မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြီးကောင်ပေါက်များကို ပြုစုပျိုးထောင်ခြင်း—ဉာဏ်ပညာကဏ္ဍ

မြီးကောင်ပေါက်များကို ပြုစုပျိုးထောင်ခြင်း—ဉာဏ်ပညာကဏ္ဍ

မြီးကောင်ပေါက်များကို ပြုစုပျိုးထောင်ခြင်း—ဉာဏ်ပညာကဏ္ဍ

“သားနဲ့သမီးကို ကျွန်တော်တို့ ကြိုးစားအုပ်ထိန်းပေမဲ့ တစ်ခုခုနဲ့ပတ်သက်ပြီး သူတို့ကို အမြဲဆူပူနေရသလိုပဲ။ တစ်ခါတလေ သူတို့တွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာအောင် ပျိုးထောင်ပေးနေတာလား ဒါမှမဟုတ် ဖျက်ဆီးနေတာလားဆိုတာ တွေးမိတယ်။ မျှမျှတတရှိဖို့ဆိုတာ တကယ့်စိန်ခေါ်ချက်ပဲ။”—ဂျော့ခ်ျနှင့် လော်ရဲန်၊ ဩစတြေးလျ။

မြီးကောင်ပေါက်တစ်ဦးကို ပြုစုပျိုးထောင်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ မိဘများသည် ကလေးများဖြစ်ပေါ်စေသည့် စိန်ခေါ်ချက်အသစ်များကို ကိုင်တွယ်ဖြေရှင်းရသည့်အပြင် မိမိတို့၏ကလေး အရွယ်ရောက်လာပြီဟူသော အချက်နှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်ကြပေမည်။ “ကလေးတွေဟာ တစ်နေ့ကျရင် အိမ်ကနေထွက်သွားကြလိမ့်မယ်ဆိုတဲ့အတွေးက ဝမ်းနည်းစရာကောင်းတယ်။ သူတို့လေးတွေရဲ့ဘဝကို ထိန်းချုပ်ထားလို့ မရတော့ဘူးဆိုတာကို လက်ခံရခက်နေတယ်” ဟုသြစတြေးလျနိုင်ငံမှ ဖရန့်ခ်အမည်ရှိ ဖခင်တစ်ဦးက ဝန်ခံပြောဆိုသည်။

ဤဆောင်းပါးတွဲတွင် အစောပိုင်းက ကိုးကားခဲ့သည့် လီအာလည်း ထိုအချက်ကို သဘောတူပေမည်။ “ကျွန်မသားကို လူရွယ်တစ်ယောက်လို ဆက်ဆံဖို့ခက်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မမျက်စိထဲမှာ သူဟာ ကလေးလေးပဲ။ မနေ့တစ်နေ့ကမှ ကျောင်းစတက်တဲ့ကလေးနဲ့ပဲ တူနေတယ်” ဟုသူကဆို၏။

လက်ခံရခက်မည်ဖြစ်သော်လည်း မြီးကောင်ပေါက်များသည် ကလေးငယ်များမဟုတ်တော့ချေ။ မြီးကောင်ပေါက်များသည် လူကြီးများဖြစ်လာရန် လေ့ကျင့်ပေးခံနေရသူများ ဖြစ်ကြပြီး မိဘများမှာမူ ၎င်းတို့၏ဆရာများနှင့် ကူညီပံ့ပိုးပေးသူများဖြစ်ကြသည်။ သို့သော် အထက်တွင် ဂျော့ခ်ျနှင့် လော်ရဲန်တို့ ဖော်ပြခဲ့သည့်အတိုင်း မိဘများသည် ကလေးအား မိမိကိုယ်ကိုယုံကြည်မှုရှိလာအောင် ပျိုးထောင်ပေးနိုင်သကဲ့သို့ ဖျက်ဆီးပစ်နိုင်ကြပါသည်။ မိဘများအနေနှင့် တော်မှန်သောမျှတမှု မည်သို့ရှိလာနိုင်သနည်း။ သမ္မာကျမ်းစာတွင် အထောက်အကူပြု အကြံဉာဏ်များပါရှိသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) နမူနာတချို့ကို သုံးသပ်ကြည့်ကြပါစို့။

