မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ထံမှ ဘုရားသခင် အဘယ်အရာ မျှော်လင့်သနည်း

သင့်ထံမှ ဘုရားသခင် အဘယ်အရာ မျှော်လင့်သနည်း

သမ္မာကျမ်းစာရှုထောင့်

သင့်ထံမှ ဘုရားသခင် အဘယ်အရာ မျှော်လင့်သနည်း

ကျွန်ုပ်တို့၏ ဗျာများသော ဘဝအသက်တာတွင် တောင်းဆိုရာများက အပြည့်ပင်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏တာဝန်အားလုံးကို ကျေပွန်ရန် အကြီးအကျယ်အားထုတ်ဖို့လိုပေမည်။ သို့သော် အသက်ကိုယ်နှိုက်က ဘုရားသခင်ထံမှ ကျွန်ုပ်တို့ရရှိထားသည့် ဆုလက်ဆောင်တစ်ခုဖြစ်ကြောင်း စွဲမှတ်ထားဖို့လိုသည်။ (ဆာလံ ၃၆:၉) ကိုယ်တော်အား ကျွန်ုပ်တို့၏အချိန်နှင့်ခွန်အား မည်မျှပေးဆက်ရန် ဘုရားသခင် မျှော်လင့်တော်မူသနည်း။ သမ္မာကျမ်းစာတွင် ကျိုးကြောင်းညီညွတ်စွာ ဖြေဆိုပေးထားခြင်းက အားရှိစရာပင်။

မိမိ၏ခမည်းတော်သည် လူသားများထံမှ အဘယ်အရာမျှော်လင့်ကြောင်းကို အခြားမည်သူထက်မဆို ယေရှုပို၍သိရှိခဲ့သည်။ (မဿဲ ၁၁:၂၇) အကြီးမြတ်ဆုံးပညတ်ကို ခွဲခြားဖော်ပြရန် တောင်းဆိုခံရသောအခါ ယေရှု ဤသို့မိန့်ဆိုခဲ့သည်– ‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ (မာကု ၁၂:၃၀ကဘ) ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် တရားလွန်တောင်းဆိုနေခြင်းလော။

ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းတွင် ပါဝင်သောအရာ

ကျွန်ုပ်တို့အပေါ်ထားရှိသော ဘုရားသခင်၏ အကန့်အသတ်မဲ့သည့် ကောင်းမြတ်မှုကို ကျွန်ုပ်တို့ တွေးတောဆင်ခြင်လျှင် ကိုယ်တော်အား ကျွန်ုပ်တို့ ပို၍ချစ်လာနိုင်ပါသည်။ ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ ချစ်မည်ဆိုလျှင် ကျွန်ုပ်တို့တွင်ရှိထားသည့် အကောင်းဆုံးအရာကို ဘုရားသခင်အား ပေးဆက်ရန် လှုံ့ဆော်ခံရပါလိမ့်မည်။ ‘ငါ၌ ယေဟောဝါပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း’ ဟုမေးခဲ့သည့် ကျမ်းရေးသူတစ်ဦးကဲ့သို့ ကျွန်ုပ်တို့ခံစားရပါလိမ့်မည်။ (ဆာလံ ၁၁၆:၁၂) ဘုရားသခင်အား ထိုသို့ချစ်သည့်မေတ္တာက ကျွန်ုပ်တို့၏အချိန်အသုံးပြုပုံအပေါ် မည်သို့အကျိုးသက်ရောက်စေသနည်း။

