မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးကာလဟူသည် မည်သည့်အချိန်ကို ဆိုလိုသနည်း

နောက်ဆုံးကာလဟူသည် မည်သည့်အချိန်ကို ဆိုလိုသနည်း

နောက်ဆုံးကာလဟူသည် မည်သည့်အချိန်ကို ဆိုလိုသနည်း

“နှစ်ပေါင်းသန်းတစ်ထောင်ကျော်အတွင်း ကမ္ဘာမြေကြီးသည် ခြောက်သွေ့ ၍ လူသူကင်းမဲ့ကာ ဖုန်ထူသော သဲကန္တာရဖြစ်လာမည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ဆဲလ်အမြောက်အမြားရှိသော ဇီဝရုပ်များ အသက်ရှင်နိုင်ပုံကို မြင်ယောင်ကြည့်ဖို့ ခဲယဉ်းလှ၏” ဟုမကြာသေးမီက ထုတ်ဝေသည့် မဂ္ဂဇင်းတစ်စောင် (Sky & Telescope) ကဆိုသည်။ အဘယ်ကြောင့် ထိုသို့ဆိုရသနည်း။ “အချိန်ကုန်လွန်လာသည်နှင့်အမျှ နေပူရှိန် တဖြည်းဖြည်း မြင့်တက်လာကာ ပင်လယ်များကို ပွက်ပွက်ဆူစေပြီး တိုက်ကြီးများကို ကျွမ်းလောင်သွားစေမည်။ ကြောက်မက်ဖွယ်ကောင်းသည့် ဤအခြေအနေသည် စိတ်အနှောင့်အယှက်ဖြစ်စေသော အမှန်တရားဖြစ်ရုံထက်မကချေ၊ ယင်းသည် ကျွန်ုပ်တို့ရှောင်လွှဲ၍မရသော အနာဂတ်ဖြစ်၏” ဟုမဂ္ဂဇင်းတစ်စောင် (Astronomy) ကဆိုသည်။

သို့သော် ဘုရားသခင်သည် “မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်” မူခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ (ဆာလံ ၁၀၄:၅) ထို့ပြင် မြေကြီးကိုဖန်ဆင်းတော်မူသောအရှင်သည် ယင်းကိုဆက်လက်တည်ရှိစေရန် တတ်နိုင်တော်မူကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ အမှန်မှာ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို “သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူ” ခဲ့၏။ (ဟေရှာယ ၄၅:၁၈) သို့သော် ဆိုးယုတ်၍ သေမျိုးဖြစ်သော လူသားများနေထိုင်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ချေ။ ဘုရားသခင်သည် ဒံယေလ ၂:၄၅ တွင် ဖော်ပြထားသည့် ဘုရားသခင့်နိုင်ငံတော်အားဖြင့် မိမိ၏အုပ်ချုပ်မှုကို ပြန်လည်တည်ထောင်မည့်အချိန်တစ်ချိန်ကို သတ်မှတ်ထားတော်မူ၏။

ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခဲ့သည်။ ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူများကို တရားစီရင်မည့်အချိန်တစ်ချိန်အကြောင်း ပြောဆိုခဲ့၏။ ယခုအချိန်ထိ ဖြစ်ခဲ့သမျှ မည်သည့်ဘေးထက်မဆို ပို၍ကြီးကျယ်မည့် ဘေးဒဏ်တစ်ခုအကြောင်း ကိုယ်တော်သတိပေးခဲ့၏။ ထို့ပြင် အဆုံးနီးပြီဟု ကျွန်ုပ်တို့သိရှိကြသည့်အတိုင်း ဤကမ္ဘာအဆုံးတိုင်သည့်အချိန်ကို ရည်ညွှန်းရန် စုပေါင်းနိမိတ်ကိုလည်း ကိုယ်တော်ဖော်ပြခဲ့သည်။—မဿဲ ၉:၃၅; မာကု ၁၃:၁၉; လုကာ ၂၁:၇-၁၁; ယောဟန် ၁၂:၃၁