ဆက်သွယ်ရေးကောင်းရှိရန် အလွန်အရေးကြီး

သမ္မာကျမ်းစာက ခရစ်ယာန်များအား “နားကြားခြင်းငှာ လျင်မြန်” ပြီး ‘စကားပြောခြင်းငှာ နှေး’ ကြရန် တိုက်တွန်း၏။ (ယာကုပ် ၁:၁၉) အသက်အရွယ်အသီးသီးရှိ ကလေးသူငယ်များနှင့် ပြောဆိုဆက်ဆံသည့်အခါ ယင်းသည် အကြံဉာဏ်ကောင်းဖြစ်သော်လည်း အထူးသဖြင့် မြီးကောင်ပေါက်များနှင့်ပြောဆိုဆက်ဆံရာတွင် နားထောင်ပေးခြင်းက အလွန်အရေးကြီးသည်။ ယင်းသို့ပြုရာတွင် အကြီးအကျယ် ကြိုးစားအားထုတ်ရပေမည်။

“ကျွန်တော့်သားတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ကျွန်တော့်ရဲ့ပြောဆိုဆက်သွယ်မှုစွမ်းရည်တွေ တိုးတက်လာအောင် လုပ်ခဲ့ရတယ်။ သူတို့ငယ်ငယ်တုန်းက သူတို့လုပ်ရမယ့်အရာတွေကို ကျွန်တော်တို့ ပြောပြတဲ့အခါ သူတို့နားထောင်ခဲ့ကြတယ်။ ဒါပေမဲ့ အခု သူတို့ကြီးလာကြပြီဆိုတော့ သူတို့နဲ့ကျိုးကြောင်းဆင်ခြင်ရမယ်၊ သေသေချာချာ ဆွေးနွေးပြောဆိုရမယ်၊ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ သူတို့ရဲ့ကိုယ်ပိုင်စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို အသုံးပြုခွင့်ပေးရမယ်။ လိုရင်းပြောရရင် နှလုံးကိုထိမိစေရမယ်” ဟုဗြိတိန်နိုင်ငံမှ ဖခင်တစ်ဦးဖြစ်သူ ပီတာကဆိုသည်။—၂ တိမောသေ ၃:၁၄

သဘောထားကွဲလွဲသည့်အခါ အထူးသဖြင့် နားထောင်ပေးရန် အလွန်အရေးကြီးပါသည်။ (သု. ၁၇:၂၇) ယင်းသည် မှန်ကန်ကြောင်း ဗြိတိန်နိုင်ငံမှ ဒန်ယဲလ် သိရှိခဲ့ရသည်။ သူဤသို့ပြန်ပြောပြ၏– “ကျွန်မရဲ့သမီးတစ်ယောက်ဆိုရင် သူ့ကို တစ်ခုခုလုပ်ခိုင်းတိုင်း အလေးအနက်မထားတဲ့အတွက် ကျွန်မတို့ ပြဿနာတက်ရတယ်။ ဒါပေမဲ့ ကျွန်မဟာ သူ့ကို အမြဲအော်ငေါက်ပြီး အမိန့်ပေးနေတယ်ဆိုပြီး သူကပြောခဲ့တယ်။ ဒါနဲ့ ကျွန်မတို့ တစ်ယောက်ပြောတာကိုတစ်ယောက် ထိုင်နားထောင်ပေးပြီး ပြဿနာကို ကြိုးစားဖြေရှင်းခဲ့ကြတယ်။ ကျွန်မရဲ့ပြောဆိုပုံက သူ့ကိုစိတ်ထိခိုက်စေတယ်လို့ သမီးကပြောပြပြီး ကျွန်မလည်း ကျွန်မရဲ့အယူအဆနဲ့ခံစားချက်တွေကို ပြောပြခဲ့တယ်။”

‘နားကြားရန် လျင်မြန်’ ခြင်းက ပြဿနာဖြစ်ရသည့်အကြောင်းရင်းကို အလေးအနက် ကျိုးကြောင်းဆင်ခြင်စေကြောင်း ဒန်ယဲလ်သိရှိခဲ့ရသည်။ “အခု ကျွန်မရဲ့သမီးလေးကို ကြိုးစားပြီး စိတ်ရှည်မှုပြတယ်။ ကျွန်မ ဒေါသမထွက်တဲ့အချိန်ကျမှ သူ့ကိုစကားပြောဖို့ ကြိုးစားတယ်။ ကျွန်မတို့ရဲ့ဆက်ဆံရေးဟာ တိုးတက်နေပါတယ်” ဟုသူကဆိုသည်။

