မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဂြိုဟ် ခြိမ်းခြောက်ခံနေရသလော

ကမ္ဘာဂြိုဟ် ခြိမ်းခြောက်ခံနေရသလော

ကမ္ဘာဂြိုဟ် ခြိမ်းခြောက်ခံနေရသလော

ကမ္ဘာချီပူနွေးမှုသည် လူသားတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ဖော်ပြခဲ့ကြပြီ။ “တဖြည်းဖြည်း ရွေ့လျားနေပြီး ရပ်တန့်၍မရနိုင်သော အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်သည့် အလားအလာကို ကျွန်ုပ်တို့ စတင်ခဲ့ကြ” ကာ ယင်းကို သုတေသီများက စိတ်ပူပန်နေသည်ဟု သိပ္ပံဂျာနယ်တစ်စောင် (Science) ကဆို၏။ ဤဖော်ပြချက် မှန်ကန်ကြောင်းကို သံသယရှိသူများက စောဒကတက်ကြသည်။ လူများစွာက ကမ္ဘာကြီးသည် ပူနွေးလျက်ရှိကြောင်း သဘောတူကြသော်လည်း ယင်းသို့ဖြစ်ရသည့် အကြောင်းရင်းများနှင့်အကျိုးဆက်များကိုမူ မသိရှိကြပေ။ လူ့လုပ်ရပ်များသည် အကြောင်းရင်းတစ်ခုဖြစ်နိုင်သော်လည်း အဓိကအကြောင်းရင်းကား လုံးလုံးမဟုတ်ဟု ၎င်းတို့ကဆိုကြသည်။ အဘယ်ကြောင့် ဤသို့ သဘောကွဲလွဲရသနည်း။

အကြောင်းရင်းတစ်ခုမှာ ကမ္ဘာ့ရာသီဥတုကိုဖြစ်ပေါ်စေသည့် သဘာဝဖြစ်စဉ်များသည် ရှုပ်ထွေးပြီး ယင်းတို့ကို အပြည့်အဝနားမလည်နိုင်သောကြောင့်ဖြစ်၏။ ထို့အပြင် ကမ္ဘာ့အရေးကိစ္စကို စိတ်ဝင်စားသူများသည် အပူချိန်တိုးလာရသည့်အကြောင်းရင်းအား ဖော်ပြလေ့ရှိသော သိပ္ပံဆိုင်ရာအချက်အလက်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှင်းလင်းဖော်ပြတတ်ကြ၍ဖြစ်သည်။

အပူချိန် အမှန်တကယ် တိုးလာသလော

ယူအဲန်တာဝန်ခံသော ရာသီဥတုအပြောင်းအလဲဆိုင်ရာ အစိုးရချင်း ဆွေးနွေးရေးအဖွဲ့ (အိုင်ပီစီစီ) မှ မကြာသေးမီက ထုတ်ပြန်သည့် သတင်းတစ်ပုဒ်အရ ကမ္ဘာချီပူနွေးမှုသည် “သိသာထင်ရှား” နေသည် သို့မဟုတ် ဖြစ်ရပ်မှန်တစ်ခု ဖြစ်နေသည်၊ “ဖြစ်နိုင်ဖွယ်ရာ” မှာ လူသားတို့တွင် အဓိကတာဝန်ရှိသည်။ အထူးသဖြင့် လူသားတို့တွင် အဓိကတာဝန်ရှိမရှိဟူသော ယူဆချက်နှင့်စပ်လျဉ်း၍ သဘောမတူကြသူတချို့က မြို့ကြီးပြကြီးများသည် ကြီးမားကျယ်ပြန့်လာနေသောကြောင့် ပိုမိုပူနွေးလာခြင်းဖြစ်ရမည်ဟု ဝန်ခံပြောဆိုကြသည်။ ထို့အပြင် ကွန်ကရစ်နှင့် စတီးလ်များသည် နေပူရှိန်ကို အလွယ်တကူ စုပ်ယူထားပြီး ညပိုင်းတွင် တဖြည်းဖြည်း အေးသွားတတ်သည်။ သို့သော် မြို့ကြီးများတွင် တိုင်းတာခဲ့သည့် အပူချိန်ပမာဏသည် ကျေးလက်ဒေသများတွင်ရှိသည့် အပူချိန်ပမာဏကို ထင်ဟပ်ဖော်ပြခြင်းမဟုတ်သဖြင့် ကမ္ဘာချီစာရင်းဇယားများကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်ဟု သံသယရှိသူတို့က ပြောဆိုကြသည်။

