုက်တယ်။ အဲဒီစည်းဝေးပွဲခန်းမကို တည်ရှိပြီးသား ဌာနခွဲအဆောက်အအုံအပေါ် နောက်တစ်ထပ် ထပ်ဆောက်လိုက်ရုံပဲဖြစ်တယ်။ အဲဒီအချိန်တုန်းက အိန္ဒိယတစ်နိုင်ငံလုံးမှာ သက်သေခံ ၃,၀၀၀ ကျော်ပဲရှိပြီး ဌာနခွဲမှာ အမှုဆောင်တဲ့သူက ဆယ်ယောက်တောင်မပြည့်ဘူး။ ၁၉၇၅ ခုနှစ်မှာ ကျွန်မတို့စုဆောင်းထားတဲ့ငွေတွေ ကုန်သွားတဲ့အခါ ကျွန်မတို့ အရမ်းချစ်ခင်ခဲ့ရတဲ့ မိတ်ဆွေတွေကို ဝမ်းနည်းစွာ ခွဲခွာခဲ့ရတယ်။

အာဖရိကသို့ နောက်တစ်ခေါက်

ဆယ်နှစ်တာ ကုန်လွန်သွားပြီးနောက် အခု ဖရန့်ခ်ဟာ ပင်စင်စားတဲ့အရွယ် ရောက်နေပြီ။ ဒါနဲ့ ဌာနခွဲရုံးတွေဆောက်လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးအစီအစဉ်တစ်ခုမှာ စေတနာ့ဝန်ထမ်းခဲ့ကြတယ်။ နိုင်ဂျီးရီးယားနိုင်ငံ၊ အီဂါဒူမာမှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့အတွက် ကျွန်မတို့ကို အဲဒီကိုသွားဖို့ ဖိတ်ခေါ်တဲ့ စာတစ်စောင်ရခဲ့တယ်။ အီဂါဒူမာမှာ ရှိနေတုန်း အနီးအနားက ရွာသားတစ်ယောက်ကို ဖရန့်ခ် ကျမ်းစာသင်ပေးခဲ့တယ်။ အဲဒီလူဟာ တိုးတက်လာပြီး နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေရဲ့ နိုင်ဂျီးရီးယားဌာနခွဲ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့တယ်။

အဲဒီနောက် ဌာနခွဲဆောက်လုပ်ရေးမှာလုပ်ဖို့ ဇိုင်ယာနိုင်ငံကို ကျွန်မတို့ထွက်သွားခဲ့ရတယ်။ သိပ်မကြာပါဘူး၊ ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ခံရပြီး ကျွန်မတို့ရဲ့နိုင်ငံကူးလက်မှတ်တွေ အသိမ်းခံလိုက်ရတယ်။ ဖရန့်ခ်ဟာ အလုပ်မှာ ရုတ်တရက်နှလုံးရောဂါဖောက်သွားပေမဲ့ ပိတ်ပင်ထားတဲ့ကာလအတွင်း ကောင်းကောင်းအနားယူနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်သားအားလုံး ထွက်ခွာခဲ့ရပြီး ကျွန်မတို့ကို လိုင်ဘေးရီးယားနိုင်ငံအနား ပို့လိုက်တယ်။ ဖရန့်ခ်ဟာ မွန်ရိုးဗီးယားဌာနခွဲရုံးမှာ မီးစက်ပြုပြင်ပေးဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ၁၉၈၆ ခုနှစ်မှာ ကျွန်မတို့ရဲ့ဗီဇာ သက်တမ်းကုန်သွားတော့ ကနေဒါနိုင်ငံကို ပြန်ခဲ့ရတယ်။

နောက်ဆုံးတွင် အီကွေဒေါနိုင်ငံသို့

သိပ်မကြာပါဘူး၊ ကျွန်မတို့နဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့ အန်ဒီကစ်ဒ်ဟာ အီကွေဒေါနိုင်ငံကို ပြောင်းရွှေ့သွားပြီး အဲဒီမှာ ပျော်ရွှင်စွာ ဟောပြောနေတဲ့အကြောင်း ကျွန်မတို့ ကြားသိလိုက်ရတယ်။ ဒေသခံအသင်းတော်မှာ အန်ဒီတစ်ယောက်တည်းပဲ အကြီးအကဲဖြစ်လို့ အစည်းအဝေးကဏ္ဍအများစုကို ကိုင်တွယ်ရလေ့ရှိတယ်။ သူ့ရဲ့ဖိတ်ခေါ်ချက်ကြောင့် ၁၉၈၈ ခုနှစ်မှာ အီကွေဒေါဌာနခွဲကို သွားလည်တဲ့အခါ အဲဒီမှာနေထိုင်ဖို့ ကျွန်မတို့ကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြတယ်။

