မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရေးမှာ ပျော်ရွှင်အောင် ငါဘယ်လိုလုပ်ရမလဲ

ဝတ်ပြုရေးမှာ ပျော်ရွှင်အောင် ငါဘယ်လိုလုပ်ရမလဲ

လူငယ်များအမေး

ဝတ်ပြုရေးမှာ ပျော်ရွှင်အောင် ငါဘယ်လိုလုပ်ရမလဲ

အသက် ၁၆ နှစ်အရွယ် ဂျော့ရှ်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေ၏။ သူ၏မိခင်က တံခါးပေါက်တွင် ရပ်နေသည်။ “ဂျော့ရှ်ဝါ၊ ထစမ်း။ ဒီည စည်းဝေးတက်ရမယ်ဆိုတာ မသိဘူးလား” ဟုမိခင်က လေသံမာမာနှင့်ပြောလိုက်၏။ ဂျော့ရှ်သည် ယေဟောဝါသက်သေ တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီး ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်းက မိသားစုဝတ်ပြုရေး၏ ပုံမှန်ကဏ္ဍတစ်ခုဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဂျော့ရှ်သည် အစည်းအဝေးတက်လိုစိတ်မရှိတော့ချေ။

“ဟာဗျာ၊ အမေကလဲ၊ ကျွန်တော် သွားဖို့ တကယ်လိုလို့လား” ဟုဂျော့ရှ်က ညည်းလိုက်သည်။

“စကားများမနေနဲ့၊ အဝတ်အစားလဲတော့” ဟုမိခင်က ပြန်ပြောသည်။ “ငါ ထပ်နောက်မကျချင်ဘူးနော်” ဟုပြောပြီးသည်နှင့် လှည့်ထွက်သွား၏။

မိခင်ကြားနိုင်သည့်နေရာ၌ ရှိနေစဉ်တွင်ပင် ဂျော့ရှ်က “အမေ၊ ဒါက အမေ့ရဲ့ ဘာသာတရားဖြစ်ချင်ဖြစ်ပေမဲ့ ကျွန်တော့်ရဲ့ ဘာသာတရားဖြစ်ရမယ်လို့ မဆိုလိုဘူးနော်” ဟု လွှတ်ခနဲ ပြောချလိုက်သည်။ အမေ့ခြေသံ ရပ်သွားသည့်အတွက် အမေကြားသွားပြီဆိုသည်ကို သူသိလိုက်သည်။ ထို့နောက် အမေသည် တုံ့ပြန်မနေတော့ဘဲ ဆက်လျှောက်သွားလေသည်။

မိမိအပြောမှားသွားသည်ကို ဂျော့ရှ်သိလိုက်၏။ အမှန်တကယ်တွင် အမေစိတ်ထိခိုက်အောင် သူ မပြုလုပ်လိုပေ။ သို့သော် တောင်းလည်း မတောင်းပန်လိုပေ။ မတတ်သာသည့်အဆုံး၌ . . .

ဂျော့ရှ်သည် သက်ပြင်းချ၍ အိပ်ရာမှထကာ အဝတ်အစားလဲလိုက်သည်။ ထို့နောက် မိမိ ဘာသာ ရေရွတ်လိုက်သည်မှာ “ငါကတော့ အနှေးနဲ့အမြန် ဆုံးဖြတ်ချက်ချရတော့မယ်။ ငါဟာ အဲဒီဝတ်ပြုရာခန်းမထဲက တခြားသူတွေနဲ့မတူဘူး။ ခရစ်ယာန်တစ်ယောက်တောင် မဖြစ်ချင်တော့သလိုပဲ။”

သင်သည် ဤဇာတ်လမ်းမှ ဂျော့ရှ်ကဲ့သို့ပင် အတွေးဝင်ခဲ့ဖူးသလော။ တစ်ခါတစ်ရံ အခြားသူများက ခရစ်ယာန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရသည်ကို ပျော်မွေ့ ကြသော်လည်း သင်မူကား ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေပုံရသလော။ ဥပမာ–

သင်သည် ကျမ်းစာလေ့လာခြင်းကို အိမ်စာတာဝန်ကဲ့သို့ သဘောထားပါသလော။

တစ်အိမ်မှတစ်အိမ်အမှုဆောင်သွားရန် သင်တွန့်ဆုတ်နေပါသလော။

ခရစ်ယာန်အစည်းအဝေးများ တက်ရသည်ကို သင်ငြီးငွေ့သလော။

အဆိုပါမေးခွန်းများအနက် တစ်ခုခုကို “ဟုတ်ပါသည်” ဟု သင်ဖြေဆိုခဲ့လျှင် စိတ်မပျက်ပါနှင့်။ အနည်းငယ်ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြင့် သင်သည် ဘုရားသခင့်အမှုတော်ဆောင်ရာတွင် ပျော်မွေ့လာနိုင်ပါသည်။ သင်မည်သို့ လုပ်ဆောင်နိုင်ပုံကို သုံးသပ်ကြည့်ကြစို့။