သို့သော် အလာစကာကမ်းရိုးတန်းနှင့် မလှမ်းမကမ်းတွင်တည်ရှိသည့် ကျွန်းတစ်ကျွန်းတွင်နေထိုင်သော ရွာသူကြီးတစ်ဦးဖြစ်သူ ကလိဖ်ဖော့ဒ်က မိမိကိုယ်တိုင် အပြောင်းအလဲများကို တွေ့ မြင်နေရကြောင်း ပြောပြ၏။ မိမိ၏ရွာသားများသည် ကုန်းပေါ်သို့သွား၍ ကယ်ရီဘူးသမင်ကြီးနှင့် ဦးချိုပြားသမင်ကြီးတို့ကို အမဲလိုက်ရန် ရေခဲပြင်ဖြစ်နေသည့် ပင်လယ်ကိုဖြတ်ရသည်။ သို့သော် အပူချိန်တိုးလာခြင်းကြောင့် အစဉ်အလာဖြစ်နေသော ဘဝပုံစံဖြင့် အသက်ရှင်၍မဖြစ်နိုင်တော့ချေ။ “ရေစီးကြောင်းတွေ ပြောင်းလဲသွားခဲ့ပြီ၊ ရေခဲပြင်အနေအထား ပြောင်းလဲသွားခဲ့ပြီ၊ ရေခဲပြင်ဖြစ်ခဲ့တဲ့ ချုချီပင်လယ်လည်း . . . ပြောင်းလဲသွားခဲ့ပြီ” ဟုကလိဖ်ဖော့ဒ်ကဆိုသည်။ အောက်တိုဘာလအကုန်တွင် အေးခဲလေ့ရှိသည့် ပင်လယ်သည် ယခုအခါ ဒီဇင်ဘာလနှောင်းပိုင်းရောက်သည်အထိ မအေးခဲသေးကြောင်း သူကရှင်းပြ၏။

၂၀၀၇ ခုနှစ်၌ သမိုင်းမှတ်တမ်းတွင် ဦးဆုံးအကြိမ်အနေနှင့် အပြည့်အဝဖြတ်သန်းသွားလာနိုင်သော အနောက်မြောက်ဘက် ရေကြောင်းခရီးကလည်း ကမ္ဘာကြီးပို၍ပူနွေးလာကြောင်း သိသာထင်ရှားစေခဲ့သည်။ “ဒီနှစ်မှာ ကျွန်တော်တို့ တွေ့မြင်ခဲ့တဲ့အရာတွေက ရေခဲတွေ အရည်ပျော်တဲ့ရာသီ ပိုကြာရှည်လာတယ်ဆိုတဲ့ မှတ်တမ်းနဲ့ အံကိုက်ဖြစ်နေတယ်” ဟုအမေရိကန်နိုင်ငံ၊ သုတေသနဌာနတစ်ခု (National Snow and Ice Data Center) မှ ဝါရင့်သိပ္ပံပညာရှင်တစ်ဦးက ပြောဆိုခဲ့သည်။

သက်ရှိများအတွက် အရေးပါသော ဖန်လုံအိမ်အာနိသင်

ယင်းသို့ပြောင်းလဲဖြစ်ပေါ်ရသည့် အကြောင်းရင်းတစ်ခုမှာ ကမ္ဘာ့သက်ရှိများအတွက် အရေးပါသော သဘာဝဖြစ်ရပ်ဖြစ်သည့် ဖန်လုံအိမ်အာနိသင် ဆိုးဝါးပြင်းထန်လာခြင်းဖြစ်သည်။ နေစွမ်းအင်သည် ကမ္ဘာမြေသို့ ရောက်ရှိလာသောအခါ ယင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို လေ၊ ကုန်းမြေနှင့် ပင်လယ်တို့က စုပ်ယူလိုက်သည်။ ယင်းစွမ်းအင်ကို မစုပ်ယူထားပါက ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ အပူချိန်သည် သုညဒီဂရီဖာရင်ဟိုက် (-၁၈ ဒီဂရီစဲလ်ဆီးယပ်စ်) ခန့်ဖြစ်သွားပေမည်။ နောက်ဆုံးတွင် စုပ်ယူထားသောအပူကို အာကာသထဲသို့ ပြန်ထုတ်လွှတ်ရာ ကမ္ဘာမြေကြီးအား အလွန်အကျွံပူပြင်းခြင်းမှ ကာကွယ်ပေးသည်။ သို့သော် ညစ်ညမ်းမှုများက ကမ္ဘာ့လေထု၏ ပေါင်းစပ်ဖွဲ့စည်းမှုကို ပြောင်းလဲလိုက်သောအခါ အပူအနည်းငယ်သာ ထုတ်လွှတ်၏။ ယင်းက ကမ္ဘာ့အပူချိန်ကို တိုးလာစေနိုင်ပါသည်။