နယပုံပြင် ၁၈:၁၃ က ဤသို့ဆိုသည်– “အကျိုးအကြောင်းကိုမစစ်မီ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။” ယင်းအဆိုမှန်ကန်ကြောင်း ဩစတြေးလျနိုင်ငံမှ ဖခင်တစ်ဦးဖြစ်သူ ဂရက်ဂ် တွေ့ရှိခဲ့သည်။ “ကလေးတွေပြောတာကို အရင်နားထောင်ပေးပြီး သူတို့ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုမယ့်အစား ထစ်ခနဲဆို ဆုံးမလိုက်တဲ့အခါ တစ်ခါတလေ ကလေးတွေနဲ့ ကျွန်တော်တို့စပ်ကြားမှာ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာတယ်။ သူတို့ရဲ့သဘောထားတွေကို ကျွန်တော်တို့ လုံးဝသဘောမတူရင်တောင် မဆုံးမခင် ဒါမှမဟုတ် အကြံမပြုခင် သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ခွင့်ပေးဖို့ အရမ်းအရေးကြီးတယ်ဆိုတာ သိခဲ့ရတယ်” ဟုသူဆို၏။

လွတ်လပ်မှု မည်မျှပေးမည်နည်း

မိဘများနှင့် မြီးကောင်ပေါက်များစပ်ကြား မကြာမကြာ ပြဿနာတက်ရသည့် အရင်းခံအကြောင်းမှာ လွတ်လပ်မှုနှင့်ပတ်သက်နေဖွယ်ရှိမည်။ ဆယ်ကျော်သက်တစ်ဦးကို လွတ်လပ်မှု မည်မျှပေးသင့်သနည်း။ “တစ်ခါတလေ ကျွန်တော့်သမီးကို လွတ်လပ်မှု နည်းနည်းပေးလိုက်တာနဲ့ သူက အားလုံးရချင်နေတယ်လို့ ကျွန်တော်ခံစားရတယ်” ဟုဖခင်တစ်ဦးကဆိုသည်။

လူငယ်များအား အကန့်အသတ်မရှိ လွတ်လပ်မှုပေးလျှင် ဆိုးကျိုးများခံစားရမည်မှာ မလွဲပေ။ အမှန်ဆိုရလျှင် သမ္မာကျမ်းစာက “ပေါက်လွတ်ထားသောသူငယ်မူကား အမိကိုအရှက်ခွဲတတ်၏” ဟုသတိပေးထားသည်။ (သု. ၂၉:၁၅သမ္မာ) အသက်အရွယ်အသီးသီးရှိ လူငယ်များသည် တိကျပြတ်သားသည့် လမ်းညွှန်ချက်များလိုအပ်ပြီး မိဘများသည် မိသားစုစည်းမျဉ်းများချမှတ်ရာတွင် မေတ္တာပါပြီး တစ်သမတ်တည်းရှိသင့်သည်။ (ဧဖက် ၆:၄) သို့သော် လူငယ်များသည် အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရရှိရန်လိုအပ်သည်၊ သို့မှသာ နောက်ပိုင်းတွင် ပညာရှိဆုံးဖြတ်ချက်များချရန် အသင့်ရှိနေပါလိမ့်မည်။

ဥပမာ၊ သင်လမ်းလျှောက်တတ်ခဲ့ပုံကို စဉ်းစားကြည့်ပါ။ ဦးဆုံး သင် မွေးကင်းစအရွယ်က သင့်ကို ချီပိုးခဲ့ရသည်။ အချိန်တန်သော် သင်သည် လေးဖက်ထောက်သွားပြီး ယင်းနောက် လမ်းလျှောက်တတ်လာသည်။ ကလေးငယ်တစ်ဦးအတွက် မိမိဘာသာသွားလာခြင်းက အန္တရာယ်ရှိနိုင်ပါသည်။ ထို့ကြောင့် သင့်မိဘများက သင့်ကို အနီးကပ် စောင့်ကြည့်ပြီး လှေကားအစရှိသည့် အန္တရာယ်ဖြစ်စေနိုင်သောနေရာများသို့ မသွားစေရန် တားဆီး၍ အရံအတားများပင် ပြုလုပ်ထားပေမည်။ သို့သော် မိဘများသည် သင့်အား သင့်ဘာသာသွားလာခွင့် ပြုခဲ့ကြသည်။ သင်သည် အကြိမ်ပေါင်းများစွာ လဲကျခဲ့ပြီးနောက် အချိန်တန်သော် အခက်အခဲမရှိ လမ်းလျှောက်တတ်သွား၏။