စိန်ခေါ်ချက် #၁– ကျမ်းစာလေ့လာခြင်း

မလွယ်ကူရသည့်အကြောင်းရင်း။ လေ့လာခြင်းကို သင်မနှစ်သက်ဟု ခံစားရပေမည်။ ငြိမ်ငြိမ်ထိုင်ပြီး ကြာကြာအာရုံစိုက်ရန် သင့်အတွက် ခက်လှ၏။ ထို့အပြင် ကျောင်းစာများကလည်း တစ်ပုံတစ်ပင်။

လေ့လာသင့်သည့်အကြောင်းရင်း။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ လမ်းညွှန်မှုဖြင့် ရေးသားပြုစုထားရာဖြစ်သည့်အပြင် ‘သွန်သင်ခြင်း၊ ဆုံးမပေးခြင်း၊ အမှားများကိုပြုပြင်ခြင်း၊ လျောက်ပတ်စွာသက်ရှင်နေထိုင်တတ်ရန် လမ်းညွှန်ခြင်းတို့’ တွင်လည်း အထောက်အကူပြုသည်။ (၂ တိမောသေ ၃:၁၆ခမ) သမ္မာကျမ်းစာကိုလေ့လာပြီး ဖတ်ရှုခဲ့ရာကို တွေးတောဆင်ခြင်ခြင်းက သင် တစ်ခါမျှ မသိရှိခဲ့သောအရာများကို သိရှိနားလည်လာစေနိုင်ပါသည်။ လုံ့လမစိုက်ထုတ်ဘဲ မည်သည့်အကျိုးမျှရမည်မဟုတ် ဟူသောအချက်ကို သင်အသိအမှတ်ပြုဖို့ လိုပေမည်။ သင်သည် ကစားနည်းတစ်မျိုးကို ကောင်းစွာကစားတတ်လိုလျှင် အဆိုပါကစားနည်း၏ စည်းမျဉ်းများကို သိရှိထားကာ လေ့ကျင့်ရမည်ဖြစ်သည်။ ကျန်းမာသက်ရှည်လိုလျှင် ကိုယ်လက်လှုပ်ရှားကစားပေးရန်လို၏။ သင့်ဖန်ဆင်းရှင်အကြောင်း သိရှိလိုလျှင် ဘုရားသခင့်စကားတော်ကိုလေ့လာရန် လိုသည်။

လူငယ်တချို့ပြောဆိုရာ။ “ကျွန်မ အထက်တန်းကျောင်းတက်တော့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တချို့ ချခဲ့ရတယ်။ ကျောင်းသားတွေက အမှားမျိုးစုံလုပ်နေကြတော့ ‘ငါ အဲဒီလို လုပ်ချင်သလား။ ငါ့မိဘတွေ ငါ့ကို တကယ်ပဲ အမှန်တရားသွန်သင်ပေးနေသလား’ ဆိုတဲ့ဆုံးဖြတ်ချက်တချို့ ချခဲ့ရတယ်။ ကျွန်မကိုယ်တိုင် အဖြေရှာခဲ့ရတယ်။”—ရှက်ဒ်ဇာ။

“ကျွန်တော်သိရှိခဲ့တဲ့အရာက အမှန်တရားဆိုတာ အမြဲယုံကြည်ခဲ့ပေမဲ့ ကျွန်တော်ကိုယ်တိုင် သက်သေပြဖို့လိုအပ်တယ်။ ကျွန်တော့် မိသားစုကကိုးကွယ်လို့ ကျွန်တော်လည်း လိုက်ကိုးကွယ်တာမျိုးမဟုတ်ဘဲ ကျွန်တော့်ရဲ့ကိုယ်ပိုင် ဘာသာတရားဖြစ်အောင် လုပ်ခဲ့ရတယ်။”—နလီဆာ။

