မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူအများ အဘယ်ကြောင့် မျှော်လင့်ချက်မဲ့နေကြ

လူအများ အဘယ်ကြောင့် မျှော်လင့်ချက်မဲ့နေကြ

လူအများ အဘယ်ကြောင့် မျှော်လင့်ချက်မဲ့နေကြ

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပျက်နေသော စိုးရိမ်ဖွယ်အပြောင်းအလဲများက အနာဂတ်ကိုကြောက်ရွံ့သည့်စိတ် ပေါ်ပေါက်စေသည်။ မြို့နေလူထုကို ဗီဒီယိုကင်မရာများဖြင့် အနီးကပ်စောင့်ကြည့်နေသော အစိုးရအေဂျင်စီများရှိသည့် မြို့ကြီးများ ပို၍ပို၍ များပြားလာသည်။ အကြမ်းဖက်သမားများကို ကြောက်ရွံ့နေရသောကြောင့် လေဆိပ်များစွာမှာ စစ်တပ်နှင့်တူနေလေသည်။ အန္တရာယ်ကိုသတိမမူဘဲ အင်တာနက်အသုံးပြုနေသူတို့အား အမဲဖမ်းနေသည့် သူခိုးများနှင့် လိင်မုဆိုးများ များသည်ထက် များပြားလာနေသည်။ ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ ညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ တိရစ္ဆာန်များ မျိုးသုဉ်းမှုနှင့် ကမ္ဘာချီပူနွေးမှုတို့က ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ပေါ်မှ သက်ရှိတို့၏ အနာဂတ်ကို ခြိမ်းခြောက်နေ၏။

ဤအခြင်းအရာများသည် လွန်ခဲ့သော လူမျိုးဆက်နှစ်ခုသုံးခုတွင် စိတ်ကူး၍ပင်မရနိုင်သည့်အရာများ ဖြစ်ခဲ့ပုံပေါက်နိုင်သော်လည်း ယနေ့ခေတ်တွင်မူ ကမ္ဘာချီစိုးရိမ်ဖွယ်ရာများ ဖြစ်နေလေပြီ။ များစွာသောသူတို့သည် ဤကမ္ဘာပေါ်တွင် အဘယ်အရာ ဖြစ်ပျက်နေသည်၊ မိမိတို့နှင့် မိမိတို့သားသမီးများ၏အနာဂတ် မည်သို့ရှိမည်ကို သိလိုကြသည်မှာ အကြောင်းကောင်းရှိ၏။ လူတို့သည် ဘတ်စကား၊ မီးရထား သို့မဟုတ် လေယာဉ်စီးရန် အလွန်ကြောက်ရွံ့ရမည့်အချိန် ရောက်လာနေပြီလော။ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကမ္ဘာ့သယံဇာတများကို တိုး၍အသုံးပြုနေခြင်းကြောင့် အနာဂတ်မျိုးဆက်များသည် ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှု၊ အရည်အသွေးမီအစားအစာများနှင့် လုံလောက်သောလောင်စာတို့အတွက် ငွေကြေးတတ်နိုင်ပါမည်လော။

ဆေးဝါးကုသမှုစရိတ် မြင့်မားလာခြင်းနှင့်စပ်လျဉ်း၍ “လာမယ့် အနာဂတ်က တော်တော့်ကို ကြောက်စရာကောင်းမယ့်ပုံပဲ” ဟုကနေဒါ ကျန်းမာရေးဝန်ကြီးတစ်ဦးက ဆိုခဲ့သည်။ အစားအစာ၊ လောင်စာနှင့်ပတ်သက်၍လည်း လူများစွာ စိုးရိမ်မကင်းဖြစ်နေကြသည်။ အဘယ်ကြောင့်နည်း။ ရုပ်ကြွင်းလောင်စာဆီအပေါ် မှီခိုအားထားမှုကို လျှော့ချရန် နိုင်ငံတချို့တွင် အီသနောလ်ကဲ့သို့သော ဇီဝလောင်စာဆီကို အပင်များမှထုတ်ယူဖို့ ငွေကြေးအမြောက်အမြား သုံးစွဲလျက်ရှိ၏။ သို့ဖြစ်၍ လူ့သမိုင်းတွင် ပထမဦးဆုံးအကြိမ်အနေနှင့် မြေလွတ်များ၌ လူသားများအတွက် အစားအစာစိုက်ပျိုးထုတ်လုပ်ရန်သာမက မော်တော်ယာဉ်များအတွက်လည်း လောင်စာထုတ်လုပ်ပေးရန် စိုက်ပျိုးရတော့မည်ဖြစ်သည်။ ယင်းကြောင့် အစားအသောက်ဈေးနှုန်းများလည်း မြင့်တက်လာသည်။

