မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထိုင်း အစားအစာကို မြည်းစမ်းခြင်း

ထိုင်း အစားအစာကို မြည်းစမ်းခြင်း

ထိုင်း အစားအစာကို မြည်းစမ်းခြင်း

မလေးရှားမှ နိုးလော့! စာရေးသူ ပေးပို့သည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ လူစည်ကားရာလမ်းမတစ်ခုတွင် လျှောက်သွားနေစဉ် သင်သည် ချက်ချင်းပင် လမ်းဘေးဝဲယာမှ မွှေးကြိုင်သောဟင်းရနံ့များ၏ ဆွဲဆောင်မှုကို ခံရမည်ဖြစ်သည်။ ထိုတွင် လဟာပြင်စားဖိုမှူးများသည် ထိုင်းရိုးရာအစားအစာများကို ကြော်လှော်ချက်ပြုတ်နေကြသည်။ သွားရည်ကျစရာဟင်းနံ့များကို ရှူရှိုက်ပြီးနောက် စားချင်စဖွယ်အရောင်အသွေးရှိသော အစားအစာများကို ကြည့်ရှုကာ ယင်းတို့ကို မြည်းစမ်းကြည့်လိုစိတ် ပေါ်လာပေမည်။

စားချင်စဖွယ် ထိုင်းအစားအစာများကို ဟင်းခတ်ပင်များ၊ သစ်ဥသစ်ဖုများ၊ အရွက်များနှင့် အစေ့အဆန်များဖြင့် သေချာရွေးချယ်ပေါင်းစပ်ကာ စီမံထားသည်။ ချိုချဉ်ငန်စပ်ခါးအရသာမျိုးစုံဖြင့် အစပ်အဟပ်တည့်လှသော ဟင်းအရသာနှင့်ရနံ့တို့က သင့်ကို မြည်းမကြည့်ရလျှင် မနေနိုင်အောင် ဆွဲဆောင်နေသည်။ ထိုင်းနိုင်ငံတွင် အဘယ်ကြောင့် ဤမျှထူးခြားလှသော အစားအစာများရှိလာရသနည်း။ ၎င်း၏သမိုင်းကြောင်းက အဖြေပေးပါသည်။

နိုင်ငံတကာမှ အနံ့အရသာ

ထိုင်းနိုင်ငံသည် အာရှတိုက်၏လမ်းဆုံတွင် တည်ရှိသည်။ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဥရောပတိုက်သားများနှင့် အခြားခရီးသွားများသည် ရာစုနှစ်များစွာ ထိုင်းနိုင်ငံကို ဥဒဟိုဖြတ်သန်းသွားလာကြပြီး အများစုမှာ ယင်းတွင်အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤလူများသည် မိမိတို့နေရင်းပြည်မှ အစားအစာများကို ယူဆောင်လာကြရာ မျိုးစုံလှသော ၎င်းအစားအစာတို့၏ အနံ့အရသာမှာ ထိုင်းနိုင်ငံတွင် ကျန်ရစ်လေတော့သည်။

လွန်လေပြီးသော အတိတ်တစ်ချိန်ချိန်က အိန္ဒိယခရီးသွားများသည် ဟင်းချက်ရာတွင် မဆလာကို မည်သို့အသုံးပြုရကြောင်း ထိုင်းလူမျိုးတို့အား ပြသခဲ့သည်။ ၁၆ ရာစုတွင် ပေါ်တူဂီတို့က ငရုတ်သီးနှင့် ခရမ်းချဉ်သီးများကို ယူဆောင်လာကြသည်။ ယနေ့ ထိုင်းဟင်းလျာတွင် ပါဝင်သောပစ္စည်းများမှာ အမျိုးအမည်များပြားလှကာ အနံ့အရသာမှာ စုံလင်လှသည်၊ သို့သော် ထိုင်းအစားအသောက်များတွင် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်ရှိသော ငရုတ်သီးများနှင့် ၎င်းတို့နှင့်အရောင်တူသော ဟင်းချက်အနှစ်များ ပါဝင်သည်။ မဆလာနှင့် ငရုတ်သီးပေါင်းစပ်ပါဝင်ခြင်းက ထိုင်းဟင်းလျာအား ထူးခြားသောအနံ့အရသာနှင့်ပြည့်စုံသည့် အရှေ့တိုင်းဟင်းလျာဖြစ်စေသည်။

အမျိုးအမည်လည်းစုံ၊ အရသာလည်းစုံ

ထိုင်းရိုးရာအစားအစာတွင် ဟင်းလျာအမျိုးမျိုးပါဝင်၍ ၎င်းတို့၌ ဟင်းချို၊ လက်သုပ်၊ အကြော်အလှော်၊ မဆလာဟင်းနှင့် တို့စရာအချဉ်ရည်များပါဝင်ပေမည်။ ထိုင်းအစားအစာတိုင်းတွင် ထမင်းပေါင်း အမြဲပါသည်။ ထို့နောက် တည်ခင်းသောအချိုပွဲတွင် သကြားနှင့် ဥများကို အခြေခံ၍ပြုလုပ်ထားသော မုန့်ချိုများပါဝင်ပေမည်။ ထိုင်းအချိုချက်တွင် အုန်းသီးနှင့် အုန်းနို့တို့လည်းပါဝင်သည်။

