မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စက်ရုပ်များ မည်မျှ ခေတ်မီတိုးတက်သနည်း

စက်ရုပ်များ မည်မျှ ခေတ်မီတိုးတက်သနည်း

စက်ရုပ်များ မည်မျှ ခေတ်မီတိုးတက်သနည်း

ဂျပန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

စက်ရုပ်များ။ ယင်းစကားလုံးကို သင်ကြားလိုက်သည်နှင့် အဘယ်အရာကို မြင်ယောင်လာသနည်း။ လူအချို့က စက်ရုပ်များကို ခင်မင်ဖွယ်ကောင်း၍ အကျိုးပြုသော ကူဖော်လောင်ဖက်များအဖြစ် ရှုမြင်ကြသည်။ အခြားသူများကမူ စက်ရုပ်များကို အန္တရာယ်ပေးမည့်အရာအဖြစ်၊ အနာဂတ်တွင် လူ့နေရာကိုအစားထိုးမည့် ဉာဏ်ရည်မြင့်မားသောစက်များအဖြစ် ရှုမြင်ကြသည်။ သို့သော် အခြားသူများစွာကမူ စက်ရုပ်များကို တကယ့်ဖြစ်ရပ်ထက် စိတ်ကူးယဉ်သိပ္ပံလောက၏ အစိတ်အပိုင်းများအဖြစ် ယူဆကြသည်။

ယနေ့ခေတ်တွင်ကော မည်သို့နည်း။ ၂၀၀၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ စက်ရုပ်တီထွင်မှုဖယ်ဒရေးရှင်းမှ ထုတ်ပြန်သည့် လေ့လာမှုတစ်ရပ်၏ ခန့်မှန်းချက်များအရ ကမ္ဘာတစ်ဝန်းတွင် အသုံးပြုလျက်ရှိနေသော စက်မှုလုပ်ငန်းသုံးစက်ရုပ်မှာ တစ်သန်းနီးပါးရှိပြီး ယင်းတို့အနက် ထက်ဝက်နီးပါးမှာ အာရှတွင်ရှိသည်။ အဘယ်ကြောင့် အသုံးပြုလိုအား ဤမျှများလာရသနည်း။

စက်ရုပ်များ လုပ်ဆောင်နေသည့်အရာ

အလုပ်တွင် အမြဲရှိနေပြီး ညည်းညူခြင်းမရှိသူ၊ တစ်ပတ်လျှင် ခုနစ်ရက်၊ တစ်ရက်လျှင် ၂၄ နာရီလုံးလုံး မမောမပန်း အလုပ်လုပ်နိုင်သူ အလုပ်သမားတစ်ဦးကို မြင်ယောင်ကြည့်ပါ။ စက်မှုလုပ်ငန်းသုံး စက်ရုပ်များသည် ထိုသို့လုပ်ဆောင်နေကြသည်၊ အကြောင်းမှာ သူတို့သည် များပြားလှသည့် မော်တော်ကားများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်များကို အဆက်မပြတ် ထုတ်လုပ်နေသောကြောင့်ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်း၌ အလုပ်သမား ၁၀ ဦးတိုင်းတွင် စက်ရုပ် ၁ ရုပ်ရှိသည်ဟု ခန့်မှန်းကြ၏။

သို့သော် စက်ရုပ်များကို စက်ရုံများအပြင် အခြားနေရာများတွင်လည်း အသုံးပြုကြသည်။ ယခုအခါ စက်ရုပ်များတွင် အသံများကို မှတ်မိမှတ်သားနိုင်သည့်ပရိုဂရမ်များ၊ တည်ငြိမ်အောင်ထိန်းပေးသော ကိရိယာများ၊ ကြိုးမဲ့ဆက်သွယ်ရေးစနစ်များ၊ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြဂြိုဟ်တုစနစ်များနှင့် အပူ၊ စွမ်းအင်၊ နှုန်းလွန်အသံလှိုင်း၊ ဓာတုဗေဒဆိုင်ရာနှင့် ဓာတ်ရောင်ခြည်တို့ကို ရှာဖွေထောက်လှမ်းနိုင်သည့် အာရုံခံကိရိယာအမျိုးမျိုး တပ်ဆင်ထားသည်။ စွမ်းအားမြှင့်ပြီး စွယ်စုံသုံး၍ရသည့် စက်ရုပ်များသည် လွန်ခဲ့သောနှစ်အနည်းငယ်က မဖြစ်နိုင်ဟု ယူမှတ်ထားသည့် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ နမူနာတချို့ကို သုံးသပ်ကြည့်ပါ။

