မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အယူသီးခြင်းသည် ကျမ်းစာသွန်သင်ချက်နှင့် ကိုက်ညီသလော

အယူသီးခြင်းသည် ကျမ်းစာသွန်သင်ချက်နှင့် ကိုက်ညီသလော

သမ္မာကျမ်းစာရှုထောင့်

အယူသီးခြင်းသည် ကျမ်းစာသွန်သင်ချက်နှင့် ကိုက်ညီသလော

သတင်းစာဆရာတစ်ဦးသည် လေကြောင်းခရီးထွက်ခြင်းကို တစ်နှစ်ကြာ ရှောင်ရှားခဲ့သည်၊ အကြောင်းမှာ ဗေဒင်ဆရာတစ်ဦးက သူ့အား လေယာဉ်ပျက်ကျ၍ သေလိမ့်မည်ဟု ဟောကိန်းထုတ်ထားသောကြောင့်ဖြစ်၏။ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အနုပညာရှင်များ၊ အားကစားသမားများနှင့် တက္ကသိုလ်ကျောင်းသားများအပါအဝင် ဘဝနောက်ခံအမျိုးမျိုးမှလူတို့သည် အယူသီးမှုပုံစံအမျိုးမျိုးကို အသုံးပြုနေကြသည်။ မရေမရာဖြစ်နေချိန်၊ စိတ်ဖိစီးနေချိန် သို့မဟုတ် စိုးရိမ်ပူပန်နေချိန်တို့တွင် အယူသီးသောလုပ်ရပ်များက ၎င်းတို့အား အန္တရာယ်များမှ ကာကွယ်ပေးသည် သို့မဟုတ် လိုရာပန်းတိုင်သို့ရောက်ရှိစေသည်ဟု ယူမှတ်ကြ၏။

အယူသီးမှုပုံစံများစွာကို ရှေးဆန်သောဓလေ့ သို့မဟုတ် ဘေးကင်းသော စိတ်ပိုင်းဆိုင်ရာထောက်မပေးမှုတစ်ခုအဖြစ် ရှုမြင်ကြသည်။ ကွယ်လွန်သွားပြီဖြစ်သော မနုဿဗေဒပညာရှင် မာဂရက် မိဒ်က ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာဖို့ ဒါမှမဟုတ် ဖြစ်လာမယ့်ဆိုးကျိုးကနေ အကာအကွယ်ရဖို့ ကျွန်မတို့ ဘယ်လောက်စိတ်ပြင်းပြကြတယ်ဆိုတာ အယူသီးမှုတွေက ဖော်ပြတယ်။ အယူသီးမှုကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အဲဒီကနေ ကျွန်မတို့ကို အကျိုးကျေးဇူးတွေ ရရှိစေတယ်။” သို့သော် ဘုရားသခင်၏စိတ်တော်ကို ရွှင်လန်းစေရန် ဆုံးဖြတ်ချက်ချထားသူတို့သည် မိမိတို့ကိုယ်ကို ‘စစ်မှန်တဲ့ခရစ်ယာန်တွေ အယူသီးသင့်သလား’ ဟူ၍ မေးသင့်သည်။

