မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်အရာ မှားသွားနိုင်သနည်း

အဘယ်အရာ မှားသွားနိုင်သနည်း

အဘယ်အရာ မှားသွားနိုင်သနည်း

ပြဿနာကင်းသော အိမ်ထောင်တစ်ခုကို မျှော်လင့်ခြင်းသည် လက်တွေ့မကျချေ။ ထို့ထက်ကား ရှေ့သွားနောက်လိုက်ညီသော အိမ်ထောင်သည်များပင် အရာရာ၌ တစ်သဘောတည်းမရှိကြချေ။ ထို့ကြောင့် ပြဿနာအချို့ ပေါ်ပေါက်လာပေမည်။ အပေါ်ယံဆေးသုတ်ထားသည့် သတ္တုသည် သံချေးတက်နိုင်သကဲ့သို့ ကိစ္စအတော်များများသည်လည်း အိမ်ထောင်ရေးကို တဖြည်းဖြည်း ပြိုပျက်စေနိုင်ပါသည်။ အိမ်ထောင်တွင် တိုးတက်အောင်မြင်ဖို့ အဘယ်အရာလုပ်ဆောင်နိုင်ကြောင်း သဘောပေါက်စေရန် ဦးစွာ မှားယွင်းသွားနိုင်သောအရာတချို့ကို ဆန်းစစ်ကြည့်ကြစို့။

အကြီးအကျယ်စိတ်ဖိစီးခံရသည့် အချိန်အခါများ

ကျွန်ုပ်တို့ခေတ်တွင် လူအများသည် “ကိုယ့်ကိုယ်ကိုချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ . . . ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ” များဖြစ်ကြလိမ့်မည်ဟု သမ္မာကျမ်းစာက ကြိုဟောခဲ့သည်။ (၂ တိမောသေ ၃:၂-၄ကဘ) အဆိုပါစရိုက်ဆိုးများကြောင့် နားလည်မှုလွဲခြင်း၊ ဆက်သွယ်ရေးပြတ်တောက်ခြင်းနှင့် မစုံလင်သောလူသားများ ဖြစ်သည့်အလျောက် အဆင်အခြင်မဲ့သောစကားများ ပြောဆိုခြင်းတို့ကို တိုးများလာစေနိုင်ပါသည်။

“အိမ်ထောင်သည်အတော်များများအတွက် အဲဒါက ‘စိတ်ရှုပ်စရာ’ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင်၊ တစ်ဖက်မှာတော့ . . . အိမ်ထောင်ရေးကို ခိုင်မြဲစေနိုင်တဲ့နည်းနဲ့ပတ်သက်ပြီး မရေမတွက်နိုင်အောင် များပြားလှတဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ရရှိထားကြ ပြီး . . . နောက်တစ်ဖက်မှာတော့ သာယာတဲ့အိမ်ထောင်ရေး တည်ဆောက်ရာမှာ အခက်အခဲတွေ့စေတဲ့ လူမှုရေးနဲ့စီးပွားရေးဆိုင်ရာ လွှမ်းမိုးမှုတွေကို ရင်ဆိုင်နေကြရတယ်” ဟုသုတေသီတစ်ဦးက ပြောကြားသည်။

လက်တွေ့မကျသော မျှော်လင့်ချက်များ

“လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေဟာ အိမ်ထောင်ရေးမှာ ကျေနပ်ရောင့်ရဲမှုမရှိစေတဲ့ အကြီးမားဆုံးအကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်” ဟုအိမ်ထောင်ရေး ကုထုံးပညာရှင်တစ်ဦးက ရှင်းပြ၏။ အိမ်ထောင်သည်များစွာတို့သည် အိမ်ထောင်ရေးတွင် မိမိတို့မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည်ကို တွေ့ရှိရသောအခါ၊ မိမိတို့၏အိမ်ထောင်ဖက်သည် မိမိတို့ တွေးထင်ခဲ့သည့်အတိုင်း ဖြစ်မလာသောအခါ စိတ်ပျက်လာကြသည်။ မိမိတို့အိမ်ထောင်ဖက်တွင် ယခင်က မတွေ့ခဲ့ရသော အမှားများကြောင့် သို့မဟုတ် မိမိတို့မှန်းဆခဲ့သည်ထက် ပို၍ဆိုးဝါးသော ချွတ်ယွင်းချက်များကြောင့် အလွန်စိတ်ပျက်ခဲ့ရကြောင်း တွေ့ရှိရသည်။

သို့သော် အိမ်ထောင်ရေးသည် “နာကျင်မှုနှင့် ဝမ်းနည်းပူဆွေးမှု” တို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု သမ္မာကျမ်းစာက ပွင့်ပွင့်လင်းလင်း ဖော်ပြသည်။ (၁ ကောရိန္သု ၇:၂၈အင်္ဂလိပ်ကျမ်းစာသစ်) အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ မစုံလင်သည့် လူသားနှစ်ဦးစပ်ကြားရှိ ဆက်ဆံရေးက တစ်ဦးစီ၏ ချွတ်ယွင်းချက်များကို အနှေးနှင့်အမြန် သိမြင်စေသောကြောင့်ဖြစ်၏။

