မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့ရဲ့မွေးချင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

ငါ့ရဲ့မွေးချင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

လူငယ်များအမေး

ငါ့ရဲ့မွေးချင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

ဖခင်ဖြစ်သူ သတင်းဆိုးပြောလိုက်သည့်နေ့တွင် ကာရင်၏ဘဝ ပြောင်းလဲသွားခဲ့သည်။ ဖခင်ဖြစ်သူမှာ “ရှီလာ ဆုံးပြီ” ဟုသာ ပြောနိုင်တော့၏။ ကာရင်နှင့် ၎င်း၏ဖခင်သည် နားမလည်နိုင်စွာ တစ်ဦးကိုတစ်ဦး ဖက်ထားလိုက်ကြသည်။ ကာရင်၏ညီမသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားလေပြီ။ *

လူငယ်တစ်ဦး သေဆုံးသွားသောအခါ စိတ်ရင်းကောင်းသော နှစ်သိမ့်သူတို့သည် မိဘများကိုသာ အာရုံစိုက်လေ့ရှိပြီး ကျန်ရစ်သူမောင်နှမများကို နှစ်သိမ့်ပေးရန် မေ့လျော့တတ်ကြသည်။ ယင်းသို့မေ့လျော့ရခြင်းကို နားလည်ပေးနိုင်ပါသည်။

မွေးချင်းတစ်ဦး သေဆုံးသွားသောအခါ ကျန်ရစ်သူမောင်နှမများအပေါ် များစွာအကျိုးသက်ရောက်နိုင်ကြောင်း သုတေသနပြုမှုက ဖော်ပြသည်။ “ယင်းသို့သောဆုံးရှုံးမှုကြီးသည် ကျန်ရစ်သူသားသမီးများ၏ ကျန်းမာရေး၊ အမူအကျင့်၊ ကျောင်းစာ၊ မိမိကိုယ်ကိုလေးစားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေ၏” ဟုဒေါက်တာ ပီ. ဂီလ်က ၎င်း၏စာအုပ်တစ်အုပ်တွင် ရေးသားထားသည်။

အကြီးဖြစ်သော မွေးချင်းတို့ကိုလည်း ထိခိုက်စေပါသည်။ မိမိ၏ညီမငယ် ရှီလာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားချိန်တွင် အထက်၌ဖော်ပြထားသော ကာရင်၏အသက်မှာ ၂၂ နှစ်ဖြစ်၏။ သို့သော် တစ်ခါတစ်ရံ ဝမ်းနည်းပူဆွေးမှုကို သူမခံစားနိုင်တော့သည့်ပုံ ပေါ်ခဲ့သည်။ “မိဘတွေထက် ကျွန်မပိုခံစားခဲ့ရတယ်လို့ မဆိုလိုပေမဲ့ သူတို့နဲ့စာရင်တော့ ခံစားနေရတဲ့ဝေဒနာကို မကိုင်တွယ်တတ်ဘူးလို့ ထင်ပါတယ်” ဟုသူဆိုသည်။

ကာရင်ကဲ့သို့ပင် အသင်လည်း မွေးချင်းတစ်ဦးကို ဆုံးရှုံးခဲ့ရပါသလော။ ဆုံးရှုံးလိုက်ရသည်ဆိုလျှင် ဆာလံဆရာ ဒါဝိဒ်ခံစားခဲ့ရသည့်အတိုင်း အသင်လည်း ခံစားရပေမည်။ ဆာလံဆရာ ဤသို့ရေးသားခဲ့သည်– “အကျွန်ုပ်သည် ကျောကုန်း၍ အလွန်နှိမ့်ချခံရလျက် တစ်နေ့လုံး မှိုင်ခါမှိုင်ခါ သွားလာရပါ၏။” (ဆာလံ ၃၈:၆သမ္မာ) ဝမ်းနည်းပူဆွေးမှုကို သင် မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။

“အကယ်၍သာ . . . ”

