မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ကျောင်းကဖိစီးမှုကို ငါ ဘယ်လို ကိုင်တွယ်ရမလဲ

ကျောင်းကဖိစီးမှုကို ငါ ဘယ်လို ကိုင်တွယ်ရမလဲ

“အသက်ကြီးလာတာနဲ့အမျှ ကျောင်းကဖိစီးမှုတွေကတော့ လျော့မသွားဘူး၊ အကြောင်းရင်းတွေကသာ ပြောင်းလဲသွားတယ်။”—ဂျိမ်းစ်၊ နယူးဇီလန်။ *

“ကျောင်းမှာ ဖိစီးမှု အရမ်းများလို့ ငိုယိုပြီး အော်ဟစ်လိုက်ချင်စိတ် ပေါက်လာတယ်။”—ရှာရွန်၊ အမေရိကန်။

ကျောင်းတွင် သင် မည်မျှ ဖိစီးမှု ခံနေရသည်ကို သင့်မိဘများ နားမလည်ကြဟု သင် ခံစားရပါသလော။ သင်၌ ပေးဆပ်ရမည့် ဘဏ်ချေးငွေ မရှိ၊ ရှာကျွေးရမည့် မိသားစု မရှိ၊ စိတ်တိုင်းကျဖြစ်အောင် လုပ်ပေးရမည့် အလုပ်ရှင်လည်း မရှိဟု သင့်အား သူတို့ ပြောကောင်းပြောပေမည်။ သို့သော် မိဘများလောက် သင်သည် ကျောင်းတွင် ဖိစီးမှုများစွာကို ရင်ဆိုင်နေရသည်၊ သူတို့ထက်ပင် ပို၍များသည်ဟု ခံစားရဖွယ် ရှိပေမည်။

ကျောင်းသွားကျောင်းပြန်ကပင် ဖိစီးမှု ဖြစ်နိုင်၏။ “ကျောင်းဘတ်စကားပေါ်မှာ ရန်ပွဲတွေ ခဏခဏ ဖြစ်တယ်။ ဒရိုင်ဘာက ကားကိုရပ်လိုက်တော့ ကားပေါ်က အားလုံး ဆင်းလိုက်ရတယ်။ ဒါနဲ့ ကျွန်မတို့အားလုံး နာရီဝက် ဒါမှမဟုတ် အဲဒီထက်မက ကျောင်းနောက်ကျသွားတယ်” ဟု အမေရိကန်နိုင်ငံတွင် နေထိုင်သူ တာရာက ဆိုသည်။

သင်ကျောင်းသို့ရောက်သည်နှင့် ဖိစီးမှု လျော့ပါးသွားပါသလော။ အများအားဖြင့် လျော့ပါးမသွားချေ။ အောက်ဖော်ပြရာများနှင့်ဆင်တူသော ခံစားချက်များ သင်၌ ရှိနေပေမည်။

ဆရာဆရာမများထံမှလာသော ဖိစီးမှု။

“ကျွန်မရဲ့ဆရာတွေက ကျွန်မကို ထူးချွန်စေချင်တယ်၊ အတတ်နိုင်ဆုံး အကောင်းဆုံးအဆင့်ကို ရစေချင်ကြတယ်။ သူတို့အကြိုက်လိုက်ဖို့က ကျွန်မကို ဖိစီးမှု ဖြစ်စေတယ်။”—ဆန်ဒရာ၊ ဖီဂျီ။

“ဆရာဆရာမတွေဟာ ကျောင်းသားတွေကို ပညာရေးမှာ ထူးချွန်ကြဖို့ အတင်းအကျပ် တိုက်တွန်းတယ်၊ အထူးသဖြင့် ကျောင်းသားမှာ အရည်အချင်းတချို့ ရှိနေတဲ့အခါ ဖြစ်တယ်။ အောင်မြင်ဖို့အတွက် ကျွန်မတို့ကို ဆရာဆရာမတွေက ဖိအားပေးတယ်။”—ဧပရယ်လ်၊ အမေရိကန်။