ထို့အပြင် များစွာသောသူတို့သည် သာယာသောအိမ်ထောင်ကို အလွယ်တကူရရှိနိုင်သည်ဟု စိတ်ကူးယဉ်ဆန်ဆန် မျှော်လင့်ကြ၏။ အိမ်ထောင်ပြုလျှင် အလိုအလျောက် ပျော်ရွှင်လာမည်ဟု သူတို့ယူမှတ်ကြသောကြောင့် သာယာသည့်အိမ်ထောင်တစ်ခု တည်ဆောက်ရန် လုပ်ဆောင်ရမည့်တာဝန်နှင့် ကြိုးစားအားထုတ်ရမည့်အရာတို့ကို သူတို့မစဉ်းစားကြချေ။ အိမ်ထောင်ရေးသည် မိမိတို့စိတ်ကူးထားသည့်အတိုင်း မဟုတ်မှန်း သိမြင်လာကြသောအခါ စိတ်ပျက်၍ ခေါင်းရှုပ်သွားနိုင်ဖွယ်ရှိပေမည်။ အများအားဖြင့် အိမ်ထောင်ရေးနှင့်ပတ်သက်သည့် သူတို့၏ယူဆချက်နှင့် လက်တွေ့ဘဝစပ်ကြား ကွာဟမှု ပို၍ကြီးမားလာလေ ပို၍စိတ်ပျက်လာလေဖြစ်မည်။

ပြောဆိုဆက်သွယ်ရေး အကျပ်အတည်း

အိမ်ထောင်အတွင်း ဆက်ဆံရေး ပို၍ခိုင်မြဲစေရန် အဘယ်မှားယွင်းသော ဆက်သွယ်ရေးပုံစံများကို ရှောင်ကြဉ်နိုင်သနည်း။ မောင်နှံအချို့သည် တစ်ဖက်သားပြောလှာသည့်စကားကို စိတ်ရင်းမှန်ဖြင့် နားထောင်ပေးခြင်းမရှိသကဲ့သို့ ခံစားချက်အမှန်ဖြင့် ဆက်သွယ်ပြောဆိုခြင်းလည်းမရှိကြချေ။ ချစ်ချစ်ခင်ခင် ပြောဆိုဆက်သွယ်မည့်အစား စကားကို ဝတ်ကျေတမ်းကျေ တိုတိုတုတ်တုတ်သာ ပြောဆိုကြတော့သည်။ ရည်ရွယ်ချက်ရှိရှိနှင့် ပွင့်ပွင့်လင်းလင်း အပြန်အလှန်ပြောဆိုကြမည့်အစား ခိုင်လုံသည့်အကြောင်းရင်းမရှိဘဲ ကိစ္စရပ်တိုင်းတွင် အငြင်းအခုံဖြစ်ကြပေမည်။ တစ်ဖက်သားက ကြိုးစားပြောပြနေသည်ကို အဓိပ္ပာယ်တလွဲကောက်ယူသောအခါ စကားများလာနိုင်သည်၊ စကားလုံးများဖြင့် ထိုးနှက်တိုက်ခိုက်မှုများကြောင့် ဆက်ဆံရေးမှာ အေးတိအေးစက်ဖြစ်သွား၏။

ဝမ်းနည်းစရာမှာ အိမ်ထောင်သည်များစွာသည် မိမိတို့အိမ်ထောင်ဖက်၏ အပြုသဘောပါသော အပြုအမူကို သတိမပြုမိကြ၊ သတိပြုမိပြန်လျှင်လည်း လေးမြတ်တန်ဖိုးထားခြင်းမရှိကြချေ။ ထို့အပြင် ဇနီးမောင်နှံ နှစ်ဦးစလုံး အိမ်ပြင်ထွက် အလုပ်,လုပ်ကြရာ အိမ်ထောင်သည် အမျိုးသမီးများသည် အိမ်မှုကိစ္စအများစုကို လုပ်ရသည်သာမက အပြင်အလုပ်လည်း လုပ်ရသဖြင့် ဒေါသထွက်လာကြသည်။ ထို့အပြင် မိမိတို့၏စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များ လျစ်လျူရှုခံနေရသည်ဟု ဇနီးသည်များစွာ ခံစားကြရသည်။

သာယာသောအိမ်ထောင်တစ်ခု တည်ဆောက်ရန် သင် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ နောက်ဆောင်းပါးတွင် ဖော်ပြထားသော သမ္မာကျမ်းစာမှ လက်တွေ့ကျအကြံဉာဏ်ကို သုံးသပ်ကြည့်ပါလေ။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

ဇနီးမောင်နှံအချို့သည် စိတ်ရင်းမှန်ဖြင့် နားထောင်ပေးခြင်း၊ ခံစားချက်အမှန်ဖြင့် ဆက်သွယ်ပြောဆိုခြင်း မရှိကြပါ

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

များစွာသောသူတို့သည် အိမ်ထောင်ရေးတွင် ပေးဆက်သည်ထက် ယင်းမှ ပိုမိုရရှိရန် မျှော်လင့်ကြ