ဤအတောအတွင်း ချမ်းသာသူနှင့် ဆင်းရဲသူစပ်ကြား ကွာဟမှုမှာလည်း ကြီးထွားလာနေရာ လူမှုရေးတင်းမာမှုများ တိုး၍ဖြစ်ပွားလာ၏။ “၂၁ ရာစု၏ ဤပထမဆယ်စုနှစ်အတွင်းတွင် အလွန်အမင်းတိုးတက်ကောင်းစားခြင်းနှင့် အလွန်အမင်းဆင်းရဲချို့တဲ့ခြင်းတို့မှာ ဒွန်တွဲတည်ရှိနေသည်။ အဆင်းရဲဆုံးနိုင်ငံတချို့တွင် လူ့သက်တမ်းမှာ အချမ်းသာဆုံးနိုင်ငံရှိ လူ့သက်တမ်း၏ ထက်ဝက်သာရှိသည်” ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အစီရင်ခံစာတစ်စောင်က ဖော်ပြ၏။ ထိုသို့ဖြစ်ရခြင်းမှာ အဓိကအားဖြင့် ရောဂါနှင့် နိုင်ငံရေးအရတည်ငြိမ်မှုမရှိသောနိုင်ငံများတွင် လူမှုရေးနှင့် စီးပွားရေးပရမ်းပတာအခြေအနေများကြောင့်ဖြစ်သည်။

ယင်းပြဿနာများအပြင် ကမ္ဘာချီပူနွေးမှုက သဲကန္တာရများကို ပို၍ကျယ်ပြန့်လာစေပြီး ရာသီဥတုကို ပို၍ဆိုးရွားလာစေနိုင်ရာ ယင်းနှင့်ပတ်သက်၍ အသိအမြင်ဗဟုသုတကြွယ်သူအများက မနက်ဖြန်အတွက် စိုးရိမ်ထိတ်လန့်နေကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ “သိပ္ပံပညာရှင်များသည် ရှုပ်ထွေးပွေလီသော ကမ္ဘာ့ဂေဟစနစ်အပေါ် [ကမ္ဘာချီပူနွေးမှု၏] အကျိုးသက်ရောက်မှုများကို ဆက်လက်တွေ့ မြင်နေရသည်နှင့်အမျှ” ဒဏ်စီရင်ရာနေ့နာရီဟုအမည်တွင်သော နာရီကို အချိန်သတ်မှတ်ဖော်ပြထားသည့် သိပ္ပံမဂ္ဂဇင်းတစ်စောင် (Bulletin of the Atomic Scientists) က ရင်လေးဖွယ်ကောင်းသောအနာဂတ်နှင့်ပတ်သက်၍ ကြောက်ရွံ့နေရကြောင်း ဖော်ပြထား၏။

ကျွန်ုပ်တို့၏အနာဂတ်သည် တွေးထင်ထားသည့်အတိုင်း မျှော်လင့်ချက်ကင်းမဲ့နေပါသလော။ အောင်မြင်၍ ပျော်ရွှင်သောအနာဂတ်နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ တစ်ခုတည်းသောမျှော်လင့်ချက်သည် စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် သိပ္ပံပညာစသည့် နယ်ပယ်တို့တွင် ဦးဆောင်ဦးရွက်ပြုနေသူများအပေါ် မူတည်နေပါသလော။ ‘ကျွန်တော်တို့မှာ တခြားရွေးချယ်စရာများ ရှိသေးသလား။ ဒီပြဿနာတွေအားလုံးက ကျွန်တော်တို့ကြောင့် ဖြစ်တာဆိုတော့ ကျွန်တော်တို့ပဲ ဖြေရှင်းရမှာပေါ့’ ဟုတချို့က ဆိုကြသည်။ အခြားသူတို့ကမူ လူ့အစွမ်းအစနှင့် ဖြေရှင်း၍ရမည်မဟုတ်၊ ဘုရားသခင်တစ်ပါးတည်းသာလျှင် အောင်မြင်၍ပျော်ရွှင်သော အနာဂတ်ကို ပြုလုပ်ပေးနိုင်သည်ဟု ယူဆကြသည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏အရေးကို စိတ်ဝင်စားကြောင်း၊ ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ဖျက်ဆီးနေခြင်းအား ကိုယ်တော် ကြားဝင်ဟန့်တားတော့မည်ဖြစ်ကြောင်း မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးများက ဖြေဆိုပါလိမ့်မည်။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

အောင်မြင်၍ ပျော်ရွှင်သောအနာဂတ်အတွက် ကျွန်ုပ်တို့၏ တစ်ခုတည်းသောမျှော်လင့်ချက်သည် စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် သိပ္ပံပညာ စသည့်နယ်ပယ်တို့တွင် ဦးဆောင်ဦးရွက် ပြုနေသူများအပေါ် မူတည်နေပါသလော