လွတ်လပ်မှုရရှိခြင်းတွင် အလားတူဖြစ်စဉ်တစ်ခုပါဝင်သည်။ ဦးဆုံးအနေနှင့် မိဘများသည် မိမိတို့၏ကလေးငယ်များကို ချီပိုးကြသည်။ သူတို့လေးများအတွက် ဆုံးဖြတ်ချက်များ ချပေးကြသည်။ နောက်ပိုင်းတွင် ကလေးများ အတော်အတန် ကြီးပြင်းလာသည်နှင့်အမျှ မိဘများသည် သူတို့အား လေးဖက်ထောက်သွားခွင့်၊ စကားပြောဆိုခွင့်ပြုသည်။ အချို့သောရွေးချယ်စရာများကို သူတို့ဘာသာရွေးချယ်ခွင့်ပြုသည်။ ထိုအချိန်တစ်လျှောက်လုံးတွင် အရံအတားများချထားရာ ယင်းတို့က လူငယ်များအား အန္တရာယ်မှကာကွယ်ပေးသည်။ ကလေးများ ကြီးပြင်းလာသောအခါ မိဘများသည် သူတို့အား ၎င်းတို့ဘာသာ “လမ်းလျှောက်” ခွင့်ပြုသည်။ ထို့နောက် ကလေးများ လူကြီးဖြစ်လာသောအခါ “မိမိတို့၏ဝန်ကို” အပြည့်အဝ ထမ်းရွက်နိုင်ကြမည်ဖြစ်သည်။—ဂလာတိ ၆:၅

ကျမ်းစာပုံနမူနာတစ်ခုမှ သင်ယူခြင်း

ယေရှုသည် အသက် ၁၂ နှစ်အရွယ်ရှိစဉ်က မိဘများထံမှ လွတ်လပ်မှု အတော်အတန်ရရှိခဲ့သော်လည်း ယင်းကို အလွဲသုံးစားမပြုခဲ့ပေ။ ယင်းအစား ကိုယ်တော်သည် “ကာယဉာဏ ကြီးထွားတိုးတက်လျက် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာပွင့်လန်းတော်မူ” သည်နှင့်အမျှ မိဘများကို “လက်အောက်ခံလျက်နေ၏။”—လုကာ ၂:၅၁၊ ၅၂ကဘ။

မိဘတစ်ဦးအနေနှင့် သင်သည် ဤပုံနမူနာမှ သင်ယူနိုင်ပါသည်။ သင်၏ကလေးများသည် လွတ်လပ်မှုကို အသုံးပြုနိုင်စွမ်းရှိကြောင်း သက်သေထူသည်နှင့်အမျှ သူတို့အား လွတ်လပ်မှုပိုပေးနိုင်ပါသည်။ ယင်းနှင့်စပ်လျဉ်း၍ မိဘတချို့ပြောဆိုရာကို သတိပြုကြည့်ပါ။

“ကျွန်မကလေးတွေရဲ့ လုပ်ဆောင်မှုတွေမှာ ကျွန်မ ဝင်စွက်ဖက်လွန်းခဲ့တယ်။ နောက်ပိုင်း သူတို့ကို မူတွေ သင်ပေးခဲ့ပြီး သူတို့သင်ယူခဲ့သမျှအတိုင်း ဆုံးဖြတ်ချက်တွေ ချခွင့်ပေးခဲ့တယ်။ အဲဒီနောက် သူတို့ဟာ ပိုပြီးချင့်ချင့်ချိန်ချိန် ဆုံးဖြတ်တတ်လာတာကို ကျွန်မ သတိပြုမိတယ်။”—ဆူးဟွန်၊ ကိုရီးယား။

