မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတွေ ဘာကြောင့် ငါ့ကို ယုံကြည်စိတ်ချမှုမရှိတာလဲ

မိဘတွေ ဘာကြောင့် ငါ့ကို ယုံကြည်စိတ်ချမှုမရှိတာလဲ

လူငယ်များအမေး

မိဘတွေ ဘာကြောင့် ငါ့ကို ယုံကြည်စိတ်ချမှုမရှိတာလဲ

“အဖေနဲ့အမေတို့ ကျွန်မကို နည်းနည်းပါးပါး လွတ်လပ်မှုပေးစေချင်တယ်။ ကမ္ဘာပတ်ချင်တယ်လို့ ပြောတာတော့မဟုတ်ပါဘူး။ ဥပမာ၊ အဒေါ်ဆီ သွားလည်ပတ်တာမျိုးပေါ့၊ ကျွန်မများ အိမ်ကိုခွဲသွားလေမလားဆိုပြီး အမေ့ကို တွေးပူမနေစေချင်ဘူး။”—ဆာရာ၊ ၁၈။ *

“သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ကျွန်မအပြင်ထွက်ချင်ပြီဆိုရင် ဘာကြောင့် သမီးကို စိတ်မချဖြစ်နေရတာလဲလို့ အဖေနဲ့အမေကို အမြဲမေးရတယ်။ ‘သမီးကို အမေတို့စိတ်ချပါတယ်။ သမီးသူငယ်ချင်းတွေကိုသာ စိတ်မချတာပါ’ ဆိုပြီးပြောတတ်တယ်။ အဲလိုပြောတဲ့အခါ ကျွန်မ တကယ်စိတ်အနှောင့်အယှက်ဖြစ်တယ်။”—ခရစ္စတင်း၊ ၁၈။

ယုံကြည်စိတ်ချမှုသည် ငွေနှင့် အလွန်တူ၏။ ငွေသည် ရှာရခက်ပြီး သုံးရလွယ်၏၊ ငွေမည်မျှပင်ရှိပါစေ ဘယ်တော့မျှ လောက်ငပုံမရချေ။ “ကျွန်မ အပြင်ထွက်မယ်လုပ်တိုင်း မိဘတွေက ဘယ်သွားမှာလဲ၊ ဘယ်သူနဲ့သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲဆိုတဲ့ မေးခွန်းတွေ တရစပ်မေးတော့တာပဲ။ သူတို့ဟာ ကျွန်မရဲ့မိဘတွေဆိုတာသိပေမဲ့ အဲလိုမေးခွန်းထုတ်တဲ့အခါ ဒေါသထွက်မိတယ်” ဟုအသက် ၁၆ နှစ်အရွယ် အီလျာနာကပြောပြသည်။

မိဘများ သင့်အပေါ် ပို၍ယုံကြည်စိတ်ချမှုရှိနိုင်သည်ဟု တစ်ခါတစ်ရံ သင်ယူဆပါသလော။ ထိုသို့ယူဆသည်ဆိုလျှင် ယင်းနှင့်ပတ်သက်၍ သင် မည်သို့လုပ်ဆောင်နိုင်သနည်း။ ယုံကြည်စိတ်ချမှုသည် အဘယ်ကြောင့် မိဘများနှင့် လူငယ်များစပ်ကြား ဤမျှကိုင်တွယ်ရခက်သည့် ကိစ္စဖြစ်နေရကြောင်းကို ဦးစွာကြည့်ကြစို့။

တိုးများလာသော နာကျင်မှုများ

‘ယောက်ျားသည် ကိုယ့်မိဘကို စွန့်ရလိမ့်မည်’ ဖြစ်ကြောင်း သမ္မာကျမ်းစာက အသိအမှတ်ပြုပါသည်။ (ကမ္ဘာဦး ၂:၂၄) ယင်းသည် အမျိုးသမီးနှင့်လည်း သက်ဆိုင်မှုရှိနိုင်၏။ သင်သည် ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကြီးကောင်ဝင်ချိန်၏ အရေးကြီးသောဦးတည်ချက်မှာ အိမ်ခွဲနေဖို့ အသင့်ဖြစ်နေမည့်အချိန်၊ တစ်အိုးတစ်အိမ်ထူထောင်မည့်အချိန်ဖြစ်သော လူကြီးဘဝအတွက် သင့်ကို ပြင်ဆင်ပေးခြင်းဖြစ်သည်။

