မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေကြီး၏အနာဂတ်သည် မည်သူ၏လက်ထဲတွင် ရှိနေသနည်း

ကမ္ဘာမြေကြီး၏အနာဂတ်သည် မည်သူ၏လက်ထဲတွင် ရှိနေသနည်း

ကမ္ဘာမြေကြီး၏အနာဂတ်သည် မည်သူ၏လက်ထဲတွင် ရှိနေသနည်း

“ကမ္ဘာချီပူနွေးမှုသည် လူသားတို့ရင်ဆိုင်ခဲ့ရသမျှတွင် အကြီးမားဆုံး စမ်းသပ်မှုဖြစ်သည်” ဟု ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလထုတ် မဂ္ဂဇင်းတစ်စောင် (National Geographic) ကအခိုင်အမာ ပြောဆိုခဲ့သည်။ ကျွန်ုပ်တို့သည် ယင်းပြဿနာကို အောင်မြင်စွာ ဖြေရှင်းဖို့ဆိုလျှင် “လူ့ဘောင်အဖွဲ့အစည်းတစ်ခု သို့မဟုတ် မျိုးစိတ်တစ်ခုအဖြစ် မပြသခဲ့သည့် ရင့်ကျက်မှုနှင့်အတူ အလျင်အမြန်နှင့် ပြတ်ပြတ်သားသား လှုပ်ရှား” ရန်လိုအပ်ကြောင်း အဆိုပါမဂ္ဂဇင်းကဆိုခဲ့သည်။

လူသားတို့သည် ယင်းပြဿနာကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပါမည်လော။ ယင်းနှင့်ဆန့်ကျင်၍ လုပ်ဆောင်နေသည့် အကြောင်းရင်းများစွာရှိပါသည်– စိတ်မဝင်စားမှု၊ လိုဘကြီးမှု၊ မသိနားမလည်မှု၊ အမြတ်ကြီးစားလုပ်ငန်းများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလျင်အမြန် ကြီးပွားချမ်းသာလိုမှုနှင့် စွမ်းအင်ကို အလွန်အကျွံသုံးစွဲသည့် ဘဝပုံစံအတိုင်း ဆက်နေလိုသော သန်းပေါင်းများစွာသောသူတို့၏ သဘောထားများဖြစ်ကြသည်။

ဘုရားသခင်၏ ရှေးပရောဖက်တစ်ပါးက ကျွန်ုပ်တို့၏ ကျင့်ဝတ်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်သည့် ကျွန်ုပ်တို့၏အစွမ်းအစကို လက်တွေ့ကျကျ အကဲဖြတ်ပေးသည်။ သူဤသို့ ရေးသားခဲ့၏– “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။” (ယေရမိ ၁၀:၂၃) အဆိုပါစကားများ မှန်ကန်ကြောင်း ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော လူ့သမိုင်းက သက်သေထူ၏။ ယနေ့ သိပ္ပံပညာနှင့် နည်းပညာတို့တွင် တိုးတက်ဖွံ့ဖြိုးမှုအပြည့်ရှိနေသော်လည်း ယခင်က စိတ်ကူး၍ပင်မရသော ခြိမ်းခြောက်မှုများကို ကျွန်ုပ်တို့ ရင်ဆိုင်နေရ၏။ ထို့ကြောင့် အနာဂတ်တွင် ပိုကောင်းလာလိမ့်မည်ဟု ကျွန်ုပ်တို့ မည်သို့ယုံကြည်စိတ်ချနိုင်ပါသနည်း။

ရာသီဥတုအပြောင်းအလဲနှင့် အခြားဘေးဖြစ်စေမည့် အလားအလာများနှင့်ပတ်သက်၍ ဖြေရှင်းနည်းများအကြောင်း များစွာဆွေးနွေးပြောဆိုခဲ့ကြသော်လည်း အဘယ်အရာမျှ အထမမြောက်ခဲ့ပေ။ ဥပမာ၊ အနောက်မြောက်ရေလမ်းခရီးကို ဦးဆုံးအကြိမ် ဖွင့်လှစ်လိုက်သောအခါ ၂၀၀၇ ခုနှစ်တွင် တိုင်းနိုင်ငံများက မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ မဂ္ဂဇင်းတစ်စောင် (New Scientist ) မှအယ်ဒီတာ့အာဘော်က ဤသို့ဖြေဆိုသည်– “ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုမိုတူးဖော်ယူ [နိုင်] ရန် ကမ်းဦးရေတိမ်ပိုင်း၏ မြင်သာသော အစိတ်အပိုင်းများကို အလုအယက်တောင်းဆိုကြသည်။”