ယေရှုကဲ့သို့သော အရေးကြီးပုဂ္ဂိုလ်တစ်ဦးက ယင်းအရာတို့ကိုပြောပြမည်ဖြစ်သောကြောင့် လူအများက သိလိုခဲ့ကြသည်။ ယင်းဖြစ်ရပ်များသည် မည်သည့်အချိန်တွင် ဖြစ်လာမည်နည်း။ အချို့သောသူတို့သည် သမ္မာကျမ်းစာပရောဖက်ပြုချက်နှင့် သက္ကရာဇ်စဉ်တို့ကို လေ့လာခြင်းဖြင့် မည်သည့်အချိန်တွင် အဆုံးရောက်မည်ကို တိတိကျကျ သတ်မှတ်ရန် ကြိုးစားခဲ့ကြသည်။ ထိုသို့သောသူများထဲမှ တစ်ဦးမှာ ကမ္ဘာ့ဆွဲငင်အားနိယာမကို ရှာဖွေ့တွေ့ ရှိသူနှင့် အနုသင်္ချာတွက်နည်းကိုအစပြုခဲ့သူ ၁၇ ရာစုမှ သင်္ချာပညာရှင် ဆာ အိုင်းဇက်နယူတန်ဖြစ်သည်။

တပည့်များအား ယေရှုက “ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ချိန်းချက်တော်မူသော အချိန်ကာလများကို သင်တို့သိရသောအခွင့်မရှိ” ဟုမိန့်ဆိုခဲ့၏။ (တမန်တော် ၁:၇ကဘ) မိမိ “ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံး၏နိမိတ်” ပေးရာတွင် ယေရှုဤသို့မိန့်ဆိုခဲ့၏– “ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်းမသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။” (မဿဲ ၂၄:၃၊ ၃၆ကဘ) ထို့နောက် ယေရှုသည် နောဧခေတ်က ဆိုးသွမ်းသည့်လောကကို ဖျက်ဆီးခြင်းနှင့် “လူသားရောက်ရှိနေချိန်” အတွင်း ဖြစ်ပျက်မည့်ဖျက်ဆီးခြင်းတို့ကို နှိုင်းယှဉ်ပြပြီးနောက် “သို့ဖြစ်၍၊ သင်တို့၏သခင် ရောက်လာမည့်နေ့ရက်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” ဟုပြောဆိုခဲ့သည်။—မဿဲ ၂၄:၃၉၊ ၄၂ကဘ။

ထို့ကြောင့် ရောက်လာတော့မည် ဤ “လောကစနစ်” ၏အဆုံးနှင့်ပတ်သက်၍ တိကျသောအချိန်နာရီကို ကျွန်ုပ်တို့မသိရှိရသော်လည်း ‘နောက်ဆုံးကာလ’ ဟုသမ္မာကျမ်းစာတွင် ရည်ညွှန်းထားသည့် အချိန်တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း ယေရှုပေးခဲ့သည့် “နိမိတ်” က ကျွန်ုပ်တို့အား သိစေပါမည်။ (၂ တိမောသေ ၃:၁) ယင်းသည် “နိုးကြားလျက်” နေရမည့်အချိန်ဖြစ်သည်၊ သို့မှသာ ကျွန်ုပ်တို့သည် “ဖြစ်ပျက်လာမည့် အမှုအရာအလုံးစုံနှင့်ကင်းလွတ်” မည်ဖြစ်သည်။—လုကာ ၂၁:၃၆ကဘ။

အမှန်ဖြစ်ပျက်လာမည့်နိမိတ်ကိုမပေးမီ ယေရှုဤသို့သတိပေးခဲ့၏– “သင်တို့သည် လှည့်ဖြားရာသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အကြောင်းမူကား လူအများသည် ငါ၏နာမဖြင့် လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏၊’ ‘အချိန်ကာလ ရောက်လာပြီ’ ဟုဆိုကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။ ထို့ ပြင် သင်တို့သည် စစ်မှု၊ ဆူပူထကြွမှုများအကြောင်း ကြားရသောအခါ ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအမှုအရာတို့သည် အရင်ဖြစ်ပျက်ရမည်။ သို့သော်လည်း အဆုံးသည် ချက်ချင်းမဖြစ်သေး။”—လုကာ ၂၁:၈၊ ၉ကဘ။