သင်လုပ်ဆောင်နိုင်သောအရာ။ သင်စိတ်ဝင်စားရာနှင့် လိုအပ်ရာများအပေါ်မူတည်ပြီး ကိုယ်ပိုင်လေ့လာမှုပြုဖို့ အစီအစဉ်ဆွဲပါ။ အဘယ်အကြောင်းလေ့လာမည်ကို သင် ရွေးချယ်ပါ။ အဘယ်နေရာမှ သင်အစပြုနိုင်သနည်း။ ဖြစ်နိုင်သည်မှာ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကား အဘယ်နည်း ဟူသောစာအုပ်ကို အသုံးပြု၍ သမ္မာကျမ်းစာကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာကာ သင့်ယုံကြည်ချက်များကို စစ်ဆေးကြည့်ပါလေ။ *

လုပ်ဆောင်ရမည့်အစီအစဉ်။ သင်အစပြုနိုင်ရန် သင်ပိုမိုသိလိုသည့် အောက်ဖော်ပြပါ ကျမ်းစာအကြောင်းအရာနှစ်ခုသုံးခုကို စစ်ဆေးကြည့်ပါ သို့မဟုတ် သင်နှစ်သက်ရာ အကြောင်းအရာတချို့ကို ရေးသားပါ။

□ ဘုရားသခင်တစ်ပါးရှိပါသလော။

□ သမ္မာကျမ်းစာရေးသားသူများသည် ဘုရားသခင့်လမ်းညွှန်မှုခံရကြောင်း ကျွန်ုပ်မည်သို့ သေချာစေနိုင်သနည်း။

□ ဆင့်ကဲဖြစ်စဉ်အစား ဖန်ဆင်းခြင်းကို ကျွန်ုပ် အဘယ်ကြောင့် ယုံကြည်သင့်သနည်း။

□ ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်ပြီး ယင်းတည်ရှိကြောင်း ကျွန်ုပ် မည်သို့ သက်သေပြနိုင်သနည်း။

□ သေသောအခါ အဘယ်သို့ဖြစ်သွားသည်နှင့်ပတ်သက်၍ ကျွန်ုပ်၏ယုံကြည်ချက်ကို မည်သို့ရှင်းပြနိုင်သနည်း။

□ ရှင်ပြန်ထမြောက်ခြင်းရှိမည်ဖြစ်ကြောင်း ကျွန်ုပ် အဘယ်ကြောင့် ယုံကြည်စိတ်ချသင့်သနည်း။

□ မည်သည့်ဘာသာတရားသည် ဘုရားသခင်နှစ်သက်သော ဘာသာတရားဖြစ်ကြောင်း ကျွန်ုပ် မည်သို့သေချာစေနိုင်သနည်း။

□ ․․․․․

စိန်ခေါ်ချက် #၂– ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ခြင်း

မလွယ်ကူရသည့်အကြောင်းရင်း။ အခြားသူများအား ကျမ်းစာအကြောင်းပြောပြခြင်း သို့မဟုတ် ထိုသို့ပြောပြနေစဉ် ကျောင်းနေဖက်တစ်ဦးနှင့်ဆုံမိခြင်းသည် ထိတ်လန့်စရာဖြစ်နိုင်ပါသည်။

ယင်းကို လုပ်ဆောင်သင့်သည့်အကြောင်းရင်း။ ယေရှုသည် မိမိ၏နောက်လိုက်များအား ဤသို့ညွှန်ကြားခဲ့သည်– ‘တပည့်ဖြစ်စေကြလော့၊ . . . သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။’ (မဿဲ ၂၈:၁၉၊ ၂၀ကဘ) သို့သော် နောက်ထပ်အကြောင်းရင်းများစွာ ရှိပါသေးသည်။ နိုင်ငံတချို့တွင် လူငယ်အများစုသည် ဘုရားသခင်နှင့် သမ္မာကျမ်းစာကို ယုံကြည်ကြောင်း လေ့လာမှုများကဖော်ပြ၏။ သို့ဖြစ်လင့်ကစား အဆိုပါလူငယ်တချို့သည် အနာဂတ်နှင့်ပတ်သက်၍ စစ်မှန်သောမျှော်လင့်ချက်မရှိကြချေ။ သင်သည် သမ္မာကျမ်းစာကိုလေ့လာခြင်းဖြင့် သင့်ရွယ်တူချင်းများစွာ ရှာဖွေနေကြပြီး လိုအပ်နေသော သတင်းအချက်အလက်ကို ရရှိမည်ဖြစ်သည်။

