မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြီးကောင်ပေါက်များကို ပြုစုပျိုးထောင်ခြင်း—သိနားလည်ခြင်းကဏ္ဍ

မြီးကောင်ပေါက်များကို ပြုစုပျိုးထောင်ခြင်း—သိနားလည်ခြင်းကဏ္ဍ

မြီးကောင်ပေါက်များကို ပြုစုပျိုးထောင်ခြင်း—သိနားလည်ခြင်းကဏ္ဍ

သင်သည် တိုင်းတစ်ပါးတွင် အလည်အပတ်ရောက်နေပြီး ယင်းနိုင်ငံ၏ ဘာသာစကားကို မပြောဆိုတတ်ဟုဆိုကြပါစို့။ ဆက်သွယ်ရေးတွင် အခက်အခဲ တွေ့မည်မှာ မှန်သော်လည်း မဖြေရှင်းနိုင်ရာကား မဟုတ်ချေ။ ဥပမာ၊ ဘာသာစကား နှစ်မျိုးပါသောစာအုပ်က သင့်အား အခြေခံအသုံးအနှုန်းများ သင်ယူရန် ကူညီပေးနိုင်ပါသည်။ သို့မဟုတ် တစ်စုံတစ်ယောက်က စကားပြန် ပေးနိုင်ဖွယ်ရှိပေမည်၊ သို့နှင့် သင်သည် အခြားသူများပြောဆိုရာကို နားလည် နိုင်ပြီး သူတို့ကလည်း သင်ပြောဆိုရာကို နားလည်နိုင်မည်ဖြစ်သည်။

ဆယ်ကျော်သက်များကို ပြုစုပျိုးထောင်ပေးနေသော မိဘများသည် ထပ်တူအခြေအနေမျိုးတွင် ရောက်ရှိနေသည်ဟု တစ်ခါတစ်ရံ ခံစားရပေမည်။ နိုင်ငံခြားဘာသာစကားနှင့် များစွာဆင်တူသော မြီးကောင်ပေါက်များ၏အပြုအမူကို နားလည်ရခက်ကောင်း ခက်မည်ဖြစ်သော်လည်း မဖြေရှင်းနိုင်ရာကား မဟုတ်ချေ။ တစ်ခါတစ်ရံ စိတ်လည်းလှုပ်ရှားရ၊ စိတ်လည်းရှုပ်ရသော ကြီးကောင်ဝင်နေချိန်အတောအတွင်း ဖြစ်ပျက်နေသည့်အရာများကို နားလည်ရန် ကြိုးစားခြင်းက မိဘများအတွက် ဖြေရှင်းနည်းဖြစ်သည်။

အပြုအမူ၏နောက်ကွယ်

လူငယ်တစ်ဦး လွတ်လွတ်လပ်လပ်နေလိုစိတ်ရှိခြင်းမှာ မိဘများအား ကလန်ကဆန်လုပ်လိုသည့်သဘော အမြဲပြနေခြင်း မဟုတ်ပါ။ အချိန်တန်လျှင် “ယောက်ျားသည် ကိုယ်မိဘကိုစွန့်” ခွာသွားလိမ့်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာဆိုသည်ကို အမှတ်ရပါ။ (ကမ္ဘာဦး ၂:၂၄) လူကြီးဘဝတွင် သာ၍ကြီးမားသော တာဝန်များထမ်းဆောင်ရန် အသင့်ပြင်ဆင်သည့်အနေနှင့် လူငယ်များသည် ဆုံးဖြတ်ချက်များချရာတွင် အနည်းဆုံး အတွေ့အကြုံအနည်းငယ်ရှိထားရန် လိုအပ်သည်။

ရှေ့ဆောင်းပါးတွင် ကိုးကားထားသည့် မိဘများ သတိပြုမိခဲ့ကြသည့် အပြုအမူ၏နောက်ကွယ်တွင် အဘယ်အရာဖြစ်နိုင်ကြောင်း သုံးသပ်ကြည့်ပါ။

ဗြိတိန်နိုင်ငံမှ လီအာက ဤသို့ညည်းတွားခဲ့သည်– “ကျွန်မရဲ့သားလေးဟာ မမျှော်လင့်ဘဲ ပိုပြီးတစ်ယူသန်ဆန်လာတယ်၊ ကျွန်မတို့ရဲ့အခွင့်အာဏာကိုလည်း ပိုပြီးစောဒကတက်လာတယ်။”

ဆယ်ကျော်သက်များသည် ကလေးငယ်များကဲ့သို့ပင် “ဘာကြောင့်လဲ” ဟူ၍ အမေးအမြန်းထူတတ်ကြသည်။ သို့သော် ၎င်းတို့ငယ်ငယ်ကနှင့်မတူသည်မှာ သူတို့မေးသည့်မေးခွန်းကို အဖြေပေးရုံဖြင့် မလုံလောက်တော့ခြင်းဖြစ်၏။ အဘယ်အရာပြောင်းလဲသွားပြီနည်း။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်ကဲ့သို့ . . . စဉ်းစားဆင်ခြင်တတ်၏။” (၁ ကောရိန္သု ၁၃:၁၁ကဘ) လူငယ်များသည် တဖြည်းဖြည်း စဉ်းစားဆင်ခြင်နိုင်စွမ်းရှိလာသည်နှင့်အမျှ ၎င်းတို့၏ “သိနားလည်နိုင်စွမ်း” ကိုလေ့ကျင့်ပေးနိုင်ရန် ၎င်းတို့အား အကျယ်တဝင့် ရှင်းပြပေးဖို့လိုအပ်သည်။—ဟေဗြဲ ၅:၁၄ကဘ။