ဖန်လုံအိမ်အာနိသင်ကိုဖြစ်စေသော ဓာတ်ငွေ့များတွင် ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရပ်စ်အောက်ဆိုက်နှင့် မီသိန်းအပြင် ရေငွေ့များပါဝင်သည်။ စက်မှုတော်လှန်ရေးစတင်ခဲ့ပြီး ကျောက်မီးသွေး၊ ရေနံကဲ့သို့သော သဘာဝလောင်စာများကို တိုး၍အသုံးပြုလာခဲ့သည့် လွန်ခဲ့သော အနှစ် ၂၅၀ ကျော်ကတည်းက လေထုထဲတွင်ရှိသော ယင်းဓာတ်ငွေ့အမျိုးအစားများ၏ ပမာဏမှာ သိသိသာသာ တိုးမြှင့်လာခဲ့သည်။ ဖန်လုံအိမ်အာနိသင်ကို တိုး၍ဖြစ်ပေါ်စေသည့် နောက်အကြောင်းရင်းတစ်ခုမှာ ကျွဲနွားတိရစ္ဆာန်များ တိုးပွားများပြားလာခြင်းဖြစ်ပုံရ၏၊ ယင်းတိရစ္ဆာန်များ၏ အညစ်အကြေးများက မီသိန်းနှင့် နိုက်ထရပ်စ်အောက်ဆိုက်ဓာတ်ငွေ့များကို ထုတ်လုပ်ပေးသည်။ ကမ္ဘာချီပူနွေးမှုဖြစ်ရသည့် အခြားအကြောင်းရင်းများမှာ ရာသီဥတုအပေါ် လူသားတို့ ဩဇာမညောင်းမီကပင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု သုတေသီတချို့က ထောက်ပြကြသည်။

ပုံမှန်မဟုတ်သော ပြောင်းလဲမှုမျှသာလော

ကမ္ဘာချီပူနွေးမှုကို လူတို့ဖြစ်ပေါ်စေခဲ့သည်မဟုတ်ဟု ယူဆသော သံသယရှိသူများက ကမ္ဘာ့အပူချိန်မှာ ယခင်ကတည်းက သိသိသာသာ ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ထောက်ပြကြသည်။ ရေခဲခေတ်ဟုခေါ်သော ကမ္ဘာမြေကြီး ယခုထက် ပို၍အေးခဲ့သည့်အချိန်ကို သူတို့ထောက်ပြကြ၏၊ သဘာဝအလျောက် ပူနွေးမှုကိုထောက်ခံသည့်အနေနှင့် ပူနွေးသောဒေသများတွင် တွေ့ရလေ့ရှိသည့် သီးပင်စားပင်များကို ဂရင်းလန်ကဲ့သို့သော အေးမြသည့်ဒေသများတွင် တစ်ချိန်ကတွေ့ခဲ့ရကြောင်း သူတို့ရည်ညွှန်းပြောဆိုကြသည်။ ခေတ်နောက်ပြန်ဆွဲလေလေ ရာသီဥတုနှင့်ပတ်သက်သည့် မိမိတို့၏အသိပညာမှာ နည်းလေလေဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဝန်ခံကြသည်။

အပူချိန်သည် လူတို့ကြောင့် မပြောင်းလဲမီ အဘယ်အရာကြောင့် သိသိသာသာ ပြောင်းလဲသွားနိုင်သနည်း။ ဖြစ်နိုင်သည့်အကြောင်းရင်းများတွင် နေပြောက်များနှင့် နေမှဖြာထွက်သော မီးလျှံကြီးများပါဝင်သည်၊ ထွက်ရှိလာသော နေစွမ်းအင်ပမာဏသည် နေပြောက်အရေအတွက်ပေါ်မူတည်၍ အတိုးအလျော့ဖြစ်သွားသည်။ ထို့အပြင် ကမ္ဘာ့ပတ်လမ်းကြောင်းသည် နှစ်ပေါင်းထောင်နှင့်ချီ၍ လည်ပတ်ရွေ့လျားနေခြင်းဖြစ်ရာ နေနှင့် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ အကွာအဝေးအပေါ် သက်ရောက်မှုရှိသည်။ ထို့ပြင် မီးတောင်ချော်မှုန်များနှင့် သမုဒ္ဒရာရေစီးကြောင်း ပြောင်းလဲမှုများ၏ အကျိုးသက်ရောက်မှုလည်း ရှိပါသေးသည်။