သက်သောင့်သက်သာရှိတဲ့အိမ်မှာ ကျွန်မတို့နေထိုင်ခဲ့ရတယ်၊ ဒါပေမဲ့ စပိန်ဘာသာစကားကို ကျွန်မတို့သင်ယူခဲ့ရတယ်။ အဲဒီအချိန်မှာ ဖရန့်ခ်က အသက် ၇၁ နှစ်ရှိနေပြီ။ နောက်နှစ်နှစ်အတွင်းမှာ စပိန်စကားနည်းနည်းပဲတတ်ပေမဲ့ လူ ၁၂ ယောက်ကို နှစ်ခြင်းခံတဲ့အထိ ကူညီပေးနိုင်ခဲ့တယ်။ ဖရန့်ခ်ကို အီကွေဒေါဌာနခွဲက ဆောက်လုပ်ရေးစီမံကိန်းမှာလုပ်ဖို့ ဖိတ်ခေါ်လိုက်တယ်။ ဂွေယာကီမြို့မှာ ပထမဆုံးသက်သေခံတွေဖြစ်ခဲ့တဲ့ သူတွေအထဲက ညီအစ်မတစ်ယောက်ရဲ့ ခင်ပွန်းသည်ကိုလည်း ဖရန့်ခ် ကျမ်းစာသင်ပေးခဲ့တယ်။ ၄၆ နှစ်တိုင်တိုင် ဆန့်ကျင်လာခဲ့တဲ့ အဲဒီအမျိုးသားဟာ ကျွန်မတို့ရဲ့ မိတ်ဆွေနဲ့ဝိညာဉ်ရေးညီအစ်ကို ဖြစ်လာခဲ့တယ်။

ကြီးမားသောဆုံးရှုံးမှုတစ်ခု

ပစိဖိတ်သမုဒ္ဒရာအနားက အန်ကွန်မြို့လေးမှာ ကျွန်မတို့ အခြေချလိုက်ကြတယ်။ အဲဒီမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်တစ်လုံး ဆောက်လုပ်ရာမှာ ကျွန်မတို့ ကူညီပေးနိုင်ခဲ့တယ်။ ဝမ်းနည်းစရာက ၁၉၉၈၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ လုပ်ငန်းတော်စည်းဝေးရဲ့ နောက်ဆုံးဟောပြောချက်ကို ဖရန့်ခ်ပေးပြီးတဲ့နောက် ရုတ်တရက်နှလုံးရောဂါဖောက်လာပြီး အဲဒီနေ့ညမှာပဲ ဆုံးသွားခဲ့တယ်။ ကျွန်မတို့ကို ညီအစ်ကိုညီအစ်မတွေ အရမ်းအားပေးခဲ့ကြတယ်။ နောက်တစ်နေ့မှာ ဖရန့်ခ်ကို ဘုရားသခင့်နိုင်ငံတော်ခန်းမကိုသွားတဲ့လမ်းရဲ့ တစ်ဖက်မှာရှိတဲ့ သင်္ချိုင်းမှာ မြှုပ်လိုက်ကြတယ်။ ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားတဲ့အတွက် ခံစားရတဲ့နာကျင်မှုကို ဘယ်လိုမှ ဖော်ပြလို့မရနိုင်ဘူး။

အခုတစ်ခါလည်း မိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ တရားရေးကိစ္စတွေအတွက် ကနေဒါကို ပြန်ခဲ့ရပြန်ပါပြီ၊ ဒီတစ်ခါတော့ ကျွန်မတစ်ယောက်တည်းပဲဖြစ်တယ်။ ကျွန်မ ဝမ်းနည်းရပေမဲ့ ကျွန်မကို ယေဟောဝါ မေ့မသွားပါဘူး။ ကျွန်မကိုပြန်လာဖို့ လှိုက်လှဲစွာကြိုဆိုတယ်လို့ အသိပေးထားတဲ့စာတစ်စောင် အီကွေဒေါဌာနခွဲကနေ ရောက်လာတယ်။ ဒါနဲ့ ကျွန်မ ပြန်သွားခဲ့ပြီး ဌာနခွဲရုံးနားက တိုက်ခန်းလေးတစ်ခုမှာ နေထိုင်ခဲ့ရတယ်။ ဌာနခွဲမှာရော ခရစ်ယာန်ဓမ္မအမှုမှာပါ အလုပ်များနေတဲ့အတွက် ဖရန့်ခ်ကို ဆုံးရှုံးလိုက်ရတဲ့နာကျင်မှုကို ခံရပ်နိုင်ခဲ့ပေမဲ့ အထီးကျန်ဆန်တယ်လို့ ခံစားနေရတုန်းပါပဲ။

