လူသားတို့သည် ပျော်ရွှင်သောအနာဂတ်ကို ဖန်တီးပေးနိုင်သလော
လူသားတို့သည် ပျော်ရွှင်သောအနာဂတ်ကို ဖန်တီးပေးနိုင်သလော
သင်သည် ခိုင်ခံ့လှပပုံရသည့် တိုက်အိမ်အသစ်စက်စက် တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ယင်းသည် သင် အမြဲလိုချင် တောင့်တခဲ့သောအရာဖြစ်၏။ အနာဂတ်က ကောင်းမည့်ပုံပင်။ သို့သော် နှစ်အနည်းငယ်အတွင်း အဆိုပါတိုက်အိမ်သည် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာပြီး နောက်ဆုံး ဖြိုချလိုက်ရတော့၏။ သင် အလွန်ဝမ်းနည်းသွားခဲ့သည်။ သို့သော် သင်တစ်ဦးတည်းမဟုတ်ချေ။ သင်နေထိုင်ရာဝန်းကျင်ရှိ အခြားသောအိမ်များလည်း ထပ်တူပြဿနာမျိုး ရင်ဆိုင်ရသည်။ ယင်းသို့ဖြစ်ရသည့်အကြောင်းရင်းများမှာ ဗိသုကာပညာပိုင်းတွင် ချို့ယွင်းအားနည်းမှုနှင့် ကျိုးပဲ့နေသောအုတ်များဖြင့် ဆောက်လုပ်ထားမှုတို့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လေသည်။
အဆိုပါတိုက်အိမ်ကဲ့သို့ပင် ဤကမ္ဘာကြီးသည် ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရ၏။ မရေမတွက်နိုင်သော လူမှုရေးနှင့်နိုင်ငံရေး စမ်းသပ်မှုအမျိုးမျိုးနှင့် သိပ္ပံနှင့်နည်းပညာတို့တွင် အံ့မခန်းတိုးတက်မှုများရှိလင့်ကစား လူ့ဘောင်အဖွဲ့အစည်း၏ အခြေခံအဆောက်အအုံမှာ ပြိုပျက်လုမတတ်ဖြစ်နေပုံရသည်။ နိုင်ငံအတော်များများတွင် မတရားမှုနှင့်မင်းမဲ့စရိုက်သည် အထူးအဆန်းမဟုတ်တော့ချေ။ ကြံရာမရဖြစ်မှုက လူသားတို့အား မိမိတို့၏ပြဿနာကို မိမိတို့ဘာသာဖြေရှင်းရန်၊ အဆုံးတွင် ကောင်းသောအုပ်ချုပ်မှုကို ကိုယ်တိုင်ဖန်တီးရန် အတင်းအကျပ်လှုံ့ဆော်ပေးပါမည်လော။ လူ့သမိုင်းကြောင်းနှင့်ပတ်သက်၍ အာဏာပိုင်တချို့ အဘယ်သို့ပြောဆိုခဲ့ကြသည်ကို သုံးသပ်ကြည့်ပါလေ။
“ကျွန်ုပ်တို့ အမျိုးမျိုး ကြိုးစားခဲ့ကြပြီ”
ကမ္ဘာကြီးပိုကောင်းလာစေရေးအတွက် ကြိုးပမ်းရာတွင် ဂရိအတွေးအခေါ်ပညာရှင် ပလေတိုမှသည် ဂျာမန်နိုင်ငံရေးအတွေးအခေါ်ပညာရှင်နှင့် ဆိုရှယ်လစ်ဝါဒီ ကားလ်မာ့ခ်စ်အထိ ဉာဏ်ကြီးရှင်များသည် နိုင်ငံရေးဝါဒအမျိုးမျိုးကို အဆိုပြုခဲ့ကြသည်။ ရလဒ်များကား အဘယ်နည်း။ ဂျာနယ်တစ်စောင်၌ ဆောင်းပါးတစ်ပုဒ်က ဤသို့ဆိုခဲ့၏– “ကျွန်ုပ်တို့သည် ဆင်းရဲမွဲတေမှုကို မဖယ်ရှားပေးခဲ့၊ ကမ္ဘာကြီး