မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့ဘဝကို အဆုံးစီရင်လိုက်ရင် ကောင်းမလား

ငါ့ဘဝကို အဆုံးစီရင်လိုက်ရင် ကောင်းမလား

လူငယ်များအမေး

ငါ့ဘဝကို အဆုံးစီရင်လိုက်ရင် ကောင်းမလား

နှစ်စဉ် သန်းနှင့်ချီသော လူငယ်များသည် မိမိတို့၏ဘဝကို အဆုံးသတ်ရန် ကြိုးစားခဲ့ကြသည်။ ထောင်ပေါင်းများစွာမှာ အောင်မြင်သွားကြ၏။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားကြသော လူငယ်များ ဤမျှများပြားလာသည့်အတွက် ယင်းအကြောင်းအရာကို ဆွေးနွေးဖို့အရေးကြီးသည်ဟု “နိုးလော့!” ထုတ်ဝေသူများက ယူဆပါသည်။

“အကျွန်ုပ်အား သေရသောအခွင့်ကို ပေးတော်မူပါ။ အကျွန်ုပ်အတွက် အသက်ရှင်ရခြင်းထက် သေရခြင်းက သာ၍ကောင်းပါ၏။” အဆိုပါစကားများကို မည်သူပြောခဲ့သနည်း။ ဘုရားသခင်အား မယုံကြည်သူတစ်ဦးက ပြောခဲ့ခြင်းလော။ ဘုရားသခင်အား စွန့်ခွာခဲ့သူတစ်ဦးကလော။ ဘုရားသခင်၏စွန့်ပစ်ခြင်းကို ခံခဲ့ရသူတစ်ဦးကလော။ ၎င်းတို့တစ်ဦးမျှမဟုတ်ချေ။ ယင်းသို့ပြောခဲ့သူတစ်ဦးမှာ ဘုရားသခင်အား ယုံကြည်သော်လည်း အကြီးအကျယ် စိတ်ရှုပ်ထွေးနေသည့် ယောနဖြစ်သည်။ * (ယောန ၄:၃ခမ) ယောနသည် မိမိဘဝကို အဆုံးစီရင်တော့မည်ဟု သမ္မာကျမ်းစာက မဆိုချေ။ သို့သော် စိတ်ပျက်လက်ပျက်နှင့် သူအသနားခံခြင်းက ဘုရားသခင့်ကျေးကျွန်တစ်ဦးပင် တစ်ခါတစ်ရံ စိတ်သောကရောက်နိုင်သည်ဟူသော အရေးကြီးသည့်အချက်ကို ဖော်ပြ၏။—ဆာလံ ၃၄:၁၉

လူငယ်တချို့သည် အကြီးအကျယ် စိတ်ပျက်လက်ပျက်ဖြစ်ကာ မိမိတို့အသက်ဆက်ရှင်စရာအကြောင်းမရှိတော့ဟူ၍ ရှုမြင်ကြသည်။ “နှစ်ပေါင်းများစွာ ကျွန်မ စိတ်ဓာတ်ကျခဲ့ရတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ မကြာခဏ တွေးမိတယ်” ဟူ၍ပြောဆိုခဲ့သည့် အသက် ၁၆ နှစ်အရွယ် လော်ရာ *ကဲ့သို့ သူတို့ခံစားရပေမည်။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုကြောင်း ဖော်ပြခဲ့သူတစ်ဦးကို သင်သိရှိမည်ဆိုလျှင် သို့မဟုတ် အသင်ကိုယ်တိုင် ထိုသို့ဆုံးဖြတ်ခဲ့သည်ဆိုလျှင် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ ဦးဆုံးအနေနှင့် ယင်းသို့သောအတွေးမျိုး ဖြစ်ပေါ်လာနိုင်သည့်အကြောင်းရင်းကို ထပ်ဆင့်ဆန်းစစ်ကြည့်ကြပါစို့။