ရာသီဥတုပုံစံဖန်တီးခြင်း

မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ ကမ္ဘာ့အပူချိန်တိုးလာနေသည်ဆိုလျှင် ယင်းက ကျွန်ုပ်တို့နှင့် ပတ်ဝန်းကျင်အပေါ် မည်သို့အကျိုးသက်ရောက်မည်နည်း။ တိကျသော ကြိုတင်ခန့်မှန်းမှုများ ပြုလုပ်ရန်ခက်ခဲပါသည်။ သို့သော် ယနေ့ခေတ်တွင် သိပ္ပံပညာရှင်များသည် ရာသီဥတုစနစ်၏အပြုအမူကို ကြိုတင်ခန့်မှန်းရန် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသော စွမ်းအားမြှင့် ကွန်ပျူတာများကို အသုံးပြုနိုင်ကြပြီဖြစ်သည်။ အဆိုပါဖန်တီးချက်များတွင် ရူပနိယာမများ၊ ရာသီဥတုနှင်ဆိုင်သော အချက်အလက်များနှင့် ရာသီဥတုအပေါ် အကျိုးသက်ရောက်သည့် သဘာဝဖြစ်ရပ်များကို ထည့်သွင်းထားကြသည်။

သရုပ်သကန်ဖန်တီးမှုများက သိပ္ပံပညာရှင်များအား ပကတိမပြုလုပ်နိုင်သောနည်းများဖြင့် ရာသီဥတုကို စမ်းသပ်လေ့လာစေနိုင်သည်။ ဥပမာ၊ သိပ္ပံပညာရှင်များသည် ဝင်ရိုးစွန်းရေခဲ၊ လေနှင့် ပင်လယ်အပူချိန်များ၊ ရေငွေ့ပျံနှုန်း၊ လေထုဖိအား၊ တိမ်ဖွဲ့စည်းပုံ၊ လေနှင့် မိုးရွာသွန်းမှုတို့အပေါ် မည်သို့ထိခိုက်နိုင်ကြောင်း သိရှိစေရန် နေစွမ်းအင်ကို ပြောင်းလဲနိုင်ကြသည်။ မီးတောင်များပေါက်ကွဲရန် “ဖန်တီး” နိုင်ကြပြီး ရာသီဥတုအပေါ် မီးတောင်ဖုန်မှုန့်များ၏ အကျိုးသက်ရောက်မှုများကို စမ်းသပ်လေ့လာကြသည်။ ထို့အပြင် လူဦးရေတိုးများလာမှု၊ သစ်တောပြုန်းတီးမှု၊ မြေယာအသုံးပြုမှု၊ ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်ရာတွင် အပြောင်းအလဲများအစရှိသည်တို့၏ အကျိုးသက်ရောက်မှုများကိုလည်း စမ်းသပ်စစ်ဆေးနိုင်ကြသည်။ မိမိတို့၏ဖန်တီးချက်များသည် တဖြည်းဖြည်း ပိုမိုတိကျလာကာ ပိုမိုစိတ်ချ၍ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက မျှော်လင့်ကြသည်။

လက်ရှိဖန်တီးချက်များသည် မည်မျှတိကျမှန်ကန်သနည်း။ စက်များထဲထည့်သွင်းသော အချက်အလက်ပမာဏနှင့် ယင်းတို့၏တိကျမှန်ကန်မှုအပေါ် များစွာမူတည်ပါသည်။ သို့ဖြစ်၍ ရာသီဥတုဖန်တီးချက်များသည် အသေးအမွှား အပြောင်းအလဲများမှ ကြီးမားသောအပြောင်းအလဲများအထိ ရှိသည်။ သို့သော် “[သဘာဝ] ရာသီဥတုစနစ်သည် ကျွန်ုပ်တို့မျှော်လင့်မထားသောအရာများကို ဖြစ်လာစေနိုင်သည်” ဟုဂျာနယ်တစ်စောင် (Science) ကဆို၏။ အာတိတ်ရေခဲများ အလွန်လျင်မြန်စွာ အရည်ပျော်နေမှုကဲ့သို့သော အံ့ဩစရာတချို့ ဖြစ်ပျက်နေပြီးဖြစ်ရာ ယင်းက ရာသီဥတုပညာရှင်များစွာအား အလွန်အံ့အားသင့်စေသည်။ မူဝါဒချမှတ်သူများတွင် လက်ရှိ လူသားများလုပ်ဆောင်နေသည့်အရာ သို့မဟုတ် မလုပ်သေးသည့်အရာ၏ အကျိုးဆက်များနှင့်ပတ်သက်၍ အကြမ်းဖျင်းအယူအဆမျှသာ ရှိခဲ့လျှင်ပင် သူတို့သည် မနက်ဖြန်တွင် ဖြစ်ပေါ်လာနိုင်မည့်ပြဿနာများကို လျော့နည်းစေနိုင်မည့် ဆုံးဖြတ်ချက်များကို ယနေ့ ချနိုင်ကြသည်။

