မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါဟူသောနာမတော်ကို ကျွန်တော် ပထမဆုံးကြားခဲ့သည့်နေရာ

ယေဟောဝါဟူသောနာမတော်ကို ကျွန်တော် ပထမဆုံးကြားခဲ့သည့်နေရာ

ယေဟောဝါဟူသောနာမတော်ကို ကျွန်တော် ပထမဆုံးကြားခဲ့သည့်နေရာ

ပါဗောလ်ကိုဗာ ပြောပြသည်

ဗုံးမိုးတွေရွာနေလို့ ဖြစ်သလိုလုပ်ထားတဲ့ ဗုံးခိုကျင်းဆီ သွားဖို့ခက်နေတယ်။ ဗုံးတွေအဆက်မပြတ်ကြဲနေလို့ ကျွန်တော်တို့ ခိုအောင်းနေတဲ့နေရာက တုန်ခါသွားတဲ့အခါ အကျဉ်းသားဖော်တစ်ယောက်က “ယေဟောဝါ၊ ကျွန်တော်တို့ကို ကယ်တော်မူပါ၊ သန့်ရှင်းတဲ့ကိုယ်တော့်နာမတော်အတွက် ကျေးဇူးပြု၍ ကယ်တော်မူပါ” ဆိုပြီး အကျယ်ကြီးဆုတောင်းခဲ့တယ်။

အဲဒါက ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် ဩစတြီးယားနိုင်ငံ၊ လင့်ဇ်မြို့မှာ ကျွန်တော် စစ်အကျဉ်းသားဖြစ်စဉ်က အဖြစ်အပျက်ပါ။ အယောက် ၂၅၀ လောက် အဲဒီဗုံးခိုကျင်းထဲမှာရှိနေခဲ့ပြီး ကျွန်တော်တို့အားလုံး ဗုံးဒဏ်ကနေ လွတ်မြောက်ခဲ့ကြတယ်။ ကျင်းထဲက ထွက်လာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးနေတာကို တွေ့လိုက်ရတယ်။ ဆုတောင်းတဲ့သူကို ကျွန်တော် မသိခဲ့ရပေမဲ့ အဲဒီလှိုက်လှဲတဲ့ဆုတောင်းချက်က ကျွန်တော့်စိတ်ထဲမှာ စွဲသွားတယ်။ နောက်ဆုံးမှာ ယေဟောဝါအကြောင်း ဘယ်လိုသိခဲ့ရသလဲဆိုတာ မပြောခင် ကျွန်တော့်နောက်ခံအကြောင်း အနည်းငယ်ပြောပြပါရစေ။

ကျွန်တော့်ကို ၁၉၂၁ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်မှာ အဲဒီအချိန်တုန်းက ချက်ကိုစလိုဗေးနီးယားအပိုင်ဖြစ်တဲ့ စလိုဗက်ကီးယားအနောက်ပိုင်းမှာရှိတဲ့ ကရန်နီရွာနားက အိမ်မှာ မွေးဖွားခဲ့တယ်။ ကျွန်တော့်မိဘတွေက ဘာသာတရား ရိုသေကိုင်းရှိုင်းတဲ့ ပရိုတက်စတင့်တွေဖြစ်တယ်။ အဖေဟာ တနင်္ဂနွေမနက်တွေမှာ မိသားစုပိုင်ကျမ်းစာအုပ်ကို ဖတ်ပြပြီး အမေနဲ့ ကျွန်တော်တို့ကလေး,လေးယောက်က ဂရုတစိုက်နားထောင်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါဆိုတဲ့နာမတော်ကို အဖေသုံးတာကို ကျွန်တော်တစ်ခါမှမကြားဖူးဘူး။ ကျွန်တော်တို့ဒေသရဲ့ ဘဝပုံစံက ရိုးရှင်းပေမဲ့ ကျွန်တော်တို့ကတော့ ရှိတာလေးနဲ့ ရောင့်ရဲခဲ့ကြတယ်။

၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ် စဖြစ်တော့ လူတွေ အထိတ်တလန့်ဖြစ်ကုန်တယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းကဖြစ်ပွားခဲ့တဲ့ ပထမကမ္ဘာစစ်ရဲ့ အဖြစ်ဆိုးတွေကို လူတွေ ကောင်းကောင်းအမှတ်ရနေသေးတယ်။ ၁၉၄၂ ခုနှစ်မှာ ကျွန်တော်ဟာ စလိုဗက်စစ်တပ်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံခဲ့ရတယ်။ ထုံးစံအရတော့ စလိုဗက်ကီးယားက ဂျာမနီကိုထောက်ခံပေမဲ့ ၁၉၄၄၊ ဩဂုတ်လမှာ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ ကြိုးစားခဲ့တယ်။ မအောင်မြင်တဲ့အတွက် ကျွန်တော်အပါအဝင် ထောင်နဲ့ချီတဲ့ စလိုဗက်စစ်သားတွေ အဖမ်းခံခဲ့ရပြီး ဂျာမနီတွေထိန်းချုပ်ထားတဲ့နယ်မြေကို အပို့ခံလိုက်ရတယ်။ ကျွန်တော်ရောက်သွားတဲ့နေရာက လင့်ဇ်မြို့အနားမှာရှိပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မော်သော်ဆန်ချွေးတပ်စခန်းနဲ့ တစ်ဆက်တည်းရှိနေတဲ့ ဂူဆန်စခန်းဖြစ်တယ်။

စစ်အကျဉ်းသား

ကျွန်တော်တို့ဟာ ဆန့်ခ်ဂျော်ဂျန်အန်ဒါဂူဆန်ရွာနဲ့ သိပ်မဝေးတဲ့ လေယာဉ်တည်ဆောက်တဲ့စက်ရုံမှာ အလုပ်လုပ်ဖို့ တာဝန်ပေးခံရတယ်။ ကျွန်တော်က လွှစက်မှာ အလုပ်လုပ်ရတယ်။ ကျွန်တော်တို့ စားစရာနည်းနည်းပဲရပြီး ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလမှာ နာဇီတွေစစ်ရှုံးလို့ အစားအသောက်ခွဲတမ်းကို ထပ်လျှော့လိုက်ပြန်တယ်။ ကျွန်တော်တို့ရရှိတဲ့ ပူနွေးတဲ့အစာဆိုလို့ ဟင်းချိုနည်းနည်းပဲဖြစ်တယ်။ မနက်တိုင်း မော်သော်ဆန်ပင်မစခန်းက အလုပ်သမားတွေ ရောက်လာတယ်။ အစောင့်တွေက အလုပ်မလုပ်နိုင်တော့တဲ့ အလုပ်သမားတွေကို သေတဲ့အထိ ရိုက်လေ့ရှိတယ်။ အလုပ်သိမ်းတဲ့အခါ အကျဉ်းသားဖော်တွေက အလောင်းတွေကို လှည်းပေါ်ပစ်တင်ပြီး မီးသင်္ဂြိုဟ်တဲ့နေရာကို ပို့ပေးရတယ်။

စိတ်ဆင်းရဲစရာတွေကြားထဲမှာ ကျွန်တော်တို့ဟာ စစ်ကြီးပြီးတော့မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ အစပိုင်းမှာဖော်ပြခဲ့သလိုပဲ ဗုံးကြဲပြီးလို့ လေးလအကြာ ၁၉၄၅ ခုနှစ်၊ မေလ ၅ ရက်မှာ ဝရုန်းသုန်းကားဖြစ်နေတုန်း ကျွန်တော်နိုးလာပြီး ဝင်းအပြင်ဘက်ကို ပြေးထွက်ခဲ့တယ်။ အစောင့်တွေ ထွက်ပြေးကုန်ပြီး သေနတ်တွေလည်း ပုံနေတယ်၊ ပြီးတော့ ဂိတ်တွေလည်းပွင့်နေတယ်။ မြက်ခင်းပြင်တစ်ဖက်မှာရှိတဲ့ တခြားစခန်းကို မြင်နေရတယ်။ အကျဉ်းသားတွေဟာ မီးစွဲနေတဲ့ပျားအုံထဲက ပျားတွေလိုပဲ ထွက်ပြေးနေကြတယ်။ အကျဉ်းသားတွေဟာ ထွက်ပြေးရင်းနဲ့ ရက်ရက်စက်စက် လက်တုံ့ပြန်သွားကြတယ်။ အဲဒီသိမ်းရုံးသတ်ဖြတ်မှုကြီးကို ကျွန်တော်မြင်ယောင်နေတုန်းပဲ။