မျှော်လင့်ချက်မဲ့ရသည့်အကြောင်းရင်း

လူတစ်ဦးသည် အဘယ်ကြောင့် မိမိ၏အသက်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်ရသနည်း။ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့သည် “ခက်ခဲကျပ်တည်းသောကာလ” တွင် အသက်ရှင်နေထိုင်ရပြီး ဘဝ၏ဖိအားပေးမှုနှင့် ဖိစီးမှုများကြောင့် လူငယ်များစွာမှာ အလွန်စိတ်ထိခိုက်လွယ်တတ်ကြသည်။ (၂ တိမောသေ ၃:၁ကဘ) ထို့အပြင် လူ့မစုံလင်မှုကလည်း မိမိကိုယ်ကိုနှင့် မိမိ၏ဘဝအခြေအနေအပေါ် အပျက်သဘောဝင်စေနိုင်ပါသည်။ (ရောမ ၇:၂၂-၂၄) တစ်ခါတစ်ရံ မညှာမတာဆက်ဆံခံရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အချို့သောကိစ္စရပ်များတွင်မူ ဆေးဘက်ဆိုင်ရာပြဿနာကြောင့်ဖြစ်ပေမည်။ နိုင်ငံတစ်နိုင်ငံတွင် မိမိတို့၏ဘဝကို အဆုံးစီရင်ခဲ့ကြသူ ၉၀ ရာခိုင်နှုန်းကျော်သည် စိတ်ဝေဒနာတစ်မျိုးမျိုးကို ခံစားနေရသည်ဟု ခန့်မှန်းခဲ့ခြင်းက မှတ်သားဖွယ်ရာပင်။ *

မည်သူမျှ ဆင်းရဲခက်ခဲမှုနှင့်မလွတ်ကင်းကြချေ။ အမှန်မှာ “ဖန်ဆင်းခံအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်” ဟုသမ္မာကျမ်းစာကဆို၏။ (ရောမ ၈:၂၂ကဘ) ယင်းတွင် လူငယ်များလည်း အပါအဝင်ဖြစ်သည်။ အမှန်ဆိုရလျှင် အောက်ပါကဲ့သို့သော အဖြစ်ဆိုးများက လူငယ်များကို အကြီးအကျယ် ထိခိုက်နိုင်ပါသည်။

▪ ဆွေမျိုး၊ မိတ်ဆွေ သို့မဟုတ် အိမ်မွေးတိရစ္ဆာန် သေဆုံးခြင်း

▪ မိသားစုအတွင်း အငြင်းပွားခြင်း

▪ စာမေးပွဲကျရှုံးခြင်း

▪ အချစ်ရေးတွင် မအောင်မြင်ခြင်း

▪ မတရားဆက်ဆံခံရခြင်း (ကိုယ်ကာယပိုင်းဆိုင်ရာ သို့မဟုတ် လိင်ဆိုင်ရာ မတော်မတရားပြုခြင်းအပါအဝင်)

အထက်ဖော်ပြပါ အခြေအနေတစ်ခု သို့မဟုတ် ထိုထက်မကသော အခြေအနေများကို လူငယ်အားလုံးနီးပါး အနှေးနှင့်အမြန် ရင်ဆိုင်ရသည်မှာ မှန်ပါသည်။ လူငယ်တချို့သည် ယင်းအခြေအနေများကို အခြားသူများထက် အဘယ်ကြောင့် ပို၍ကိုင်တွယ်ဖြေရှင်းနိုင်ကြသနည်း။ ဘဝကို လက်မြှောက်အရှုံးပေးလိုသော လူငယ်များသည် မည်သူမျှ သူတို့ကို မကူညီနိုင်၊ သူတို့၏ပြဿနာများအတွက် ဖြေရှင်းနည်းမရှိဟု ခံစားရကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။ တစ်နည်းအားဖြင့် မိမိတို့၏အခြေအနေကို တိုးတက်စေရန် မိမိတို့လုပ်ဆောင်နိုင်သည့်အရာမရှိ၊ ရလဒ်ကောင်းအတွက် ဘာအခွင့်အလမ်းမှမမြင်ဟု ထိုသို့သော လူငယ်များက ယူမှတ်ကြသည်။ “တကယ်တော့ အဲလိုလူငယ်တွေဟာ မသေချင်ကြပါဘူး။ နာကျင်မှုကိုပဲ ရပ်တန့်သွားစေချင်ကြတာပါ” ဟုဒေါက်တာ ကက်လင်းမက်ကွိုင်းက နိုးလော့! ကို ပြောပြခဲ့သည်။

လွတ်လမ်းရှိပါသလော

‘နာကျင်မှုကို ရပ်တန့်သွားစေ’ လိုသူ၊ မိမိဘဝကိုအဆုံးစီရင်လိုသည့်ဆန္ဒ အလွန်ပြင်းပြခဲ့သူတစ်ဦးကို သင်သိရှိထားပေမည်။ သို့ဆိုလျှင် သင် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

