မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးကာလပြီးနောက် မည်သည့်အရာ ဖြစ်ပျက်လာမည်နည်း

နောက်ဆုံးကာလပြီးနောက် မည်သည့်အရာ ဖြစ်ပျက်လာမည်နည်း

နောက်ဆုံးကာလပြီးနောက် မည်သည့်အရာ ဖြစ်ပျက်လာမည်နည်း

လူတချို့က ‘နောက်ဆုံးကာလ’ အကြောင်းစဉ်းစားရမည်ကို ကြောက်နေကြသည်။ (၂ တိမောသေ ၃:၁) သူတို့သည် ခဲယဉ်းသောကာလဖြစ်မည်ကိုသာ စဉ်းစားကြသည်။ သို့ဆိုလျှင် ခေတ်ကာလတစ်လျှောက်ရှိ ဤမျှများပြားသောလူတို့သည် ယင်းကာလကို အဘယ်ကြောင့် စောင့်မျှော်ခဲ့ကြသနည်း။ အကြောင်းမှာ နောက်ဆုံးကာလက ပို၍ကောင်းသောအချိန် ရောက်လာမည်ကိုလည်း ညွှန်ပြနေသောကြောင့်ဖြစ်၏။

ဥပမာ၊ ဆုံးခန်းချိန်သည် ဘုရားသခင့်နိုင်ငံတော် အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက်၌ ကမ္ဘာချီငြိမ်းချမ်း၍ သာယာဝပြောမည့် ခေတ်သစ်တစ်ခေတ်ကို ဖြစ်ပေါ်စေမည်ဟု ဆာ အိုင်းဇက်နယူတန်ယုံကြည်ခဲ့၏။ “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ” ဟူသော မိက္ခာ ၄:၃ နှင့် ဟေရှာယ ၂:၄ ပါပရောဖက်ပြုချက်တို့သည် ထိုအချိန်တွင် ပြည့်စုံလာလိမ့်မည်ဟု သူဖော်ပြခဲ့သည်။

ယေရှုသည် ဆုံးခန်းချိန်အကြောင်း ပြောဆိုခဲ့စဉ်က မိမိ၏နောက်လိုက်များအား အပြုသဘောရှိကြရန် တိုက်တွန်းခဲ့သည်။ ကြီးစွာသောဆင်းရဲခြင်းကာလအတွင်း ပျံ့နှံ့သက်ရောက်လာမည့် ဆင်းရဲခက်ခဲမှု၊ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုအကြောင်း ပြောပြပြီးနောက် ကိုယ်တော်ဤသို့ မိန့်ဆိုခဲ့၏– “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့် မတ်မတ်ရပ်၍ ခေါင်းကိုမော့ကြလော့။” (လုကာ ၂၁:၂၈ကဘ) အဘယ်အရာမှ ရွေးနုတ်မည်နည်း။

ဘုရားသခင် ကတိပြုထားရာများ

စစ်၊ ပြည်တွင်းပဋိပက္ခ၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှုနှင့် ဆာလောင်မွတ်သိပ်မှုတို့သည် ယနေ့ လူသားတို့အား ထိခိုက်နေသော အရာတချို့ဖြစ်ပြီး သန်းပေါင်းများစွာသောသူတို့အား အထိတ်တလန့်နှင့် အသက်ရှင်နေစေသည်။ ယင်းတို့အနက် တစ်ခုခုကြောင့် သင်လည်း ထိခိုက်ခံနေရသလော။ သို့ဆိုလျှင် ဘုရားသခင်ကတိပြုထားရာကို သတိပြုကြည့်ပါ–

‘ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား မြေကြီးကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။’—ဆာလံ ၃၇:၁၀၊ ၁၁