အကျဉ်းသားတွေက ကာပို့စ်တွေကို လက်တုံ့ပြန်ပြီး သေတဲ့အထိရိုက်ကြတယ်။ ကာပို့စ်တွေက ထောင်စောင့်တွေနဲ့ပူးပေါင်းတဲ့ အကျဉ်းသားတွေဖြစ်တယ်။ ကာပို့စ်တွေဟာ နာဇီအစောင့်တွေထက်တောင် ပိုရက်စက်လေ့ရှိတယ်။ အကျဉ်းသားတစ်ယောက်က “သူ ငါ့အဖေကိုသတ်တာ။ ငါတို့အတူ ဒီမှာအသက်ရှင်ကျန်ရစ်ခဲ့ကြတာ၊ မနေ့ကပဲ သူ ငါ့အဖေကို သတ်လိုက်တာ” လို့အော်ပြောရင်း ကာပို့တစ်ယောက်ကို သေအောင်ရိုက်နေတာကို ကျွန်တော်ကြည့်နေခဲ့တယ်။ ညနေစောင်းတော့ ကာပို့စ်တွေရဲ့အလောင်းနဲ့ ရာနဲ့ချီတဲ့ အကျဉ်းသားတွေရဲ့အလောင်းတွေဟာ မြက်ခင်းပေါ်မှာ ပြန့်ကြဲနေတယ်။ နောက်ပိုင်း ကျွန်တော်တို့ ချွေးတပ်စခန်းက မထွက်ခွာခင်မှာ စခန်းကိုလှည့်ပတ်ပြီး လူသတ်ကိရိယာတွေဖြစ်တဲ့ မီးပြင်းဖိုကြီးတွေနဲ့ အထူးသဖြင့် ဓာတ်ငွေ့ခန်းကို ကြည့်ရှုခဲ့ကြတယ်။