မိတ်ဆွေတစ်ဦးသည် အဆုံးစီရင်လိုသည်အထိ စိတ်နာကျင်ထိခိုက်နေပါက ထိုသူအား အကူအညီရယူရန် အားပေးတိုက်တွန်းပါ။ ထို့နောက် ထိုသူသည် သင့်အား ၎င်း၏ခံစားချက်ကို မပြောပြလိုလျှင်ပင် ၎င်းထိုသို့ခံစားနေရကြောင်းကို တာဝန်ရှိလူကြီးတစ်ဦးအား အသိပေးသင့်သည်။ ယင်းကြောင့် မိတ်ပျက်သွားမည်ကို မစိုးရိမ်ပါနှင့်။ ယင်းကိစ္စကိုအသိပေးလိုက်ခြင်းဖြင့် သင်သည် “ဒုက္ခဆင်းရဲခြင်းကာလအဖို့ မွေးဖွားသော” စစ်မှန်သည့် “မိတ်ဆွေ” တစ်ဦးဖြစ်ကြောင်း ဖော်ပြရာရောက်သည်။ (သု. ၁၇:၁၇) သင်သည် ထိုသူ၏အသက်ကိုပင် ကယ်တင်နိုင်ပေမည်။

သို့သော် အသင်ကိုယ်တိုင် အဆုံးစီရင်လိုသည့်အတွေးများ ရှိခဲ့လျှင်ကော အသို့နည်း။ “အကူအညီရှာပါ။ သင် မည်သို့ခံစားနေရကြောင်းကို တစ်ဦးတစ်ယောက်အား ပြောပြပါ၊ ဂရုစိုက်တတ်၍ သင့်ကို အလေးအနက်ထားကာ နားထောင်ပေးတတ်သူ မိဘတစ်ဦး၊ ဆွေမျိုးတစ်ဦး၊ မိတ်ဆွေတစ်ဦး၊ ဆရာတစ်ဦး၊ အမှုတော်ဆောင်တစ်ဦးနှင့် သင့်ဘဝတွင် အခြားအရေးပါသောပုဂ္ဂိုလ်များကို ပြောပြပါ” ဟုဒေါက်တာ မက်ကွိုင်းကတိုက်တွန်းသည်။

သင့်အခက်အခဲများကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် အရှုံးမရှိသည့်အပြင် အကူအညီပင် ရရှိပေလိမ့်မည်။ ကျမ်းစာပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ မိမိ၏အသက်တာ အချိန်ပိုင်းတစ်ခုတွင် ဖြောင့်မတ်သူ ယောဘက “ငါသည် ကိုယ်တိုင်အသက်ရှင်ခြင်းကို ရွံရှာ၏” ဟူ၍ပြောဆိုခဲ့သည်။ သို့သော် သူက “ညည်းတွားခြင်းကို မချုပ်တည်းဘဲပြုမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရမည်” ဟုထပ်၍ဆိုခဲ့၏။ (ယောဘ ၁၀:၁သမ္မာ) ယောဘသည် စိတ်ဆင်းရဲခဲ့ရပြီး မိမိ၏နာကျင်မှုကို ပြောပြဖို့လိုအပ်ခဲ့သည်။ သင်လည်း ရင့်ကျက်သည့် မိတ်ဆွေတစ်ဦးထံ ရင်ဖွင့်ပြောဆိုခြင်းဖြင့် သက်သာရာရရှိပေမည်။

စိတ်ဆင်းရဲနေသော ခရစ်ယာန်များသည် အသင်းတော်အကြီးအကဲများထံ ရင်ဖွင့်ပြောဆိုခြင်းဖြင့် ထပ်ဆင့်အကူအညီရရှိခဲ့ကြပြီ။ (ယာကုပ် ၅:၁၄၊ ၁၅) သင့်အခက်အခဲများကို ပြောပြခြင်းက ယင်းအခက်အခဲများ ပျောက်လွင့်သွားမည်ဟု မဆိုလိုပေ။ သို့သော် ယင်းတို့ကို ဟန်ချက်ညီညီ ရှုမြင်နိုင်စေပြီး သင်ယုံကြည်စိတ်ချရသူတစ်ဦး၏ ကူညီထောက်မမှုက လက်တွေ့ကျဖြေရှင်းနည်းတချို့ရှာတွေ့ရန် သင်လိုအပ်သောအရာဖြစ်ပေမည်။