ဝန်ဆောင်မှု။ ဗြိတိန်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ဆေးစပ်သည့် စက်ရုပ်တစ်ရုပ်သည် ဆေးဝါးများကို စက္ကန့်ပိုင်းအတွင်း စပ်ပေးသည်။ အမေရိကန်နိုင်ငံရှိ စာတိုက်များတွင် စက်ရုပ်များကိုအသုံးပြု၍ စာခွဲခြင်း၊ စာသိမ်းခြင်းနှင့် ပါဆယ်ထုပ်များစုပုံခြင်းတို့ကို လုပ်ဆောင်သည်။ လက်တံရှည်ရှိသည့်စက်ရုပ်များသည် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် လေယာဉ်တောင်ပံအတွင်းပိုင်းကဲ့သို့သော ကျဉ်းမြောင်းသည့်နေရာများအထိ ရောက်ရှိနိုင်သည်။

အဖော်အဖက်။ ဂျပန်နိုင်ငံမှ ဘိုးဘွားရိပ်သာတစ်ခုတွင် သက်ကြီးရွယ်အိုလူနာများသည် ချစ်စရာကောင်းသော အမွေးစုတ်ဖွား စက်ရုပ်ဖျံငယ်လေးတစ်ကောင်ကို အလှည့်ကျ ယုယပိုက်ထွေးနေကြသည်။ အဆိုပါစက်ရုပ်ဖျံငယ်လေးသည် အထိအတွေ့၊ အလင်း၊ အသံ၊ အပူချိန်နှင့် ၎င်းအား ကိုင်တွယ်နည်းကိုပင် တုံ့ပြန်နိုင်စွမ်းရှိသည်။ ၎င်းသည် တကယ့်ဖျံကလေးကဲ့သို့ပင် ပြုမူလုပ်ဆောင်နိုင်ပြီး မြည်သံပြုခြင်း၊ မျက်တောင်ခတ်ခြင်းနှင့် ၎င်း၏ရေယက်တောင်များကို ခါရမ်းခြင်းဖြင့် တုံ့ပြန်နိုင်သည်။ အဆိုပါစက်ရုပ်ဖျံကလေးသည် အဖော်အဖက်အတွက် လူတို့၏အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သဖြင့် ယင်းကို ကုထုံးတစ်မျိုးအနေနှင့် အသုံးပြုနိုင်သည်ဟု အချို့ကဆိုကြသည်။

ဆေးဘက်ဆိုင်ရာ။ လက်တံသုံးခုပါသည့် စက်ရုပ်တစ်ရုပ်က လူနာတစ်ဦးအနီးတွင် ရပ်နေ၏။ အနီးအနားတွင် ခွဲစိတ်ဆရာဝန်တစ်ဦးက သုံးဖက်မြင်ရုပ်လုံးကြွပုံအဖြစ်မြင်ရသော မိမိလူနာ၏နှလုံးကို ဧရာမစက်ခလုတ်ခုံ၏ မြင်ကွင်းချိန်ပေါက်မှတစ်ဆင့် ကြည့်ရှုစစ်ဆေးနေသည်။ ခွဲစိတ်ဆရာဝန်သည် ချွတ်ယွင်းနေသော နှလုံးအဆို့ ရှင်တစ်ခုကို ခွဲစိတ်ကုသနေသည့် စက်ရုပ်၏လက်တံများကို ထိန်းချုပ်ပေးသည်။ ဤစနစ်က စက်ရုပ်၏ အလွန်တိကျသောလှုပ်ရှားမှုကြောင့် ခွဲစိတ်မှုကို လျော့နည်းစေကာ ကိုယ်ခန္ဓာတွင် အနာတရဖြစ်မှု၊ သွေးဆုံးရှုံးမှုတို့ကို လျော့နည်းစေပြီး လျင်မြန်စွာ နာလန်ထစေပါသည်။