နိမိတ်ဟူသည် အဘယ်နည်း

နောက်ဆုံးကာလကို မှတ်သားဖော်ပြမည့် အခြေအနေများနှင့်ပတ်သက်၍ ယေရှု ဤသို့ဆက်လက်မိန့်ဆိုခဲ့သည်– “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ ကြီးစွာသောငလျင်လှုပ်ခြင်း ဖြစ်လိမ့်မည်။ ကပ်ရောဂါများ၊ အစာခေါင်းပါးမှုများသည် တစ်နေရာပြီးတစ်နေရာ၌ ဖြစ်လိမ့်မည်။ လူတို့သည် ကြောက်မက်ဖွယ်မြင်ကွင်းများနှင့် ကောင်းကင်မှ နိမိတ်လက္ခဏာများကို မြင်ကြလိမ့်မည်။” (လုကာ ၂၁:၁၀၊ ၁၁ကဘ) ယေရှု ဤသို့လည်း မိန့်ဆိုခဲ့၏– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၄ကဘ) ယေရှုဖော်ပြခဲ့သည့် စစ်၊ မြေငလျင်၊ ကပ်ရောဂါ၊ အစာခေါင်းပါးမှုကိုယ်နှိုက်က အသစ်အဆန်းမဟုတ်ချေ။ ယင်းတို့သည် လူ့သမိုင်းစတင်ကတည်းက ဖြစ်ပျက်လာနေပြီဖြစ်သည်။ ခြားနားချက်မှာ ယင်းတို့သည် တစ်ချိန်တည်းတွင် ဖြစ်ပျက်လာမည်ဖြစ်၏။

‘ယေရှုကြိုပြောခဲ့သည့် အသွင်အပြင်အားလုံး မည်သည့်အချိန်တွင် ဖြစ်ပျက်ခဲ့သနည်း’ ဟုသင့်ကိုသင် မေးကြည့်ပါ။ ၁၉၁၄ ခုနှစ်ကတည်းက ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာချီစစ်ပွဲများ၊ ဆူနာမီကဲ့သို့သော ဝမ်းနည်းဖွယ်ဆိုးကျိုးများဖြစ်ပေါ်စေသည့် မြေငလျင်ကြီးများ၊ ငှက်ဖျား၊ တုပ်ကွေးနှင့် အေအိုင်ဒီအက်စ်ကဲ့သို့သော ပျံ့နှံ့နေသည့် ရောဂါဆိုးများ၊ အစာခေါင်းပါးမှုကြောင့် လူသန်းပေါင်းများစွာ ငတ်ပြတ်၍ သေဆုံးခြင်း၊ အကြမ်းဖက်မှုနှင့် အဖျက်စွမ်းအားကြီးမားသည့် လက်နက်များ၏ ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာတစ်ဝန်း စိုးရိမ်ထိတ်လန့်နေခြင်းနှင့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းကို ယေဟောဝါသက်သေများ ကမ္ဘာချီဟောပြောနေခြင်းတို့ကို လူတို့ တွေ့ မြင်ခဲ့ကြရပြီဖြစ်သည်။ ယင်းဖြစ်ရပ်များသည် ယေရှုကြိုပြောခဲ့သည့်အတိုင်း ဖြစ်ပျက်လာခဲ့ပြီ။

ထို့ ပြင် တမန်တော်ပေါလု ရေးသားခဲ့ရာကိုလည်း သတိပြုကြည့်ပါ– ‘နောက်ဆုံးကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အကြောင်းမူကား လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ မာနထောင်လွှားသောသူ၊ ကဲ့ရဲ့သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးထားသောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ အကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ပျော်မွေ့ ခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားသခင်ဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။’ (၂ တိမောသေ ၃:၁-၅) မှန်ပါသည်၊ ပျံ့နှံ့နေသော မတရားမှု၊ ဘုရားတရားမဲ့မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ကိုယ်ကျိုးရှာရန်လိုမှုတို့ဖြင့် မှတ်သားဖော်ပြထားသည့် ‘ခဲယဉ်းသောကာလ’ သည် မြေကြီးတစ်ပြင်လုံးတွင် သိသာထင်ရှားလာလိမ့်မည်။ *

သို့သော် ‘နောက်ဆုံးကာလ’ သည် အဆုံးမတိုင်မီ အနာဂတ်တစ်ချိန်ချိန်တွင် ဖြစ်နိုင်ပါသလော။ နောက်ဆုံးကာလ စတင်မည့်အချိန်ကို ဖော်ပြရန် အခြားအထောက်အထားရှိပါသေးသလော။