စစ်မှန်သောဘုရားသခင်အကြောင်း လေ့လာခြင်း

၁၉၄၅ ခုနှစ်၊ မေလကုန်မှာ ကျွန်တော်အိမ်ပြန်ရောက်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော့်မိဘတွေဟာ ကျွန်တော်ဗုံးခိုကျင်းထဲမှာကြားခဲ့ရတဲ့ ဘုရားသခင့်နာမတော်ကို သိရှိပြီးရုံသာမက သူတို့ဟာ ယေဟောဝါသက်သေတွေဖြစ်နေကြပြီ။ အိမ်ရောက်ပြီး သိပ်မကြာခင်မှာ ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့မိန်းကလေးဖြစ်တဲ့ အော်လ်ဂါနဲ့ တွေ့ဆုံပြီး တစ်နှစ်အကြာမှာ ကျွန်တော်တို့ လက်ထပ်ခဲ့ကြတယ်။ ကျမ်းစာအမှန်တရားနဲ့ပတ်သက်တဲ့ သူ့ရဲ့ထက်သန်မှုက ကျွန်တော့်ကို ယေဟောဝါအကြောင်း ဆက်လေ့လာဖို့ လှုံ့ဆော်မှုဖြစ်စေခဲ့တယ်။ ၁၉၄၉ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ကွန်မြူနစ်အစိုးရသစ်က မပိတ်ပင်ခင် နောက်ဆုံးစည်းဝေးပွဲတစ်ခုမှာ အော်လ်ဂါနဲ့ ကျွန်တော်ဟာ အခြားအယောက် ၅၀ နဲ့အတူ ပီစ်တန်နီမြို့မှာရှိတဲ့ ဗာမြစ်မှာ နှစ်ခြင်းခံခဲ့ကြတယ်။ အချိန်တန်တော့ ကျွန်တော်တို့မှာ အော်လ်ဂါနဲ့ ဗလာစတာဆိုတဲ့ သမီးနှစ်ယောက်ထွန်းကားလာတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်စီစဉ်ဖွဲ့စည်းရာမှာ အကူအညီပေးခဲ့တဲ့ ယန်းဆီဘင်လို့ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက်ဟာ ကျွန်တော်တို့ဆီ မကြာခဏလာလည်ပတ်ပြီး ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်တော့်ရဲ့ အခင်မင်ဆုံး အပေါင်းအဖော်ဖြစ်ခဲ့တယ်။ ကွန်မြူနစ်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်လာတဲ့ကြားမှာ ကျွန်တော်တို့ ဆက်ဟောပြောခဲ့ကြတယ်။ ကျွန်တော်တို့ဟာ လူတွေကို ကျမ်းစာသမ္မာတရားအကြောင်း ပညာသတိရှိရှိ ပြောပြခဲ့ကြပြီး မကြာခင်မှာပဲ ကျွန်တော်တို့မှာ ကျမ်းစာသင်အံမှုတွေ အများကြီးရလာတယ်။ ကျွန်တော်တို့နယ်မြေကနေ ယန်းထွက်ခွာသွားတဲ့နောက်မှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ အဲဒီ သင်အံမှုတွေကို ဆက်တာဝန်ယူခဲ့ကြတယ်။ နောက်ပိုင်း ကျွန်တော်တို့ရဲ့ စည်းဝေးပွဲတွေမှာ ချစ်ရတဲ့ ဒီမိတ်ဆွေတွေကို သူတို့ရဲ့ ကလေးတွေ၊ မြေးတွေနဲ့အတူ မကြာခဏ ပြန်တွေ့ရလေ့ရှိတယ်။ ကျွန်တော်တို့ အရမ်းပျော်ရွှင်ခဲ့ကြတယ်။

အထူးတာဝန်

၁၉၅၃ ခုနှစ်ရောက်တော့ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်နေတဲ့ သက်သေခံအတော်များများ ထောင်ချခံခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့အိမ်နဲ့ မိုင် ၁၀၀ လောက်အကွာမှာရှိတဲ့ နယ်မြေတစ်ခုမှာ ဟောပြောခြင်းလုပ်ငန်းကို ကူညီပေးဖို့ တောင်းဆိုခံရတယ်။ လရဲ့ဒုတိယပတ် စနေနေ့မွန်းလွဲတိုင်း ကျွန်တော့်ရဲ့လောကအလုပ်ပြီးတဲ့အခါ နိုဗာမီစတိုနက်ဗာဟိုမြို့ကနေ ရထားစီးပြီး စလိုဗက်ကီးယား မြောက်အလယ်ပိုင်းမှာရှိတဲ့ မာတင်မြို့ကို သွားတယ်။ အဲဒီမှာ ညဉ့်နက်တဲ့အထိနဲ့ တနင်္ဂနွေနေ့တစ်နေ့လုံး လူတွေကို ကျမ်းစာသင်ပေးတယ်။ တနင်္ဂနွေနေ့ညနေမှာ ကျွန်တော်ရထားစီးပြီး နိုဗာမီစတိုမြို့ကို ပြန်တယ်။ အများအားဖြင့် ကျွန်တော် အဲဒီကို ညသန်းခေါင်မှာ ရောက်သွားပြီး ဧည့်ဝတ်ကျေပွန်တဲ့ သက်ကြီးမောင်နှံအိမ်မှာ မိုးလင်းတဲ့အထိနေတယ်။ အဲဒီနောက် ကျွန်တော့်အလုပ်ကို တန်းသွားပြီး တနင်္လာနေ့ညမှ ကရန်နီရွာမှာရှိတဲ့ မိသားစုဆီကိုပြန်တယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျွန်တော်အိမ်မှာမရှိတုန်း အော်လ်ဂါက ကျွန်တော်တို့ရဲ့သမီးတွေကို စောင့်ရှောက်တယ်။