လူသားတို့ “မြေကြီးကို ဖျက်ဆီး” မည့်အချိန် ရောက်ရှိလာမည်ဖြစ်ကြောင်း လွန်ခဲ့သော အနှစ် ၂,၀၀၀ နီးပါးကတည်းက သမ္မာကျမ်းစာ အတိအကျ ကြိုပြောခဲ့သည်။ (ဗျာ. ၁၁:၁၈) အလိုရှိရာပန်းတိုင်များသို့ ရောက်ရှိရန် ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးရှိသော ခေါင်းဆောင်တစ်ဦးနှင့် ၎င်းအား လက်အောက်ခံမည့် နိုင်ငံသားများကို ကမ္ဘာကြီး လိုအပ်သည်မှာ ရှင်းနေပါသည်။ စိတ်ရင်းမှန်ပြီး စွမ်းဆောင်ရည်ရှိသော နိုင်ငံရေးခေါင်းဆောင်တစ်ဦး သို့မဟုတ် သိပ္ပံပညာရှင်တစ်ဦးက ယင်းကဏ္ဍကို ဖြည့်ဆည်းနိုင်ပါသလော။ “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်” ဟုသမ္မာကျမ်းစာက ဖြေဆို၏။—ဆာလံ ၁၄၆:၃

ကမ္ဘာမြေကြီး၏အနာဂတ် ဘုရားသခင့်လက်ထဲတွင်ရှိ

ဤလောကရင်ဆိုင်နေရသည့် ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်သည့်ခေါင်းဆောင် တစ်ဦးတည်းသာရှိပါသည်။ ၎င်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ကြိုပြောခဲ့သည်– ‘ယေဟောဝါ [ဘုရားသခင်] ၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကိုပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသောဝိညာဉ်၊ ယေဟောဝါကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ . . . ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ . . . မြေကြီးကို နှုတ်ထွက်တော်လှံတံနှင့်ဒဏ်ခတ်၍ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။’—ဟေရှာယ ၁၁:၂-၅

ထိုသူကား မည်သူနည်း။ ကျွန်ုပ်တို့အကျိုးအတွက် မိမိ၏အသက်ကို မေတ္တာဖြင့်ပေးဆက်ခဲ့သည့် ယေရှုခရစ်မှလွဲ၍ မည်သူမျှမဖြစ်နိုင်ပါ။ (ယောဟန် ၃:၁၆) ယခု တန်ခိုးကြီးသော ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ယေရှုအား ကမ္ဘာမြေပေါ်အုပ်ချုပ်ခွင့်အာဏာကို ဘုရားသခင် အပ်နှင်းခဲ့ပြီဖြစ်သည်။—ဒံယေလ ၇:၁၃၊ ၁၄; ဗျာ. ၁၁:၁၅

ယေရှုတွင် အရည်အချင်းများစွာ ရှိနေရခြင်းမှာ ကမ္ဘာပေါ် မကြွလာမီ ရရှိထားသော ကြွယ်ဝသည့် ဘုရားသခင့်ဖန်ဆင်းခြင်းဆိုင်ရာ အသိပညာကြောင့်ဖြစ်သည်။ အမှန်ဆိုရလျှင် ရူပစကြဝဠာကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန် နှစ်ပရိစ္ဆေဒပေါင်းများစွာက ယေရှုသည် ဘုရားသခင်၏ “ကျွမ်းကျင်လုပ်သား” ဖြစ်ခဲ့သည်။ (သု. ၈:၂၂-၃၁ကဘ) ယင်းကို စဉ်းစားကြည့်ပါ– ကမ္ဘာမြေကြီးနှင့် သက်ရှိအားလုံးကိုဖန်ဆင်းရာတွင် ကူညီပေးခဲ့သူ ယေရှုသည် လူသားတို့၏ မိုက်မဲမှုကြောင့် ဖြစ်ရသော ပျက်စီးမှုကို ပြုပြင်ရာတွင် ဦးဆောင်ပါလိမ့်မည်။