ယင်းကို စိတ်စွဲမှတ်လျက် အိုင်ပီစီစီအဖွဲ့သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို မကန့်သတ်ထားသည့်နေရာမှစ၍ အတော်အသင့်ကန့်သတ်ထားသည့်နေရာနှင့် အပြင်းအထန် ကန့်သတ်ထားသည့်နေရာအထိ သတ်မှတ်ကာ ရာသီဥတုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးရလဒ်များတစ်မျိုးစီ ထွက်ပေါ်လာစေသည့် ကွန်ပျူတာဖြင့်ဖန်တီးထားသော အနာဂတ်ဖြစ်နိုင်ခြေခြောက်ခုကို စမ်းသပ်လေ့လာခဲ့ကြသည်။ ကြိုတင်ခန့်မှန်းချက်များအရ လေ့လာသူများက ဥပဒေအမျိုးမျိုးထုတ်ပြန်ရန် တိုက်တွန်းကြသည်။ ယင်းတို့တွင် သဘာဝလောင်စာ ထုတ်လွှတ်မှုကို ကန့်သတ်သည့်အမိန့်များ၊ ဥပဒေချိုးဖောက်သူများအတွက် ပြစ်ဒဏ်များ၊ နျူကလီးယားစွမ်းအင်ပိုမိုထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ကိုမထိခိုက်စေသည့် နည်းပညာများ ပိုမိုအသုံးပြုမှုတို့ပါဝင်သည်။

ဖန်တီးချက်များသည် စိတ်ချရပါသလော

ကြိုတင်ခန့်မှန်းသော လက်ရှိ နည်းစနစ်များသည် “အချက်အလက်လုံလုံလောက်လောက် အသုံးမပြုဘဲ” ကောင်းစွာနားမလည်သော ရာသီဥတုဖြစ်စဉ်များနှင့်ပတ်သက်၍ “အခြေအမြစ်မရှိသော ယေဘုယျကောက်ချက်များချ” ကာ “အခြားဖြစ်စဉ်များကိုလည်း လုံးလုံး လျစ်လျူရှုကြသည်” ဟုသံသယဝင်သူများက ဆိုကြ၏။ ထို့အပြင် ကွန်ပျူတာဖန်တီးမှုများမှ ရရှိသော အဖြေများမှာ ရှေ့နောက်မညီဟု ၎င်းတို့က ထောက်ပြကြသည်။ အိုင်ပီစီစီဆွေးနွေးမှုများတွင် ပါဝင်ခဲ့သူ သိပ္ပံပညာရှင်တစ်ဦးက ဤသို့ဆိုခဲ့၏– “ထူးထူးခြားခြား ရှုပ်ထွေးလှတဲ့ ရာသီဥတုစနစ်ရဲ့ လုပ်ဆောင်ပုံနဲ့ အကြောင်းရင်းတွေကို တိုင်းထွာလေ့လာပြီး နားလည်သဘောပေါက်အောင် လုပ်ရတဲ့တာဝန်ကိုရရှိတဲ့ ကျွန်တော်တို့ထဲကတချို့ဟာ ဖြစ်စဉ်ကို သဘောပေါက်နားလည်ဖို့ ကျွန်တော်တို့ရဲ့စွမ်းရည်ကို သံသယဝင်စေတဲ့အထိ မာန်စွယ်ကျိုးခဲ့ရတယ်။” *

ပြဿနာဖြစ်စေသော အကြောင်းရင်းများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မသေမချာဖြစ်နေသည့်အတွက် အပြောင်းအလဲများပြုလုပ်ရန် ပျက်ကွက်ခြင်းသည် အနာဂတ်နှင့် အလောင်းအစားလုပ်နေခြင်းသာဖြစ်သည်ဟု တချို့က စောဒကတက်ကြပေမည်။ “ခန့်မှန်းတဲ့အတိုင်း တကယ်ဖြစ်လာမယ်ဆိုရင် သားသမီးတွေကို ဘယ်လိုရှင်းပြရပါ့မလဲ” ဟူ၍ သူတို့က ဆိုကြသည်။ ရာသီဥတုဖန်တီးချက်များသည် တိကျမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကမ္ဘာမြေကြီးသည် အကျဉ်းအကျပ်ထဲရောက်နေသည်ကိုတော့ ကျွန်ုပ်တို့ တပ်အပ်ပြောနိုင်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ငြင်းချက်မထုတ်နိုင်သော အကြောင်းရင်းတချို့ကိုသာ ဖော်ပြရမည်ဆိုလျှင် ညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ မြို့ပြများ အလျင်အမြန် တိုးပွားလာမှုနှင့် မျိုးစိတ်များမျိုးသုဉ်းလာမှုတို့ကြောင့် အသက်ကိုထောက်ပံ့ပေးသော ကမ္ဘာ့ပတ်ဝန်းကျင်သည် ပျက်စီးနေပြီဖြစ်သည်။