အိမ်မှုကိစ္စ။ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနှင့် ဓာတ်ပြားပုံစက်ရုပ်တစ်ရုပ်က သင့်ကြမ်းပြင်ကို ဖုန်စုပ်ပေးသည်။ အဆိုပါစက်ရုပ်သည် နေရာလွတ်များကို ဝက်အူရစ်သဏ္ဌာန် ကျယ်ကျယ်ရွေ့လျားပြီး သန့်စင်ပေးကာ နံရံများ၏ဘေးတစ်လျှောက် သွား၍ နောက်ဆုံးတွင် အခန်း၏ဖွဲ့စည်းပုံ အချက်အလက်ကို သိမ်းဆည်း “သိရှိ” သွားသည်။ သူသည် လှေကားများကို သိမြင်နိုင်ပြီး ယင်းတို့ကို ရှောင်ကွင်းသွားသည်။ သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ အလိုအလျောက်ရပ်တန့်သွားကာ အားပြန်သွင်းပေးသောနေရာသို့ ပြန်သွား၏။ ယခုအခါ ဖုန်စုပ်စက်ရုပ် နှစ်သန်းကျော်ကို အသုံးပြုလျက်ရှိနေပါသည်။

အာကာသ။ စပီးရစ်အမည်ရှိ ဘီးခြောက်ဘီးပါသည့် ရွေ့လျားစက်ရုပ်တစ်ရုပ်သည် အင်္ဂါဂြိုဟ်၏မျက်နှာပြင်ပေါ်တွင် လေ့လာစူးစမ်းနေသည်။ အဆိုပါရွေ့လျားစက်ရုပ်သည် ယင်း၏လက်တံများတွင် တပ်ဆင်ထားသည့် သိပ္ပံဆိုင်ရာကိရိယာတန်ဆာပလာများဖြင့် မြေဆီနှင့် ကျောက်ခဲများ၏ဖွဲ့စည်းပုံကို စစ်ဆေး၏။ ၎င်းကိုယ်ပေါ်တွင်တပ်ဆင်ထားသော ကင်မရာများကိုအသုံးပြု၍ စပီးရစ်သည် ကမ္ဘာဂြိုဟ်၏ တောတောင်ရေမြေ၊ မီးတောင်ဝများ၊ တိမ်များ၊ သဲမုန်တိုင်းများနှင့် နေဝင်ဆည်းဆာပုံများအပါအဝင် အင်္ဂါဂြိုဟ်၏ပုံပေါင်း ၈၈,၅၀၀ ကျော်ကို ရိုက်ယူခဲ့သည်။ ယင်းသည် အင်္ဂါဂြိုဟ်ပေါ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော စက်ရုပ်တစ်ရုပ်ဖြစ်၏။

ရှာဖွေရေးနှင့် ကယ်ဆယ်ရေး။ ပြိုကျပျက်စီးသွားသော ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်များ၏ ဖုန်တထောင်းထောင်းထနေသည့် ဧရာမအပျက်အစီးပုံအောက်တွင် ဘတ်စကတ် ဘောလုံးအရွယ်အစားရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစက်ရုပ် ၁၇ ရုပ်သည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေလျက်ရှိ၏။ ထိုအချိန်မှစ၍ အောက်တွင်ဖော်ပြထားသည့် ပုံစံတစ်ခုကဲ့သို့သော ပိုမိုအဆင့်မြင့်သည့်ပုံစံများကို ထုတ်လုပ်လာကြသည်။

