မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးကာလဟူသည် မည်သည့်အရာကို ဆိုလိုသနည်း

နောက်ဆုံးကာလဟူသည် မည်သည့်အရာကို ဆိုလိုသနည်း

နောက်ဆုံးကာလဟူသည် မည်သည့်အရာကို ဆိုလိုသနည်း

တစ်စုံတစ်ယောက်က “ကျွန်တော်တို့ဟာ နောက်ဆုံးကာလမှာ အသက်ရှင်နေပါတယ်” ဟုဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။

သမ္မာကျမ်းစာတွင် ‘နောက်ဆုံးကာလ’ နှင့် ‘ဆုံးခန်းကာလ’ ဟူသောဝေါဟာရကို ကြာမြင့်စွာကတည်းကပင် ဖော်ပြခဲ့၏။ (၂ တိမောသေ ၃: ၁; ဒံယေလ ၁၂:၄) လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ကျော်က ပရောဖက်ဒံယေလသည် ကမ္ဘာ့အာဏာစက်များနှင့် ‘ဆုံးခန်းကာလ’ တိုင်အောင် ယင်းအာဏာစက်များစပ်ကြား ဖြစ်ပွားမည့် ပဋိပက္ခများနှင့်ဆိုင်သော စိတ်အာရုံများ မြင်တွေ့ ခဲ့ရသည်။ အဆိုပါစိတ်အာရုံများ၏အဓိပ္ပာယ်သည် ဆုံးခန်းကာလ၌ ရှင်းလင်းမည်ဖြစ်ကြောင်း အသိပေးခံရသည်။ (ဒံယေလ ၈:၁၇၊ ၁၉; ၁၁:၃၅၊ ၄၀; ၁၂:၉) ဒံယေလ ဤသို့လည်း ရေးသားခဲ့၏– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၅

“[မိမိ] ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံး၏နိမိတ်” နှင့်ပတ်သက်သော မေးခွန်းတစ်ခုကို ဖြေဆိုရာတွင် “အဆုံး” ကို ယေရှုခရစ် ရည်ညွှန်းခဲ့သည်။ (မဿဲ ၂၄:၃-၄၂ကဘ) ဒံယေလနှင့်ယေရှု နှစ်ဦးစလုံးသည် ကမ္ဘာပေါ် အသက်ရှင်နေထိုင်သူများနှင့် နေထိုင်ခဲ့ကြသူတို့အပေါ် အကျိုးသက်ရောက်မည့် ထူးခြားသောပြောင်းလဲမှုတစ်ခုဖြစ်သည့် နောက်ဆုံးအရာတစ်ခုကို ရည်ညွှန်းနေကြခြင်းဖြစ်သည်။ ဒံယေလက မြေကြီးဆိုင်ရာအုပ်ချုပ်မှုအားလုံး၏ ဆုံးခန်းအကြောင်း ရေးသားခဲ့၏။ ယေရှုသည်လည်း “ဤလောကစနစ်၏နိဂုံး” အကြောင်း မိန့်ဆိုခဲ့၏။

နောက်ဆုံးကာလ၏အဓိပ္ပာယ်ကို သင် စိတ်ဝင်စားသင့်သလော။ စိတ်ဝင်စားသင့်ပါသည်။ လူသားအားလုံး စိတ်ဝင်စားသင့်သည်၊ အကြောင်းမှာ လူတိုင်းပါဝင်ပတ်သက်နေသောကြောင့်ဖြစ်၏။ သို့သော် ယင်းအကြောင်းကို လူအများ စိတ်မဝင်စားကြချေ။ သမ္မာကျမ်းစာက ဤသို့ကြိုပြောခဲ့၏– “နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍ ‘သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက် ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” (၂ ပေတရု ၃:၃၊ ၄) မှန်ပါသည်၊ ယနေ့ အချို့သောသူတို့က အတိတ်ကဖြစ်ခဲ့သောအရာသည် ထပ်ဖြစ်မည်၊ ဘဝသည်လည်း ထိုအတိုင်းပင် အဆုံးမရှိ ဆက်သွားနေမည်ဟု ယူမှတ်ကြ၏။

ကျွန်ုပ်တို့သည် အမှန်တကယ်ပင် သမ္မာကျမ်းစာတွင် ဖော်ပြထားသော နောက်ဆုံးကာလ၌ အသက်ရှင်နေကြကြောင်း အထောက်အထားတစ်စုံတစ်ရာ ရှိပါသလော။ ကြည့်ကြပါစို့။