ငြိမ်းချမ်းအောင် မထူထောင်ခဲ့ကြပေ။ တိတိကျကျဆိုရလျှင် ယင်းတို့နှင့်ဆန့်ကျင်သောအရာဘက်တွင် ကျွန်ုပ်တို့ အထမြောက်ခဲ့ကြပုံပေါက်သည်။ ကျွန်ုပ်တို့မကြိုးစားခဲ့ခြင်းမဟုတ်ပါ။ ကွန်မြူနစ်ဝါဒမှသည် လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်အထိ၊ နိုင်ငံပေါင်းချုပ်အသင်းမှသည် နျူကလီးယားထိန်းချုပ်ဟန့်တားရေးအထိ ကျွန်ုပ်တို့ အမျိုးမျိုး ကြိုးစားခဲ့ကြပြီ။ ထို့အပြင် စစ်ပွဲကို မည်သို့အဆုံးသတ်ရမည်ကို ကျွန်ုပ်တို့သိထားကြသည်ဟု ယူဆကာ ‘စစ်ကိုအဆုံးသတ်ဖို့ စစ်ပွဲပေါင်း’ များစွာကို တိုက်ခဲ့ကြပြီး ကျွန်ုပ်တို့၏ လူသူထူထပ်သော မြို့လယ်ကောင်များသည် အဆက်မပြတ် တိုက်ခိုက်ခံနေပုံရခဲ့သည်။” အဆိုပါဆောင်းပါးက ဤသို့ဆက်ဆိုသည်– “သိပ္ပံပညာရှင်များသည် ကျွန်ုပ်တို့ကို ကယ်တင်မည်ဟု ယုံကြည်လျက် [၂၀] ရာစုကို စိတ်အားထက်သန်စွာ ကျွန်ုပ်တို့အစပြုခဲ့ကြပြီး သူတို့၏စကားတစ်ခွန်းကိုမျှ အယုံအကြည်မရှိဘဲ ကျွန်ုပ်တို့အဆုံးသတ်လိုက်သည်။”
၂၀၀၁ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ စီးပွားရေးနှင့်လူမှုရေးသမိုင်းဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်သူ အဲရစ်ခ် ဟော့စ်ဘောမ်က လူတို့၏နိုင်ငံရေးစနစ်များသည် “သဘာဝတရားနှင့်ကမ္ဘာကြီးအပေါ် လူ့လုပ်ရပ်များ အလွန်အမင်း အကျိုးသက်ရောက်သည့်ခေတ်တစ်ခေတ်ကို ရင်ဆိုင်” နေရသည်ဟု ရေးသားခဲ့၏။ အဆိုပါပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် သက်သာလျော့နည်းစေရန် “မဲများကိုရေတွက်ခြင်း သို့မဟုတ် စားသုံးသူအကြိုက်ကို တိုင်းတာခြင်းဖြင့် မုချဆိုရမလောက် မည်သည့်အထောက်အကူမျှ ရရှိမည်မဟုတ်
သောကြောင့် ယင်းအတွက် ဥပဒေကြမ်းများ ပြဋ္ဌာန်းရန်လိုသည်။ ယင်းသည် . . . ကမ္ဘာကြီး၏ ရေရှည်တည်တံ့ရေးအတွက် အားရဖွယ်မကောင်းပေ။”လူတို့ရင်ဆိုင်နေရသည့် ကပ်ဆိုက်မှုကြီးကို သုံးသပ်လျက် ကမ္ဘာကျော် ရူပနက္ခတ္တဗေဒပညာရှင်နှင့် အရောင်းအသွက်ဆုံး စာရေးဆရာဖြစ်သူ စတီဗင်ဟော်ကင်က “နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ပရမ်းပတာဖြစ်နေသော ဤကမ္ဘာကြီး၌ လူသားမျိုးနွယ်သည် နောက်ထပ်အနှစ် ၁၀၀ အထိ မည်သို့တောင့်ခံထားနိုင်မည်နည်း” ဟူ၍မေးမြန်းခဲ့သည်။
မအောင်မြင်ရသည့်အကြောင်း