အယူသီးမှု၏ရင်းမြစ်

အနည်းငယ်မျှဖော်ပြရမည်ဆိုလျှင် သေခြင်းကို ကြောက်ရွံ့ခြင်း၊ မသိသောအရာကို ကြောက်ရွံ့ခြင်းနှင့် တမလွန်ဘဝကိုကြောက်ရွံ့ခြင်းဟူသော ကြောက်ရွံ့ခြင်းများက လူသားထုအပေါ် ဖိစီးနေသည်။ ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်သူ စာတန်သည် လူတို့အားချုပ်နှောင်ရန် ဆုံးဖြတ်ခဲ့ပြီး မလိုတမာမုသာများဖြင့် ယင်းသို့သောကြောက်ရွံ့မှုများကို လူတို့၏စိတ်ထဲ သွင်းပေးခဲ့သည်။ (ယောဟန် ၈:၄၄; ဗျာ. ၁၂:၉) ဘုရားသခင်ထံမှ လူတို့ဝေးကွာသွားစေရန် ဖြားယောင်းသွေးဆောင်ရာတွင် စာတန်တစ်ဦးတည်းသာ မဟုတ်ချေ။ သမ္မာကျမ်းစာတွင် စာတန်ကို “နတ်ဆိုးမင်း” ဟုခေါ်ထား၏။ (မဿဲ ၁၂:၂၄-၂၇) နတ်ဆိုးများကား မည်သူတို့နည်း။ နောဧခေတ်တွင် ကောင်းကင်တမန်အတော်များများသည် ဘုရားသခင်အား ပုန်ကန်ရာတွင် စာတန်နှင့်ပူးပေါင်းခဲ့ကြပြီး သူတို့ကိုယ်ကိုသူတို့ နတ်ဆိုးများဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍ နတ်ဆိုးများသည် လူတို့၏စိတ်ကို ဩဇာလွှမ်းမိုးရန် ကြိုးစားလာခဲ့ကြသည်။ ၎င်းတို့အသုံးပြုသည့် နည်းပရိယာယ်များအနက် တစ်ခုမှာ အယူသီးမှုဖြစ်၏။—ကမ္ဘာဦး ၆:၁၊ ၂; လုကာ ၈:၂၊ ၃၀; ယုဒ ၆

စာတန်၏မုသာများအနက် တစ်ခုသည် အယူသီးမှုအတွက် အရင်းခံတစ်ခု ဖြစ်ခဲ့၏။ ယင်းမှာ လူသေပြီးနောက် မမြင်နိုင်သည့်အရာတစ်ခု ဆက်တည်ရှိနေပြီး အသက်ရှင်နေသူတို့ကို ကောင်းကျိုးဆိုးကျိုးပြုရန် ပြန်လာနိုင်သည်ဟူသော ယုံကြည်ချက်ဖြစ်၏။ သို့သော် သမ္မာကျမ်းစာက “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟုဆို၏။ လူတစ်ဦးသေဆုံးပြီးနောက် “လုပ်ဆောင်ခြင်းမရှိ၊ ကြံစည်ခြင်းမရှိ၊ သိပ္ပံအတတ်မရှိ၊ ပညာမရှိ” ဟုလည်း ထပ်မံဖော်ပြထားသည်။—ဒေ. ၉:၅၊ ၁၀

ယေဟောဝါအတွက် ‘စက်ဆုပ်ရွံရှာဖွယ်သောအရာ’

များစွာသောသူတို့သည် စာတန်၏မုသာများကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြပြီ။ သို့သော် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဘုရားသခင်သည် အယူသီးမှုနှင့်ပတ်သက်၍ မိမိ၏လူမျိုးတော် ဣသရေလလူတို့အား ရှင်းလင်းသောညွှန်ကြားချက် ပေးတော်မူခဲ့၏။ ‘ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့်ဟောပြောသောသူ၊ ကာလဗေဒင်ကိုကြည့်သောသူ၊ မကောင်းသောအတတ်ကိုပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှမရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ယေဟောဝါစက်ဆုပ်ရွံရှာတော်မူ၏။’—တရားဟောရာ ၁၈:၁၀-၁၂

ဝမ်းနည်းစရာမှာ ဣသရေလလူတို့သည် ယင်းသတိပေးချက်ကို အမြဲမလိုက်နာခဲ့ကြချေ။ ဥပမာ၊ ပရောဖက်ဟေရှာယခေတ်က ဣသရေလလူတချို့သည် ‘လာဘ်ကောင်းခေါ်နတ်ဘုရား’ ၏မျက်နှာသာကြောင့် သီးနှံဖြစ်ထွန်းသည်ဟု ယူမှတ်ခဲ့ကြသည်၊ ယင်းအယူသီးသော ယုံကြည်ချက်ကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့၏။ သူတို့သည် ယေဟောဝါ၏မျက်နှာသာတော်နှင့် ကောင်းချီးမခံစားရတော့ချေ။—ဟေရှာယ ၆၅:၁၁၊ ၁၂သမ္မာ။

ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့ချိန်တွင် အယူသီးမှုနှင့်ပတ်သက်၍ ယေဟောဝါ၏သဘောထားမှာ ပြောင်းလဲတော်မမူခဲ့ချေ။ လုတ္တရမြို့ရှိ အယူသီးသူတို့ကို တမန်တော်ပေါလုက “ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ” ကြရန်တိုက်တွန်းခဲ့၏။—တမန်တော် ၁၄:၁၅