မည်သည့်အရပ်ဒေသတွင်မဆို ကောင်းမွန်သည့်အစားအစာ၏သော့ချက်မှာ လတ်ဆတ်သောပါဝင်ပစ္စည်းများဖြစ်ပြီး ထိုင်းနိုင်ငံ၌ ယင်းတို့ကို နေရာတိုင်းတွင် ရရှိနိုင်သည်။ မြို့ကြီး၊ မြို့ငယ်များ၏ ဈေးများတွင် လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးနှင့် စပါးလင်၊ နံနံ၊ ကြက်သွန်ဖြူ၊ ချင်း၊ ပတဲကော၊ ဖာလာ၊ မန်ကျည်းသီးနှင့် စမုန်နက်စသော ဟင်းခတ်အမွှေးအကြိုင်တို့ကို ရောင်းချကြသည်။ ဤသို့သောဈေးများတွင် ထိုင်းအစားအစာ၌ အသုံးများသည့်ပါဝင်ပစ္စည်းဖြစ်သော ငရုတ်စပ်နှင့် သံပရာအမြောက်အမြားကို သင်တွေ့ရပါလိမ့်မည်။

သင်သည် ထိုင်းနိုင်ငံသို့ အလည်အပတ်သွားသည်ဖြစ်စေ၊ သင့်ဒေသတွင် ထိုင်းဟင်းလျာကို စားလိုသည်ဖြစ်စေ ထိုင်းရိုးရာအစားအစာဖြစ်သည့် တုန်ယမ်းဂန်ဟုခေါ်သော ပုစွန်ချဉ်စပ်ဟင်းချိုကို မြည်းစမ်းကြည့်ပါ။ အရသာရှိသော မြည်းစမ်းကြည့်စရာ အခြားအစားအစာများမှာ သင်္ဘောသီးထောင်း၊ ကြက်ကင် ဘဲကင်တို့နှင့် တွဲဖက်စားသောခေါက်ဆွဲ၊ ဝက်သားစဉ်းကောနှင့် ငါးနှပ်တို့ဖြစ်သည်။ “ကဆုန်ပေါက်နေသောမြင်းများ” ဟုအဓိပ္ပာယ်ရသည့် မာဟိုအမည်ရှိဟင်းလျာမှာ ဝက်သား၊ ပုစွန်၊ မြေပဲတို့ကို ရောချက်ထားပြီး ယင်းတို့ကို လတ်ဆတ်သောနာနတ်သီးပေါ်တွင်ပုံကာ ငရုတ်နီနှင့် နံနံပင်တို့ဖြူးထားသောဟင်းဖြစ်သည်။ နောက်ဆုံးအနေနှင့် အစာစားပြီးသောအခါ အုန်းနို့ကောက်ညှင်းနှင့် သရက်သီးတို့ပါဝင်သော အချိုပွဲကို သုံးဆောင်ပါ။

ထိုင်းအစားအစာကို မည်သို့စားသုံးခြင်းသည် အကောင်းဆုံးဖြစ်သနည်း။ နိုင်ငံ၏အချို့ဒေသများတွင် စားသောက်သည့်ဓလေ့မှာ အထူးချက်ထားသော ကောက်ညှင်းကို လက်ဖြင့်ဆုပ်လုံး၍ အချဉ်ရည်နှင့်တို့ကာ ပါးစပ်ထဲသို့ အမြန်ထည့်ခြင်းဖြစ်သည်။ ခေါက်ဆွဲစားပါက ထမင်းစားတူကို အသုံးပြုလိုပေမည်။ အကယ်၍ သင် တူကိုင်ရသည်မှာ ကိုးရိုးကားရားဖြစ်ပါက ဇွန်းခရင်းကို အသုံးပြုနိုင်သည်။

ယခု ထိုင်းဟင်းလျာများကို သင် မြည်းစမ်းလိုပါသလော။ သာယာလှပသော ဤအာရှနိုင်ငံမှ အရသာထူးကဲလှသည့် ဟင်းလျာများက သင်မစားဖူးသေးသည့် အရှေ့တိုင်းဟင်းလျာများကို မြည်းစမ်းကြည့်လိုစိတ် ပေါ်လာစေပေမည်။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

၁ တုန်ယမ်းဂန်ဟင်းချို

၂ နုပ်နုပ်စဉ်းထားသောဝက်သားနှင့် ပုစွန်ပါဝင်သော ခေါက်ဆွဲသုပ်

၃ သင်္ဘောသီးအစပ်သုပ်

၄ မာဟို

၅ အုန်းနို့ကောက်ညှင်းနှင့် သရက်သီး