ကျွန်ုပ်တို့သိရှိသောအရာကို ထောက်ရှု၍ လူသားထုတစ်ရပ်လုံးသည် မိမိတို့၏လှပသောနေအိမ်နှင့် မိမိတို့ကိုယ်တိုင်ကို ကယ်တင်ရန် မိမိတို့၏အသက်ရှင်နေထိုင်ပုံကို ပြောင်းလဲမည်ဟု မျှော်လင့်နိုင်ပါသလော။ ထို့အပြင် လူ့လုပ်ရပ်သည် ကမ္ဘာချီပူနွေးမှုကို ဖြစ်နေစေသည်ဆိုလျှင် လိုအပ်သောပြောင်းလဲမှုများကို ပြုလုပ်ရန် ကျွန်ုပ်တို့တွင် အချိန်အနည်းငယ်သာ ရှိပေမည်။ မည်သို့ပင်ဖြစ်စေ ယင်းသို့သောပြောင်းလဲမှုများ ပြုလုပ်ရန် ကမ္ဘာ့ပြဿနာများ၏ အခြေခံအကြောင်းရင်းများဖြစ်သော လိုဘကြီးမှု၊ ကိုယ်ကျိုးရှာမှု၊ မသိနားမလည်မှု၊ စွမ်းဆောင်နိုင်ရည်နည်းပါးသော အုပ်ချုပ်မှုနှင့် စိတ်မဝင်စားမှုတို့ကို ချက်ချင်း အာရုံစိုက်ရပါမည်။ ယင်းအလားအလာသည် ဖြစ်တန်ရာလော သို့မဟုတ် အိပ်မက်မျှသာလော။ အိပ်မက်မျှသာဖြစ်လျှင် ကျွန်ုပ်တို့ မျှော်လင့်ချက်ကင်းမဲ့ပြီလော။ ယင်းမေးခွန်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 အမေရိကန်နိုင်ငံ၊ ဟန့်စ်ဗေးလ်မြို့၊ အယ်လဘာမာတက္ကသိုလ်ရှိ ကမ္ဘာ့စနစ်သိပ္ပံဌာနမှ ဒါရိုက်တာ ဂျော်န် အာရ်. ခရစ္စတီက ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်၊ ဝေါလ်စထရစ်ဂျာနယ်တွင် ဖော်ပြခဲ့။

[စာမျက်နှာ ၅ ပါလေးထောင့်ကွက်/ရုပ်ပုံ]

ကမ္ဘာ့အပူချိန်ကို သင် မည်သို့တိုင်းတာမည်နည်း

အခက်အခဲများကို သရုပ်ဖော်ရန် ခန်းမကြီးတစ်ခု၏အပူချိန်ကို သင်မည်သို့ တိုင်းတာမည်နည်း။ ဥပမာ၊ အပူချိန်တိုင်းကိရိယာကို အဘယ်နေရာတွင် ထားရှိမည်နည်း။ အပူရှိန်တိုးလာသည့်အတွက် မျက်နှာကြက်အနီးရှိ လေသည် ကြမ်းပြင်အနီးရှိ လေထက် ပို၍ပူနွေးဖွယ်ရှိမည်။ ထို့အပြင် အပူချိန်တိုင်းကိရိယာကို နေရောင်တိုက်ရိုက်ကျသော သို့မဟုတ် အရိပ်တွင်ရှိနေသော ပြတင်းပေါက်အနား ထားရှိမည်ဆိုလျှင် တိုင်းတာသည့်ပမာဏအပေါ် အကျိုးသက်ရောက်ပေမည်။ အမည်းရောင်ရှိသော မျက်နှာပြင်များသည် အပူကို ပို၍စုပ်ယူသောကြောင့် အရောင်များကလည်း အပူချိန်ပမာဏအမျိုးမျိုး ဖြစ်ပေါ်စေပေမည်။