အခြေအနေများပြောင်းလဲနိုင်

စိတ်ဆင်းရဲနေရသည့်အခါ ဤအချက်ကို သတိရပါ– အခြေအနေသည် မျှော်လင့်ချက်မဲ့ပုံရနေပါစေ အချိန်တန်သော် အခြေအနေများ ပြောင်းလဲသွားပါလိမ့်မည်။ ဆင်းရဲခက်ခဲမှုနှင့်မစိမ်းသည့် ဆာလံဆရာဒါဝိဒ် ဤသို့ဆုတောင်းခဲ့၏– “အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျော၍ အိပ်ရာကိုလည်း မွန်းစေပါ၏။” (ဆာလံ ၆:၆) သို့သော် နောက်ဆာလံကျမ်းတစ်ကျမ်းတွင် သူဤသို့ ရေးသားခဲ့သည်– “အကျွန်ုပ်ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။”—ဆာလံ ၃၀:၁၁

ဘဝပြဿနာများသည် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်ကြောင်း အတွေ့အကြုံမှ ဒါဝိဒ်သိရှိခဲ့သည်။ မှန်ပါသည်၊ အချို့သောပြဿနာများသည် ယခုအချိန်၌ပင် ဖိစီးနေပုံရပေမည်။ သို့သော် စိတ်ရှည်ပါလေ။ အခြေအနေများသည် အကောင်းဘက်သို့ ပြောင်းလဲသွားတတ်ပါသည်။ အချို့သောကိစ္စရပ်များသည် သင်ကြိုတင် မသိမြင်နိုင်သည့် နည်းများဖြင့် လျော့ပါးသက်သာသွားပေမည်။ အခြားကိစ္စရပ်များတွင်မူ သင်မစဉ်းစားမိသည့် ဖြေရှင်းနည်းကို သင်တွေ့ရှိပေမည်။ လိုရင်းအချက်မှာ စိတ်ဆင်းရဲစရာပြဿနာများသည် တစ်သမတ်တည်း တည်ရှိနေမည်မဟုတ်ချေ။—၂ ကောရိန္သု ၄:၁၇

ဆုတောင်းခြင်း၏တန်ဖိုး

သင်ရရှိနိုင်သည့် အရေးပါဆုံးဆက်သွယ်ရေးမှာ ဆုတောင်းခြင်းဖြစ်သည်။ သင်သည် ဒါဝိဒ်လုပ်ခဲ့သည့်အတိုင်း ဤသို့ဆုတောင်းနိုင်ပါသည်– “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”—ဆာလံ ၁၃၉:၂၃၊ ၂၄

ဆုတောင်းခြင်းသည် ပြဿနာဖြေရှင်းနည်းတစ်ခုမျှသာမဟုတ်ချေ။ ယင်းသည် မိမိထံ သင့် “စိတ်နှလုံးကိုဖွင့်ပြ” စေလိုတော်မူသော သင်၏ကောင်းကင်ခမည်းတော်နှင့် စစ်မှန်သည့်ဆက်သွယ်ရေးဖြစ်၏။ (ဆာလံ ၆၂:၈) ဘုရားသခင်နှင့်ပတ်သက်သော အောက်ပါအခြေခံအမှန်တရားများကို သုံးသပ်ကြည့်ပါ–

▪ သင့်အား စိတ်ဆင်းရဲစေသည့် အခြေအနေများကို ကိုယ်တော်ကောင်းစွာ သိရှိတော်မူ၏။—ဆာလံ ၁၀၃:၁၄

▪ သင့်ကိုယ်ကို သင်သိသည်ထက် ကိုယ်တော် ပို၍သိရှိတော်မူ၏။—၁ ယောဟန် ၃:၂၀

▪ ကိုယ်တော်သည် ‘သင့်ကို သတိနှင့်ကြည့်ရှုတော်မူ၏။’—၁ ပေတရု ၅:၇

▪ ဘုရားသခင်သည် ကမ္ဘာသစ်တွင် သင့်မျက်စိ၌ “မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။”—ဗျာ. ၂၁:၄