ဂါနာနိုင်ငံမှ ဂျော်န်က ဤသို့ဆိုခဲ့သည်– “ကျွန်တော်တို့ရဲ့သမီးတွေဟာ သူတို့ကိုသူတို့ ပိုပြီးအလိုမကျဖြစ်လာတယ်၊ အထူးသဖြင့် သူတို့ရဲ့အသွင်အပြင်ကိုပဲ။”

ပုံမှန်အချိန်ထက်စော၍ဖြစ်စေ၊ ပုံမှန်အချိန်တွင်ဖြစ်စေ၊ ပုံမှန်အချိန်ထက်နောက်ကျ၍ဖြစ်စေ ကြီးကောင်ဝင်ခြင်းက လူငယ်များစွာအား မိမိတို့၏ပုံပန်းသဏ္ဌာန်အပေါ် အလွန်အမင်းအာရုံစိုက်စေသည်။ မိန်းကလေးများသည် မိမိတို့၏ ကြီးထွားဖွံ့ဖြိုးလာသော ကိုယ်ခန္ဓာအစိတ်အပိုင်းများကြောင့် စိတ်လှုပ်ရှားမည်၊ စိုးရိမ်ပူပန်ကြပေမည် သို့မဟုတ် ယင်းနှစ်မျိုးစလုံး ခံစားရပေမည်။ ဆယ်ကျော်သက်များသည် ဝက်ခြံများထွက်လာ၍ ရှက်ကြောက်နေပေမည် သို့မဟုတ် အလှပြင်နေမည်ဖြစ်သောကြောင့် ကျောင်းစာတွင်ထက် မှန်ရှေ့တွင် ပို၍အချိန်ကုန်နေကြဟန်တူခြင်းကို နားလည်ပေးနိုင်ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ဒန်နီယဲလ်က ဤသို့ရှင်းပြခဲ့သည်– “ကျွန်တော်တို့ရဲ့ကလေးတွေဟာ သိုသိုသိပ်သိပ်နဲ့ အေးအေးဆေးဆေး နေချင်ကြတယ်။ တစ်ခါတလေ ကျွန်တော်တို့ထက် သူတို့သူငယ်ချင်းတွေနဲ့ပဲ ပေါင်းသင်းချင်ကြတယ်။”

လျှို့ဝှက်သိုသိပ်ခြင်းသည် အန္တရာယ်ရှိနိုင်ပါသည်။ (ဧဖက် ၅:၁၂ကဘ) သို့သော် အေးအေးဆေးဆေးနေလိုခြင်းက တစ်မျိုးဖြစ်၏။ ယေရှုပင်လျှင် ‘တသီးတခြားနေရန် လူသူကင်းမဲ့ရာအရပ်’ ကိုရှာဖွေခဲ့သည်။ (မဿဲ ၁၄:၁၃ကဘ) လူငယ်များသည်လည်း ကြီးပြင်းလာသည်နှင့်အမျှ ကိုယ်ပိုင်လွတ်လပ်မှု အနည်းအကျဉ်းရှိရန်လိုအပ်ပြီး လူကြီးများက ယင်းကိုလေးစားရန်လိုအပ်သည်။ အတိုင်းအတာတစ်ခုအထိ အေးအေးဆေးဆေးနေခြင်းက လူငယ်များအား ကိစ္စရပ်တစ်ခုကို ကောင်းစွာစဉ်းစားဆင်ခြင်စေသည်။ ယင်းသည် လူကြီးဘဝသို့ရောက်သောအခါ သူတို့အား အထောက်အကူပြုမည့် အရေးပါသောစွမ်းရည်တစ်ခုဖြစ်သည်။

အလားတူ အရွယ်ရောက်ခြင်း၏ အမူအကျင့်တစ်ခုမှာ မိတ်ဆွေများဖွဲ့တတ်လာခြင်းဖြစ်သည်။ “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်” သည်မှာ မှန်ပါသည်။ (၁ ကောရိန္သု ၁၅:၃၃ကဘ) သို့သော် တစ်ချိန်တည်းတွင် ကျမ်းစာ ဤသို့ဆိုသည့်အတိုင်းပင်ဖြစ်၏– ‘အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ခက်ခဲရာကာလအဖို့ မွေးဖွားလျက်ရှိ၏။’ (သု. ၁၇:၁၇) အကျိုးပြုသောမိတ်ဆွေမည်သို့ဖွဲ့ ပြီး မည်သို့ထိန်းသိမ်းထားရန် သင်ယူခြင်းသည် လူကြီးဘဝသို့ရောက်သည်အထိ တာရှည်ခံမည့် အရေးပါသောစွမ်းရည်တစ်ခုဖြစ်သည်။

မိဘများသည် အထက်ဖော်ပြပါ အခြေအနေတစ်မျိုးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သိနားလည်မှုကိုဆည်းပူးသင့်သည်၊ သို့မှသာ မိမိတို့၏ဆယ်ကျော်သက်ကလေးများ၏ အပြုအမူကို နားလည်မှုလွဲတော့မည်မဟုတ်ချေ။ မိဘများသည် သိနားလည်မှုအပြင် အကောင်းဆုံးရလဒ် ထွက်ပေါ်လာစေမည့်နည်းဖြင့် အခြေအနေတစ်ခုကို တုံ့ပြန်နိုင်စွမ်းဖြစ်သော ဉာဏ်ပညာလည်းရှိဖို့ လိုအပ်ပေသည်။ မြီးကောင်ပေါက်များ၏မိဘများသည် ယင်းကို မည်သို့လုပ်ဆောင်နိုင်ကြသနည်း။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

လူငယ်များ စဉ်းစားဆင်ခြင်နိုင်စွမ်း ဖွံ့ဖြိုးလာသည်နှင့်အမျှ သူတို့ကို မိသားစုစည်းကမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းပြပေးရန်လိုအပ်