သို့သော် လူကြီးဘဝသို့ကူးပြောင်းခြင်းသည် တစ်စုံတစ်ရာသော အသက်အရွယ်သို့ သင်ရောက်ရှိသွားသောအခါတွင် ဖြတ်လျှောက်သွားရုံမျှသာပြုမည့် တံခါးပေါက်နှင့်မတူချေ။ ယင်းသည် ကြီးကောင်ဝင်ချိန်တစ်လျှောက်လုံး တစ်ထစ်ချင်းတက်သွားရမည့် လှေကားတစ်စင်းနှင့် ပို၍တူ၏။ လှေကားပေါ် သင်မည်သည့်အမြင့်ထိ တက်ရောက်သွားသည်နှင့်ပတ်သက်၍ သင်နှင့်မိဘများစပ်ကြား မတူညီသောယူဆချက်များ ရှိပေမည်။ မိမိ၏အပေါင်းအသင်းရွေးချယ်မှုနှင့် ပတ်သက်၍ ယုံကြည်စိတ်ချမခံရဟုခံစားရသည့် မာရီယာက “ကျွန်မအသက် ၂၀ ရှိပြီ၊ ဒီကိစ္စကြီးက ရှိနေတုန်းပဲ။ အခြေအနေဆိုးတစ်ခုကို ရှောင်ကွင်းနိုင်တဲ့အစွမ်းခွန်အား ကျွန်မမှာ ရှိမှာမဟုတ်ဘူးလို့ မိဘတွေက ထင်နေကြတယ်။ အခြေအနေဆိုးတွေကို ကျွန်မ ရှောင်ကွင်းခဲ့ပြီးပြီလို့ သူတို့ကို ကြိုးစားရှင်းပြပေမဲ့ အရာမရောက်ခဲ့ပါဘူး” ဟုဆိုသည်။

မာရီယာပြောသည့်အတိုင်းပင် ယုံကြည်စိတ်ချမှုရရှိရေးသည် လူငယ်များနှင့်မိဘများစပ်ကြား တင်းမာမှုကြီးဖြစ်နိုင်စရာအကြောင်းရှိ၏။ သင့်မိသားစု၌ကော ထိုအတိုင်းပင်ဖြစ်ပါသလော။ ထိုသို့ဖြစ်သည်ဆိုလျှင် သင့်မိဘများထံမှ ယုံကြည်စိတ်ချမှုကို သင်မည်သို့ ပိုမိုရရှိနိုင်သနည်း။ သင်၏ ဉာဏ်ပညာမဲ့သောလုပ်ရပ်တချို့ကြောင့် သူတို့၏ယုံကြည်စိတ်ချမှုကို သင်ဆုံးရှုံးလိုက်ရသည်ဆိုလျှင် ပြန်အဖတ်ဆယ်ရန် သင်အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

ယုံကြည်စိတ်ချရသူဖြစ်ကြောင်း သက်သေပြပါ

“သင်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကိုစစ်ကြောလျက်နေကြလော့” ဟူ၍ ပထမရာစုခရစ်ယာန်များထံ တမန်တော်ပေါလု စာရေးခဲ့၏။ (၂ ကောရိန္သု ၁၃:၅ကဘ) ပေါလုသည် မြီးကောင်ပေါက်အရွယ်လူငယ်များကို အဓိကရည်ညွှန်းနေခြင်းမဟုတ်သည်မှာ မှန်ပါသည်။ သို့သော် မူအရ သက်ဆိုင်၏။ သင်ရရှိသော ယုံကြည်စိတ်ချမှုအတိုင်းအတာသည် ယုံကြည်စိတ်ချရသူဖြစ်ကြောင်း သင် သက်သေထူသည့် အတိုင်းအတာအပေါ် မူတည်ပါသည်။ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ရမည်ဟူ၍ကား မဟုတ်ချေ။ အမှန်မှာ လူတိုင်း မှားတတ်ကြပါသည်။ (ဒေ. ၇:၂၀) သို့သော် သင့်မိဘများထံမှ ယုံကြည်စိတ်ချမှုမရသည့် အကြောင်းရင်းက သင့်ပြောဆိုပြုမူပုံကြောင့်လော။

ဥပမာ၊ ပေါလု ဤသို့ရေးသားခဲ့၏– ‘ငါတို့သည် အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှာ အလိုရှိ၏။’ (ဟေဗြဲ ၁၃:၁၈) ‘ငါ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာ မိဘတွေကို ပြောပြတဲ့အခါ ငါ ဘယ်လောက်ရိုးသားတယ်ဆိုတာ သက်သေပြရဲ့လား’ ဟုသင့်ကိုသင် မေးကြည့်ပါ။ ယင်းနှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကို အထူးဂရုစိုက်ခဲ့ရသည့် လူငယ်တချို့ပြောခဲ့သည့်စကားကို သုံးသပ်ကြည့်ပါလေ။