ကျွန်တော်တို့နယ်မြေမှာရှိတဲ့ အသင်းတော်တွေကိုလည်ပတ်ပြီး သူတို့ကိုဝိညာဉ်ရေးအရ အားပေးဖို့ ၁၉၅၆ ခုနှစ်မှာ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုဆောင်ဖို့ ကျွန်တော်ဖိတ်ခေါ်ခံရတယ်။ တိုယ်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေတဲ့သူ အတော်များများ ထောင်ထဲရောက်နေကြလို့ ဒီတာဝန်ကိုလက်ခံဖို့ လိုတယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ ယေဟောဝါ ကျွန်တော်တို့မိသားစုကို ကူညီမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။

ကွန်မြူနစ်ဥပဒေအရ နိုင်ငံသားတိုင်း အလုပ်လုပ်ရတယ်။ အစိုးရက အလုပ်မလုပ်တဲ့လူတွေကို လူ့ဘောင်အတွက် အသုံးမဝင်တဲ့သူတွေအဖြစ် သတ်မှတ်ပြီး သူတို့ကို ထောင်ချတယ်။ ဒါကြောင့် ကျွန်တော် လောကအလုပ် ဆက်လုပ်ခဲ့တယ်။ လတိုင်း အိမ်မှာ ကျွန်တော့်မိသားစုနဲ့ စနေတနင်္ဂနွေနှစ်ပတ်နေပြီး ဝိညာဉ်ရေးနဲ့ တခြားလုပ်ငန်းဆောင်တာတွေ လုပ်တယ်။ ကျန်တဲ့စနေ၊ တနင်္ဂနွေနှစ်ပတ်ကိုတော့ တိုက်နယ်အတွင်းမှာရှိတဲ့ အနီးအနားက အသင်းတော်ခြောက်ခုထဲက တစ်ခုကို လည်ပတ်တယ်။

ပိတ်ပင်မှုအောက်တွင်ရှိစဉ် စာပေများ ထုတ်ဝေခြင်း

တိုက်နယ်အတွင်းမှာရှိတဲ့ အသင်းတော်တိုင်း ကျမ်းစာ,စာပေတွေရရှိအောင် စီစဉ်ပေးဖို့ တိုက်နယ်ကြီးကြပ်မှူးတွေက တာဝန်ယူရတယ်။ အစပိုင်းမှာတော့ မဂ္ဂဇင်းတွေကို အများအားဖြင့် လက်နဲ့ကူးရေးတယ်၊ ဒါမှမဟုတ် လက်နှိပ်စက်နဲ့ရိုက်တယ်။ နောက်တော့ ကင်းမျှော်စင် ဓာတ်ပုံဖလင်တွေရရှိပြီး အဲဒါကို အသင်းတော်တွေဆီ ပို့ပေးတယ်။ အဲဒီနောက် မဂ္ဂဇင်းတွေကို ဓာတ်ပုံစက္ကူပေါ်မှာကူးတယ်။ အဲဒီလို စက္ကူအမျိုးအစား အရေအတွက် များများစားစား ဝယ်တာကို သံသယဝင်နိုင်တဲ့အတွက် စက္ကူဝယ်တဲ့သူတွေက သတိရှိပြီး သတ္တိရှိဖို့လိုတယ်။

ရှတီဖန် ဟယူကိုဟာ ဒီအလုပ်အတွက် ထက်သန်သူဖြစ်ပြီး အရမ်းကျွမ်းကျင်တယ်။ ဥပမာပြရရင် တစ်ခါတုန်းက ရှတီဖန်ဟာ သူ့မြို့နဲ့ဝေးတဲ့မြို့က ဓာတ်ပုံဆိုင်မှာ ဓာတ်ပုံစက္ကူဝယ်ဖို့သွားတယ်။ ဒါပေမဲ့ မရခဲ့ဘူး။ ဒါနဲ့ အစောပိုင်းတုန်းက သူ့အတွက် စက္ကူမှာပေးမယ်လို့ ကတိပေးခဲ့တဲ့ ဖော်ရွေတဲ့ ဆိုင်အကူတစ်ယောက်ကို တွေ့လိုက်တယ်။ ရှတီဖန် သူ့ဆီချဉ်းကပ်သွားတော့ ရဲတစ်ယောက် ဆိုင်ထဲဝင်လာတာ တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဆိုင်အကူက ရှတီဖန်ကို မြင်တာနဲ့ “ရှင်ကံကောင်းတယ်၊ ရှင်လိုအပ်နေတဲ့ ဓာတ်ပုံစက္ကူတွေ ရောက်လာပြီ” လို့ဝမ်းသာအားရ ပြောလိုက်တယ်။

