မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ယုံကြည်စိတ်ချနိုင်သော အနာဂတ်

သင် ယုံကြည်စိတ်ချနိုင်သော အနာဂတ်

သင် ယုံကြည်စိတ်ချနိုင်သော အနာဂတ်

သင်သည် လမ်းဆုံလမ်းခွတွင် ရောက်ရှိနေသည်။ လမ်းပြအမှတ်အသားတစ်ခုတွင် “လူသားများနှင့် သူတို့ပေးသည့် ကတိများကို ယုံကြည်ကိုးစားပါ” ဟုဖော်ပြထားသည်။ နောက်လမ်းပြအမှတ်အသားတစ်ခုတွင် “ဘုရားသခင်နှင့် ကိုယ်တော်၏နိုင်ငံတော်ကို ယုံကြည်ကိုးစားပါ” ဟုဖော်ပြထား၏။ မည်သည့်လမ်းကို သင်ရွေးချယ်မည်နည်း။

ပညာရှိသောလမ်းစဉ်မှာ ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းဖြစ်သည်။ “ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်” ဟုကိုယ်တော်မိန့်ဆိုတော်မူ၏။ (သု. ၁:၃၃) သမ္မာကျမ်းစာသွန်သင်ချက်များသည် ယုံကြည်ကိုးစားထိုက်ကြောင်း သိရှိလျက် ယင်းတို့ကို လိုက်နာခြင်းဖြင့် ဖန်ဆင်းရှင်၏စကားကို ကျွန်ုပ်တို့နားထောင်ကြသည်။ (၂ တိမောသေ ၃:၁၆) ထိုသို့ယုံကြည်ကိုးစားရန် အကြောင်းကောင်းများရှိပါသလော။ အမှန်ပင်ရှိ၏။ ဥပမာ၊ ဤဆောင်းပါးတွဲများ၏ ဒုတိယဆောင်းပါးတွင် ဖတ်ရှုခဲ့ရသည့်အတိုင်း လူသားတို့သည် မိမိတို့ကိုယ်ကို အောင်မြင်စွာ အုပ်ချုပ်နိုင်စွမ်းမရှိရသည့်အကြောင်းရင်းကို သမ္မာကျမ်းစာတစ်ခုတည်းကသာ တိကျမှန်ကန်စွာ ရှင်းပြသည်။ သမ္မာကျမ်းစာပြောဆိုရာနှင့် ဖြစ်ရပ်မှန်များ ကိုက်ညီနေသည်ကို သင် သဘောတူသည်မဟုတ်လော။

သမ္မာကျမ်းစာပရောဖက်ပြုချက်တွင်လည်း အလားတူတိကျမှန်ကန်ကြောင်း တွေ့ရှိရပါသည်။ ဥပမာ၊ လက်ရှိ ‘နောက်ဆုံးကာလ’ ကိုအမှတ်သညာပြုသည့် အလွန်ဆိုးဝါးသောအခြေအနေများကို သမ္မာကျမ်းစာက ကြိုပြောခဲ့သည်။ ယင်းတို့ကို ကျွန်ုပ်တို့ကိုယ်တိုင် တွေ့မြင်နိုင်ပါသည်။ (မဿဲ ၂၄:၃-၇; ၂ တိမောသေ ၃:၁-၅) လူသားတို့သည် ကမ္ဘာဂြိုဟ်၏အခြေအနေကို ခြိမ်းခြောက်လိမ့်မည်ဟုပင် သမ္မာကျမ်းစာက ကြိုပြောခဲ့သည်။ ဘုရားသခင်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဟု ဗျာဒိတ်ကျမ်း ၁၁:၁၈ ကဆို၏။

အဆိုပါစကားများကို ရေးသားခဲ့သည့် လွန်ခဲ့သော အနှစ် ၂,၀၀၀ ခန့်တွင် လူသားတို့ကြောင့် လေ၊ ရေနှင့်မြေ ညစ်ညမ်းမှု၊ ကမ္ဘာချီပူနွေးမှု၊ မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှုအစရှိသည့် အခြင်းအရာများဖြစ်ပျက်မည်ဟု ဆိုခြင်းသည် မယုံနိုင်ဖွယ်ရာဖြစ်ခဲ့ပေမည်။ သို့သော် ယခု ဖြစ်ပျက်လျက်ရှိ၏။ မှန်ပါသည်၊ ဘုရားသခင်သည် မုသာပြောတော်မမူချေ။ ကိုယ်တော်၏နှုတ်ထွက်စကားတော်သည် အသေးစိတ်မှစ၍ အမြဲပြည့်စုံခဲ့၏။ * (တိတု ၁:၁; ဟေဗြဲ ၆:၁၈) အမှန်ဆိုရလျှင် ဘုရားသခင်သည် မိမိ၏နာမတော်ကို မိမိ၏စကားပြည့်စုံမှုဖြင့် ဆက်စပ်ထားတော်မူ၏။