လိုရီ– “ကျွန်မကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ဆီကို တိတ်တိတ်လေး အီးမေးလ်ပို့ခဲ့တယ်။ မိဘတွေလည်းသိရော ကျွန်မကို တားကြတယ်။ မလုပ်တော့ဘူးလို့ ကတိပေးခဲ့ပေမဲ့ ကျွန်မ ကတိမတည်ခဲ့ဘူး။ အဲဒါကို တစ်နှစ်လောက် ဆက်လုပ်နေခဲ့တယ်။ အဲဒီကောင်လေးဆီ ကျွန်မ အီးမေးလ်ပို့တာကို မိဘတွေ ပြန်သိသွားတော့ ကျွန်မတောင်းပန်လိုက်ပြီး မလုပ်တော့ဘူးလို့ ကတိပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မ ထပ်လုပ်ခဲ့တယ်။ ဒါနဲ့ ကျွန်မကို မိဘတွေ လုံးဝမယုံတော့ဘူး။”

လိုရီ၏မိဘများ သူ့ကို မယုံကြည်တော့သည့်အကြောင်းရင်းနှင့် မိဘများ သူ့ကို ပထမတစ်ကြိမ် ပြောဆိုဆုံးမပြီးနောက် လိုရီအနေနှင့် ယုံကြည်စိတ်ချမှုပိုရရှိရန် မည်သို့ပြုလုပ်နိုင်ကြောင်းကို သင်စဉ်းစားမိပါသလော။ သင်၏အဖြေကို အောက်တွင် ရေးချပါ။

․․․․․

ဘီဗာလီ– “ယောက်ျားလေးတွေနဲ့ပတ်သက်လာရင် ကျွန်မကို မိဘတွေ စိတ်မချခဲ့ပေမဲ့ အခုတော့ ဘာကြောင့်ဆိုတာ ကျွန်မ နားလည်လာပြီ။ ကျွန်မထက် အသက်နှစ်နှစ်ကြီးတဲ့ ကောင်လေးနှစ်ယောက်နဲ့ ကျွန်မ အပျော်ရည်းစားထားခဲ့တယ်။ ပြီးတော့ သူတို့နဲ့ အကြာကြီး ဖုန်းပြောတယ်၊ မိတ်ဆုံပွဲတွေမှာ သူတို့နဲ့ပဲ စကားပြောပြီး တခြားသူတွေနဲ့ကျတော့ မပြောဖြစ်သလောက်ပဲ။ မိဘတွေက ကျွန်မရဲ့ဖုန်းကို တစ်လလောက် သိမ်းလိုက်ပြီး အဲဒီကောင်လေးတွေရှိမယ့် ဘယ်နေရာကိုမှ သွားခွင့်မပြုတော့ဘူး။”

ဘီဗာလီ၏မိဘများသည် သူ့အပေါ် အခိုက်အတန့် မယုံကြည်တော့သည့်အကြောင်းရင်းနှင့် ယုံကြည်မှုပြန်ရရှိရန် အဘယ်အရာကို သူလုပ်ဆောင်နိုင်ကြောင်း သင်စဉ်းစားမိပါသလော။

․․․․․

အန်နက်– “ကျွန်မ အလယ်တန်းတက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်မတို့ မိတ်ဆုံပွဲတစ်ခုကနေ ဘီယာ တစ်ယောက်တစ်ဘူးစီ အိမ်ကိုယူလာကြတယ်။ ကျွန်မတို့ရဲ့မိဘတွေ လက်ခံမှာမဟုတ်ဘူးဆိုတာသိပေမဲ့ ပျော်စရာအနေနဲ့ နောက်မှသောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်မသူငယ်ချင်းရဲ့ဘီယာဘူးကို သူ့အမေတွေ့သွားတယ်။ ကျွန်မမှာလည်းရှိတယ်ဆိုတာ ပေါ်သွားတယ်။ အဆိုးဆုံးက ကျွန်မအမေရဲ့ စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့အကြည့်ကို တွေ့လိုက်ရတာပဲ။”

အန်နက်သည် သင်၏ညီမငယ်ဖြစ်မည်ဆိုလျှင် သင့်မိခင်၏ယုံကြည်စိတ်ချမှုကို သူပြန်လည်ရရှိနိုင်ရန် သင်မည်သို့အကြံပေးမည်နည်း။