မောင်နှမထဲမှတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းက သင့်အား အပြစ်ရှိသည်ဟု အကြီးအကျယ်ခံစားရစေနိုင်ပါသည်။ ‘အကယ်၍သာ ကိစ္စရပ်တွေကို တခြားနည်းနဲ့ လုပ်ဆောင်ခဲ့မယ်ဆိုရင် သူ အသက်ရှင်နေဦးမှာ’ ဟုသင့်ကိုသင် ပြောကောင်းပြောပေမည်။ ထိုသို့တွေးထင်စေသည့်သာဓက ရှိပုံပေါ်ပေမည်။ အသက် ၁၈ နှစ်အရွယ် မိမိ၏ညီလေး ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားချိန်တွင် အသက် ၂၁ နှစ်အရွယ်ရှိသော ခရစ္စ ထိုသို့ပင်ယူဆခဲ့၏။ “ညီလေးနဲ့စကားပြောတဲ့သူတွေထဲမှာ ကျွန်တော်က နောက်ဆုံးပဲ၊ ဒါကြောင့် သူတစ်ခုခုဖြစ်နေတာကို ကျွန်တော်သိသင့်တယ်လို့ တွေးမိတယ်။ အကယ်၍သာ ကျွန်တော်ဟာ ချဉ်းကပ်ရလွယ်တဲ့သူဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်ကို သူလာရင်ဖွင့်မှာပဲ” ဟုသူကဆိုသည်။

မိမိတို့ညီအစ်ကိုနှစ်ဦး၏ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့မှုကြောင့် ခရစ္စခမျာ ပို၍စိတ်ဆင်းရဲနေရှာသည်။ “ကျွန်တော်ဟာ အစ်ကိုကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်လို့ရေးထားတဲ့ စာတိုလေးတစ်စောင် ထားသွားတယ်။ သူဟာ စိတ်ဝေဒနာခံစားနေရတဲ့အတွက် သူတကယ်ပြောနေတာမဟုတ်မှန်း သိပေမဲ့ ကျွန်တော်တို့ အဆင်မပြေဖြစ်ခဲ့တယ်ဆိုတဲ့ အတွေးက ကျွန်တော့်ကို ဆက်ပြီးနာကျင်ဝမ်းနည်းစေတယ်” ဟုခရစ္စက ယူကျုံးမရ ပြန်ပြောပြသည်။ မွေးချင်းတစ်ဦးမသေဆုံးမီ အပြန်အလှန် နာနာကြည်းကြည်း ပြောဆိုခဲ့ကြသည်ကို ပြန်သတိရသည့်အခါ မိမိကိုယ်ကို ပို၍အပြစ်တင်လေ့ရှိ၏။ “လွန်ခဲ့တဲ့လတွေ ဒါမှမဟုတ် နှစ်တွေက သူတို့စပ်ကြားမှာ အချေအတင်ဖြစ်ခဲ့ကြတဲ့အတွက် သူတို့မှာအပြစ်ရှိတယ်လို့ခံစားရတယ်ဆိုပြီး ကျန်ရစ်သူ မောင်နှမတွေက ပြောပြကြတယ်” ဟုအစောပိုင်းက ဖော်ပြခဲ့သည့် ဒေါက်တာဝှိုက်က နိုးလော့! ကို ပြောပြခဲ့သည်။

မွေးချင်းတစ်ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခြင်းနှင့်ပတ်သက်၍ သင်၌အပြစ်ရှိသည်ဟု ခံစားရပါက ‘အခြားသူတစ်ဦး၏လုပ်ရပ်များကို အပြည့်အဝထိန်းချုပ်နိုင်သူ ရှိပါသလော’ ဟုကိုယ့်ကိုယ်ကို မေးကြည့်ပါ။ “လွတ်မြောက်ဖို့ကြိုးစားနေတဲ့ လူတစ်ယောက်ရဲ့ခံစားချက်ဝေဒနာ၊ အဲဒီခံစားချက်ကို စိတ်ချောက်ချားစရာကောင်းတဲ့နည်းနဲ့ သူအဆုံးသတ်လိုက်ပုံကို ဘယ်သူမှ ဟန့်တားလို့မရပါဘူး” ဟုကာရင်ကဆိုသည်။

သို့သော် မိမိ၏မွေးချင်းအပေါ် မစာမနာ သို့မဟုတ် အကြင်နာမဲ့စွာ ပြောဆိုမိခဲ့သည်ကို သင် မမေ့နိုင်ပုံရလျှင်ကော အသို့နည်း။ ကိစ္စရပ်များကို အရှိအတိုင်း ရှုမြင်တတ်ရန် သမ္မာကျမ်းစာက ကူညီပေးနိုင်ပါသည်။ “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏” ဟုသမ္မာကျမ်းစာက ဆိုသည်။ (ယာကုပ် ၃:၂; ဆာလံ ၁၃၀:၃) မိမိ၏မွေးချင်းအပေါ် မညှာမတာ ပြောဆိုဆက်ဆံခဲ့သည်ဟု သင်ယူဆရသော အဖြစ်အပျက်များအပေါ် အာရုံစိုက်ခြင်းက သင့်အား ပို၍ဝမ်းနည်းကြေကွဲစေရုံသာ ရှိချေမည်။ အဆိုပါအမှတ်ရစရာများကြောင့် စိတ်ထိခိုက်မည်ဖြစ်သော်လည်း အမှန်တရားမှာ သင်သည် သင့်မွေးချင်းအား သေဆုံးစေခဲ့ခြင်းမဟုတ်ဟူ၍ဖြစ်၏။ *

ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း

လူနှစ်ဦးသည် တစ်ပုံစံတည်း ဝမ်းနည်းကြေကွဲခြင်းမရှိချေ။ အချို့သောသူတို့သည် လူရှေ့သူရှေ့ မျက်ရည်ကျတတ်ရာ ယင်းသည် မမှားချေ။ သားတော်အာမနုန်သေဆုံးပြီးနောက် ဒါဝိဒ်သည် “ပြင်းစွာ ငိုကြွေး” ခဲ့သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (၂ ဓမ္မရာဇဝင် ၁၃:၃၆) ယေရှုပင်လျှင် မိမိ၏မိတ်ဆွေလာဇရု ဆုံးပါးသွားခြင်းကြောင့် ဝမ်းနည်းပူဆွေးနေသူတို့ကို မြင်တော်မူလျှင် “မျက်ရည်ကျတော်မူ၏။”—ယောဟန် ၁၁:၃၃-၃၅

အချို့သောသူတို့သည် ချက်ချင်း ဝမ်းမနည်းတတ်ကြချေ၊ အထူးသဖြင့် ရုတ်တရက် သေဆုံးသွားသောအခါတွင်ဖြစ်၏။ “ကျွန်မ ခံစားချက်မဲ့သွားသလိုမျိုး ဖြစ်ခဲ့တယ်။ လုပ်နေကျအလုပ်တွေကို မလုပ်နိုင်လောက်အောင် စိတ်ဖိစီးခဲ့တယ်” ဟုကာရင်က ပြန်ပြောပြသည်။ မွေးချင်းတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသောအခါ ယင်းသို့ပြုမူခြင်းက အဆန်းမဟုတ်ချေ။ “ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဟာ တုန်လှုပ်ချောက်ချားစရာဖြစ်ပြီး ဝမ်းနည်းကြေကွဲမှုကို မကိုင်တွယ်ခင် တုန်လှုပ်ချောက်ချားမှုကို အရင်ဆုံး ကိုင်တွယ်ရမယ်။ ကျွမ်းကျင်တဲ့ ပြုစုစောင့်ရှောက်သူတချို့က ကျန်ရစ်သူတွေကို ငိုလို့မရ ဖြစ်နေချိန်မှာ ငိုကြွေးမြည်တမ်းစေကြတယ်။ ကျန်ရစ်သူတွေဟာ တုန်လှုပ်ချောက်ချားနေတဲ့အတွက် ကြက်သေသေနေတယ်” ဟုဒေါက်တာဝှိုက်က နိုးလော့! ကို ပြောပြခဲ့၏။

သင်၏မွေးချင်း သေဆုံးသွားပြီဟူသောအဖြစ်မှန်ကို လက်ခံရန်နှင့် နေသားတကျဖြစ်ရန် အချိန်ယူရမည်ဖြစ်သည်၊ ဖြစ်ပျက်ခဲ့သောအရာကို ထောက်ရှုလျှင် ယင်းကို နားလည်နိုင်ပါသည်။ “ကျွန်တော်တို့မိသားစုဟာ တစ်စစီဖြစ်သွားလို့ ကော်နဲ့ပြန်ကပ်ထားတဲ့ ပန်းအိုးတစ်လုံးနဲ့တူတယ်။ အခုလည်း သေးသေးမွှားမွှား ကိစ္စလေးတွေကိုတောင် ကိုင်တွယ်နိုင်မယ့်ပုံမပေါ်သေးဘူး” ဟုခရစ္စက ဆိုသည်။ အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အောက်တွင်ဖော်ပြထားရာတို့ကို စမ်းကြည့်ပါလေ။

နှစ်သိမ့်မှုပေးသော ကျမ်းပိုဒ်များကို စာရင်းပြုစုထားပြီး တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် ဖတ်ရှုပါ။—ဆာလံ ၉၄:၁၉

စာနာထောက်ထားတတ်သော ယုံကြည်စိတ်ချရသူတစ်ဦးနှင့် စကားပြောဆိုပါ။ ယင်းက သင့်အား သက်သာရာရစေပေမည်။—သု. ၁၇:၁၇

ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကျမ်းစာကတိတော်ကို တွေးတောဆင်ခြင်ပါ။—ယောဟန် ၅:၂၈၊ ၂၉

