“ငါ့ကလေး ဘယ်လိုဖြစ်သွားတာပါလိမ့်”
“ငါ့ကလေး ဘယ်လိုဖြစ်သွားတာပါလိမ့်”
မိမိတို့၏ ၁၅ နှစ်သမီးလေး ဧည့်ခန်းထဲ ဝင်လာသောအခါ စကော့တ်နှင့်စန်ဒရာ * တို့ အံ့အားသင့်သွားကြ၏။ သမီးလေး၏ နဂိုရွှေဝါရောင်ဆံပင်မှာ ယခု နီကြောင်ကြောင်ဖြစ်သွားလေပြီ။ စကားပြောလိုက်ခါမှ ပို၍ပင် ခေါင်းရှုပ်သွားရ၏။
“သမီးရဲ့ဆံပင်ကို ဆေးဆိုးဖို့ အဖေတို့ ခွင့်ပြုလိုက်သလား။”
“သမီးရဲ့ဆံပင်ကို ဆေးဆိုးလို့မရဘူးလို့ အဖေတို့မှ မပြောခဲ့တာ။”
“ဘာကြောင့် အဖေတို့ကို အရင်မမေးတာလဲ။”
“အဖေတို့ ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ သိနေလို့။”
စကော့တ်နှင့်စန်ဒရာတို့ အလွယ်တကူ ထောက်ခံကြမည့်အတိုင်း မြီးကောင်ပေါက်အရွယ်သည် လူငယ်များအတွက်သာမက မိဘများအတွက်ပါ ကသောင်းကနင်းနိုင်လှသည့် အချိန်အခါဖြစ်သည်။ မိဘများစွာသည် မိမိတို့၏ကလေး လူလားမြောက်လာချိန်တွင် ဖြစ်ပျက်သည့် ထူးခြားသောအပြောင်းအလဲများအတွက် အသင့်ပြင်ဆင်ထားခြင်း လုံးဝမရှိချေ။ “ကျွန်မတို့ရဲ့သမီးလေးဟာ အချက်မပြဘဲ ထူးထူးခြားခြားဖြစ်လာတယ်။ ‘ငါ့ကလေး ဘယ်လိုဖြစ်သွားတာပါလိမ့်’ ဆိုပြီး သိချင်ခဲ့တယ်။ ကျွန်မတို့အိပ်နေတုန်း သူ့ကိုခိုးယူသွားပြီး တခြားကလေးတစ်ယောက်နဲ့ အစားထိုးထားသလိုမျိုး ဖြစ်နေတယ်” ဟုကနေဒါနိုင်ငံမှ မိခင်ဖြစ်သူ ဘာဘရာက ပြန်ပြောပြ၏။
ဘာဘရာ၏တွေ့ကြုံမှုမှာ အဆန်းမဟုတ်ချေ။ နိုးလော့!အား ကမ္ဘာတစ်ဝန်းမှ မိဘများ ပြောပြခဲ့ရာများကို သုံးသပ်ကြည့်ပါ။
“ကျွန်မရဲ့သားလေး မြီးကောင်ပေါက်အရွယ်ရောက်လာတော့ မမျှော်လင့်ဘဲ သူဟာ ပိုပြီးတစ်ယူသန်ဆန်လာတယ်၊ ကျွန်မတို့ရဲ့အခွင့်အာဏာကိုလည်း ပိုပြီးစောဒကတက်လာတယ်။”—လီအာ၊ ဗြိတိန်။
“ကျွန်တော်တို့ရဲ့သမီးတွေဟာ သူတို့ကိုသူတို့ ပိုပြီးအလိုမကျဖြစ်လာတယ်၊ အထူးသဖြင့် သူတို့ရဲ့အသွင်အပြင်ကိုပဲ။”—ဂျော်န်၊ ဂါနာ။
“ကျွန်မရဲ့သားလေးဟာ သူ့ဘာသာသူပဲ ဆုံးဖြတ်ချက်ချချင်တယ်။ သူဘာလုပ်ရမယ်ဆိုတာ သူ့ကို ပြောပြရင် မကြိုက်ဘူး။”—ဆလင်းနာ၊ ဘရာဇီး။
“ကျွန်တော်တို့ရဲ့သမီးလေးဟာ သူ့ကို ဖက်တာ၊ နမ်းတာ မကြိုက်တော့ဘူး။”—အန်ဒရူး၊ ကနေဒါ။