ပြဿနာသည် ကျန်းမာရေးနှင့်ပတ်သက်သည့်အခါ

အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အဆုံးစီရင်လိုသည့် ခံစားချက်များမှာ ရောဂါတစ်မျိုးမျိုးကြောင့်ဖြစ်သည်။ သင့်တွင် ထိုသို့ဖြစ်နေပါက အကူအညီရှာယူရန် မရှက်ပါနှင့်။ ဖျားနာနေသူတို့သည် သမားတော်လိုအပ်ကြောင်း ယေရှု အသိအမှတ်ပြုခဲ့သည်။ (မဿဲ ၉:၁၂) ရောဂါများစွာကို ကုသနိုင်ခြင်းက သတင်းကောင်းပင်။ ထို့ပြင် ကုသမှုက သင့်အား များစွာသက်သာစေပေမည်။

ဘုရားသခင့်ကမ္ဘာသစ်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့ဟု သမ္မာကျမ်းစာက ကတိပြုသည်။ (ဟေရှာယ ၃၃:၂၄) ဤအချိန်အတောအတွင်း ဘဝ၏စိန်ခေါ်ချက်များကို အတတ်နိုင်ဆုံး ကိုင်တွယ်ဖြေရှင်းပါလေ။ ဂျာမနီနိုင်ငံတွင်နေထိုင်သည့် ဟိုင်ဒီသည် ထိုသို့လုပ်ဆောင်ခဲ့၏။ “တစ်ခါတလေ ကျွန်မ အရမ်းစိတ်ဓာတ်ကျလာတဲ့အတွက် သေချင်စိတ်ပေါက်လာတယ်။ ဒါပေမဲ့ စွဲစွဲမြဲမြဲဆုတောင်းပြီး ကုသမှုခံယူခဲ့လို့ အခု ကျွန်မ ပုံမှန်အသက်ရှင်နိုင်ပြီ” ဟုသူဆိုသည်။ သင်လည်း ထပ်တူလုပ်ဆောင်နိုင်ပါသည်။ *

“လူငယ်များအမေး” မှ နောင်လာမည့် အခန်းဆက်ဆောင်းပါးများတွင် ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားသည့် မွေးချင်းတစ်ဦးသေဆုံးခြင်းကို ကိုင်တွယ်ဖြေရှင်းနည်းများ ဖော်ပြပေးပါမည်

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့် ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 ရေဗက္က၊ မောရှေ၊ ဧလိယနှင့် ယောဘတို့လည်း အလားတူပြောဆိုခဲ့ကြသည်။—ကမ္ဘာဦး ၂၅:၂၂; ၂၇:၄၆; တောလည်ရာ ၁၁:၁၅; ၃ ဓမ္မရာဇဝင် ၁၉:၄; ယောဘ ၃:၂၁; ၁၄:၁၃

^ အပိုဒ်၊ 5 ဤဆောင်းပါးတွင် အမည်များကို ပြောင်းလဲထားပါသည်။

^ အပိုဒ်၊ 7 သို့သော် စိတ်ရောဂါဝေဒနာရှင် လူငယ်အများစုသည် မိမိတို့၏ဘဝကို အဆုံးမစီရင်ကြကြောင်း သတိပြုရန်အရေးကြီးသည်။

^ အပိုဒ်၊ 33 စိတ်ဆင်းရဲမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်သိလိုပါက နိုးလော့! ဩဂုတ် ၈၊ ၂၀၀၂ ထုတ်တွင် ပါရှိသည့် “စိတ်ဓာတ်ကျနေသော ဆယ်ကျော်သက်များအတွက် အကူအညီ” ဆောင်းပါးများနှင့် ဩဂုတ် ၈၊ ၂၀၀၄ ထုတ်တွင် ပါရှိသော “တီးမိခေါက်မိ စိတ်ဝေဒနာများ” ဆောင်းပါးများကိုရှု။

ချင့်တွေးစရာ

▪ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းက သင့်ပြဿနာများကို အဆုံးမသတ်ပေးကြောင်း ပြောဆိုခဲ့ကြပြီ; ယင်းသည် ပြဿနာကို အခြားသူတစ်ဦးဦးထံ လက်ဆင့်ကမ်းပေးရုံသာဖြစ်သည်။ မည်သို့ဖြစ်နိုင်မည်နည်း။

▪ သင်သည် အလွန်အမင်း စိုးရိမ်ပူပန်နေပါက မည်သူ့ကို ပြောပြနိုင်သနည်း။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိဘများ သတိချပ်စရာ