မြန်မြန် စဉ်းစားလိုက်ပြီး ရှတီဖန်က “ခင်ဗျားလူမှားနေပြီ။ ကျွန်တော်က ဖလင်တစ်လိပ်ပဲ လိုချင်တာ” လို့ပြန်ဖြေလိုက်တယ်။

သူ့ကားရှိတဲ့နေရာကို ရှတီဖန် ပြန်သွားပြီးတဲ့နောက် သူလိုချင်တဲ့ ဓာတ်ပုံစက္ကူတွေမပါဘဲနဲ့တော့ မပြန်နိုင်ဘူးလို့ စဉ်းစားမိတယ်။ ဒါနဲ့ သူ့ကုတ်အင်္ကျီနဲ့ ဦးထုပ်ကို ချွတ်ပြီး ရုပ်ပြောင်းလိုက်တယ်၊ ပြီးတော့ ဆိုင်ထဲကို ပြန်ဝင်ပြီး ဆိုင်အကူဆီ တန်းသွားလိုက်တယ်။ “ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းက ကျွန်တော် ဒီကိုလာသေးတယ်။ ခင်ဗျား ကျွန်တော့်အတွက် ဓာတ်ပုံစက္ကူတွေ မှာပေးမယ်လို့ ကတိပေးခဲ့တယ်။ ရပြီလား” လို့မေးလိုက်တယ်။

သူက “ရပြီ။ ခုလေးတင်ပဲ ရှင်နဲ့ အတော်တူတဲ့လူတစ်ယောက် လာသွားသေးတယ်။ မယုံနိုင်စရာပဲ။ ရှင့်ရဲ့ အမြွှာညီအစ်ကိုကျနေတာပဲ” လို့ပြန်ပြောတယ်။ ရှတီဖန်က စက္ကူတစ်ထပ်ကြီးကို မြန်မြန်ယူပြီး ထွက်လာခဲ့တယ်။ ကူညီမစမှုအတွက် ယေဟောဝါကို ကျေးဇူးတင်တယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ကျွန်တော်တို့ဟာ ဖယောင်းမိတ္တူကူးစက်တွေနဲ့ ပုံနှိပ်စက်ငယ်တွေကို စအသုံးပြုပြီး မြေအောက်ထပ်နဲ့ ရှာတွေ့ဖို့ခက်တဲ့ အခြားနေရာတွေမှာ ကျမ်းစာ,စာပေတွေကို ထုတ်လုပ်ကြတယ်။ အချိန်တန်တော့ မဂ္ဂဇင်းလထုတ်တိုင်းနဲ့ စာအုပ်ကြီး၊ စာအုပ်ငယ်တွေအပါအဝင် အရေအတွက် အတော်များများ ရောက်ရှိလာပြီး သက်သေခံအရေအတွက်ထက်တောင် ပိုများသွားတယ်။

နှစ်သက်ဖွယ်မကောင်းသော လည်ပတ်မှုများ

၁၉၆၀ ပြည့်လွန်နှစ်တွေရဲ့ တစ်ရက်မှာ ကျွန်တော်အလုပ်လုပ်နေတဲ့ကုမ္ပဏီရဲ့ စစ်ဌာနကိုသွားဖို့ ညွှန်ကြားခံရတယ်။ အရပ်ဝတ်နဲ့ လူသုံးယောက်က ကျွန်တော့်ကို “ယေဟောဝါသက်သေတွေနဲ့တွေ့ဆုံတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်သူတွေနဲ့တွေ့ဆုံတာလဲ” ဆိုတဲ့ မေးခွန်းတွေမေးတယ်။ ကျွန်တော် နာမည်တွေကို အတိအကျမပြောတော့ နောက်မှပြန်တွေ့ ဦးမယ်လို့ ကျွန်တော့်ကိုပြောတယ်။ ဒါက ကျွန်တော် နိုင်ငံတော်လုံခြုံရေးဖြစ်တဲ့ လျှို့ဝှက်ရဲတွေနဲ့ ပထမဆုံးအကြိမ် တွေ့ရတာပဲ။