“ဆုံးခန်းချိန်” သည် မည်သည့်အချိန်တွင် စတင်မည်နည်း

ပရောဖက်ဒံယေလသည် အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကို ကြိုတင်တွေ့ မြင်ခဲ့ရပြီးနောက် ဤသို့ အသိပေးခံခဲ့ရသည်– “ထိုကာလ၌ [ဒံယေလ ၁၁:၄၀ တွင်ဖော်ပြထားသည့် ‘ဆုံးခန်းချိန်’] သင့်အမျိုးသားချင်းတို့၏အမှုကိုစောင့်သော ကောင်းကင်တမန်မင်း မိက္ခေလ [ယေရှုခရစ်] သည် ပေါ်လာလိမ့်မည်။” (ဒံယေလ ၁၂:၁သမ္မာ) မိက္ခေလသည် အဘယ်အရာကို လုပ်ဆောင်မည်နည်း။

မိက္ခေလသည် ရှင်ဘုရင်အဖြစ် တက်ကြွလှုပ်ရှားမည့်အချိန်အကြောင်း ဗျာ.ကျမ်းတွင် ဤသို့ဖော်ပြထား၏– ‘ကောင်းကင်ဘုံ၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်ဘုံ၌လည်း သူတို့သည် ဆက်လက်၍နေစရာမရှိ။ ထိုအခါ တစ်လောကလုံးကိုလှည့်ဖြား၍ စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်လေ၏။ ထို့ကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ် အမင်္ဂလာရှိ၏။ အကြောင်းမူကား စာတန်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့် သင်တို့ရှိရာသို့ဆင်းလေပြီ။”—ဗျာ. ၁၂:၇-၉၊ ၁၂သမ္မာ။

ယင်းစစ်ပွဲကြောင့် စာတန်နှင့်နတ်ဆိုးများ မောင်းချခံရ၍ ကောင်းကင်မှာ သန့်စင်သွားမည်ဖြစ်သော်လည်း မြေကြီးအတွက်မူ အမင်္ဂလာကြီးဖြစ်မည်၊ အကြောင်းမှာ စာတန်သည် မြေကြီးကိုအုပ်ချုပ်မည့် မိမိ၏အချိန် တစ်ခဏသာရှိသည်ကိုသိထားသဖြင့် အမျက်ထွက်နေကြောင်း ကျမ်းစာသက္ကရာဇ်စဉ်က ဖော်ပြသည်။ စာတန်သည် အာမဂေဒုန်စစ်ပွဲတွင် လုံးဝကျရှုံးသွားမည့်အချိန်အထိ ဤနောက်ဆုံးကာလအတွင်း ပို၍ဒေါသကြီးလာမည်။—ဗျာ. ၁၆:၁၄၊ ၁၅; ၁၉:၁၁၊ ၁၅; ၂၀:၁-၃

ယင်းကောင်းကင်စစ်ပွဲ၏ရလဒ်ကို ဖော်ပြပြီးသည့်နောက် တမန်တော်ယောဟန်က ဤသို့ကြေညာသည်– ‘ကောင်းကင်ဘုံ၌ကြီးသောအသံကား “ယခုမှာ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းအကြောင်းမှစ၍ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော့်ခရစ်တော်၏ အာဏာတော်စက်ဖြစ်လေပြီ။ အကြောင်းမူကား ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောသူကို အောက်သို့ချလိုက်လေပြီ” ဟုဆိုသည်ကို ငါကြားရ၏။’ (ဗျာ. ၁၂:၁၀သမ္မာ) ခရစ်တော်အုပ်စိုးမည့် ဘုရားသခင့်နိုင်ငံတော်ကို တည်ထောင်ပြီဖြစ်ကြောင်း ယင်းကျမ်းချက်ပါ ကြေညာချက်ကို သင် သတိပြုမိသလော။ မှန်ပါသည်၊ ထိုကောင်းကင်နိုင်ငံတော်ကို ၁၉၁၄ ခုနှစ်တွင် တည်ထောင်ခဲ့၏။ * သို့သော် ဆာလံ ၁၁၀:၂ ကဖော်ပြသည့်အတိုင်း ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ခွင့်အာဏာကို ကောင်းကင်၌ ကျင့်သုံးခဲ့သကဲ့သို့ မြေကြီးပေါ်တွင်လည်း ကျင့်သုံးသွားမည့်အချိန်ထိ “[မိမိ] ရန်သူတို့၏အလယ်၌” အုပ်ချုပ်မည်ဖြစ်သည်။—မဿဲ ၆:၁၀