လူတို့သည် မိမိတို့ကိုယ်ကို အောင်မြင်စွာ မအုပ်ချုပ်နိုင်ရသည့်အကြောင်းရင်းကို သမ္မာကျမ်းစာကသာလျှင် ကျေနပ်လောက်အောင် ရှင်းပြပေးသည်။ အကြောင်းရင်းတစ်ခုအနေနှင့် သမ္မာကျမ်းစာသည် လူ့အခြေအနေကို ပွင့်ပွင့်လင်းလင်း အကဲဖြတ်ဝေဖန်၏။ ဥပမာ၊ အောက်တွင်ဖော်ပြထားသည့် အခြေခံအမှန်တရားလေးခုကို သုံးသပ်ကြည့်ပါ။
ကျွန်ုပ်တို့အားလုံး မစုံလင်သူများဖြစ်ကြသည်။ “လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ဘုန်းတော်ကို မမီကြ။” (ရောမ ၃:၂၃၊ ကဘ) ကျိုးပဲ့နေသောအုတ်များသည် အဆောက်အအုံတစ်ခုကို ပျက်စီးယိုယွင်းစေနိုင်သကဲ့သို့ အမွေရထားသည့် လူ့မစုံလင်မှုကလည်း လူ့ဘောင်အဖွဲ့အစည်းကို နည်းအမျိုးမျိုးဖြင့် ချည့်နဲ့စေနိုင်ကြောင်း ထင်ရှားပါသည်။ ယင်းတို့တွင် ဖောက်ပြန်ယိုယွင်းမှု၊ မရိုးသားမှု၊ လိုဘကြီးမှုနှင့် အာဏာအလွဲသုံးစားပြုမှုစသည့် သဘောထားများပါဝင်သည်။ ယင်းမှာ အဆန်းမဟုတ်ချေ။ လွန်ခဲ့သော အနှစ်သုံးထောင်ခန့်က ပညာရှိကျမ်းရေးသူတစ်ဦး ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “မိမိအကျိုးပျက်အောင် တစ်ယောက်ကို တစ်ယောက် အုပ်စိုး” ခဲ့ကြပြီ။—ဒေ. ၈:၉။
အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတို့တွင် ဦးဆောင်နေသူများသည် လူ့မစုံလင်မှုများနှင့် အားနည်းချက်များကို အသိအမှတ်ပြုကာ ဥပဒေအမြောက်အမြား ပြဋ္ဌာန်းခြင်းဖြင့် ယင်းတို့ကို ကြိုးစားဟန့်တားခဲ့ကြသည်။ သို့သော် လူတို့အား အချင်းချင်းချစ်ကြရန် သို့မဟုတ် ဥပဒေနာခံလိုစိတ်ရှိရန်ဟူသော ပညတ်များကိုမူ မပြဋ္ဌာန်းနိုင်ကြချေ။
သေခြင်းက ကျွန်ုပ်တို့ကို လွှမ်းမိုးထားသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၃၊ ၄) ကမ္ဘာပေါ်တွင် ပညာအရှိဆုံး အုပ်စိုးရှင်များအနက်တစ်ဦးဟူ၍ သတ်မှတ်ခံရသော ရှေးအစ္စရေးနိုင်ငံ၏ဘုရင် ရှောလမုန်သည် မိမိ မည်မျှပင်ကြိုးစားစေကာမူ အချည်းနှီးဖြစ်သွားနိုင်ကြောင်း သိမြင်ခဲ့၏။ သူဤသို့ရေးသားခဲ့၏– ‘ငါသည် နေအောက်မှာကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသောအကြောင်းဟူမူကား ထိုအမှုကို ငါ့နောက်မှဖြစ်လတ္တံ့သောသူအဖို့ ငါချန်ထားရမည်။ ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစားအားထုတ်သမျှ . . . ကို အစိုးရလိမ့်မည်။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။’—ဒေ. ၂:၁၈၊ ၁၉။