“သင့်ဘဝမှာ အကျိုးရှိစေတဲ့ပန်းတိုင်တွေ ရှိနေရင်တောင် သင် လိုက်စားသင့်တယ်လို့ သူတို့ယူဆတဲ့ ပညာရေးပန်းတိုင်တွေကို မလိုက်စားဘူးဆိုရင် ဆရာဆရာမတချို့က သင့်ကို အသုံးမကျသူလို့ ခံစားရစေတယ်။”—နေအိုမီ၊ အမေရိကန်။

ဆရာဆရာမများ ထံမှလာသော ဖိစီးမှုက သင့်အား မည်သို့ ထိခိုက်စေသနည်း။

ရွယ်တူချင်းများထံမှလာသော ဖိစီးမှု။

“အထက်တန်းကျောင်းမှာ ကျောင်းသားတွေဟာ လွတ်လပ်မှု ပိုရှိတယ်၊ ပိုပြီးတော့လည်း ရန်လိုတတ်ကြတယ်။ သူတို့နဲ့ မပေါင်းဘူး၊ သူတို့လုပ်သလို လိုက်မလုပ်ဘူးဆိုရင် အဖက်မလုပ်ချင်ကြဘူး။”—ကီဗင်၊ အမေရိကန်။

“နေ့စဉ်နဲ့အမျှ အရက်သောက်ဖို့၊ လိင်ပျော်ပါးဖို့ သွေးဆောင်ခံနေရတယ်။ တစ်ခါတလေ သူတို့လို လုပ်ချင်တဲ့ဆန္ဒကို ချိုးနှိမ်ဖို့ ခက်တယ်။”—အာရွန်၊ နယူးဇီလန်။

“အခုဆိုရင် ကျွန်မအသက် ၁၂ နှစ်ရှိပြီ၊ ကျွန်မအတွက် အကြီးမားဆုံး ဖိစီးမှုက ချိန်းတွေ့ဖို့ ဖိအားပေးခံရတာ ဖြစ်တယ်။ ကျောင်းမှာ လူတိုင်းက ‘အထီးကျန်ဘဝနဲ့ ဘယ်လောက်ကြာကြာ နေဦးမှာလဲ’ လို့ပြောကြတယ်။”—အလက်ဇန္ဒြီးယား၊ အမေရိကန်။

“ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့ဖို့ ကျွန်မ ဖိအားပေးခံရတယ်။ ကျွန်မ ငြင်းလိုက်တဲ့အခါ ကျွန်မကို လိင်တူဆက်ဆံတဲ့သူလို့ ကင်ပွန်းတပ်ကြတယ်။ အဲဒါက ကျွန်မ အသက်ဆယ်နှစ်လောက်တုန်းက ဖြစ်ခဲ့တာ။”—ခရစ္စတာ၊ ဩစတြေးလျ။

ရွယ်တူချင်းများထံမှလာသော ဖိစီးမှုက သင့်အား မည်သို့ ထိခိုက်စေသနည်း။

သင်၏ဘာသာရေး ယုံကြည်ချက်များအပေါ် သင့်အတန်းဖော်များ တုံ့ပြန်မည့်ပုံနှင့်ပတ်သက်သည့် ဖိစီးမှု။

“သင့်ဘာသာရေး ယုံကြည်ချက်တွေအကြောင်း သင့်အတန်းဖော်တွေကို ပြောပြရခက်တယ်၊ အကြောင်းကတော့ နောက်ပိုင်းမှာ သူတို့ သင့်ကို ဘယ်လို ရှုမြင်ကြမယ်ဆိုတာ မသေချာတဲ့အတွက် ဖြစ်တယ်။ သင့်ကို လူထူးလူဆန်းလို့ ယူဆကြမှာကို သင်စိုးရိမ်နေတယ်။”—ကာရယ်လ်၊ ဟာဝိုင်ယီ။

“အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားတွေဟာ မူးယစ်ဆေး သုံးတယ်၊ လိင်ပျော်ပါးတယ်၊ အရက်တွေ သောက်ကြတယ်။ သင် သမ္မာကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်တဲ့အတွက် တစ်မူထူးခြားနေတာကို သူတို့လှောင်ပြောင်မှာ စိုးတာက တကယ့်ဖိစီးမှုပဲ။”—စူဇန်၊ အမေရိကန်။

သင့်ဘာသာရေး ယုံကြည်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များက သင့်အား မည်သို့ ထိခိုက်စေသနည်း။

ဖိစီးမှုဖြစ်စေသော အခြားအကြောင်းရင်းများ။

အောက်တွင် ဖော်ပြထားရာများမှ သင့်အား စိဖီးမှုအများဆုံးပေးသည့် အကြောင်းရင်းကို မှတ်သားပါ သို့မဟုတ် ဤတွင်မပါသော အခြားအကြောင်းရင်းဖြစ်လျှင် ရေးချပါ။

  • နီးကပ်နေပြီဖြစ်သည့် အစမ်းစာမေးပွဲများ

  • အိမ်စာ

  • မိဘများ၏ မျှော်လင့်ချက် ကြီးမားမှု

  • မိမိ၏ မျှော်လင့်ချက် ကြီးမားမှုနှင့်အညီ နေထိုင်ခြင်း

  • ဗိုလ်ကျသူများ သို့မဟုတ် လိင်ဆိုင်ရာ အနှောင့်အယှက် ပေးသူများ

  • အခြား ․․․․․

ဖိစီးမှုကို လျော့နည်းစေသည့် အဆင့်ငါးဆင့်

လက်တွေ့ကျကျပြောရလျှင် ဖိစီးမှုတစ်မျိုးမျိုးကို ရင်မဆိုင်ဘဲ ကျောင်းကို ဆုံးခန်းတိုင်ဖို့ သင် မမျှော်လင့်နိုင်ပေ။ ဝန်ခံရမည်မှာ ဖိစီးမှု များလွန်းခြင်းက ညှဉ်းဆဲမှု ဖြစ်စေနိုင်ပါသည်။ ပညာရှိရှောလမုန်ဘုရင်က “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏” ဟုရေးသားခဲ့သည်။ (ဒေ. ၇:၇) သို့သော် ဖိစီးမှုကြောင့် သင် ရူးစရာမလိုပါ။ အဓိကအချက်မှာ ဖိစီးမှုကို ထိရောက်စွာ မည်သို့ ကိုင်တွယ်ရမည်ကို သင်ယူထားခြင်း ဖြစ်သည်။

ဖိစီးမှုကို ကိုင်တွယ်ခြင်းသည် အလေးမခြင်းနှင့်တူ—ကောင်းစွာ ကိုင်တွယ်မည်ဆိုလျှင် ယင်းက သင့်ကို ပို၍ကြံ့ခိုင်စေမည်

ဖိစီးမှုကို ကိုင်တွယ်ခြင်းသည် အလေးမခြင်းနှင့် တူသည်။ အလေးမသမားတစ်ဦးသည် အောင်မြင်လိုလျှင် ကောင်းစွာ ကြိုတင်ပြင်ဆင်ထားရမည်။ အလေးများကို နည်းမှန်လမ်းကျ မ,ပြီး အလွန်လေးလံသော အလေးများ မ,ခြင်းကို ရှောင်သည်။ ယင်းသို့လုပ်ဆောင်မည်ဆိုလျှင် ကိုယ်ခန္ဓာထိခိုက်ခြင်းမရှိဘဲ ကြွက်သားများ သန်မာလာမည်။ သို့သော် ယင်းသို့မလုပ်ဆောင်ပါက ကြွက်သားကို စုတ်ပြတ်စေနိုင်သည် သို့မဟုတ် အရိုးပင် ကျိုးသွားနိုင်၏။