သင် ယုံကြည်ကိုးစားနိုင်သော နာမတော်

လက်မှတ်တစ်ခုက ချက်လက်မှတ်တစ်စောင်ကို တရားဝင်ကြောင်း ဖော်ပြသကဲ့သို့ ယေဟောဝါဟူသော ဘုရားသခင့်ကိုယ်ပိုင်နာမတော်က သမ္မာကျမ်းစာပါ ကတိတော်အားလုံး ပြည့်စုံမည်ဖြစ်ကြောင်း အာမခံပါသည်။ * ဘုရားသခင်၏မေတ္တာပါသော ဂရုစိုက်စောင့်ရှောက်မှုကို မကြာခဏ တွေ့ ကြုံခံစားခဲ့ရသည့် ကျမ်းရေးသူတစ်ဦးက “သန့်ရှင်းသောနာမတော်၌ ကိုးစား” သည်ဟုဆိုခဲ့၏။—ဆာလံ ၃၃:၂၁သမ္မာ; ၃၄:၄၊ ၆။

ဘုရားသခင့်နာမတော်ကို ဖခင်တစ်ဦး၏ ဂရုစိုက်စောင့်ရှောက်မှုဖြင့် ဆက်စပ်လျက် နယပုံပြင် ၁၈:၁၀ က ဤသို့ဆိုသည်– ‘ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။’ အလားတူ၊ ရောမ ၁၀:၁၃ [ကဘ] တွင်လည်း ‘ယေဟောဝါဘုရားသခင်၏နာမတော်ကို တ,သောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်’ ဟုဖတ်ရ၏။ ဘုရားသခင့်ကိုယ်ပိုင်နာမတော်သည် အန္တရာယ်ကင်း အဆောင်လက်ဖွဲ့ မဟုတ်ချေ။ ယင်းအစား ဘုရားသခင်ကိုယ်တော်တိုင် ကယ်တင်ခြင်းကို လုပ်ဆောင်ပြီး ကျမ်းချက်ဆိုသည့်အတိုင်း ကိုယ်တော်အား တ,သောသူတို့ကို ကယ်တင်တော်မူသည်။ အကြောင်းမှာ သူတို့သည် ကိုယ်တော်၏ အပြစ်တင်ဖွယ်မရှိသော ဂုဏ်အသရေကို ကောင်းစွာသိရှိထားကာ ကိုယ်တော်အား အကြွင်းမဲ့ ယုံကြည်ကိုးစားကြသောကြောင့်ဖြစ်၏။ ဆာလံ ၉၁:၁၄ ကဤသို့ဆိုသည်– “သူသည် ငါ့ကိုချစ်သောကြောင့် သူ့ကို ငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို ငါချီးမြှောက်မည်။”

‘ငါ ဘယ်သူ့ကို ယုံကြည်ကိုးစားနေသလဲ။ ဘုရားသခင်ကိုလား၊ လူတွေကိုလား’ ဟုသင့်ကိုသင် မေးကြည့်ပါ။ ယေဟောဝါသက်သေများသည် မျက်စိစုံမှိတ် ယုံလွယ်လွန်းခြင်းကြောင့်မဟုတ်ဘဲ တိကျမှန်ကန်သော ကျမ်းစာအသိပညာကိုအခြေပြု၍ အခိုင်အမာယုံကြည်ခြင်းဖြင့် ဘုရားသခင်နှင့် ကိုယ်တော်၏နိုင်ငံတော်ကို ရွေးချယ်ခဲ့ကြပြီ။ (ဟေဗြဲ ၁၁:၁; ၁ ယောဟန် ၄:၁) သို့နှင့် အနာဂတ်ကို သူတို့မကြောက်ရွံ့ ကြဘဲ သူတို့ရှေ့တွင်ချထားသော “မျှော်လင့်ခြင်း၌ ဝမ်းမြောက်ကြ” သည်။ အဆိုပါထူးမြတ်သောအနာဂတ်ကို ဝေမျှခံစားရန် သင့်အား သူတို့ဖိတ်ခေါ်ပါသည်။—ရောမ ၁၂:၁၂ကဘ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 “သမ္မာကျမ်းစာကို သင်ယုံကြည်စိတ်ချနိုင်သလော” ဟူသည့်မေးခွန်းကို ပြည့်ပြည့်စုံစုံ ဆွေးနွေးသုံးသပ်ထားသည့် ဤမဂ္ဂဇင်း၏ ၂၀၀၇၊ နိုဝင်ဘာလထုတ်ကိုရှု။