“ကလေးတွေကို လွတ်လပ်မှုပိုပေးတာနဲ့ပတ်သက်ပြီး ကျွန်မတို့ဇနီးမောင်နှံ အမြဲစိုးရိမ်နေရတယ်။ ဒါပေမဲ့ သူတို့လေးတွေ ရထိုက်တဲ့ လွတ်လပ်မှုကို တာဝန်သိသိနဲ့ ကျင့်သုံးစေတဲ့အခါမှာတော့ စိုးရိမ်လို့မဖြစ်တော့ဘူး။”—ဒါရီယာ၊ ဘရာဇီး။

“ကျွန်မရဲ့ ဆယ်ကျော်သက်သားလေးဟာ သူ့ကိုပေးထားတဲ့ လွတ်လပ်မှုကို ကောင်းကောင်းအသုံးပြုတဲ့အတွက် သူ့ကို ချီးမွမ်းပေးဖို့ အရေးကြီးတယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ သူ့ကိုလုပ်ခိုင်းတဲ့အတိုင်း ကျွန်မလည်း လုပ်ရတယ်။ ဥပမာ၊ ကျွန်မ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာ သူ့ကိုပြောပြတယ်။ ကျွန်မ နောက်ကျမယ်ဆိုရင် သူ့ကိုအသိပေးတယ်။”—အန်းနာ၊ အီတလီ။

“ကျွန်တော်တို့အိမ်မှာ ကျွန်တော်တို့သားတွေကို လွတ်လပ်မှုဟာ သူတို့ရထိုက်တဲ့အရာမဟုတ်ဘဲ လွတ်လပ်မှုအပ်နှင်းလို့ရတယ်ဆိုတာ သက်သေပြရမယ့်အရာ ဖြစ်တယ်ဆိုပြီး ယတိပြတ်ပြောထားတယ်။”—ပီတာ၊ ဗြိတိန်။

ဆိုးကျိုးများခံစားရခြင်း

သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “လူသည် အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း၏။” (မြည်တမ်းစကား ၃:၂၇) တာဝန်ဟူသောထမ်းပိုးကို လူငယ်တစ်ဦး ထမ်းနိုင်သည့် အကောင်းဆုံးနည်းများအနက် တစ်နည်းမှာ “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်” ဟူသောဖော်ပြချက် မှန်ကန်ကြောင်း အတွေ့အကြုံဖြင့် သင်ယူခြင်းဖြစ်သည်။—ဂလာတိ ၆:၇ကဘ။

ရည်ရွယ်ချက်ကောင်းဖြင့်ဖြစ်နိုင်သော်လည်း မိဘတချို့သည် မိမိတို့၏ဆယ်ကျော်သက်ကလေးများကို ပညာမဲ့သောလုပ်ရပ်များ၏ အကျိုးဆက်များမှ ကာကွယ်ပေးကြသည်။ ဥပမာ၊ သားတစ်ဦးသည် မိမိမလိုအပ်သောပစ္စည်းများကို အကြွေးဖြင့် ဝယ်ယူခဲ့သည်ဆိုပါစို့။ မိဘများသည် သားအတွက် အကြွေးဆပ်ပေးလိုက်မည်ဆိုလျှင် မည်သို့သင်ပေးနိုင်တော့မည်နည်း။ သို့သော် မိဘများသည် သားဖြစ်သူအား အကြွေးကို ၎င်းဘာသာဆပ်ရန် နည်းလမ်းပေးခဲ့မည်ဆိုလျှင် အဘယ်သင်ခန်းစာ ပေးခဲ့ခြင်းဖြစ်မည်နည်း။

