မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိမိကိုယ်ကိုကာကွယ်ခြင်းသည် မည်သည့်အချိန်တွင် တော်သင့်မှန်ကန်သနည်း

မိမိကိုယ်ကိုကာကွယ်ခြင်းသည် မည်သည့်အချိန်တွင် တော်သင့်မှန်ကန်သနည်း

သမ္မာကျမ်းစာရှုထောင့်

မိမိကိုယ်ကိုကာကွယ်ခြင်းသည် မည်သည့်အချိန်တွင် တော်သင့်မှန်ကန်သနည်း

ညဉ့်သန်းခေါင်ယံတွင် ရုတ်တရက်အသံတစ်သံထွက်ပေါ်လာ၍ သင်လန့်နိုးသွားသည်။ ခြေသံများကို သင်ကြားနေရသည်။ တစ်စုံတစ်ယောက် သင့်အိမ်ထဲ ကျူးကျော်ဝင်ရောက်လာနေ၏။ သင့်နှလုံးသည် တဒိတ်ဒိတ်ခုန်လာကာ သင် ဘာဆက်လုပ်သင့်ကြောင်း အထိတ်တလန့်ဖြင့် တွေးနေသည်။

ဤအခြေအနေကို မည်သူမဆို ကြုံတွေ့နိုင်သည်။ ကိုယ်ထိလက်ရောက်ကျူးလွန်သည့် ရာဇဝတ်မှုများသည် မည်သည့်မြို့၊ မည်သည့်နိုင်ငံတွင်သာ ဖြစ်ပွားသည်ဟူ၍ ကန့်သတ်ချက်မရှိတော့ချေ။ လူအများသည် ရာဇဝတ်မှုကို ကြောက်ရွံ့သောကြောင့် လက်နက်များဝယ်ယူခြင်း သို့မဟုတ် ကိုယ်ခံပညာသင်ယူခြင်းဖြင့် မိမိကိုယ်ကိုကြိုးစားကာကွယ်ကြသည်။ အာဏာပိုင်အချို့က ပြည်သူများသည် မိမိကိုယ်ကိုကာကွယ်ရန် ရန်ပြုတိုက်ခိုက်သူအား သေစေနိုင်သည့်နည်းများအသုံးပြု၍ ခုခံခွင့်ရှိသည်ဟူသော ဥပဒေများ ပြဋ္ဌာန်းထားကြသည်။ သို့သော် သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ လူတစ်ဦးသည် မိမိကိုယ်ကို သို့မဟုတ် မိသားစုကိုကာကွယ်ရန် သေစေနိုင်သောနည်းများအသုံးပြုခြင်းသည် အမြဲပင် တော်သင့်မှန်ကန်ပါသလော။

အကြမ်းဖက်မှုကို ဘုရားသခင်မုန်း

သမ္မာကျမ်းစာသည် အကြမ်းဖက်မှုနှင့် အကြမ်းဖက်သူများကို ပြစ်တင်ရှုတ်ချထားသည်။ ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍ ဆာလံဆရာဒါဝိဒ်က ဤသို့ပြောခဲ့သည်– “မတရားသောသူနှင့် အကြမ်းဖက်မှုကို နှစ်သက်သောသူအား ဝိညာဉ်တော်သည် မုန်းတော်မူ၏။” (ဆာလံ ၁၁:၅ကဘ) ဘုရားသခင်သည် မိမိလူမျိုးအပါအဝင် ရှေးလူမျိုးများစွာအား ၎င်းတို့၏အကြမ်းဖက်မှုနှင့် သွေးပြစ်ကျူးလွန်မှုတို့ကြောင့် တရားစီရင်မည်ဟု ကြေညာခဲ့သည်။ (ယောလ ၃:၁၉; မိက္ခာ ၆:၁၂; နာဟုံ ၃:၁) အစ္စရေးလူမျိုးကို ပေးခဲ့သော ပညတ်တရားအရ ပေါ့ဆမှုကြောင့် မတော်တဆလူသတ်မိလျှင်ပင် ကြီးလေးသောရာဇဝတ်မှုတစ်ခုဖြစ်သည်။—တရားဟောရာ ၂၂:၈