သိပ်မကြာခင်မှာပဲ ကျွန်တော်အလုပ်လုပ်နေတဲ့နေရာကနေ ရဲဌာနကို အခေါ်ခံရတယ်။ ကျွန်တော့်ရှေ့မှာ စက္ကူအလွတ်တစ်ရွက်ချထားပြီး တခြားသက်သေခံတွေရဲ့ နာမည်ကိုရေးဖို့ ပြောတယ်။ တစ်နာရီလောက်ကြာတဲ့အခါ အဲဒီလူ ပြန်ရောက်လာတယ်။ စက္ကူက ဗလာဖြစ်နေတုန်းပဲ။ ကျွန်တော် နာမည်တစ်ခုကိုမှ မရေးနိုင်ဘူးလို့ ပြောပြလိုက်တယ်။ နောက်တစ်ပတ်လည်း အဲဒီအတိုင်း ထပ်ဖြစ်ပြန်တယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော်အရိုက်ခံရတယ်။ ကျွန်တော်ထွက်လာတဲ့အခါ လူသွားစင်္ကြံတစ်လျှောက် အကန်ခံခဲ့ရတယ်။

အဲဒီနောက်ပိုင်း တစ်နှစ်လောက် ကျွန်တော်ပြဿနာမရှိခဲ့ဘူး။ နောက်တော့ ရဲက ကျွန်တော့်ဆီကို လူတစ်ယောက်လွှတ်လိုက်တယ်။ သူက နာဇီချွေးတပ်စခန်းမှာ အတူထောင်ကျခဲ့ဖူးသူ တစ်ယောက်ဖြစ်တယ်။ သူက “ကျွန်တော်တို့ ခင်ဗျားတို့ဆီ ချဉ်းကပ်တဲ့နည်းကို ပြောင်းရမယ်။ သက်သေခံတစ်ယောက်ကို ထောင်ထဲထည့်လိုက်ရင် ငါးယောက်ပြန်ထွက်လာတယ်” လို့ကျွန်တော့်ကို ပြောတယ်။ အာဏာပိုင်တွေက ကျွန်တော်တို့ရဲ့လုပ်ငန်းကို အတော်အတန် ထိန်းချုပ်ချင်ကြတယ်။ ဒါပေမဲ့ သူတို့အဲဒီလို လုပ်လို့မရအောင် ဘာသတင်းအချက်အလက်မှ ကျွန်တော်မပေးဖို့ ဆုံးဖြတ်ထားတယ်။

နှစ်တွေတစ်လျှောက်မှာ လျှို့ဝှက်ရဲတွေရဲ့ အဲဒီလို မှန်မှန်ခေါ်ယူစစ်ဆေးမှု ခံရသူတွေထဲမှ ကျွန်တော်လည်းပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ကို မိတ်ဆွေတွေလိုဆက်ဆံတယ်။ ဒါပေမဲ့ တခြားအချိန်တွေမှာတော့ ကျွန်တော်တို့ထဲက တစ်ယောက်ကို ထောင်ထဲပို့လိုက်ကြတယ်။ ကျွန်တော် တစ်ခါမှ ထောင်မကျခဲ့တာကို ကျေးဇူးတင်ရပေမဲ့ အဲဒီလို နှစ်သက်စရာမကောင်းတဲ့ တွေ့ဆုံမှုတွေကို ချက်ကိုစလိုဗက်ကီးယားမှာ ကွန်မြူနစ်တွေ ကျဆုံးခဲ့တဲ့ ၁၉၈၉ ခုနှစ်အထိ ကြုံတွေ့ခဲ့ရတယ်။