မိဘများသည် သားသမီးများအား တာဝန်မဲ့သောအပြုအမူ၏ အကျိုးဆက်များကို သင်ယူခွင့်မပေးလျှင် သူတို့အား ကူညီပေးရာမရောက်ချေ။ ယင်းသည် လူကြီးဘဝအတွက် သားသမီးများကို အသင့်ပြင်ပေးမည့်အစား ၎င်းတို့၏ အခက်အခဲများကို ကူညီပေးရန်၊ ၎င်းတို့ပြုထားသည့်အမှားများကို လိုက်လံဖြေရှင်းပေးပြီး ဖုံးအုပ်ပေးရန် တစ်စုံတစ်ယောက် အမြဲရှိနေမည်ဖြစ်ကြောင်း သွန်သင်ပေးရာရောက်သည်။ ဆယ်ကျော်သက်ကလေးများအား ၎င်းတို့စိုက်သည့်အတိုင်း ရိတ်သိမ်းစေပြီး ၎င်းတို့၏ပြဿနာများကို ကိုင်တွယ်ဖြေရှင်းတတ်ရန် သင်ယူစေခြင်းက ပို၍ကောင်းပေမည်။ ယင်းသည် ၎င်းတို့၏ “သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်” ပေးသည့် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။—ဟေဗြဲ ၅:၁၄ကဘ။

“ပြောင်းလဲပြီး ကြီးထွားဖွံ့ဖြိုးလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်”

မြီးကောင်ပေါက်များ၏ မိဘများသည် ခက်ခဲသောတာဝန်တစ်ရပ်နှင့် ရင်ဆိုင်ကြရသည်မှာ ရှင်းနေပါသည်။ မိမိတို့၏သားသမီးများကို ‘ယေဟောဝါ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း’ ပြုစုပျိုးထောင်ပေးရန် သူတို့ကြိုးစားသည့်အခါ အထမမြောက်မှုကြောင့် မျက်ရည်ကျရသည့်အချိန်အခါများ ရှိပေမည်။—ဧဖက် ၆:၄ကဘ။

အဆုံးတွင် ထိရောက်သော မိဘအုပ်ထိန်းမှုဟူသည် သားသမီးများကို ချုပ်ချယ်ခြင်းမဟုတ်ဘဲ ၎င်းတို့အား တော်မှန်သောစံနှုန်းများ သွန်သင်၍ နှလုံးသွင်းပေးခြင်းဖြစ်သည်။ (တရားဟောရာ ၆:၆-၉) အလုပ်ထက် အပြောကပိုလွယ်ပါသလော။ လွယ်ပါသည်။ “ကျွန်တော်တို့ဟာ ပြောင်းလဲပြီး ကြီးထွားဖွံ့ဖြိုးလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆက်ဆံနေရတာ။ ဆိုလိုတာက ကျွန်တော်တို့ဟာ အဲဒီပုဂ္ဂိုလ်အသစ်ကို အဆက်မပြတ် သိကျွမ်းနေရမယ်၊ ပြုပြင်တည့်မတ်ပေးနေရမယ်” ဟုအစောပိုင်းက ကိုးကားဖော်ပြခဲ့သည့် ဂရက်ဂ်ကဆို၏။

ဤဆောင်းပါးတွင် ဆွေးနွေးထားသည့် ကျမ်းစာမူများကို ကြိုးစားကျင့်သုံးပါလေ။ သားသမီးများထံမှ သင်မျှော်လင့်ရာတို့နှင့်ပတ်သက်၍ အကျိုးသင့်အကြောင်းသင့်ရှိပါ။ သို့သော် သင်သည် သူတို့၏အသက်တာတွင် အဓိကစံပြပုဂ္ဂိုလ်ဖြစ်သည်ဟူသော သင်၏နေရာကို ဘယ်တော့မျှ မစွန့်လွှတ်ပါနှင့်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။”—သု. ၂၂:၆

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

လွတ်လပ်မှုရရှိခြင်းသည် လမ်းလျှောက်တတ်ရန် သင်ယူခြင်းနှင့်တူ၏၊ ယင်းသည် တဖြည်းဖြည်း ပြောင်းလဲလာသည့် ဖြစ်စဉ်တစ်ခုဖြစ်

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

ယေရှုသည် အသက် ၁၂ နှစ်အရွယ်ရှိစဉ်က လွတ်လပ်မှုအတော်အတန်ရရှိခဲ့

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

“သင်၏အခွင့်အာဏာကို ထပ်မံအတည်ပြုခြင်း”