ကျွန်ုပ်တို့၌ မိမိတို့ကိုယ်ကို ကောင်းစွာအုပ်ချုပ်နိုင်စွမ်းမရှိကြချေ။ “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။” (ယေရမိ ၁၀:၂၃) ကျွန်ုပ်တို့သည် မစုံလင်ကြသည့်အပြင် ဘုရားသခင်၏ မူလရည်ရွယ်ချက်တွင် လူသားတို့အား မိမိတို့ကိုယ်ကို အုပ်ချုပ်ပိုင်ခွင့်နှင့် ထိရောက်စွာအုပ်ချုပ်နိုင်စွမ်း မပေးအပ်ထားကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဥပမာ၊ လူတို့တွင် မိမိတို့အား အဘယ်အရာလုပ်ဆောင်ရန် ပြောဆိုသည့် သို့မဟုတ် မိမိတို့အတွက် ကျင့်ဝတ်စံနှုန်းများ ပြဋ္ဌာန်းပေးသည့် တစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်စု၏အယူအဆကို မနှစ်မြို့သည့်သဘော အဘယ်ကြောင့်ရှိရသနည်း။ အဖြေမှာ ကျွန်ုပ်တို့သည် ဘဝလမ်းညွှန်ချက်အတွက် မိမိတို့ထက် အခွင့်အာဏာပိုရှိသူတစ်ဦးကို မျှော်ကိုးရန် ဖန်ဆင်းခံထား ရသောကြောင့်ဖြစ်၏။ ထိုအခွင့်အာဏာကိုပိုင်ဆိုင်ထားသူမှာ ဘုရားသခင်တစ်ပါးတည်းသာဖြစ်၏။—ဟေရှာယ ၃၃:၂၂; တမန်တော် ၄:၁၉; ၅:၂၉။
လူသားတို့သည် ပုန်းကွယ်နေသော အုပ်စိုးရှင်တစ်ပါး၏ ဩဇာအောက်တွင်ရှိနေသည်။ ‘တစ်လောကလုံးသည် ဆိုးညစ်သူစာတန်၏ ဩဇာအောက်တွင် ရှိနေ၏။’ (၁ ယောဟန် ၅:၁၉၊ ကဘ) ကုမ္ပဏီတစ်ခု၏ ထိပ်တန်းမန်နေဂျာတစ်ဦးသည် အလွန်အကျင့်ပျက်ပြားပြီး မည်သူကမျှ သူ့အား မပြောရဲမဆိုရဲဖြစ်နေလျှင် သာမန်အလုပ်သမားတစ်ဦးက ကိစ္စရပ်များကို မည်သို့ပြုပြင်တည့်မတ်ပေးနိုင်ပါမည်နည်း။ ဘာမျှမတတ်နိုင်ချေ။ အရှင်သခင်ဖြစ်သူ စာတန်၏လက်အောက်တွင် အလုပ်လုပ်နေကြသော မျက်စိဖြင့်မမြင်နိုင်သည့် နတ်ဆိုးများ၊ ဤလောက၏ ပုန်းကွယ်နေသော အုပ်စိုးရှင်များကြောင့် ဖြစ်ရသည့် ပြဿနာများကို ပြုပြင်တည့်မတ်ခြင်းနှင့်စပ်လျဉ်း၍လည်း အလားတူပင်။ သမ္မာကျမ်းစာက အဆိုပါအုပ်စိုးရှင်များကို “အာဏာပိုင်များ၊” “ဤမှောင်မိုက်လောက၏အုပ်စိုးရှင်များ” နှင့် “ကောင်းကင်အရပ်ရှိ နတ်ဆိုးများ” ဟူ၍ဖော်ပြသည်။—ဧဖက် ၆:၁၂၊ ကဘ။