စိတ်ဝင်စားစရာကား၊ ပရောဖက်ဒံယေလအား ဖြစ်ရပ်များကိုပြောပြသည့် ကောင်းကင်တမန်က ဤသို့လည်း ဖော်ပြခဲ့သည်– ‘သင်ဒံယေလမူကား ဆုံးခန်းချိန်တိုင်အောင် ဤစကားတော်တို့ကိုပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသောသူတို့သည် ထိုစာကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်။’ (ဒံယေလ ၁၂:၄) ယင်းက ယခု ကျွန်ုပ်တို့သည် ‘ဆုံးခန်းချိန်’ တွင် ရောက်ရှိနေကြောင်း ထပ်ဆင့်သက်သေထူသည်။ ယင်းပရောဖက်ပြုချက်များ၏ အဓိပ္ပာယ်နှင့်ဆိုင်သောအသိပညာမှာ ရှင်းလင်းလာပြီဖြစ်ကာ ယခု ယင်းကို ကမ္ဘာတစ်ဝန်းတွင် ကြွေးကြော်လျက်ရှိ၏။ *

မည်သည့်အချိန်တွင် ‘နောက်ဆုံးကာလ’ ကုန်ဆုံးမည်နည်း

သမ္မာကျမ်းစာတွင် နောက်ဆုံးကာလ မည်မျှတာရှည်မည်ကို အတိအကျ မဖော်ပြထားချေ။ သို့သော် နောက်ဆုံးကာလတွင် စာတန်၏အချိန် တိုတောင်းလာသည်နှင့်အမျှ ကမ္ဘာ့အခြေအနေမှာ ပို၍ဆိုးဝါးလာနေသည်။ “ဆိုးညစ်သောသူနှင့် အယောင်ဆောင်သောသူတို့သည် ဆိုးသည်ထက် ဆိုးလာကာ သူတစ်ပါးကိုလှည့်စား၍ သူတို့ကိုယ်တိုင်လည်း လှည့်စားခံနေကြရ၏” ဟု တမန်တော်ပေါလုက ကြိုတင်သတိပေးခဲ့သည်။ (၂ တိမောသေ ၃:၁၃ကဘ) ယေရှုလည်း ဖြစ်ပျက်လာဦးမည့်အရာများအကြောင်းကို ဤသို့ဖော်ပြခဲ့၏– ‘ဘုရားသခင်၏ဖန်ဆင်းခြင်းအစမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း မဖြစ်မည့် ဆင်းရဲခြင်းသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။ ထိုနေ့ရက်ကာလကို ယေဟောဝါဘုရားသခင်သည် တိုစေတော်မမူလျှင် မည်သူမျှ ဘေးလွတ်မည်မဟုတ်။ ရွေးချယ်တော်မူသောသူတို့အတွက် ထိုနေ့ရက်ကာလကို တိုစေတော်မူလိမ့်မည်။’—မာကု ၁၃:၁၉၊ ၂၀ကဘ။

ဖြစ်ပျက်လာဦးမည့်အရာတချို့မှာ အာမဂေဒုန်စစ်ပွဲအပါအဝင် ‘ကြီးစွာသောဆင်းရဲခြင်း’ နှင့် စာတန်နှင့် ၎င်း၏နတ်ဆိုးများအား ကမ္ဘာမြေကြီးကို အနှောင့်အယှက်မပေးနိုင်ရန် ချုပ်နှောင်ခြင်းတို့ဖြစ်သည်။ (မဿဲ ၂၄:၂၁) “မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်” သည် ထိုအရာများဖြစ်လာမည်ဟု ကျွန်ုပ်တို့အား အာမခံသည်။ (တိတု ၁:၁) အာမဂေဒုန်ကျရောက်လာရန်နှင့် စာတန်အား တွင်းနက်ထဲပစ်ချရန် ဘုရားသခင် လုပ်ဆောင်တော်မူမည်ဖြစ်သည်။