အပတ်စဉ်ဝတ်ပြုရေးအတွက် အချိန်မည်မျှဖယ်ထားရမည်ဟု သမ္မာကျမ်းစာတွင် သတ်သတ်မှတ်မှတ် မဖော်ပြထားချေ။ သို့သော် ဘဝတွင် ဦးစားထားသင့်သော လုပ်ငန်းဆောင်တာများကို ခွဲခြားဖော်ပြ၍ အဘယ်ကြောင့် ဦးစားထားသင့်ကြောင်းကို ရှင်းပြထားပါသည်။ ဥပမာ၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကိုဆည်းပူးခြင်းသည် “ထာဝရအသက်” သို့ပို့ဆောင်သော အရေးကြီးသည့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ယေရှုသွန်သင်ခဲ့၏။ (ယောဟန် ၁၇:၃ကဘ) မိမိ၏နောက်လိုက်များသည် ဘုရားသခင်အား မသိသေးသောသူတို့ကို ဘုရားသခင်နှင့်ဆိုင်သည့်အသိပညာ ဝေမျှခြင်းဖြင့် အသက်ရရှိစေရန် ကူညီပေးသင့်ကြောင်းလည်း ကိုယ်တော်မိန့်ဆိုခဲ့၏။ (မဿဲ ၂၈:၁၉၊ ၂၀) ဝိညာဉ်ခွန်အားရရှိရန်နှင့် အပြန်အလှန်အားပေးကြရန် ယုံကြည်သူချင်းများနှင့် မှန်မှန်တွေ့ဆုံကြဖို့ ကျမ်းစာက ညွှန်ကြားထား၏။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယင်းတို့အားလုံးကို လုပ်ဆောင်ရန် အချိန်ယူရမည်ဖြစ်သည်။

ဝတ်ပြုရေးမှလွဲ၍ ကျွန်ုပ်တို့၏ဘဝလုပ်ငန်းဆောင်တာအားလုံးကို ဖယ်ရှားကာ တစ်ယူသန်ဆန်ဆန် အသက်ရှင်ရန် ဘုရားသခင် မျှော်လင့်တော်မူသလော။ မမျှော်လင့်ပေ။ နေ့စဉ်ဘဝအသက်တာ၏ အဓိကကျသောကိစ္စရပ်များကိုလည်း အရေးစိုက်ရန်လိုပေသည်။ သမ္မာကျမ်းစာသည် အိမ်ထောင်ဦးစီးများအား မိသားစု၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် ဤသို့ညွှန်ကြားထား၏– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား . . . မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။”—၁ တိမောသေ ၅:၈

ဘုရားသခင်သည် လူကို ဘဝတွင်ပျော်မွေ့နိုင်သောအစွမ်းဖြင့် ဖန်ဆင်းထားတော်မူ၏။ ထို့ကြောင့် မိမိတို့၏မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများကို အချိန်ပေးခြင်း၊ စားကောင်းသောက်ဖွယ်များ စားသောက်ခြင်း၊ အကျိုးရှိရှိ အနားယူအပန်းဖြေခြင်းက သင့်လျော်ပါသည်။ ဘုရင်ရှောလမုန်က ဤသို့ရေးသားခဲ့၏– “လူသည် အသက်ရှင်စဉ်တွင် ရွှင်လန်းခြင်း၊ ပျော်မွေ့ ခြင်းထက် မိမိအဖို့သာ၍ကောင်းသော အမှုအရာမရှိကြောင်းကို ငါသိမြင်၏။ လူတိုင်းစားသောက်ခြင်း၊ မိမိပင်ပန်းစွာ လုပ်ကိုင်သမျှသောအမှု၌ ပျော်မွေ့ ခြင်းများသည် မုချအားဖြင့် ဘုရားသခင်၏ဆုကျေးဇူးတော်ဖြစ်၏။”—ဒေ. ၃:၁၂၊ ၁၃သမ္မာ။

ထို့ပြင် ယေဟောဝါဘုရားသခင်သည် လူသားတို့တွင် ကန့်သတ်ချက်များရှိကြောင်း သိနားလည်တော်မူပြီး ကျွန်ုပ်တို့သည် “မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ဆာလံ ၁၀၃:၁၄) ကျွန်ုပ်တို့သည် လုံလောက်စွာအနားယူဖို့ လိုအပ်ကြောင်း သမ္မာကျမ်းစာက အသိအမှတ်ပြုသည်။ အချိန်အတန်ကြာ အလုပ်များနေပြီးနောက် ယေရှုသည် မိမိတပည့်များအား “လူသူကင်းမဲ့ရာအရပ်သို့” သွား၍ “ခဏနားကြ” ရန် ခေါ်ဖိတ်ခဲ့သည်။—မာကု ၆:၃၁ကဘ။