အမှုတော်၌ ဆက်လက်ပါဝင်

အချိန်တန်တော့ ကျွန်မ ဂျူနီယာဂျုံးစ်နဲ့ သိကျွမ်းလာတယ်။ သူဟာ ရှေ့ဆောင်လုပ်ဖို့ ၁၉၉၇ ခုနှစ်မှာ အမေရိကန်နိုင်ငံကနေ အီကွေဒေါနိုင်ငံကို ရောက်လာခဲ့တယ်။ ကျွန်မတို့နှစ်ယောက်ဟာ ပန်းတိုင်တူပြီး အကြိုက်ချင်းလည်းတူကြတယ်။ ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ကျွန်မတို့ လက်ထပ်လိုက်ကြတယ်။ ဂျူနီယာမှာ ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံရှိထားလို့ အင်ဒီးစ်တောင်တန်းပေါ်က မြို့တစ်မြို့ဖြစ်တဲ့ ကဝှန်ကာမြို့က စည်းဝေးပွဲခန်းမကို လက်စသတ်ဖို့ ကျွန်မတို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီနောက် ၂၀၀၆၊ ဧပြီလ ၃၀ ရက်နေ့မှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့က ဂျက်ဖရီဂျက်ဆင်ဟာ နယူးယောက်မြို့ကနေ ရောက်လာပြီး တက်ရောက်သူ ၆,၅၅၄ ယောက်ကို အပ်နှံပွဲဟောပြောချက်ပေးခဲ့တယ်။

ဝေးလံတဲ့ဒေသတွေဖြစ်တဲ့ အာဖရိက၊ အိန္ဒိယနဲ့ တောင်အမေရိကနိုင်ငံတွေမှာ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း အကြီးအကျယ်တိုးတက်နေမယ်လို့ ဘယ်သူ စဉ်းစားမိမှာလဲ။ အခု ဂျူနီယာနဲ့ကျွန်မတို့ အနားယူဖို့ မစဉ်းစားကြဘူး။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်မ အနှစ် ၅၀ ကျော်ပါဝင်လာခဲ့တာ အရမ်းအချိန်ကုန်မြန်တဲ့အတွက် မနေ့တစ်နေ့ကမှ စခဲ့သလိုပဲ။ ကမ္ဘာသစ်ရောက်လာတဲ့အခါကျရင် အခု ကျွန်မတို့အသက်ရှင်နေရတဲ့အချိန်ဟာ မနေ့တစ်နေ့ကလိုပဲ မြန်မြန်ကုန်ဆုံးသွားမယ်ဆိုတာ ကျွန်မသိတယ်။—ဗျာ. ၂၁:၃-၅; ၂၂:၂၀

[စာမျက်နှာ ၁၅ ပါ မြေပုံ/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကျွန်မတို့ အမှုဆောင်ခဲ့တဲ့နေရာ

ကနေဒါ → အင်္ဂလန် → ကင်ညာ → တန်ဇန်းနီးယား

ကနေဒါ → အိန္ဒိယ

ကနေဒါ → နိုင်ဂျီးရီးယား → ကွန်ဂိုပြည်သူ့ → သမ္မတနိုင်ငံ (ဇိုင်ယာ) → လိုင်ဘေးရီးယား

ကနေဒါ → အီကွေဒေါ

[အခြားနေရာများ]

အမေရိကန် ပြည်ထောင်စု

[ရုပ်ပုံ]

အိန္ဒိယနိုင်ငံတွင် ဖရန့်ခ်နှင့်အတူ စည်းဝေးပွဲတစ်ခုသို့အသွား

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်မရဲ့ခင်ပွန်း ဂျူနီယာဂျုံးစ်နှင့်အတူ