အယူသီးမှု၏အချုပ်အနှောင်မှ လွတ်မြောက်ခြင်း

အယူသီးသောအကျင့်ဓလေ့များ မရေမတွက်နိုင်အောင် များပြားလှသည့်အပြင် ယင်းတို့အားလုံးသည် ဆင်ခြင်တုံတရားနှင့်လည်း မညီညွတ်ချေ။ အယူသီးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအနက်တစ်ခုမှာ လူတို့သည် မိမိတို့၏လုပ်ရပ်များအတွက် တာဝန်ခံမည့်အစား ဆင်းရဲခက်ခဲမှုများသည် မိမိတို့အကြောင်းမလှ၍ ဖြစ်ရသည်ဟု အပြစ်ဖို့ကြခြင်းဖြစ်သည်။

ဝမ်းသာစရာမှာ များစွာသောသူတို့သည် အယူသီးခြင်းမှ လွတ်မြောက်ခဲ့ကြပြီဖြစ်သည်။ ယေရှုက “အမှန်တရားကို သင်တို့သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” ဟုမိန့်ဆိုတော်မူခဲ့သည်။ (ယောဟန် ၈:၃၂ကဘ) ၂၅ နှစ်တိုင် ဗေဒင်ဟောခဲ့သည့် ဘရာဇီးလူမျိုး ကလီမန်တီနာက ဤသို့ပြောခဲ့၏– “ကျွန်မရဲ့တစ်ခုတည်းသော ဝမ်းစာရှာလုပ်ငန်းက ဗေဒင်ဟောတာဖြစ်တယ်။ ဒါပေမဲ့ ကျမ်းစာအမှန်တရားက ကျွန်မကို အယူသီးမှုကနေ လွတ်မြောက်စေခဲ့တယ်။” အမှန်မှာ ကျမ်းစာပုံမှန်လေ့လာခြင်းနှင့် ယေဟောဝါဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်းက အတွင်းခွန်အားကို တိုးပွားစေနိုင်ပါသည်။ ယင်းက တည်တည်ငြိမ်ငြိမ်နှင့် ကျိုးကြောင်းညီညွတ်စွာ စဉ်းစားတွေးခေါ်စေနိုင်ပြီး ဘေးဆိုးများမှ ကာကွယ်ပေးပြီး စိုးရိမ်ပူပန်မှုကို လျော့နည်းစေသည့် ဆုံးဖြတ်ချက်များကို ပညာရှိရှိချစေနိုင်ပါသည်။—ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃

သမ္မာကျမ်းစာက “အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလ [စာတန်] နှင့် အဘယ်သို့သင့်တင့်နိုင်မည်နည်း” ဟုမေးသည်။ ထို့ကြောင့် စစ်မှန်သောခရစ်ယာန်များသည် အယူသီးမှုကို ဝေးဝေးရှောင်ရမည်။—၂ ကောရိန္သု ၆:၁၄-၁၆

သင်စဉ်းစားဖူးသလော

▪ ဟေရှာယခေတ်က အယူသီးသော ဣသရေလလူတို့သည် ဘုရားသခင်အား ယုံကြည်ကိုးစားမည့်အစား မည်သူ့ကို ယုံကြည်ကိုးစားခဲ့ကြသနည်း။—ဟေရှာယ ၆၅:၁၁၊ ၁၂

▪ လုတ္တရမြို့မှ အယူသီးသူတို့ကို အဘယ်အရာပြုလုပ်ရန် တမန်တော်ပေါလု တိုက်တွန်းခဲ့သနည်း။—တမန်တော် ၁၄:၁၅

▪ အယူသီးခြင်းသည် စစ်မှန်သောခရစ်ယာန်ဘာသာနှင့် ကိုက်ညီသလော။—၂ ကောရိန္သု ၆:၁၄-၁၆

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အယူသီးမှုသည် လူတို့အား မိမိတို့၏လုပ်ရပ်များအတွက် တာဝန်ခံစေမည့်အစား လုံခြုံမှုရှိသည်ဟု တလွဲယူမှတ်စေ