ခရစ်တော်၏ လက်အောက်ခံများကား မည်သူများနည်း။ သူတို့သည် စစ်မှန်သောဘုရားသခင် ယေဟောဝါကို သိကျွမ်းကာ ယေရှုခရစ်ကို အုပ်စိုးရှင်အဖြစ် နာခံသည့် စိတ်နှိမ့်ချ၍ ဖြောင့်မတ်သောသူများ အမှန်ဖြစ်ကြပါလိမ့်မည်။ (ဆာလံ ၃၇:၁၁၊ ၂၉; ၂ သက်သာလောနိတ် ၁:၇၊ ၈) သူတို့သည် သာယာလှပသည့်နေရာအဖြစ် ပြောင်းလဲတော့မည့် “မြေကြီးကို အမွေရကြလိမ့်မည်” ဟုယေရှုမိန့်ဆိုခဲ့သည်။—မဿဲ ၅:၅ကဘ; ဟေရှာယ ၁၁:၆-၉; လုကာ ၂၃:၄၃

ကျမ်းစာကတိတော်များ ပြည့်စုံခြင်းတွင် ပါဝင်ခံစားရရန် အဘယ်အရာကို သင်လုပ်ဆောင်နိုင်သနည်း။ ယေရှုကိုယ်တော်တိုင် ဤသို့အဖြေပေးသည်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။”—ယောဟန် ၁၇:၃ကဘ။

ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်သည် အန္တရာယ်ထဲကျရောက်နေပုံရသော်လည်း လူသားတို့အတွက် နေအိမ်အဖြစ် ဆက်လက်တည်ရှိသွားမည်ကို သံသယရှိစရာမလိုချေ။ ယင်းအစား၊ ဘုရားသခင့်ဖန်ဆင်းရာတို့ကို ဆက်၍မလေးမစားပြုမူကာ ယေရှုခရစ်အား နာခံရန် ငြင်းဆန်ကြသူတို့သာ အန္တရာယ်ထဲ ကျရောက်နေပါသည်။ ထို့ကြောင့် ထာဝရအသက်ရစေသော အသိပညာကိုဆည်းပူးရန် သင့်အား ယေဟောဝါသက်သေများက အားပေးတိုက်တွန်းပါသည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

သိပ္ပံပညာမဖြေရှင်းနိုင်

ပတ်သက်နေသည့် အန္တရာယ်များကို ကောင်းစွာသိရှိနေသော်လည်း သန်းပေါင်းများစွာသောသူတို့သည် အပျော်အတွက် တရားမဝင်ဆေးဝါးများသုံးစွဲခြင်း၊ အရက်ယမကာအလွဲသုံးခြင်းနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းတို့ဖြင့် မိမိတို့၏စိတ်နှင့်ကိုယ်ခန္ဓာကို ဘေးဖြစ်စေနေကြ၏။ ထိုသူတို့အတွက် အသက်ဟူသည် ဘုရားသခင်ထံမှလာသော မြင့်မြတ်သည့် ဆုလက်ဆောင်တစ်ခု မဟုတ်ပေ။ (ဆာလံ ၃၆:၉; ၂ ကောရိန္သု ၇:၁) အလားတူ အများသောသူတို့သည် ကမ္ဘာမြေကြီးကို ဘုရားသခင်ထံမှလာသော ဆုလက်ဆောင်အဖြစ် မရှုမြင်ကြသဖြင့် ပတ်ဝန်းကျင်အားထိခိုက်စေသည့် အရာများကို သူတို့လုပ်ဆောင်နေခြင်းက ဝမ်းနည်းစရာပင်။

သို့ဆိုလျှင် ဖြေရှင်းနည်းကား အဘယ်နည်း။ သိပ္ပံပညာနှင့် လောကပညာရေးတို့တွင် ဖြေရှင်းနည်းတွေ့နိုင်ပါသလော။ မတွေ့နိုင်ပါ။ ပြဿနာအရင်းခံမှာ လူတို့တွင် မြေကြီးနှင့်ပတ်သက်သော ယေဟောဝါ၏အမြင်မျိုး မရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အကြောင်း တိုး၍သိရှိရန်လိုအပ်သည်။ ဤအမှန်တရားကို သမ္မာကျမ်းစာက အသိအမှတ်ပြု၏။ သို့ဖြစ်၍ ‘ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ယေဟောဝါအား သိကျွမ်းခြင်းပညာနှင့် ပြည့်စုံ’ လာမည်ဖြစ်သောကြောင့် ယင်းကို လူသားတို့ ‘ဖျက်ဆီးခြင်းမပြု’ မည့်အချိန် ရောက်လာတော့မည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ကတိပြုသည်။—ဟေရှာယ ၁၁:၉

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ခရစ်တော်၏အုပ်ချုပ်မှုအောက်တွင် ဖြောင့်မတ်သောသူတို့သည် ကမ္ဘာမြေကြီးအား သာယာလှပသည့်နေရာတစ်ခုအဖြစ် ဖန်တီးရာတွင် ပါဝင်ကြမည်