အလားတူ၊ သင်သည်လည်း သင်ခံရသော ဖိစီးမှုများကို ကိုင်တွယ်နိုင်ပြီး မိမိကိုယ်ကို ထိခိုက်စေခြင်းမရှိဘဲ သင် လုပ်ရမည့်အလုပ်ကို အောင်မြင်စွာ ပြီးမြောက်စေနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ အောက်ပါအဆင့်များကို လုပ်ဆောင်ပါလေ–

  1. အကြောင်းရင်းများကို သတ်သတ်မှတ်မှတ် ခွဲခြားပါ။ “သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏” ဟု ပညာရှိနယပုံပြင်တစ်ပုဒ်က ဆိုသည်။ (သု. ၂၂:၃) သို့သော် ဖိစီးမှုဖြစ်ပေါ်စေသည့်အရာကို သင် မခွဲခြားနိုင်မချင်း မခံမရပ်နိုင်ဖွယ်ဖိစီးမှုဒဏ်မှ သင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အစောပိုင်းက သင် ရေးသားခဲ့သည့် ဖော်ပြချက်များကို ပြန်ကြည့်ပါ။ ဖိစီးမှုဖြစ်စေသည့် အဘယ်အကြောင်းရင်းက သင့်ကို အများဆုံး ထိခိုက်စေသနည်း။

  2. သုတေသန ပြုပါ။ ဥပမာ၊ များပြားလွန်းသည့် အိမ်စာက သင့်ကို ဖိစီးမှု ဖြစ်စေသည်ဆိုလျှင် ၂၀၀၄၊ စက်တင်ဘာ ၈ ရက်ထုတ် နိုးလော့! တွင်ပါရှိသည့် “လူငယ်များအမေး—အိမ်စာလုပ်ဖို့အချိန် ဘယ်လို ရနိုင်မလဲ” ဆောင်းပါး၌ ဖော်ပြထားသော အကြံပြုချက်များကို သုတေသန ပြုပါ။ အတန်းဖော်တစ်ဦးနှင့်အတူ လိင်မှုကျူးလွန်ဖို့ သင် ဖိအားပေးခံရလျှင် ၂၀၀၇၊ မတ်လထုတ် နိုးလော့! တွင်ပါရှိသည့် “လူငယ်များအမေး—‘အပျော်တွဲ’ ဖို့ကမ်းလှမ်းလာရင် ငါ ဘယ်လို လုပ်ရမလဲ” ဆောင်းပါး၌ အထောက်အကူပြု အကြံဉာဏ်ကို သင် တွေ့ရပါလိမ့်မည်။

  3. မည်သို့ တုံ့ပြန်ရမည်ကို ကြိုတင်စီစဉ်ပါ။ သင့်ဘာသာရေး ယုံကြည်ချက်များကို သိရှိသွားပါက အတန်းဖော်များ မည်သို့ တုံ့ပြန်ကြမည်ကို ပူပန်နေသည်ဆိုလျှင် သင် အဘယ်သို့ ပြောဆိုရမည် သို့မဟုတ် မည်သို့ တုံ့ပြန်ရမည်ကို တစ်ဦးတစ်ယောက် မေးမြန်းလာသည်အထိ စောင့်မနေဘဲ ကြိုတင်စဉ်းစားထားပါ။ (သု. ၂၉:၂၅) “ဖြေရှင်းနိုင်ဖို့ ကျွန်မကို ထောက်ကူပေးခဲ့တဲ့ အရာကတော့ အခြေအနေ မပေါ်ပေါက်ခင် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်တယ်။ ကျွန်မရဲ့ ယုံကြည်ချက်တွေအကြောင်း ဘယ်လို ရှင်းပြရမလဲဆိုတာကို ကြိုတင်ဆုံးဖြတ်ပြီးသား ဖြစ်တယ်” ဟု အသက် ၁၈ နှစ်အရွယ် ကယ်လ်ဆီက ဆို၏။ ဘယ်လ်ဂျီယံနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် အာရွန်လည်း ထပ်တူ ပြုခဲ့သည်။ “ဘယ်လို မေးခွန်းတွေ အမေးခံရနိုင်တယ်ဆိုတာကို ကြိုတင်စဉ်းစားထားပြီး အဲဒီမေးခွန်းတွေအတွက် အဖြေတွေကို ပြင်ဆင်ထားတယ်။ အဲလိုမှမပြင်ဆင်ထားဘူးဆိုရင် ကျွန်တော် ဘာကိုယုံကြည်တယ်ဆိုတာ ပြောပြရဲမှာ မဟုတ်တော့ဘူး” ဟု သူက ဆို၏။