ကွန်မြူနစ်တွေကျဆုံးပြီးလို့ အပတ်အနည်းငယ်အကြာမှာ ဘရာတီစလာဗာမြို့က နိုင်ငံတော်လုံခြုံရေး အဆင့်မြင့်အရာရှိတစ်ဦး ကျွန်တော့်ဆီ လာလည်ပတ်တယ်။ သူက “ကျွန်တော့်သဘောအတိုင်းသာဆိုရင် ခင်ဗျားတို့ကို ဘယ်တော့မှ နှောင့်ယှက်မှာမဟုတ်ဘူး” လို့ပြောပြီး တောင်းပန်တယ်။ ပြီးတော့ လက်ဆောင်အဖြစ် သူ့ကားထဲကနေ သစ်သီးစည်သွတ်ဘူး နှစ်အိတ်ထုတ်လာပေးတယ်။

ယေဟောဝါ၊ ခိုင်ခံ့သောရဲတိုက်

ကျွန်တော် ယေဟောဝါသက်သေတစ်ယောက်ဖြစ်ခဲ့တဲ့ အစောပိုင်းနှစ် ၄၀ အတွင်း ပိတ်ပင်မှုအောက်မှာ အမှုဆောင်ခဲ့ရတာဖြစ်ပေမဲ့ ကျွန်တော့်အတွက် ပျော်ရွှင်ပြီး အကျိုးဖြစ်ထွန်းတဲ့အသက်တာဖြစ်ခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက် ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေက ကျွန်တော်တို့ရဲ့ သစ္စာရှိယုံကြည်သူတွေနဲ့ ပိုပြီးရင်းနှီးလာစေတယ်။ အဲဒီရင်းနှီးမှုကို ကျွန်တော်တို့ တန်ဖိုးထားပြီး တစ်ဦးကိုတစ်ဦး ယုံကြည်အားကိုးခဲ့ကြတယ်။

၂၀၀၃ ခုနှစ်၊ မတ်လမှာ ကျွန်တော်ချစ်ရတဲ့ဇနီး အော်လ်ဂါကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ အိမ်ထောင်သက်တစ်လျှောက်မှာ သူဟာ သစ္စာရှိအဖော်အဖက်တစ်ဦးဖြစ်ခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက် ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်တော်တို့အတူတကွ အလုပ်များခဲ့ကြတယ်။ အခု ကျွန်တော်ဟာ အသင်းတော်မှာ ခရစ်ယာန်အကြီးအကဲတစ်ဦးအဖြစ် ဆက်အမှုဆောင်နေပြီး သမ္မာကျမ်းစာလေ့လာလိုတဲ့သူတွေကို ရှာဖွေနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးခိုကျင်းထဲမှာ ပထမဆုံးကြားခဲ့ရတဲ့ ယေဟောဝါရဲ့နာမတော်ဟာ ကျွန်တော့်အတွက် ခိုင်ခံ့တဲ့ရဲတိုက်ဖြစ်နေတုန်းပဲ။ *သု. ၁၈:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 33 ဤဆောင်းပါးကိုပြင်ဆင်နေစဉ် ညီအစ်ကို ပါဗောလ်ကိုဗာသည် ဇူလိုင် ၁၄၊ ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ သူ့အသက်မှာ ၈၅ နှစ်ဖြစ်သည်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

၁၉၄၂ ခုနှစ်၊ ကျွန်တော် စလိုဗက်စစ်တပ်တွင်ရှိခဲ့စဉ်က

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

နောက်ပိုင်း၊ ဂူဆန်တွင် ကျွန်တော် ထောင်ကျစဉ် (နောက်ခံတွင်ဖော်ပြထား)

[Credit Line]

© ČTK

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

တနင်္ဂနွေနေ့ နံနက်များတွင် ကျွန်တော်တို့အား အဖေ သမ္မာကျမ်းစာဖတ်ပြခဲ့

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

၁၉၄၆ ခုနှစ်တွင် ကျွန်တော်တို့လက်ထပ်သည့်နေ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အော်လ်ဂါမကွယ်လွန်မီလေးတွင် သူနှင့်အတူ