․․․․․

ယုံကြည်စိတ်ချမှုကို ပြန်လည်ရရှိခြင်း

အထက်တွင်ဖော်ပြထားသော လူငယ်များကဲ့သို့ပင် သင့်လုပ်ရပ်များကြောင့် မိဘများ၏ယုံကြည်စိတ်ချမှု ဆုံးရှုံးသွားလျှင်ကော အသို့နည်း။ ထိုသို့ဖြစ်နေသည်ဆိုလျှင်ပင် မိဘများ၏ယုံကြည်စိတ်ချမှုကို သင် ပြန်လည်ရရှိနိုင်ပါသည်။ သို့သော် မည်သို့အားဖြင့်နည်း။

သင်သည် တာဝန်သိသိဖြင့် ပြုမူလုပ်ဆောင်သွားသည်နှင့်အမျှ သင့်မိဘများကလည်း သင့်အပေါ် ပို၍ယုံကြည်စိတ်ချလာနိုင်ဖွယ်ရှိမည်။ ဥပမာ၊ ဘဏ်တစ်ခုတွင် အကြွေးတင်နေသော လူတစ်ဦးကို စိတ်ကူးကြည့်လိုက်ပါ။ သူသည် ငွေမှန်မှန်သွင်းပါက ဘဏ်၏ယုံကြည်စိတ်ချမှုကို ရရှိမည်ဖြစ်ပြီး နောင်တွင်လည်း ဘဏ်မှ ငွေချေးခွင့် ပိုရရှိပေမည်။ အိမ်၌လည်း အလားတူပင်။ သင်သည် အသေးအမွှားကိစ္စများ၌ပင် ယုံကြည်စိတ်ချရသူဖြစ်ကြောင်း သက်သေပြလျှင် နောင်တွင် သင့်မိဘများထံမှ ယုံကြည်စိတ်ချမှုကို ပိုရရှိနိုင်ဖွယ်ရှိမည်။

ယင်းအဖြစ်မှန်ကို အန်နက် တဖြည်းဖြည်း သိမြင်နားလည်လာခဲ့သည်။ “ငယ်တဲ့အချိန်မှာ ယုံကြည်စိတ်ချခံရတဲ့ အရေးပါမှုကို သင် အပြည့်အဝ နားလည်မှာမဟုတ်ဘူး။ အခု ကျွန်မ တာဝန်ပိုသိတတ်လာပြီး မိဘတွေရဲ့ ယုံကြည်စိတ်ချမှုကို ထိန်းသိမ်းထားနိုင်မယ့်နည်းနဲ့ မဖြစ်မနေ ပြုမူလုပ်ဆောင်ဖို့ ကြိုးစားတယ်” ဟုသူကဆိုသည်။ ယင်းမှ သင် အဘယ်သင်ခန်းစာယူသင့်သနည်း။ သင့်အပေါ် မိဘများ အယုံအကြည်မရှိမှုကို ပြစ်တင်ညည်းတွားနေမည့်အစား ယုံကြည်စိတ်ချရသည့်အပြုအမူဖြင့် လုပ်ပြသွားဖို့ အာရုံစိုက်ပါ။

ဥပမာ၊ သင်သည် အောက်တွင်ဖော်ပြထားသည့် ကဏ္ဍများ၌ စိတ်ချရပါသလော။ သင်လုပ်ဆောင်ဖို့လိုသောအချက်များ၏ ဘေးရှိ လေးထောင့်ကွက်များတွင် အမှတ်အသားပြုပါ။