ထို့ကြောင့် တစ်ကြိမ်တိုင်းတာရုံဖြင့် လုံလောက်မည်မဟုတ်ချေ။ အခန်း၏နေရာအသီးသီးတွင် ထားရှိ၍ တိုင်းတာပြီးသည့်နောက် ပျမ်းမျှကို တွက်ချက်ရပေမည်။ တိုင်းတာမှုပြပမာဏများသည် တစ်နေ့နှင့် တစ်နေ့၊ တစ်ရာသီနှင့် တစ်ရာသီ မတူဘဲ ပြောင်းလဲသွားပေမည်။ သို့ဖြစ်၍ မှန်ကန်သော ပျမ်းမျှအပူချိန်ရရှိရန် ကာလအတန်ကြာ အချိန်ယူ၍ အကြိမ်ပေါင်းများစွာ တိုင်းတာတွက်ချက်ရပေမည်။ ထို့နောက် ကမ္ဘာ့မျက်နှာပြင်၊ လေထုနှင့် သမုဒ္ဒရာများ၏ ပျမ်းမျှအပူချိန်ကို တိုင်းတာရန် မည်မျှခက်ခဲသည်ကို မြင်ယောင်ကြည့်ပါ။ သို့သော် ရာသီဥတုအပြောင်းအလဲကို အတိအကျတိုင်းတာရန် ယင်းသို့သောစာရင်းဇယားများ မရှိလျှင်မဖြစ်ချေ။

[Credit Line]

NASA photo

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

နျူကလီးယားစွမ်းအင်သည် ဖြေရှင်းနည်းလော

ကမ္ဘာတစ်ဝန်း စွမ်းအင်သုံးစွဲမှုသည် စံချိန်ချိုးပြီးရင်း ချိုးနေပါသည်။ ရေနံနှင့်ကျောက်မီးသွေး လောင်ကျွမ်းမှုက ဖန်လုံအိမ်ဓာတ်ငွေ့များကို ထွက်ပေါ်လာစေသည့်အတွက် အာဏာပိုင်တချို့က ပို၍သန့်စင်သော နျူကလီးယားစွမ်းအင်ကို အစားထိုးအသုံးပြုရန် သုံးသပ်လျက်ရှိ၏။ သို့သော် နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုကြောင့်လည်း ပြဿနာများရှိနေပါသည်။

ကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်ကို အားအထားဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံ၌ နျူကလီးယားဓာတ်ပေါင်းဖိုများကို အေးခဲစေရန် နှစ်စဉ် ရေပမာဏ ကုဗပေ ၆၇၀ ဘီလီယံအထိ လိုအပ်ကြောင်း သတင်းစာတစ်စောင် (International Herald Tribune) ကဖော်ပြ၏။ အပူလှိုင်းကျရောက်ခဲ့သည့် ၂၀၀၃ ခုနှစ်အတွင်း ပုံမှန်အားဖြင့် ပြင်သစ်နိုင်ငံရှိ နျူကလီးယားဓာတ်ပေါင်းဖိုများမှ စွန့်ပစ်သော ရေပူများသည် အပင်နှင့်သက်ရှိများအား ဘေးသင့်စေနိုင်သည်အထိ ၎င်းတို့မှီတင်းနေထိုင်ရာမြစ်များ၏ အပူချိန်ကို တိုးလာစေခဲ့ပေမည်။ ထို့ကြောင့် စက်ရုံတချို့ကို ပိတ်ပစ်လိုက်ရသည်။ ကမ္ဘာ့အပူချိန်တိုးလာပါက ယင်းအခြေအနေသည် ပိုဆိုးလာဖို့အကြောင်းရှိသည်။

“အကယ်၍သာ ကျွန်တော်တို့ နျူကလီးယားစွမ်းအင် ရယူမယ်ဆိုရင် ရာသီဥတုပြောင်းလဲမှုပြဿနာကို ဖြေရှင်းရလိမ့်မယ်” ဟုစိုးရိမ်ကြောင့်ကြနေသည့် သိပ္ပံပညာရှင်များသမဂ္ဂမှ နျူကလီးယားအင်ဂျင်နီယာ ဒေးဗစ်လော့ခ်ဘွမ်းက ဆိုခဲ့သည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/မြေပုံ]

၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရာသီဥတုနှင့်ဆက်နွှယ်နေသော ဘေးဒဏ်များ