မိမိ၏ခံစားချက်များကို စာအုပ်တစ်အုပ်တွင် ရေးချခြင်းကလည်း မိမိ၏ဝမ်းနည်းပူဆွေးမှုကို အရှိအတိုင်း ရှုမြင်စေရန် အနည်းဆုံး အချိန်အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုပါလိမ့်မည်။ လေ့ကျင့်ခန်းအနေနှင့် အောက်တွင်ဖော်ပြထားသော လေးထောင့်ကွက်ကို အသုံးပြုပါလေ။

“ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကို သိတော်မူ” ကြောင်း ယုံကြည်စိတ်ချပါ။ (၁ ယောဟန် ၃:၂၀) သင့်မွေးချင်းအား စိတ်သောကရောက်စေနိုင်သည့် အကြောင်းရင်းများနှင့် အခြေအနေများကို မည်သည့်လူသားထက်မဆို ကိုယ်တော်ပို၍သိတော်မူ၏။ ထို့အပြင် သင့်ကိုယ်သင် သိသည်ထက် သင့်အား ကိုယ်တော် ပို၍သိတော်မူ၏။ (ဆာလံ ၁၃၉:၁-၃) ထို့ကြောင့် သင်ရင်ဆိုင်နေရသော အခြေအနေကို ကိုယ်တော်နားလည်တော်မူကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ သင်သည် အလွန်အမင်း ဝမ်းနည်းပူဆွေးနေပါက ဆာလံ ၅၅:၂၂ ပါဤစကားများကို သတိရပါလေ– ‘ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားသခင်၌ ချထားလော့။ သင့်ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။”

ဝမ်းနည်းပူဆွေးနေသူများအတွက် နှစ်သိမ့်မှု

ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာကိုရှုပါ။

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် အမည်များကို ပြောင်းထားပါသည်။

^ အပိုဒ်၊ 12 ဖျားနာမှုကြောင့် သို့မဟုတ် မတော်တဆမှုကြောင့် သေဆုံးရသည့်အခါတွင်လည်း အလားတူပင်။ သင့်မွေးချင်းအား သင်မည်မျှပင် ချစ်မြတ်နိုးပါစေ “အချိန်နှင့် ကြိုတင်မမြင်နိုင်သောဖြစ်ရပ်” ကို သင်မထိန်းချုပ်နိုင်ပါ။—ဒေ. ၉:၁၁ကဘ။

ချင့်တွေးစရာ

▪ သင်သည် အလွန်အမင်း စိတ်ဖိစီးခံနေရပါက မည်သူနှင့်စကားပြောဆိုနိုင်သနည်း။

▪ ဝမ်းနည်းပူဆွေးနေသော လူငယ်တစ်ဦးကို သင်မည်သို့ အားပေးထောက်မနိုင်သနည်း။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

သင့်ခံစားချက်များကို ရေးချခြင်းက ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် များစွာ အထောက်အကူပြုနိုင်ပါသည်။ ယင်းကိုအစွဲပြုလျက် အောက်ပါဖော်ပြချက်များကို ဖြည့်၍ မေးခွန်းများကို ဖြေဆိုပါ။

ကျွန်ုပ်၏မွေးချင်းနှင့်ပတ်သက်၍ ပျော်စရာကောင်းသော အမှတ်ရစရာ သုံးခုမှာ–

․․․․․

․․․․․

․․․․․

သူအသက်ရှင်စဉ်က သူ့ကို ဤသို့ပြောလိုက်လျှင် ကောင်းမည်ဟု ထင်သောစကားမှာ–

․․․․․

မွေးချင်းတစ်ဦး သေဆုံးသွားသည့်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေသော သူ၏ညီ၊ ညီမအား ကျွန်ုပ် အဘယ်သို့ပြောဆိုမည်နည်း

․․․․․

အောက်ပါကျမ်းချက်များအနက် မည်သည့်ကျမ်းချက်က နှစ်သိမ့်မှုအပေးဆုံးဖြစ်ပြီး အဘယ်ကြောင့်နည်း။

□ ‘ယေဟောဝါသည် နှလုံးကြေကွဲသူတို့နှင့် နီးတော်မူ၏။ စိတ်ကြေမွသူတို့ကိုလည်း ကယ်တင်တော်မူ၏။’​—⁠ဆာလံ ၃၄:​၁၈၊ သမ္မာ။

□ “နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင်တော်မူပြီ။”​—⁠ဆာလံ ၂၂:​၂၄

□ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော် [ယေရှု] ၏ စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။”​—⁠ယောဟန် ၅:​၂၈၊ ၂၉