ထို့ကြောင့် ဘုရားသခင်၏စိတ်တော်နှင့်တွေ့သော ဘဝအသက်တာသည် ဟန်ချက်ညီပြီး လုပ်ဆောင်မှုများစွာ ပါဝင်နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့လုပ်ဆောင်လေသမျှသည် ဝတ်ပြုရေးနှင့် တိုက်ရိုက်ပတ်သက်နေသည်ဖြစ်စေ၊ မပတ်သက်သည်ဖြစ်စေ ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ချစ်သည့် ကျွန်ုပ်တို့၏မေတ္တာ ထင်ဟပ်နေသင့်သည်။ “စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်းတော်အတွက် အရာခပ်သိမ်းကို ပြုကြ” ရန်သမ္မာကျမ်းစာက ဆုံးမထားသည်။—၁ ကောရိန္သု ၁၀:၃၁ကဘ။

ဦးစားပေးရမည့်အရာများကို အောင်မြင်စွာ သတ်မှတ်ခြင်း

ဘဝတွင် ဘုရားသခင်နှင့်ဆိုင်သော ဝတ်ပြုရေးကို ဦးစားထားခြင်းက လက်တွေ့ကျပုံမပေါ် သို့မဟုတ် သင်တတ်နိုင်ရာထက် ကျော်လွန်နေပုံပေါက်သလော။ ဘုရားသခင်မျှော်လင့်တော်မူသောအရာကို ကိုယ်တော်အား ပေးဆက်ရာတွင် ကျွန်ုပ်တို့၏အချိန်အသုံးပြုပုံကို ပြုပြင်ပြောင်းလဲရန်၊ ကိုယ်ကျိုးစွန့်မှုများပင်ပြုလုပ်ရန် အမှန်ပင် လိုကောင်းလိုပေမည်။ သို့သော် ကျွန်ုပ်တို့၏ မေတ္တာပြည့်ဝသော ဖန်ဆင်းရှင်သည် မဖြစ်နိုင်ရာကို ပြုလုပ်ရန် ကျွန်ုပ်တို့ထံမှ တောင်းဆိုတော်မမူချေ။ အမှန်မှာ ကိုယ်တော်၏အလိုတော်ဆောင်ရန် ကျွန်ုပ်တို့အား အကူအညီများစွာ ပေးထားတော်မူ၏။ “ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိ” ကို ကျွန်ုပ်တို့မှီခိုအားထားမည်ဆိုလျှင် အောင်မြင်မှုရရှိနိုင်ပါသည်။—၁ ပေတရု ၄:၁၁

သင်၏အချိန်ဇယားတွင် ဝိညာဉ်ရေးလုပ်ဆောင်မှုများကို ထည့်သွင်းရန် ချိန်ညှိသည့်အခါ စိတ်ဖိစီးမှုအတော်အတန် ခံစားရပေမည်။ ‘ဆုတောင်းစကားကို နားထောင်တော်မူသောအရှင်၊’ ယေဟောဝါဘုရားသခင်နှင့် မကြာခဏ စကားပြောဆိုရန် အချိန်ယူပါ။ (ဆာလံ ၆၅:၂) သင့်ကို ကိုယ်တော် “သတိနှင့်ကြည့်ရှု” နေတော်မူကြောင်း သိထားကာ ဆုတောင်းချက်ထဲတွင် သင်ခံစားရသော မည်သည့်စိုးရိမ်ပူပန်မှုကိုမဆို ထည့်သွင်းဖော်ပြနိုင်သည်။ (၁ ပေတရု ၅:၇) “အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏” ဟုဘုရင်ဒါဝိဒ် ဆုတောင်းခဲ့သည်။ (ဆာလံ ၁၄၃:၁၀) အလားတူ၊ သင်လည်း သင့်အသက်တာတွင် လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ရန် အကူအညီရဖို့ ဘုရားသခင်အား တောင်းလျှောက်နိုင်ပါသည်။