ဘုရားသခင်၏လက်ချက်ဖြင့် ဖျက်ဆီးခြင်းမကျရောက်မီ အဘယ်အရာ ဖြစ်ပျက်ရမည်ကို ကျွန်ုပ်တို့အား ပြောပြရန် တမန်တော်ပေါလု လှုံ့ဆော်ခံခဲ့ရသည်။ “ကပ်ကာလအချိန်များ” နှင့်ပတ်သက်၍ သူဤသို့ရေးသားခဲ့၏– “ယေဟောဝါဘုရား၏နေ့ရက်သည် ညအချိန်တွင် သူခိုးလာသကဲ့သို့ပင် ရောက်လာမည်ကို သင်တို့ကိုယ်တိုင် ကောင်းစွာသိကြ၏။ ‘ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ ဟုသူတို့ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာ ရောက်သကဲ့သို့ မမျှော်လင့်သော ဖျက်ဆီးခြင်းဘေးသည် သူတို့အပေါ်သို့ ရုတ်တရက် ကျရောက်သဖြင့် လွတ်မြောက်ခွင့် အလျှင်းမရှိကြရ။” (၁ သက်သာလောနိတ် ၅: ၁- ၃၊ ကဘ) “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟုမှားယွင်းစွာ ပြောဆိုစေသည့်အရာကို မဖော်ပြထားသော်လည်း အချိန်က စကားပြောလာပါလိမ့်မည်။ ရောက်လာတော့မည့် ယေဟောဝါ၏တရားစီရင်ရာနေ့ကို ဟန့်တားနိုင်လိမ့်မည်မဟုတ်။ *

အဆိုပါပရောဖက်ပြုချက်များ မှန်ကန်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချမည်ဆိုလျှင် ယင်းတို့နှင့်ဆိုင်သောအသိပညာက ကျွန်ုပ်တို့အား ပြုမူလုပ်ဆောင်ရန် လှုံ့ဆော်ပေးသင့်သည်။ မည်သည့်နည်းဖြင့်နည်း။ ပေတရုက ဤသို့ဖြေဆိုသည်– ‘ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့် မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။’ (၂ ပေတရု ၃:၁၁၊ ၁၂) သို့သော် ‘အဲဒါက ငါ့အတွက် ဘာအကျိုးရှိလို့လဲ’ ဟု သင်သိလိုပေမည်။ ယင်းမေးခွန်းကို နောက်ဆောင်းပါးတွင် ဖြေဆိုပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 12 ‘နောက်ဆုံးကာလ’ နှင့်ဆိုင်သော ထပ်ဆင့်အထောက်အထားများအတွက် ကျေးဇူးပြု၍ ယေဟောဝါသက်သေများထုတ်ဝေသည့် ၂၀၀၇၊ ဧပြီလ နိုးလော့!၊ စာမျက်နှာ ၈-၁၀ အပြင် ၂၀၀၆၊ စက်တင်ဘာ ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၄-၇ နှင့် ၂၀၀၅၊ အောက်တိုဘာ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၄-၇ တို့ကိုလည်းကြည့်ပါ။

^ အပိုဒ်၊ 18 ကျမ်းစာသက္ကရာဇ်နှင့်စပ်လျဉ်း၍ အသေးစိတ်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသည့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကား အဘယ်နည်း စာအုပ်၏ စာမျက်နှာ ၂၁၅-၁၈ ကိုရှု။

^ အပိုဒ်၊ 19 ယေဟောဝါသက်သေများထုတ်ဝေသည့် ဒံယေလပရောဖက်ပြုချက်ကို ဂရုပြုလော့ စာအုပ်နှင့် ယေဟောဝါသက်သေများ၏ ၂၀၀၈ နှစ်ချုပ်၊ စာမျက်နှာ ၃၁- ၉ ကိုရှု။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“ထိုနေ့ရက်နှင့် အချိန်နာရီကိုကား” ဘုရားသခင်တစ်ပါးတည်းသာ သိတော်မူသည်ဟု ယေရှုမိန့်ဆိုခဲ့

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဆာအိုင်းဇက်နယူတန်

[Credit Line]

© A. H. C./​age fotostock

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုပေးခဲ့သော နိမိတ်သည် ၁၉၁၄ ခုနှစ်ကတည်းက သိသာထင်ရှားလာခဲ့

[Credit Lines]

© Heidi Bradner/​Panos Pictures

© Paul Smith/​Panos Pictures