နိုင်ငံတချို့တွင် လူငယ်များ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းသည် အလွန်အဖြစ်များနေ၏။ ဥပမာ၊ အမေရိကန်နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၅ နှစ်အရွယ်ရှိ လူငယ်များအကြား တတိယအများဆုံး သေဆုံးမှုမှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းဖြစ်ပြီး လွန်ခဲ့သောအနှစ်နှစ်ဆယ်အတွင်း အသက် ၁၀ နှစ်မှ ၁၄ နှစ်အကြား ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုနှုန်းမှာ နှစ်ဆတက်သွားခဲ့သည်။ သေဆုံးသွားသူအများစုတွင် စိတ်ဝေဒနာခံစားနေရသော လူငယ်များ၊ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့သည့် မိသားစုရာဇဝင်ရှိထားသူများနှင့် ယခင်က ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့သူများပါဝင်ကြသည်။ လူငယ်တစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်ဖို့ စဉ်းစားမိစေမည့် သတိပေး လက္ခဏာများတွင် အောက်ပါအချက်များပါဝင်သည်–

▪ မိသားစုနှင့်မိတ်ဆွေများကို ရှောင်ခြင်း

▪ အစားအသောက်နှင့် အအိပ်အနေတို့တွင် ပြောင်းလဲလာခြင်း

▪ ယခင်က နှစ်သက်ခဲ့သည့် လုပ်ဆောင်မှုများကို စိတ်မဝင်စားတော့ခြင်း

▪ ပင်ကိုစရိုက်တွင် သိသိသာသာ ပြောင်းလဲသွားခြင်း

▪ မူးယစ်ဆေးဝါး သို့မဟုတ် အရက်ယမကာ တလွဲသုံးခြင်း

▪ အဖိုးတန်ပိုင်ဆိုင်ရာများကို ပေးပစ်ခြင်း

▪ သေဆုံးခြင်းအကြောင်းပြောဆိုခြင်း သို့မဟုတ် ယင်းအကြောင်းအရာများကိုသာ တွေးတောနေခြင်း

မိဘတစ်ဦးပြုလုပ်မိနိုင်သည့် မဟာအမှားတစ်ခုမှာ ထိုသို့သောသတိပေးလက္ခဏာများကို လျစ်လျူရှုခြင်းဖြစ်ကြောင်း ဒေါက်တာကက်လင်းမက်ကွိုင်းက နိုးလော့! အား ပြောပြသည်။ “ကိုယ့်ရဲ့ကလေးမှာ မှားယွင်းမှု တစ်ခုခုရှိနိုင်တယ်လို့ ဘယ်သူမှ မစဉ်းစားချင်ကြဘူး၊ ဒါနဲ့ တချို့မိဘတွေက ပြဿနာရှိနေတာကို လက်မခံဘဲ ငြင်းဆန်ကြတယ်။ ‘ဒါက ကြီးထွားမှုဖြစ်စဉ်တစ်ခုပါ’ ဒါမှမဟုတ် ‘ဒါက ပျောက်သွားမှာပါ’ ဒါမှမဟုတ် ‘ကလေးက အမြဲ ဒီလိုပဲ အမူအရာပိုလွန်းတယ်’ ဆိုပြီး ပြောတတ်ကြတယ်။ အဲလိုစဉ်းစားတာ အန္တရာယ်ရှိတယ်။ အန္တရာယ်ဖြစ်မယ့်အရာတွေကို အလေးအနက်ထားသင့်တယ်” ဟုသူကဆို၏။

သင့်ကလေး အကြီးအကျယ်စိတ်ဓာတ်ကျနေသည် သို့မဟုတ် အခြားစိတ်ရောဂါရှိနေသည်ဆိုလျှင် အကူအညီရယူရန် မရှက်ပါနှင့်။ သင်၏ဆယ်ကျော်သက်ကလေးသည် မိမိကိုယ်ကိုအဆုံးစီရင်ဖို့ စဉ်းစားနေကြောင်း သင်သံသယရှိပါက ယင်းနှင့်ပတ်သက်၍ သူ့ကိုမေးမြန်းပါလေ။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းအကြောင်း ပြောဆိုခြင်းက ယင်းသို့ပြုရန် အားပေးရာရောက်လိမ့်မည်ဟူသော ယူဆချက်မှာ မှား၏။ မိဘများက ယင်းကိစ္စကို တင်ပြပြောဆိုလာသောအခါ လူငယ်များစွာမှာ ယင်းအကြောင်း ပြောပြလိုစိတ်ရှိလာကြ၏။ သို့နှင့် သင်၏ဆယ်ကျော်သက်ကလေးသည် ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုကြောင်း ဝန်ခံပြောဆိုလှာပါက ယင်းသို့ပြုရန် ကြိုတင်ကြံစည်ထားမထား၊ ကြံစည်ထားပါက မည်မျှအသေးစိတ်ကျသည်ကို ဖော်ထုတ်ပါ။ ကြံစည်ချက်သည် ပို၍အသေးစိတ်ကျလေ ချက်ချင်းကြားဝင်ဖြေရှင်းဖို့ ပို၍လိုအပ်လေဖြစ်သည်။ *