သို့သော် သမ္မာကျမ်းစာသည် လူတို့၏ချွတ်ချော်မှုများနှင့် ဤလောက၏ မမြင်နိုင်သော အုပ်စိုးရှင်များအကြောင်းကို ဖော်ထုတ်ပြရုံမျှသာမကချေ။ ကျွန်ုပ်တို့၏ပြဿနာမှန်သမျှအတွက် သေချာသောဖြေရှင်းနည်းတစ်ခုကို ဖော်ပြပေးကာ ကျွန်ုပ်တို့မျှော်လင့်ရန် ခိုင်လုံသောအကြောင်းရင်းတစ်ခုလည်းဖြစ်သည့် သတင်းကောင်းကို ဖော်ပြပါသေးသည်။
ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ကယ်တင်မည်
ကျွန်ုပ်တို့ချည်းသာ ဤပြဿနာများကို ဖြေရှင်းကြမည်ဆိုလျှင် ဘယ်တော့မျှ ပြေလည်နိုင်မည်မဟုတ်။ ဉာဏ်ရည်အထက်မြက်ဆုံးပုဂ္ဂိုလ်၊ စွမ်းအားအရှိဆုံးပုဂ္ဂိုလ် သို့မဟုတ် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေလျှင်ပင် ဤဆောင်းပါးတွင်ဖော်ပြထားသော အမှန်တရားလေးခုအနက် တစ်ခုကိုမျှ ပြောင်းလဲနိုင်စွမ်းမရှိချေ။ * သို့သော် နောက်ဆောင်းပါးတွင် ရှင်းပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကို မေ့မထားသည့်အပြင် စွန့်ပစ်၍လည်းမထားချေ။ အမှန်ဆိုရလျှင် ကမ္ဘာမြေကြီး၏ပိုင်သအုပ်စိုးရှင်အနေနှင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ပျော်ရွှင်သောခရီးလမ်းပေါ်ရှိ အတားအဆီးဟူသရွေ့ကို ဖယ်ရှားပေးပါတော့မည်။ (၁ ယောဟန် ၄:၈) ထို့ထက်ကား မကြာမီ ကိုယ်တော် ထိုသို့လုပ်ဆောင်တော့မည်။ ကျွန်ုပ်တို့ မည်သို့သိရသနည်း။
ဤမဂ္ဂဇင်း၏ ယခင်လထုတ်စာစောင်တွင် ရှင်းပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် လက်ရှိလောက၏ ‘နောက်ဆုံးကာလ’ ထဲသို့ နစ်ဝင်နေကြောင်း ကမ္ဘာ့ဖြစ်ရပ်များနှင့် လူမှုရေးအခြေအနေများက အထင်အရှားဖော်ပြနေပါသည်။ (၂ တိမောသေ ၃:၁; မဿဲ ၂၄:၃-၇) နျူကလီးယားမီးလောင်တိုက်သွင်းခြင်း၊ ဂြိုဟ်ငယ်တစ်လုံးနှင့်တိုက်မိခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လူကောင်းလူဆိုးမရွေး အားလုံးကို ချေမှုန်းသုတ်သင်ပစ်ခြင်းဖြင့် အဆုံးရောက်လာမည်မဟုတ်။ ယင်းအစား လူ့အုပ်ချုပ်မှုအာဏာ တည်မြဲအောင် အပူတပြင်းကြိုးစားနေသူတို့အပါအဝင် လူဆိုးများကို အထူးရည်ရွယ်၍ ဘုရားသခင်ကြားဝင်ဆောင်ရွက်မှု၏ ရလဒ်ဖြစ်ပါလိမ့်မည်။ (ဆာလံ ၃၇:၁၀; ၂ ပေတရု ၃:၇) တစ်ချိန်တည်းတွင် ဘုရားသခင်အားဆန့်ကျင်သူတို့ ဖြစ်ပေါ်စေခဲ့သည့် ဆင်းရဲဝေဒနာအားလုံးကိုလည်း အဆုံးသတ်ပေးပါလိမ့်မည်။ *—၂ သက်သာလောနိတ် ၁:၆-၉။