  4. အချိန် ဆွဲမနေပါနှင့်။ ပြဿနာတချို့သည် ၎င်းတို့ကို သင်လျစ်လျူရှုလိုက်ပါက ပပျောက်သွားပါလိမ့်မည်။ သို့သော် အများအားဖြင့် ပြဿနာများမှာ ပိုဆိုးလာပြီး ယင်းကြောင့် သင် ပို၍ စိတ်ဖိစီးလာပေမည်။ ဥပမာ၊ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်သည်ဆိုလျှင် သင် မည်သူမည်ဝါဖြစ်ကြောင်း အမြန်ဆုံး ဖော်ပြခြင်းက အကာအကွယ် ရနိုင်ပါသည်။ ယခု အသက် ၂၀ အရွယ်ရှိပြီဖြစ်သော မာရှာက ဤသို့ဆို၏– “စာသင်နှစ်တစ်နှစ်စတိုင်း ကျွန်မသိထားတဲ့ အကြောင်းအရာတချို့ကို အစပြုပြောပြခြင်းက ကျွန်မရဲ့ ကျမ်းစာအခြေပြုစံနှုန်းတွေကို ရှင်းပြဖို့ အခွင့်အရေး ရရှိစေတယ်။ သက်သေခံတစ်ယောက်ဖြစ်တယ်ဆိုတာ မပြောဘဲ အချိန်ဆွဲလေလေ ပိုအခက်တွေ့လေလေပဲ။ ကျွန်မရဲ့ယုံကြည်ချက်တွေကို ပြောပြပြီး စာသင်နှစ်တစ်နှစ်လုံး အဲဒီအတိုင်း နေထိုင်သွားတဲ့အခါ တကယ်ပဲ အထောက်အကူ ရခဲ့တယ်။”

  5. အကူအညီ တောင်းခံပါ။ အသန်ဆုံး အလေးမသမားပင်လျှင် သူ့အကန့်အသတ်နှင့်သူ ရှိ၏။ သင်လည်း အလားတူ ဖြစ်သည်။ သို့သော် သင်သည် ဝန်ကို တစ်ယောက်တည်း ထမ်းစရာ မလိုချေ။ (ဂလာတိ ၆:၂) သင့်မိဘများ သို့မဟုတ် အခြားရင့်ကျက်သည့် ခရစ်ယာန်များထံ ရင်ဖွင့်ပြောဆိုပါလေ။ ဤဆောင်းပါး အစပိုင်းတွင် သင် ရေးသားခဲ့သည့် အဖြေများကို သူတို့အား ပြသပါ။ ဖိစီးမှုတချို့ကို ကိုင်တွယ်ဖြေရှင်းရန် သင့်အား မည်သို့ ကူညီပေးနိုင်ကြောင်း သူတို့နှင့်အတူ ဆွေးနွေးပါ။ အိုင်ယာလန်နိုင်ငံမှ လဇ်သည် မိမိ၏ဘာသာရေး ယုံကြည်ချက်များကြောင့် လှောင်ပြောင်ခံရမည်ကို စိုးရိမ်နေကြောင်း ဖခင်ဖြစ်သူအား ပြောပြခဲ့၏။ “ကျွန်မကို အဖေ ကျောင်းပို့တဲ့အခါတိုင်း ကျွန်မ ကားပေါ်က မဆင်းခင် ကျွန်မနဲ့အတူ အဖေ ဆုတောင်းပေးတတ်တယ်။ အဲဒါက ကျွန်မကို လုံခြုံတယ်လို့ အမြဲခံစားရစေတယ်” ဟု လဇ်က ပြောပြသည်။