စိတ်ဓာတ်ကျဆင်းခြင်းသည် အလိုအလျောက်ပျောက်လွင့်သွားမည်ဟု မယူဆပါနှင့်။ အလိုအလျောက်ပျောက်လွင့်သွားမည့်ပုံ ပေါက်လျှင်လည်း ပြဿနာအေးငြိမ်းသွားပြီဟု မယူမှတ်လိုက်ပါနှင့်။ ယင်းသည် အန္တရာယ်အများဆုံးအချက်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တချို့က ဆိုကြသည်။ အဘယ်ကြောင့်နည်း။ “အကြီးအကျယ်စိတ်ဓာတ်ကျနေတဲ့ ဆယ်ကျော်သက်တစ်ဦးဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ လုံလောက်တဲ့အားအင် ရှိနိုင်မှာမဟုတ်ဘူး။ စိတ်ဓာတ်ကျတာ ပျောက်နေချိန်မှာတော့ အဲဒီဆယ်ကျော်သက်ကလေးဟာ အဆုံးစီရင်ဖို့ အားအင် အလုံအလောက်ရှိနိုင်တယ်” ဟုဒေါက်တာ မက်ကွိုင်းကဆို၏။

စိတ်ပျက်အားလျော့မှုကြောင့် လူငယ်တချို့သည် မိမိကိုယ်ကိုအဆုံးစီရင်ဖို့ ဆုံးဖြတ်ကြခြင်းမှာ အမှန်ပင် ဝမ်းနည်းကြေကွဲစရာ ကောင်းလှသည်။ သတိပေးလက္ခဏာရပ်များကို ဂရုပြုကာ တုံ့ပြန်ခြင်းဖြင့် မိဘများနှင့် ဂရုစိုက်တတ်သည့် အခြားသူတို့သည် “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” နိုင်ပြီး လူငယ်များအတွက် ခိုလှုံရာနေရာတစ်နေရာဖြစ်ကြောင်း သက်သေထူနိုင်ကြပါသည်။—၁ သက်သာလောနိတ် ၅:၁၄ကဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 55 ထို့ပြင် ပမာဏများများသောက်သုံးပါက သေစေနိုင်သော ဆေးဝါးများ သို့မဟုတ် အလွယ်တကူရရှိနိုင်သည့် လက်နက်ကိရိယာများ အိမ်ထဲတွင် ထားရှိမည်ဆိုလျှင် အထူးသဖြင့် အန္တရာယ်ရှိကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးကြသည်။ လက်နက်ကိရိယာများနှင့်စပ်လျဉ်း၍ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုကို တားဆီးကာကွယ်ရေး အမေရိကန်ဖောင်ဒေးရှင်းက ဤသို့ဖော်ပြသည်– “သေနတ်ပိုင်ရှင်အများစုသည် ‘အကာအကွယ်’ ရရန် သို့မဟုတ် ‘ကိုယ့်ကိုယ်ကိုကာကွယ်’ ရန် မိမိတို့အိမ်တွင် သေနတ်ဆောင်ထားကြောင်း ပြောပြကြသော်လည်း အဆိုပါအိမ်များ၌ လက်နက်နှင့်ဆက်နွှယ်နေသော သေဆုံးမှု ၈၃ ရာခိုင်နှုန်းသည် သေနတ်ပိုင်ရှင်ထက် အခြားသူတစ်ဦးတစ်ယောက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းကြောင့်ဖြစ်လေ့ရှိသည်။”

[စာမျက်နှာ ၂၀ ပါပုံ]

အရေးပါဆုံးသော ဆက်သွယ်ရေးစနစ်မှာ ဆုတောင်းခြင်းဖြစ်