ထို့နောက် ဖန်ဆင်းရှင်သည် “ဘုရားသခင်၏နိုင်ငံတော်” ဟုခေါ်ဆိုထားသည့် အုပ်ချုပ်မှုတစ်ခုကို ကမ္ဘာမြေတစ်ခုလုံးအပေါ် အပြည့်အဝအုပ်စိုးစေခြင်းဖြင့် ကျွန်ုပ်တို့၏အုပ်ချုပ်မှုပြဿနာများကို ဖြေရှင်းတော်မူမည်။ (လုကာ ၄:၄၃) ယခု ကျွန်ုပ်တို့ တွေ့ရမည်ဖြစ်သည့်အတိုင်း အဆိုပါကမ္ဘာ့အုပ်ချုပ်မှုသည် ကျွန်ုပ်တို့အား အနာဂတ်ကို အလွန်ခြားနားသောရှုထောင့်မှ ရှုမြင်စေသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 17 စာမျက်နှာ ၁၅ ရှိ “လှူဒါန်းခြင်းသည် လူ့ပြဿနာဖြေရှင်းနည်းလော” ဆောင်းပါးကိုရှု။
^ အပိုဒ်၊ 18 “ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့် ခွင့်ပြုထားသနည်း” ဟူသောမေးခွန်းကို ယေဟောဝါသက်သေများထုတ်ဝေသည့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ စာမျက်နှာ ၁၀၆ တွင် ဖြေဆိုပေးထားပါသည်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
လူ့ဘောင်အဖွဲ့အစည်း၏ ကျိုးပဲ့နေသော“အုတ်ခဲများ”
▪ ကျွန်ုပ်တို့အားလုံး မစုံလင်သူများဖြစ်ကြသည်။
▪ သေခြင်းက ကျွန်ုပ်တို့ကို လွှမ်းမိုးထားသည်။
▪ ကျွန်ုပ်တို့၌ မိမိတို့ကိုယ်ကို ကောင်းစွာအုပ်ချုပ်နိုင်စွမ်းမရှိကြချေ။
▪ လူသားတို့သည် ပုန်းကွယ်နေသော အုပ်စိုးရှင်တစ်ပါး၏ ဩဇာအောက်တွင်ရှိနေသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
လူသားတို့သည် ကမ္ဘာမြေကြီးကို ဖျက်ဆီး၍ရမည်မဟုတ်
ဘုရားသခင်အား ကြောက်ရွံ့သူတို့အတွက် ကမ္ဘာမြေကြီးကို လုံခြုံ၍ အေးချမ်းငြိမ်သက်သောနေအိမ်ဖြစ်စေရန် ဖန်ဆင်းရှင်ရည်ရွယ်ထားကြောင်း သမ္မာကျမ်းစာက အထောက်အထားများစွာဖြင့် ဖော်ပြသည်။ အောက်ပါကျမ်းချက်များကို သုံးသပ်ကြည့်ပါ။
‘မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူသော ဘုရားသခင်ပေတည်း။’—ဆာလံ ၁၀၄:၅။
“မြေကြီးကိုတည်စေတော်မူသဖြင့် သူသည် အမြဲနေပါ၏။”—ဆာလံ ၁၁၉:၉၀။
“လူတစ်ဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။”—ဒေ. ၁:၄။
‘ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ယေဟောဝါကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’—ဟေရှာယ ၁၁:၉။
‘[ယေဟောဝါသည်] မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်ဖြစ်၏၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူ၏။’—ဟေရှာယ ၄၅:၁၈။