□ သတ်မှတ်ထားသောအချိန်တွင် အိမ်သို့ပြန်ရောက်ခြင်း

□ အချိန်မှန်ခြင်း

□ အိမ်မှုကိစ္စများကို ပြီးစီးအောင်လုပ်ခြင်း

□ မိမိအခန်းကို သန့်ရှင်းစွာထားခြင်း

□ ဖုန်းအသုံးပြုခြင်း

□ ကတိတည်ခြင်း

□ ငွေကို ပညာရှိရှိသုံးစွဲခြင်း

□ မိမိဘာသာ အိပ်ရာမှ အချိန်မှန်ထခြင်း

□ စကားကို အမှန်အတိုင်းပြောခြင်း

□ အမှားကိုဝန်ခံ၍ တောင်းပန်ခြင်း

□ အခြား

သင် စစ်ဆေးတွေ့ရှိထားသော ကဏ္ဍများတွင် ယုံကြည်စိတ်ချရသူဖြစ်ကြောင်း သက်သေထူရန် သန္နိဋ္ဌာန်ချထားလျှင် မကောင်းပေလော။ ဤကျမ်းစာတိုက်တွန်းချက်ကို လိုက်နာပါလေ– ‘ဘဝလမ်းစဉ်ဟောင်းက ပင်ကိုစရိုက်ဟောင်းကို ချွတ်ပယ်လော့။’ (ဧဖက် ၄:၂၂ကဘ) ‘သင်တို့စကားမှာ ဟုတ်သည်ကိုအဟုတ် ဖြစ်စေကြလော့။’ (ယာကုပ် ၅:၁၂) “သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။” (ဧဖက် ၄:၂၅ကဘ) “သားသမီးဖြစ်သူတို့၊ အရာရာ၌ မိဘတို့ကို နာခံကြလော့။” (ကောလောသဲ ၃:၂၀ကဘ) အချိန်တန်သော် သင်၏တိုးတက်မှုသည် သင့်မိဘများအပါအဝင် အခြားသူများရှေ့တွင် သိသာထင်ရှားလာပါလိမ့်မည်။—၁ တိမောသေ ၄:၁၅

သို့သော် သင်သည် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း သင့်မိဘများက သင်ရထိုက်သော ယုံကြည်စိတ်ချမှု မပေးဘဲနေလျှင်ကော အသို့နည်း။ ယင်းကိစ္စကို သူတို့နှင့်ပြောဆိုဆွေးနွေးပါလေ။ သူတို့ ပို၍ယုံကြည်စိတ်ချဖို့လိုသည်ဟု ညည်းတွားမြည်တမ်းမည့်အစား သူတို့၏ယုံကြည်စိတ်ချမှုကို ရရှိအောင် သင် အဘယ်အရာပြုလုပ်ဖို့လိုအပ်သည်ဟု သူတို့ယူဆကြောင်း ရိုသေလေးစားစွာ မေးကြည့်ပါ။ ယင်းနှင့်စပ်လျဉ်း၍ သင်၏ပန်းတိုင်များကို နားလည်လွယ်အောင် ရှင်းပြပါလေ။

မိဘများသည် ချက်ချင်း အလျှော့ပေးလိုက်လျောမည်ဟု မမျှော်လင့်ပါနှင့်။ သင် ကတိတည်မတည်ဆိုသည်ကို သူတို့ဘက်ကလည်း အသေအချာသိလိုမည်။ ယင်းကို အခွင့်အရေးတစ်ရပ်အနေနှင့် အသုံးချကာ သင်သည် ယုံကြည်စိတ်ချရသူဖြစ်ကြောင်း သက်သေထူပါလေ။ အချိန်တန်သော် သင့်မိဘများသည် သင့်အပေါ် ပို၍ယုံကြည်စိတ်ချလာပေမည်။ အစောပိုင်းက ဖော်ပြခဲ့သည့် ဘီဗာလီလည်း ထပ်တူပင်ဖြစ်ခဲ့၏။ သူက “ယုံကြည်စိတ်ချမှုရဖို့က ဆုံးရှုံးသွားတာထက် ပိုပြီးခက်တယ်။ အခု ကျွန်မ ယုံကြည်စိတ်ချမှုရရှိသွားတဲ့အတွက် ပျော်တယ်” ဟုဆိုလေသည်။

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် အမည်များကို ပြောင်းထားပါသည်။

ချင့်တွေးစရာ

▪ သင်သည် ယုံကြည်စိတ်ချရသူဖြစ်ကြောင်း သက်သေထူရန် ကြိုးစားသည့်တိုင် သင့်မိဘများက သင့်အပေါ် ယုံကြည်စိတ်ချဖို့ အဘယ်ကြောင့် တွန့်ဆုတ်ကောင်း တွန့်ဆုတ်နိုင်သနည်း။

▪ သင်သည် ယုံကြည်စိတ်ချမှုပိုရရှိလိုလျှင် သင့်မိဘများနှင့် ပြောဆိုဆက်သွယ်ဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

ယုံကြည်စိတ်ချရသူဖြစ်ကြောင်း အပြုအမူဖြင့်ပြသရန် အာရုံစိုက်ပါ

[စာမျက်နှာ ၂၁ ပါ ပုံကြမ်း]

ယုံကြည်စိတ်ချရသော လူကြီးတစ်ဦးအဖြစ်သို့ ကူးပြောင်းခြင်းသည် ကြီးကောင်ဝင်နေစဉ်အတွင်း တစ်ထစ်ချင်း တက်ရသော လှေကားတစ်စင်းနှင့်တူ

[ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

လူကြီးဘဝ

မြီးကောင်ပေါက်အရွယ်

ကလေးဘဝ