သင်၏ကန့်သတ်မှုများကြောင့် သင်၏ဆယ်ကျော်သက်ကလေး စိတ်အနှောင့်အယှက်ဖြစ်နိုင်သည် ဟူသောအချက်က သင်၏အခွင့်အာဏာကို စွန့်လွှတ်သင့်သည်ဟူသောသဘော မသက်ရောက်ချေ။ မြီးကောင်ပေါက်များသည် ဘဝအတွေ့အကြုံမရှိသည့်အပြင် လမ်းညွှန်မှုလိုအပ်နေဆဲဖြစ်ကြောင်း သတိရပါ။—သု. ၂၂:၁၅

စာရေးဆရာဂျော်န်ရိုဇ်မန်သည် ၎င်း၏စာအုပ်တစ်အုပ် (New Parent Power) တွင် ဤသို့ရေးသားထားသည်– “သားသမီးများ၏ စိတ်လှုပ်ရှားမှုဆိုင်ရာ အပြောင်းအလဲများကြောင့် အထိတ်တလန့်ဖြစ်ကာ ထိပ်တိုက်ရင်ဆိုင်မှုများမဖြစ်စေရန် ကလေးများ တာဝန်ယူနိုင်သည်ထက်ပို၍ ခွင့်ပြုလိုက်ရန် မိဘများအတွက် လွယ်ကူစေသည်။ သို့သော် မိဘများအနေနှင့် ထိုသို့လုပ်ဆောင်ရန်မလိုချေ။ ဤအချိန်အခါသည် သားသမီးများအား သင်၏အခွင့်အာဏာကို လျစ်လျူရှုစေမည့်အစား ယင်းကို ထပ်မံအတည်ပြုရမည့်အချိန် ဖြစ်သည်။ ယင်းအယူအဆကို သားသမီးများ ငြင်းပယ်မည်မှာ သေချာသော်လည်း မိဘများသည် မိမိတို့အား မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ရောက်အောင် ထိန်းကျောင်းပေးနေကြောင်း သားသမီးများ သိရမည့်အချိန်လည်း ဖြစ်ပေသည်။”

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

လွတ်လပ်မှုပိုပေးခြင်း

ဆယ်ကျော်သက်များသည် လွတ်လပ်မှုကို မိမိတို့ရသင့်သည်ထက် ပိုမိုရရှိလိုကြသည်။ တစ်ချိန်တည်းတွင် မိဘတချို့ကလည်း လွတ်လပ်မှုကို မိမိတို့ပေးနိုင်သည်ထက် လျှော့၍ပေးတတ်ကြသည်။ ဤကဲ့သို့သောအစွန်းနှစ်ဖက်ကြား တစ်နေရာရာတွင် မျှတမှုရှိနေပါသည်။ ယင်းကို သင်မည်သို့ ရှာတွေ့ နိုင်သနည်း။ ဦးစွာ အောက်တွင်ဖော်ပြထားသော စာရင်းကို သင် သုံးသပ်လိုပေမည်။ သင့်ကလေးသည် မည်သည့်ကဏ္ဍတွင် တာဝန်သိတတ်စွာ ပြုမူဆောင်ရွက်နေသနည်း။

□ အပေါင်းအသင်းရွေးချယ်ခြင်း

□ အဝတ်အစားရွေးချယ်ခြင်း

□ အသုံးစရိတ်လျာထားခြင်း

□ အိမ်ပြန်ချိန်ကို လိုက်နာခြင်း

□ အိမ်မှုကိစ္စ ပြီးအောင်လုပ်ခြင်း

□ ကျောင်းစာပြီးအောင် လုပ်ခြင်း

□ အမှားများအတွက် တောင်းပန်ခြင်း

□ အခြား ․․․․․․․

သင်၏မြီးကောင်ပေါက်ကလေးသည် အထက်ပါကဏ္ဍအတော်များများတွင် ရင့်ကျက်မှုတင်ပြပြီးဖြစ်ပါက ၎င်းအား ထပ်ဆင့်အခွင့်အရေးအပ်နှင်းနိုင်သည့် နည်းလမ်းတချို့ကိုစဉ်းစားလျှင် မကောင်းပေလော။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

လိုအပ်သလို မတည့်မတ်ပေးမီ သို့မဟုတ် အကြံဉာဏ်မပေးမီ သူတို့၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုခွင့်ပြုပါ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

မိဘများသည် သားသမီးများအား တာဝန်သိတတ်ရန် သွန်သင်ပေးဖို့လို