လူငယ်တချို့ပြောဆိုရာ။ “ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော်တို့ ထိရောက်တဲ့နိဒါန်းတွေ ပြင်ဆင်ထားတဲ့အတွက် ကန့်ကွက်ပြောဆိုမှုတွေကို ဘယ်လိုကျော်လွှားရမယ်၊ ပြန်လည်ပတ်မှုတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သိလာတယ်။ ခရစ်ယာန်ဓမ္မအမှုမှာ ခါတိုင်းထက် ကျွန်တော်ကြိုးစားပါဝင်တဲ့အခါ ပျော်စရာပိုကောင်းလာတယ်။”—နလီဆာ။

“ခရစ်ယာန်ညီအစ်မတစ်ယောက်က ကျွန်မကို အများကြီး ကူညီပေးခဲ့တယ်။ သူက ကျွန်မထက် အသက်ခြောက်နှစ်ကြီးပြီး ကျွန်မကို သူနဲ့အတူ အမှုဆောင်ခေါ်သွားတယ်၊ တစ်ခါတလေ နေ့လယ်စာစားဖို့ အပြင်ခေါ်သွားတယ်။ ကျွန်မရဲ့အတွေးအခေါ်ကို ပြုပြင်ပေးတဲ့ အားရှိစရာကျမ်းချက်တွေ သူဖွင့်ပြခဲ့တယ်။ သူ့ရဲ့စံနမူနာကောင်းကြောင့် အခုဆိုရင် လူတွေကို ကျွန်မ ပိုပြီးစိတ်ဝင်စားလာတယ်။ သူ့ကျေးဇူးတွေကို ဘယ်တော့မှ ဆပ်လို့ကုန်မှာမဟုတ်ဘူး။”—ရှန်တေ။

သင်လုပ်ဆောင်နိုင်သောအရာ။ မိဘများထံမှ ခွင့်ပြုချက်ရယူပြီး အသင်းတော်တွင် သင့်ထက်အသက်ကြီးပြီး သင်နှင့်အတူ အမှုဆောင်နိုင်သူတစ်ဦးကိုရှာပါ။ (တမန်တော် ၁၆:၁-၃) သမ္မာကျမ်းစာက ဤသို့ဆို၏– “သံကိုသံချင်းထက်စေသကဲ့သို့ လူသည် လူချင်းကိုထက်စေတတ်၏။” (သု. ၂၇:၁၇သမ္မာ) အတွေ့အကြုံများစွာရှိသော အသက်ကြီးသူများနှင့် ပေါင်းသင်းခြင်းက အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ “တကယ်တော့ အသက်ကြီးသူတွေနဲ့ပေါင်းသင်းရတာ သိပ်လွယ်တယ်” ဟုအသက် ၁၉ နှစ်အရွယ် အလက်ဆက်စ်ကဆို၏။

လုပ်ဆောင်ရမည့်အစီအစဉ်။ ခရစ်ယာန်ဓမ္မအမှုတွင် သင့်ကိုကူညီပေးနိုင်သော သင့်မိဘများအပြင် သင့်အသင်းတော်ရှိ တစ်ဦးဦး၏အမည်ကို အောက်တွင် ရေးချပါ။

․․․․․

စိန်ခေါ်ချက် #၃– ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်း

မလွယ်ကူရသည့်အကြောင်းရင်း။ သင်သည် တစ်နေကုန် ကျောင်းတက်ပြီးနောက် တစ်နာရီနှစ်နာရီကြာသော ကျမ်းစာအခြေပြုဟောပြောချက်များကို နားထောင်လိုတော့မည်မဟုတ်ပေ။

တက်ရောက်သင့်သည့်အကြောင်းရင်း။ ခရစ်ယာန်များကို ကျမ်းစာက ဤသို့တိုက်တွန်း၏– “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်း အားပေးကြလော့။ ထိုနေ့ရက် နီးလာသည်ကိုမြင်ရသောကြောင့် သာ၍ကြိုးစားအားထုတ်ကြလော့။”—ဟေဗြဲ ၁၀:၂၄၊ ၂၅ကဘ။

လူငယ်တချို့ပြောဆိုရာ။ “အသင်းတော်အစည်းအဝေးတွေအတွက် ပြင်ဆင်ခြင်းက မလုပ်မနေလုပ်ရမယ့်အရာ ဖြစ်တယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို နှိုးဆော်ဖို့လိုတယ်။ သင် ပြင်ဆင်မှုလုပ်တဲ့အခါ ဆွေးနွေးမယ့်အကြောင်းအရာတွေကို သိထားပြီး သင်လည်း ကိုယ်တိုင်ပါဝင်နိုင်မှာဖြစ်လို့ အစည်းအဝေးတွေမှာ သင် ပျော်မွေ့လာမယ်။”—အယ်လ်ဒါ။