^ အပိုဒ်၊ 7 “နာမတော်လည်းဖြစ်၊ အာမခံချက်လည်းဖြစ်” ဟူသော ပူးတွဲပါလေးထောင့်ကွက်ကိုရှု။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

လက်မှတ်တစ်ခုက ချက်လက်မှတ်တစ်စောင်ကို တရားဝင်ကြောင်း ဖော်ပြသကဲ့သို့ ယေဟောဝါဟူသော ဘုရားသခင့်ကိုယ်ပိုင်နာမတော်က သမ္မာကျမ်းစာပါ ကတိတော်အားလုံး ပြည့်စုံမည်ဖြစ်ကြောင်း အာမခံပါသည်

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

နာမတော်လည်းဖြစ်၊ အာမခံချက်လည်းဖြစ်

ယေဟောဝါဟူသော ဘုရားသခင့်နာမတော်သည် အမည်စာတန်းတစ်ခုမျှသာ မဟုတ်ချေ။ * သို့ဆိုလျှင် မည်သို့အားဖြင့်နည်း။ ယင်းနာမတော်သည် “ကိုယ်တော်ဖြစ်လာစေသည်” ဟူသောအဓိပ္ပာယ်ရှိ၏။ ရိုးရိုးဆိုရလျှင် မိမိရည်ရွယ်တော်မူချက် အထမြောက်ရန်နှင့် မိမိစကားတော်ပြည့်စုံရန် လိုအပ်မည်ဆိုလျှင် ကိုယ်တော်ဆုံးဖြတ်ထားသမျှ ဖြစ်လာစေဖို့ ဘုရားသခင်၌ မေတ္တာ၊ တန်ခိုးတော်နှင့် ဉာဏ်ပညာရှိတော်မူ၏။ ဥပမာ၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူအတွက် ကယ်တင်ရှင်၊ လူဆိုးကိုဖျက်ဆီးသူ၊ ဆုတောင်းသံကို နားထောင်တော်မူသောအရှင် သို့မဟုတ် မေတ္တာပြည့်ဝသောဖခင်၊ မည်သည့်အရာကိုပင် ကိုယ်တော်ရွေးချယ်ပါစေ ထိုအတိုင်း ဖြစ်လာစေနိုင်တော်မူ၏။

‘ငါသည် ဘုရားသခင်ဖြစ်၏။ . . . အဦးမှစ၍ အဆုံးတိုင်အောင် . . . “ငါ့အကြံတည်လိမ့်မည်၊ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်” ဟုဆိုသောအရှင်ဖြစ်၏’ ဟုယေဟောဝါ မိန့်တော်မူသည်။ (ဟေရှာယ ၄၆:၉၊ ၁၀) ဘုရားသခင်သည် မိမိကိုယ်တော်တိုင်အား အမြဲသစ္စာစောင့်တော်မူပြီး မိမိနာမတော်ကိုယ်နှိုက် ပါဝင်ပတ်သက်နေခြင်းကြောင့် မိမိ၏နှုတ်ထွက်စကားတော်ကို အသေအချာပင် ပြည့်စုံစေတော်မူမည်။ “ဘုရားသခင်သည် မုသာစကားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်။”—တောလည်ရာ ၂၃:၁၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ယေဟောဝါဟူသောနာမတော်သည် အတိုင်းအဆမဲ့တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ ဘုရားသခင်နှင့် အရှင်သခင်ဟူသော ဘွဲ့အမည်များနှင့် ကွဲပြားပါသည်။ ယင်းနာမတော်သည် မူရင်းသမ္မာကျမ်းစာတွင် အကြိမ်ခုနစ်ထောင်နီးပါး ပါရှိ၏။ ဘုရားသခင်သည် ယင်းနာမတော်ကို မိမိကိုယ်တိုင် ပေးခဲ့ခြင်းဖြစ်သည်။ ထွက်မြောက်ရာ ၃:၁၅ [ကဘ] ကဤသို့ဆို၏– “ယေဟောဝါ . . . ဟူသောနာမသည် ထာဝစဉ် ငါ၏နာမဖြစ်သည်။”