“ငါ၏လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။”—ဟေရှာယ ၃၂:၁၈

“[ယေဟောဝါသည်] လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၉

“လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။”—မိက္ခာ ၄:၄

‘မြေကြီးပေါ်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။’—ဆာလံ ၇၂:၁၆

“ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။”—သု. ၁:၃၃

ကျွန်ုပ်တို့သည် လူနေမှုအခြေအနေ အတော်အတန်ကောင်းသည့်နေရာတွင် နေထိုင်လျှင်ပင် ဖျားနာမှုနှင့် သေခြင်းကို ရင်ဆိုင်ကြရသည်။ ယင်းတို့သည်လည်း ဘုရားသခင့်ကမ္ဘာသစ်တွင် ပျောက်ကွယ်သွားပါလိမ့်မည်။ ထို့ကြောင့် သေဆုံးသွားကြသည့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများနှင့် ပြန်လည်တွေ့ဆုံနိုင်ပါသည်။ အောက်ပါတို့ကို သတိပြုကြည့်ပါလေ–

“မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄

“ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွား ကြပြီ။”—ဗျာ. ၂၁:၄

“နောက်ဆုံးရန်သူတည်းဟူသော သေခြင်းသည် ဆုံးရှုံးခြင်းသို့ရောက် ရလိမ့်မည်။”—၁ ကောရိန္သု ၁၅:၂၆ကဘ။

“သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် [ယေရှု၏] စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။”—ယောဟန် ၅:၂၈၊ ၂၉ကဘ။

တမန်တော်ပေတရုသည် ယင်းတို့ကို ကောင်းစွာအကျဉ်းချုံး၍ ဤသို့ရေးသားခဲ့၏– “ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ဖြောင့်မတ်ခြင်းတရားသည် ကမ္ဘာတစ်ခွင် တည်ရှိမည်ဖြစ်သောကြောင့် ဖြောင့်မတ်သည့်အခြေအနေများကို ဖြိုခွဲမည့်သူ မည်သူ့ကိုမဆို ဖယ်ရှားပစ်ဖို့လိုပေလိမ့်မည်။ အလားတူ တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ်ကျိုးရှာခြင်းဖြင့် ပဋိပက္ခနှင့်သွေးစွန်းမှုများစွာ ဖြစ်ပေါ်စေခဲ့သည့် မျက်မှောက်အချိန်ရှိ တိုင်းနိုင်ငံများကိုလည်း ဖယ်ရှားပစ်ဖို့လိုပါလိမ့်မည်။ မြေကြီးဆိုင်ရာအုပ်ချုပ်မှုအားလုံး၏နေရာတွင် ခရစ်တော်အုပ်ချုပ်မည့် ဘုရားသခင့်နိုင်ငံတော်ဖြင့် အစားထိုးပါလိမ့်မည်။ ယင်းအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ ဤသို့ယုံကြည်စိတ်ချကြသည်– ‘ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ် တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါသည် အလိုတော်အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။’—ဟေရှာယ ၉:၇

ယင်းကို သင်လည်း မျှော်လင့်နိုင်ပါသည်၊ အကြောင်းမှာ ‘လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ အမှန်တရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏’ ဟုသမ္မာကျမ်းစာက စိတ်ချစေသောကြောင့်ဖြစ်၏။ (၁ တိမောသေ ၂:၄) အချိန်ဆွဲမနေပါနှင့်။ သင့်အား ထာဝစဉ်အသက်ရစေမည့် အသိပညာကို ဆည်းပူးပါ။ (ယောဟန် ၁၇:၃) ဤမဂ္ဂဇင်းထုတ်ဝေသူများနှင့် စတင်ဆက်သွယ်၍ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု တောင်းဆိုပါလေ။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ရောက်လာတော့မည့် သာယာလှပသည့် ဤကမ္ဘာ မြေကြီးပေါ် အေးအေးချမ်းချမ်းနှင့် ကျန်းကျန်းမာမာ ထာဝစဉ်အသက်ရှင်နေထိုင်သွားရန် သင်မျှော်လင့်နိုင်