သမ္မာကျမ်းစာက တစ်ဦးချင်းစီအား နေ့စဉ် လူအပေါင်းနှင့် အသင့်အတင့်နေခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့်ပဋိပက္ခများကို ရှောင်ရှားရန် တိုက်တွန်းထားသည်။ အကြမ်းဖက်တိုက်ခိုက်မှုများသည် ဒေါသဖြင့်ပြောလိုက်သော စကားများမှ အစပြုလေ့ရှိ၏။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူ [“ရှုတ်ချပြောဆိုသူ၊” ကဘ] မရှိလျှင် ရန်ငြိမ်းတတ်၏။” (သု. ၂၆:၂၀) ငြိမ်သက်ခြင်းသည် အမျက်ဒေါသကို ပြေစေနိုင်ပြီး အကြမ်းဖက်မှုနှင့်ထိပ်တိုက်ရင်ဆိုင်ရသည့်အဖြစ်မှ ကာကွယ်ပေးသည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့။”—ရောမ ၁၂:၁၈ကဘ။

သင် ခြိမ်းခြောက်ခံရသောအခါ

လူအားလုံးနှင့်သင့်မြတ်စွာနေခြင်းက ဘယ်သောအခါမျှ ရက်စက်ကြမ်းတမ်းသည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်မဟုတ်ဟု အာမမခံပါ။ သမိုင်းတစ်လျှောက်တွင် ဘုရားသခင်အား သစ္စာရှိစွာဝတ်ပြုကိုးကွယ်သူများသည် အကြမ်းဖက်ရာဇဝတ်မှု၏ သားကောင်များ ဖြစ်ခဲ့ကြရသည်။ (ကမ္ဘာဦး ၄:၈; ယောဘ ၁:၁၄၊ ၁၅၊ ၁၇) အကယ်၍ လူတစ်ဦးသည် လက်နက်ကိုင်ဆောင်ထားသည့် ဓားပြတစ်ဦး၏ ခြိမ်းခြောက်မှုခံနေရလျှင် ထိုသူဘာလုပ်သင့်သနည်း။ ယေရှုဤသို့ ညွှန်ကြားခဲ့သည်– “လူဆိုးကို မခုခံနှင့်။” (မဿဲ ၅:၃၉ကဘ) ကိုယ်တော်ဤသို့လည်း မိန့်ဆိုခဲ့သည်– “သင့်ဝတ်လုံကိုသိမ်းယူသောသူအား အင်္ကျီကိုလည်း ယူခွင့်ပေးဦးလော့။” (လုကာ ၆:၂၉ကဘ) ယေရှုသည် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများကို ကာကွယ်ရန် လက်နက်များအသုံးပြုခြင်းကို ခွင့်မပြုခဲ့ပေ။ အကယ်၍ လက်နက်ကိုင်ဓားပြတစ်ဦးနှင့် ရင်ဆိုင်ရသည်ဆိုလျှင် ပညာရှိသူသည် ပြန်လည်မခုခံဘဲ ၎င်း၏အဖိုးတန်ပစ္စည်းများကို ပေးလိုက်မည်ဖြစ်သည်။ အသက်သည် အမှန်ပင် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများထက် ပို၍တန်ဖိုးရှိ၏။

အခြားတစ်ဖက်တွင်မူ၊ လူတစ်ဦးသည် တိုက်ခိုက်ရန်ပြုသူတစ်ဦး၏ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ခံနေရလျှင်ကော အသို့နည်း။ ထိုကိစ္စအတွက် ရှေးခေတ်အစ္စရေးလူမျိုးအား ဘုရားသခင်ပေးခဲ့သည့် ပညတ်တစ်ခုက ရှင်းလင်းဖော်ပြပေးသည်။ အကယ်၍ သူခိုးတစ်ဦးကို နေ့အချိန်တွင်ဖမ်းမိပြီး သတ်လိုက်သည်ဆိုလျှင် သတ်သူသည် လူသတ်မှုဖြင့် စွဲချက်တင်ခံရမည်။ အဘယ်ကြောင့်ဆိုသော် ခိုးမှုသည် သေပြစ်မသင့်ပါ။ သူခိုးကို ဖော်ထုတ်ပြီး တရားဥပဒေအရ အပြစ်ပေးနိုင်သည်။ သို့သော်၊ ညဘက်တွင် ကျူးကျော်ဝင်ရောက်လာသူကို သတ်မိလျှင် အိမ်ရှင်တွင် အပြစ်မရှိပါ။ အကြောင်းမှာ ကျူးကျော်ဝင်ရောက်လာသူသည် အဘယ်အရာလုပ်နေသည်နှင့် ထိုသူ၏ရည်ရွယ်ချက်ကို အိမ်ရှင်သိရန် ခက်ခဲသောကြောင့်ဖြစ်၏။ အိမ်ရှင်အနေဖြင့် ၎င်း၏မိသားစုသည် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ ခုခံကာကွယ်ရန်လိုကြောင်း ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်သည်။—ထွက်မြောက်ရာ ၂၂:၂၊ ၃