ရေအောက်။ သိပ္ပံပညာရှင်များသည် သမုဒ္ဒရာကို စူးစမ်းလေ့လာရန်ရေအောက်တွင် လွတ်လွတ်လပ်လပ် မောင်းနှင်နိုင်သော စက်ယန္တရားများကို အသုံးပြုလျက်ရှိသည်။ ယင်းစက်ရုပ်များသည် မောင်းသူမဲ့ဖြစ်ကာ အလိုအလျောက်ရွေ့လျားသည်။ ရေအောက်တွင်လုပ်ဆောင်လျက်ရှိသော အခြားလုပ်ငန်းစဉ်များတွင် ရှာဖွေရေးနှင့်ဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြေးနန်းဆက်သွယ်ရေးကြိုးများကို ကြည့်ရှုစစ်ဆေးခြင်း၊ ဝေလငါးများကို ခြေရာခံခြင်းနှင့် ရေမြှုပ်မိုင်းများရှင်းလင်းခြင်းတို့ပါဝင်သည်။

လူသားများနှင့် မည်မျှတူသနည်း

လူတို့သည် လူသားနှင့်တူသောစက်ရုပ်တစ်ရုပ် တီထွင်ဖန်တီးလိုခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာပေပြီ။ သို့သော် ယင်းကိုတီထွင်ရန် အလွန်ခက်ခဲလှ၏။ “အလွန်ရှုပ်ထွေးသော စူပါကွန်ပျူတာများ ဖန်တီးခြင်း၊ မိုးမျှော်တိုက်ကြီးများဆောက်လုပ်ခြင်း သို့မဟုတ် မြို့ကြီးများကို ဒီဇိုင်းရေးဆွဲခြင်းတို့သည် လူကဲ့သို့သောလှုပ်ရှားမှုစွမ်းရည်များ၊ ဖန်တီးထားသောအမြင်အာရုံ၊ အနံ့ခံအာရုံ၊ အကြားအာရုံနှင့် အထိအတွေ့အာရုံသာမက လူသားတမျှ အသိဉာဏ်ရှိသော စက်ရုပ်များကို တီထွင်ဖန်တီးခြင်းနှင့်နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်တော့ချေ” ဟုဂျာနယ်တစ်စောင် (Business Week) က မှတ်ချက်ပြုခဲ့သည်။

ဥပမာ၊ လူသားတစ်ဦးကဲ့သို့ လမ်းလျှောက်နိုင်သော စက်ရုပ်တစ်ရုပ်ဖန်တီးခြင်းဟူသည့် လွယ်ကူပုံပေါက်သောအလုပ်တစ်ခုကို သုံးသပ်ကြည့်ပါ။ ဂျပန်လူမျိုး အင်ဂျင်နီယာများသည် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံကာ ၁၁ နှစ်ကြာ စေ့စေ့စပ်စပ် သုတေသနပြု တီထွင်ပြီးနောက် ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလတွင် အောင်မြင်မှုရရှိသွားကြသည်။ ထိုအချိန်မှစ၍ အင်ဂျင်နီယာများသည် လှေကားတက်ခြင်း၊ ပြေးခြင်း၊ ကခုန်ခြင်း၊ ပစ္စည်းသယ်ခြင်း၊ လက်တွန်းလှည်းတွန်းခြင်းနှင့် လဲကျသွားပါက မိမိဘာသာပြန်ထခြင်းတို့ကိုပင် ပြုလုပ်နိုင်သော လူသားနှင့်တူသည့်စက်ရုပ်များ ဖန်တီးလာနိုင်ခဲ့ကြသည်။

အနာဂတ်တွင်ကော

စက်ရုပ်များ၏အနာဂတ် မည်သို့ရှိသနည်း။ ယခုအခါ အမေရိကန်အမျိုးသားလေကြောင်းနှင့် အာကာသစီမံကွပ်ကဲရေးအဖွဲ့က အာကာသထဲတွင် အန္တရာယ်များသော တာဝန်များကို ထမ်းဆောင်နိုင်သည့် “စက်ရုပ်အာကာသယာဉ်မှူး” ကို ဖန်တီးနေကြသည်။ “စက်ရုပ်များသည် ကာယရေးအကူအညီပေးခြင်းနှင့် သက်ကြီးရွယ်အိုများကို အဖော်ပြုပေးခြင်းတို့တွင်ပင် အရေးပါသောကဏ္ဍမှ ပါဝင်လာ” မည့်ပုံရကြောင်း ကွန်ပျူတာနည်းပညာရပ်တွင် ဦးဆောင်ဦးရွက်ပြုသူတစ်ဦးဖြစ်သည့် ဘီလ်ဂိတ်စ်က ပြောဆိုသည်။