ရာသီဥတုကြောင့် ဖြစ်ပွားခဲ့သောဘေးဒဏ်များထဲတွင် ၂၀၀၇ ခုနှစ်၌ ဖြစ်ပွားခဲ့သောအရေအတွက်သည် အများဆုံးဖြစ်၏၊ ယင်းကြောင့် ယူအဲန် လူသားချင်းစာနာမှုပြအရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ရေးရုံးမှ ၂၀၀၅ ခုနှစ်တွင် ရှိခဲ့သည့် ယခင်မှတ်တမ်းထက် ၄ ခုပိုသော အရေးပေါ်အကူအညီ ၁၄ ခုကို ထုတ်ပြန်ခဲ့သည်။ ဤတွင်ဖော်ပြထားသော ဘေးဒဏ်အချို့မှာ ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်အချို့သာဖြစ်သည်။ ဖြစ်ရပ်တစ်ခုစီသည် ရေရှည်ဖြစ်ပျက်သွားမည်ဟု သေချာပေါက် မဆိုလိုကြောင်း စိတ်စွဲမှတ်ထားပါလေ။

ဗြိတိန်– အနှစ် ၆၀ ကျော်အတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၃၅၀,၀၀၀ ကျော် ထိခိုက်ခံခဲ့ရသည်။ အင်္ဂလန်နိုင်ငံနှင့် ဝေလနယ်တို့တွင် ၁၇၆၆ ခုနှစ်မှစ၍ မေလမှ ဇူလိုင်လများအတွင်း မိုးရွာသွန်းမှုကို မှတ်တမ်းယူခဲ့ရာ ၂၀၀၇ ခုနှစ်၏ ယင်းလများတွင် မိုးပိုရွာသွန်းခဲ့သည်ကို တွေ့ ရှိခဲ့ရ၏။

အနောက်အာဖရိက– ၁၄ နိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၈၀၀,၀၀၀ ထိခိုက်ခံခဲ့ရသည်။

လီဆိုသို– အပူချိန်မြင့်မားမှုနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့ရသည်။ လူပေါင်း ၅၅၃,၀၀၀ ခန့်သည် အစားအသောက်အကူအညီ လိုအပ်ပေမည်။

ဆူဒန်– မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၁၅၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ အနည်းဆုံး ၅၀၀,၀၀၀ မှာ အကူအညီရယူခဲ့ရ၏။

မာဒါဂတ်စကာ– ယင်းကျွန်းသည် ဆိုင်ကလုန်းမုန်တိုင်းဒဏ်နှင့် မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို အလူးအလဲခံလိုက်ရသည်၊ ယင်းကြောင့် လူပေါင်း ၃၃,၀၀၀ သည် အခြားနေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လူ ၂၆၀,၀၀၀ အတွက် ကောက်ပဲသီးနှံများ ပျက်စီးသွားသည်။

မြောက်ကိုရီးယား– နေရာအနှံ့အပြား ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းနှင့် ရွှံ့ပြိုခြင်းတို့ကြောင့် ခန့်မှန်းခြေ လူ ၉၆၀,၀၀၀ အပြင်းအထန်ထိခိုက်သွားသည်။

ဘင်္ဂလားဒေ့ရှ်– ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၈.၅ သန်း ထိခိုက်ခံရပြီး လူ ၃,၀၀၀ ကျော်နှင့် ကျွဲနွားတိရစ္ဆာန် ၁.၂၅ သန်း သေကျေပျက်စီးသွားသည်။ ၁.၅ သန်းနီးပါးရှိ အိုးအိမ်များ ပျက်စီးသွားခဲ့၏။

အိန္ဒိယ– ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း သန်း ၃၀ ထိခိုက်ခံလိုက်ရ၏။

ပါကစ္စတန်– ဆိုင်ကလုန်းမိုးရွာသွန်းသဖြင့် လူပေါင်း ၃၇၇,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ရာနှင့်ချီ သေဆုံးသွားကြသည်။

ဘိုလီးဗီးယား– ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၃၅၀,၀၀၀ ကျော် ထိခိုက်ခံခဲ့ရပြီး လူပေါင်း ၂၅,၀၀၀ မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့၏။

မက္ကဆီကို– ဒေသတွင်း ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၅၀၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး တစ်သန်းကျော်မှာ ထိခိုက်ခံလိုက်ရသည်။

ဒိုမီနီကန်သမ္မတနိုင်ငံ– အချိန်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများဖြစ်ပွားကာ လူပေါင်း ၆၅,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အမေရိကန်နိုင်ငံ– ကယ်လီဖိုးနီးယားတောင်ပိုင်း တစ်လျှောက်တွင် အလွန်ခြောက်သွေ့လာနေမှုကြောင့် သစ်တောများနှင့် စိုက်ပျိုးမြေများ မီးလောင်မှုဖြစ်ပွားရာ လူပေါင်း ၅၀၀,၀၀၀ သည် မိမိတို့၏အိုးအိမ်များမှ မဖြစ်မနေ စွန့်ခွာထွက်ပြေးခဲ့ရသည်။

[Credit Line]

Based on NASA/​Visible Earth imagery