သမ္မာကျမ်းစာထဲတွင် နွေးထွေးသော ဤဖိတ်ခေါ်ချက်ပါရှိ၏– “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ် ၄:၈) ကျမ်းစာလေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းအစရှိသည့် ဘုရားသခင်နှစ်သက်သော လုပ်ဆောင်မှုများတွင် သင်စတင်ပါဝင်လာသည်နှင့်အမျှ သင်သည် ဘုရားသခင်နှင့် ပိုမိုရင်းနှီးလာပါလိမ့်မည်။ တစ်ဖန် ကိုယ်တော်သည် သင့်ကို ထပ်ဆင့်တိုးတက်ရန် ခွန်အားရှိစေပါလိမ့်မည်။

ဦးစားထားရာများကို ပြုပြင်ပြောင်းလဲရန် အားထုတ်မှုများနှင့်စပ်လျဉ်း၍ ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသည့် ဂျလင်းနာက “အဲလိုလုပ်ဖို့ ကျွန်မအတွက် မလွယ်ကူခဲ့ဘူး” ဟုဆိုသည်။ သို့သော် “ခရစ်ယာန်အစည်းအဝေးတွေကို ကျွန်မစတက်လိုက်တာနဲ့ သမ္မာကျမ်းစာပြောဆိုရာကို လိုက်လျှောက်ဖို့ ခွန်အားရရှိခဲ့တယ်။ တခြားသူတွေဆီကနေလည်း အကူအညီတွေ အမြဲရရှိခဲ့တယ်” ဟုသူကထပ်၍ဆိုသည်။ ဘုရားသခင်၏အမှုတော်ဆောင်ခြင်းမှရရှိသော အကျိုးကျေးဇူးများကို ခံစားရခြင်းက ထပ်ဆင့်လှုံ့ဆော်မှုဖြစ်စေပါသည်။ (ဧဖက် ၆:၁၀) ဂျလင်းနာက “ကျွန်မခင်ပွန်းသည်နဲ့ ဆက်ဆံရေးကောင်းလာပြီး ကျွန်မရဲ့ကလေးတွေကိုလည်း ကောင်းကောင်းပဲ့ပြင်ဆုံးမနိုင်ခဲ့တယ်” ဟုပြောပြသည်။

လက်ရှိဘဝအသက်တာတွင် ဖိစီးမှုများရှိနေသော်လည်း ယေဟောဝါ၏ တန်ခိုးပါသည့် သန့်ရှင်းသောဝိညာဉ်တော်က ဘဝ၏ဦးစားထားရာများကို ပြန်လည်သုံးသပ်ရန်နှင့် ဘုရားသခင့်အမှုတော်ဆောင်ဖို့ “အချိန်ကိုဝယ်ယူ” ရန် သင့်ကို ခွန်အားပေး၍ လှုံ့ဆော်ပေးနိုင်ပါသည်။ (ဧဖက် ၃:၁၆; ၅:၁၅-၁၇ကဘ) “လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်” ဟုယေရှုမိန့်ဆိုခဲ့၏။—လုကာ ၁၈:၂၇ကဘ။

သင်စဉ်းစားဖူးသလော

▪ သင့်အသက်တာတွင် ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို အဘယ်ကြောင့် ပထမနေရာတွင် ထားသင့်သနည်း။—ဆာလံ ၁၁၆:၁၂; မာကု ၁၂:၃၀

▪ အဘယ်လုပ်ဆောင်မှုများတွင်ပါဝင်ရန် ဘုရားသခင်မျှော်လင့်တော်မူသနည်း။—မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၁၇:၃; ဟေဗြဲ ၁၀:၂၄၊ ၂၅

▪ ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန် ဦးစားထားရာများကို သင်မည်သို့ အောင်မြင်စွာ ချိန်ညှိနိုင်သနည်း။—ဧဖက် ၅:၁၅-၁၇; ယာကုပ် ၄:၈

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင့်စိတ်တော်နှင့်တွေ့စေရန် ဟန်ချက်ညီဖို့လို