မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အုပ်ချုပ်မှုအောက်ရှိ လုံခြုံသောအနာဂတ်

ဘုရားသခင့်အုပ်ချုပ်မှုအောက်ရှိ လုံခြုံသောအနာဂတ်

ဘုရားသခင့်အုပ်ချုပ်မှုအောက်ရှိ လုံခြုံသောအနာဂတ်

မကြာမီ အနာဂတ်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများ အဆုံးတိုင်ပါတော့မည်၊ အကြောင်းမှာ ဘုရားသခင်သည် ဘုရားသခင့်နိုင်ငံတော်ဟုခေါ်ဆိုသော မိမိ၏ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် အစားထိုး၍ ကမ္ဘာဂြိုဟ်ကို တာဝန်ယူတော့မည်ဖြစ်၍တည်း။ မိမိ၏နောက်တော်လိုက်များအား ယေရှုခရစ်က ဘုရားသခင့် “နိုင်ငံတော် လာပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဟုဆုတောင်းကြရန် သွန်သင်ခဲ့ချိန်တွင် အဆိုပါထူးမြတ်သောအနာဂတ်ကို ကိုယ်တော်ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။—မဿဲ ၆:၉၊ ၁၀ကဘ။

ဘုရားသခင့်နိုင်ငံတော်သည် လူ့နိုင်ငံရေးခေါင်းဆောင်များနှင့်တွဲ၍ အုပ်ချုပ်သွားမည်မဟုတ်သကဲ့သို့ သူတို့ကိုလည်း အသုံးပြုမည်မဟုတ်ပေ။ ယင်းအစား ကျွန်ုပ်တို့အသက်ရှင် နေထိုင်နေသည့်အချိန်ဖြစ်သော ‘နောက်ဆုံးကာလ’ နှင့်ပတ်သက်၍ အောက်ပါဒံယေလပရောဖက်ပြုချက်တွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင်နှင့်ကင်းကွာနေသော လူ့အုပ်ချုပ်မှုမှန်သမျှကို ဖယ်ရှားပစ်ပါလိမ့်မည်။ (၂ တိမောသေ ၃:၁) “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသော [လူတို့ဖန်တီးသည့်] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၄၊ ၄၅) အဆိုပါစကားများသည် လူ့အုပ်ချုပ်မှုကို လိုလားနှစ်သက်ကြသူတို့အား မျှော်လင့်ချက် သို့မဟုတ် နှစ်သိမ့်မှုမပေးချေ၊ သို့သော် ဘုရားသခင်သည် မိမိ၏ပိုင်သအုပ်စိုးမှုကို မိမိ၏နိုင်ငံတော်အားဖြင့် ကျင့်သုံးတော်မူမည်ကို လိုလားကြသူအားလုံးအတွက်မူ အဆိုပါစကားများက ထူးခြားသောကတိဖြစ်စေသည်။

အံ့ချီးဖွယ်အနာဂတ်

ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာမြေတစ်ခွင်လုံးအပေါ် အုပ်ချုပ်သောအခါ ၎င်း၏လက်အောက်ခံများသည် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် မြေပုံတစ်ခုပေါ်တွင် နယ်နိမိတ်များသတ်မှတ်ခြင်းဖြင့် ခွဲခြားခံရတော့မည်မဟုတ်။ ယင်းအစား သူတို့သည် ဘုရားသခင်နှင့်ဆိုင်သောအမှန်တရားနှင့် စစ်မှန်သောချစ်ခြင်းမေတ္တာတို့ဖြင့် ပေါင်းစည်းထားသည့် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ကြပါလိမ့်မည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁၇:၃၊ ၁၇) မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် “ဖြောင့်မတ်ခြင်းတိုးတက်၍ လသည် ပပျောက်ခြင်းသို့ ရောက်သည်တိုင်အောင် ငြိမ်သက်ချမ်းသာများပြား” ပါလိမ့်မည်။—ဆာလံ ၇၂:၇သမ္မာ။

ထို့အပြင် ဘုရားသခင့်နိုင်ငံတော်သည် နာခံမှုရှိသောလူသားတို့ကို ကိုယ်စိတ်နှစ်ဖြာစုံလင်လာစေရန် ပြုလုပ်ပေးကာ ဖျားနာမှုမှန်သမျှ၊ ဆင်းရဲခြင်းဝေဒနာနှင့် သေခြင်းတရားတို့ကို သုတ်သင်ပယ်ရှားပေးမည်ဖြစ်သည်။ (ဗျာ. ၂၁:၃၊ ၄) ရလဒ်ကား အဘယ်နည်း။ ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာဂြိုဟ်သည် အဘက်ဘက်တွင် အေးချမ်းသာယာ၍ လှပနေပါလိမ့်မည်၊ သို့နှင့် ဘုရားသခင့်မူလရည်ရွယ်တော်မူချက်သည် ဧဒင်၌ ဖော်ပြခဲ့သည့်အတိုင်း ပြည့်စုံလာပါမည်။ *ကမ္ဘာဦး ၁:၂၈

တစ်ခုတည်းသော မှန်ကန်သည့်သတင်းကောင်း

“ဤလောကစနစ်ကုန်ဆုံးခြင်း” ၏စုပေါင်းနိမိတ်ကို ယေရှုဖော်ပြရာတွင် အထူးမှတ်သားဖွယ် အသွင်အပြင်တစ်ခုလည်း ပါဝင်ခဲ့သည်။ (မဿဲ ၂၄:၃-၇ကဘ) ကိုယ်တော် ဤသို့မိန့်ဆိုခဲ့၏– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် [ဘုရားသခင့်] နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၄ကဘ။

ဘုရားသခင့်အလိုတော်နှင့်အညီ ၂၀၀၇ ခုနှစ်တွင် ၂၃၆ နိုင်ငံမှ ခုနစ်သန်းနီးပါးရှိ ယေဟောဝါသက်သေများသည် မိမိတို့၏ကိုယ်ပိုင်အချိန် ၁.၄ ဘီလီယံကျော်ကို ဝမ်းမြောက်စွာအသုံးပြု၍ အဆိုပါဘုရားသခင့်နိုင်ငံတော်သတင်းတရားကို မိမိတို့၏အိမ်နီးချင်းများအား ဝေမျှခဲ့ကြသည်။ သက်သေခံများသည် သမ္မာကျမ်းစာတွင်ပါရှိသော အဆိုပါကတိတော်များကို အဘယ်ကြောင့် ဤမျှအခိုင်အမာ ယုံကြည်စိတ်ချကြသနည်း။ အဖြေမှာ အမှန်ပင်ရိုးရှင်းပါသည်။ နောက်ဆောင်းပါးတွင် ရှင်းပြထားသည့်အတိုင်း ဘုရားသခင်သည် အမြဲကတိတည်တော်မူ၏။—ရောမ ၃:၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 စာမျက်နှာ ၁၀ ရှိ “သမ္မာကျမ်းစာရှုထောင့်– ကမ္ဘာမြေကြီးသည် ပရဒိသုဟူသော သာယာလှပသည့်နေရာတစ်ခု ဖြစ်လိမ့်မည်လော” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

“ငြိမ်သက်ချမ်းသာ များပြား” မည်ဟု သမ္မာကျမ်းစာကဆို