ကောင်းသော ဖိစီးမှုလော

ယင်းကို သင် ယုံရခက်မည်ဖြစ်သော်လည်း ဖိစီးမှုတချို့ သင်ခံစားနေရသည်ဟူသောအချက်မှာ အမှန်တကယ်တွင် အကျိုးရှိ၏။ အဘယ်ကြောင့်နည်း။ ယင်းက သင်သည် ဝီရိယရှိကြောင်း၊ သင်၏ အသိစိတ်မှာ ထိုင်းမှိုင်းမနေကြောင်း ဖော်ပြခြင်း ဖြစ်ပေမည်။ ဖိစီးမှု လုံးဝမရှိဟု ခံစားနေရပုံပေါက်သူတစ်ဦး၏အကြောင်း သမ္မာကျမ်းစာ မည်သို့ ဖော်ပြသည်ကို ဂရုပြုကြည့်ပါ– “သင်သည် အဘယ်မျှကြာအောင် အိပ်လျက်နေ၍ အဘယ်အခါမှ ထလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်အံ့သောငှာ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင် သင်၌ ဆင်းရဲခြင်းသည် ဓားပြကဲ့သို့လည်းကောင်း၊ နွမ်းပါးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။”—သု. ၆:၉-၁၁သမ္မာ။

အသက် ၁၆ နှစ်အရွယ် ဟိုင်ဒီက ကိစ္စရပ်ကို အကျဉ်းချုံး ဖော်ပြသည်။ “စာသင်ကျောင်းက တကယ့်ကို မကောင်းတဲ့နေရာတစ်ခု ဖြစ်ပုံပေါက်နိုင်တယ်၊ ဒါပေမဲ့ ကျောင်းမှာ ရင်ဆိုင်ရတဲ့ ဖိစီးမှုမျိုးကို အလုပ်မှာလည်း ထပ်တူရင်ဆိုင်ရလိမ့်မယ်” ဟု သူက ပြောပြသည်။ မှန်ပါသည်၊ ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရသည်မှာ မလွယ်ကူပေ။ သို့သော် ကောင်းစွာကိုင်တွယ်ခဲ့မည်ဆိုလျှင် ဖိစီးမှုက သင့်ကို ထိခိုက်မည် မဟုတ်ချေ။ အမှန်မှာ ယင်းက သင့်ကို ပို၍ကြံ့ခိုင်သူတစ်ဦး ဖြစ်စေနိုင်ပါသည်။

 

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် နာမည်တချို့ကို ပြောင်းထားပါသည်။

ချင့်တွေးစရာ

  • အဘယ် လက္ခဏာများက သင် ဖိစီးခံနေရကြောင်းကို ဖော်ပြနိုင်မည်နည်း။

  • ကိုယ်ကိုယ်တိုင်နှင့် အခြားသူများကို စင်းလုံးချောဖြစ်ရန် မျှော်လင့်ခြင်းက အဘယ်ကြောင့် ဖိစီးမှုကို တိုးစေနိုင်သနည်း။

  • သင်သည် ဖိစီးမှုခံနေရသည်ဆိုလျှင် မည်သူ့ထံ ရင်ဖွင့်ပြောဆိုနိုင်မည်နည်း။