“ကျွန်တော်တို့ရဲ့သားတွေဟာ ပိုပြီးရန်လိုတတ်လာတယ်။ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကို လက်ခံမယ့်အစား စောဒကတက်တယ်၊ ဆင်ခြေကန်တယ်။”—စတိဗ်၊ ဩစတြေးလျ။
“ကျွန်မရဲ့သမီးလေးဟာ မြုံစိစိနဲ့။ ခပ်စိမ်းစိမ်းဖြစ်နေလို့ ဘာများဖြစ်လဲဆိုပြီး မေးတဲ့အခါ စိတ်ဆိုးတော့တာပဲ။”—ဂျိုအဲန်း၊ မက္ကဆီကို။
“ကျွန်တော်တို့ရဲ့ကလေးတွေဟာ သိုသိုသိပ်သိပ်နဲ့ အေးအေးဆေးဆေး နေချင်ကြတယ်။ တစ်ခါတလေ ကျွန်တော်တို့ထက် သူတို့သူငယ်ချင်းတွေနဲ့ပဲ ပေါင်းသင်းချင်ကြတယ်။”—ဒန်နီယဲလ်၊ ဖိလစ်ပိုင်။
မြီးကောင်ပေါက်အရွယ် ကလေးတစ်ဦး၏ မိဘအနေနှင့် အထက်ပါပြောပြချက်များမှ အချို့သည် သင်တွေ့ကြုံရာများနှင့် ဆင်တူနိုင်ကြောင်း တွေ့ရှိရပေမည်။ ထိုသို့ဖြစ်ပါက သင်သည် “လူထူးလူဆန်း” ဖြစ်နေသော မိမိ၏ဆယ်ကျော်သက်ကလေးအား နားလည်ပေးနိုင်ကြောင်း ယုံကြည်စိတ်ချပါလေ။ သမ္မာကျမ်းစာက အကူအညီပေးနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။
ဉာဏ်ပညာနှင့် သိနားလည်မှု
သမ္မာကျမ်းစာပါ ပညာရှိစကားတစ်ခွန်းမှာ ‘ဉာဏ်ပညာကိုဆည်းပူးလော့။ သိနားလည်မှုကို ဆည်းပူးလော့’ ဟူ၍ဖြစ်သည်။ (သု. ၄:၅) မြီးကောင်ပေါက်ကလေးတစ်ဦးနှင့် ဆက်ဆံရာတွင် အဆိုပါအရည်အသွေးနှစ်ခုစလုံး မရှိလျှင်မဖြစ်ချေ။ သင့်ကလေး၏အပြုအမူကို ကြည့်မြင်ရုံသာမက အတွင်း၌ အဘယ်သို့ဖြစ်ပျက်နေကြောင်းကိုလည်း သိမြင်နိုင်ရန် သိနားလည်မှု လိုအပ်ပေသည်။ သင်၏ဆယ်ကျော်သက်ကလေးသည် တာဝန်ယူတတ်သော လူကြီးတစ်ဦးဖြစ်လာဖို့ ၎င်းအား ထိရောက်စွာကူညီပေးနိုင်ရန် ဉာဏ်ပညာ လည်းလိုအပ်ပေသည်။
သင်နှင့်သင့်ကလေးစပ်ကြား ဆက်ဆံရေးမှာ ပို၍ကျဲလာဟန်တူသည့်အတွက် သင့်ကလေးက သင့်ကို အလိုမရှိတော့ဟု မယူဆပါနှင့်။ အမှန်မှာ မြီးကောင်ပေါက်များသည် မိမိတို့၏ခက်ခဲသော ဤအချိန်ကာလပိုင်းအတွင်းတွင် မိဘများ၏ပါဝင်ပတ်သက်မှု လိုအပ်ပြီး ပါဝင်ပတ်သက်စေလို ကြသည်။ ထိုသို့သောလမ်းညွှန်မှုပေးနိုင်ရန် သိနားလည်မှုနှင့် ဉာဏ်ပညာက သင့်အား မည်သို့ကူညီပေးနိုင်သနည်း။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 ဤဆောင်းပါးတွဲများတွင် အမည်များကို ပြောင်းထားပါသည်။