လူတစ်ဦးသည် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရလျှင် ၎င်းကိုယ်တိုင်နှင့် ၎င်း၏မိသားစုအတွက် ခုခံကာကွယ်နိုင်ကြောင်း ကျမ်းစာကဆိုသည်။ ထိုသူသည် ထိုးကြိတ်မှုကို ခုခံကာကွယ်ခြင်းဖြင့်ဖြစ်စေ၊ တိုက်ခိုက်သူကို ဖမ်းချုပ်ထားခြင်းဖြင့်ဖြစ်စေ သို့မဟုတ် ဆက်လက်မတိုက်ခိုက်နိုင်အောင် ၎င်းကို ရိုက်လိုက်ခြင်းဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။ ထိုသို့လုပ်ရသည့် ရည်ရွယ်ချက်မှာ ရန်လိုမှုကိုဟန့်တားရန် သို့မဟုတ် တိုက်ခိုက်မှုကို ရပ်တန့်သွားစေရန်ဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်သည့်အခါ ရန်လိုသူသည် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားမည် သို့မဟုတ် သေသွားမည်ဆိုလျှင် တမင်တကာလုပ်ခြင်းမဟုတ်ဘဲ မတော်တဆသာဖြစ်မည်။

အကောင်းဆုံးကာကွယ်နည်း

ရှင်းနေသည်မှာ၊ တော်သင့်မှန်ကန်စွာဖြင့် မိမိကိုယ်ကိုကာကွယ်နိုင်သည့် အခြေအနေများစွာရှိသည်။ လူတို့သည် မိမိကိုယ်တိုင်နှင့် မိမိချစ်မြတ်နိုးရသူများအား ရန်လိုမှုနှင့် သေစေနိုင်သည့် အန္တရာယ်များမှ ကာကွယ်ပိုင်ခွင့်ရှိသည်။ လွတ်မြောက်ရန် မဖြစ်နိုင်သောအခါ ကျိုးကြောင်းခိုင်လုံစွာ မိမိကိုယ်ကိုကာကွယ်ခြင်းကို ဆန့်ကျင်သည့် ကျမ်းစာညွှန်ကြားချက်မရှိပါ။ သို့သော် ပညာရှိလမ်းစဉ်မှာ အကြမ်းဖက်မှုများ ပေါ်ပေါက်စေနိုင်သော အခြေအနေများကို အတတ်နိုင်ဆုံးရှောင်ရှားခြင်းဖြစ်သည်။—သု. ၁၆:၃၂

ကျွန်ုပ်တို့၏အသက်တာတစ်လျှောက်လုံးတွင် “သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်” ရန် သမ္မာကျမ်းစာက အားပေးထားသည်။ (၁ ပေတရု ၃:၁၁) ယင်းသည် ငြိမ်းချမ်းသည့်အသက်တာဖြင့်နေနိုင်ရန် အမှန်တကယ် လက်တွေ့ကျသောနည်းလမ်းတစ်ခုပင် ဖြစ်ပေသည်။

သင်စဉ်းစားဖူးသလော

▪ အကြမ်းဖက်မှုကို ကျွန်ုပ်တို့ အဘယ်ကြောင့်ရှောင်ရှားသင့်သနည်း။—ဆာလံ ၁၁:၅၊ ကဘ။

▪ ရုပ်ပစ္စည်းပိုင်ဆိုင်ရာများအတွက် ခုခံကာကွယ်ရာတွင် ပညာရှိလမ်းစဉ်ကား အဘယ်နည်း။—သု. ၁၆:၃၂; လုကာ ၁၂:၁၅၊ ကဘ။

▪ အဘယ်သဘောထားက ပဋိပက္ခများ၏အန္တရာယ်မှ ကာကွယ်ပေးနိုင်သနည်း။—ရောမ ၁၂:၁၈

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

လူတစ်ဦးသည် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရလျှင် ၎င်းကိုယ်တိုင်နှင့် ၎င်း၏မိသားစုအတွက် ခုခံကာကွယ်နိုင်ကြောင်း ကျမ်းစာကဆိုသည်