အလားတူ၊ ဂျပန်အစိုးရက ၂၀၂၅ ခုနှစ်တွင် စက်ရုပ်များသည် လူသားများနှင့်အတူ နေထိုင်ကာ ကြည့်ရှုစောင့်ရှောက်သူများ၊ ကလေးထိန်းများနှင့် အိမ်မှုကိစ္စဆောင်ရွက်သူများအဖြစ် အသုံးခံကြလိမ့်မည်ဟု ဟောကိန်းထုတ်ထားသည်။ ၂၀၅၀ ပြည့်နှစ်ရောက်သော် လူသားဘောလုံးအသင်းကို အနိုင်ယူမည့် စက်ရုပ်ဘောလုံးအသင်းတစ်သင်းကို တွေ့မြင်ရန် သုတေသီများ မျှော်လင့်နေကြသည်။ ထို့အပြင် ဆယ်စုနှစ်အနည်းငယ်အတွင်း လူ့ဦးနှောက်စွမ်းပကားထက် သာလွန်သည့် စက်ရုပ်များ ပေါ်ထွက်လာမည်ဟုလည်း မျှော်လင့်ထားကြသည်။

မည်မျှရဲတင်းသော ဟောကိန်းများပင်ဖြစ်ပါစေ လူတိုင်းက ထပ်တူမမျှော်လင့်ကြချေ။ ရင်ဆိုင်ခဲ့ရသော နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့်စပ်လျဉ်း၍ အသိဉာဏ်အတုပြုလုပ်ရန် သုတေသနပြုနေသူ ဂျော်ဒန် ဘီ ပေါလက်ခ်က ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “သက်ရှိတွေဟာ အရမ်းကို ရှုပ်ထွေးတယ်ဆိုတာ ကျွန်တော်တို့ လုံးဝလျှော့တွက်လိုက်မိတယ်။”

စက်ရုပ်များ မည်မျှအထိ တိုးတက်ကောင်းမွန်လာမည်ကိုကား အသေအချာ မသိရှိရပေ။ သို့သော် သေချာသောအရာတစ်ခုရှိပါသည်– ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှုနှင့် အစွမ်းခွန်အားဟူသော အရည်အသွေးများကို ကျင့်သုံးနိုင်သည့်အစွမ်းသည် လူသားများကို အမြဲတစ်မူထူးစေပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ အခြားသက်ရှိသတ္တဝါများနှင့်မတူဘဲ လူသားသာလျှင် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံထားရကြောင်း သမ္မာကျမ်းစာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသောကြောင့်ဖြစ်၏။ (ကမ္ဘာဦး ၁:၂၇) လူသားများသည် ခံစားမှုကင်းမဲ့၍ တွက်ချက်စီမံထားသော စက်ယန္တရားများမဟုတ်ချေ။ ကိုယ်ကိုယ်ကိုသိသောစိတ်ရှိပြီး ဘုရားသခင်အား ဝတ်ပြုနိုင်သည့်အစွမ်းရှိသော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသူများ ဖြစ်ကြသည်။ ဤအမှန်တရားက ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ထံ ပို၍ချဉ်းကပ်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်ပါစေ။—ယာကုပ် ၄:၈

[Picture Credit Lines on page 12]

Courtesy Aaron Edsinger

Courtesy OC Robotics

[Picture Credit Lines on page 13]

Courtesy AIST

© 2008 Intuitive Surgical, Inc.

Courtesy iRobot Corp.

[Picture Credit Lines on page 14]

Top: NASA/​JPL-Solar System Visualization Team; left: NASA/​JPL/​Cornell University

© The RoboCup Federation

Greg McFall/​NOAA/​Gray’s Reef National Marine Sanctuary

[Picture Credit Line on page 15]

© 2007 American Honda Motor Co., Inc.