“ကျွန်မသတိပြုမိတဲ့ အချက်တစ်ချက်ကတော့ အစည်းအဝေးတွေမှာ မှတ်ချက်တွေပေးတဲ့အခါ အဲဒီအစည်းအဝေးတွေဟာ ကျွန်မအတွက် ပိုပြီးစိတ်ဝင်စားစရာဖြစ်လာတယ်။”—ဂျက်စီကာ။

သင်လုပ်ဆောင်နိုင်သောအရာ။ အချိန်ယူ၍ ကြိုတင်ပြင်ဆင်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် မှတ်ချက်တစ်ခုပေးပါ။ ယင်းက သင့်အား အစည်းအဝေးတွင် ပို၍ပါဝင်လိုစိတ်ရှိလာစေရန် ကူညီပေးပေမည်။

ဥပမာပြရလျှင်– အားကစားတစ်ခုကို ရုပ်မြင်သံကြားတွင် ကြည့်ရှုခြင်းနှင့် ကွင်းထဲတွင် ကိုယ်တိုင်ဝင်ကစားခြင်းတွင် အဘယ်အရာက ပို၍ပျော်စရာကောင်းသနည်း။ ရှုစားသူတစ်ဦးဖြစ်ခြင်းထက် ပါဝင်သူတစ်ဦးဖြစ်ခြင်းက ပို၍အကျိုးဖြစ်ထွန်းသည်မှာ ထင်ရှား၏။ ခရစ်ယာန်အစည်းအဝေးများနှင့်ပတ်သက်၍လည်း ထိုနည်းအတိုင်းပြုလုပ်ပါလေ။

လုပ်ဆောင်ရမည့်အစီအစဉ်။ အောက်ပါကွက်လပ်တွင် အသင်းတော်အစည်းအဝေးတစ်ခုအတွက် ပြင်ဆင်ရန် ပတ်စဉ် မိနစ် ၃၀ ခန့် သင်အသုံးပြုနိုင်သော အချိန်ကို ရေးချပါ။

․․․․․

များစွာသောလူငယ်တို့သည် ဆာလံ ၃၄:၈ တွင်ဖော်ပြထားသော ဤအဆို မှန်ကန်ကြောင်း တွေ့ကြုံခံစားနေရသည်– ‘ယေဟောဝါသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။’ သွားရည်ယိုဖွယ် အစားအသောက်အကြောင်း ကြားရရုံနှင့် သင်စိတ်ကျေနပ်ပါသလော။ အသင်ကိုယ်တိုင် မြည်းကြည့်ရမှ စိတ်ကျေနပ်သည်မဟုတ်လော။ ဝတ်ပြုကိုးကွယ်ခြင်းနှင့်ပတ်သက်၍လည်း အလားတူပင်။ ဝတ်ပြုရေးဆိုင်ရာလုပ်ဆောင်မှုများတွင်ပါဝင်ခြင်းက မည်မျှအကျိုးရရှိသည်ကို အသင်ကိုယ်တိုင် မြည်းစမ်း၍ သိမှတ်ပါလေ။ ကြားနာရုံမျှသာမဟုတ်ဘဲ အကျင့်ကျင့်သောသူသည် ‘မိမိကျင့်သောအကျင့်၌ ပျော်ရွှင်လိမ့်၏’ ဟုသမ္မာကျမ်းစာက ဆိုသည်။—ယာကုပ် ၁:၂၅

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့် ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 ယေဟောဝါသက်သေများထုတ်ဝေသည်။

ချင့်တွေးစရာ

▪ ဝတ်ပြုရေးဆိုင်ရာလုပ်ဆောင်မှုများသည် ဆယ်ကျော်သက်တစ်ဦးအတွက် အဘယ်ကြောင့် ငြီးငွေ့စရာ ဖြစ်ကောင်းဖြစ်နိုင်သနည်း။

▪ ဤဆောင်းပါးတွင် ဆွေးနွေးခဲ့သည့် ဝတ်ပြုရေးဆိုင်ရာအသွင်အပြင်သုံးရပ်အနက် အဘယ်အသွင်အပြင်ကို သင် လုပ်ဆောင်လိုပြီး မည်သို့လုပ်ဆောင်မည်နည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သင်သည် ကျန်းမာသန်စွမ်းလိုလျှင် ကိုယ်လက်လှုပ်ရှား ကစားပေးရန်လို၏။ ဝတ်ပြုရေးတွင် အကျိုးကျေးဇူး ခံစားလိုလျှင် ဘုရားသခင့်စကားတော်ကို လေ့လာရန်လို၏