ပြန်လည်တည်ထောင်ထားသည့် သာယာလှပသော ပရဒိသုတစ်ခုတွင်ရှိ အသက်တာ
ယေရှုသည် ပြန်လည်အသက်ရှင်ခြင်း အကြောင်းကို ယုံကြည်စိတ်ချစွာ ပြောဆိုခဲ့ပြီး ယင်းသည် သေချာပေါက် ဖြစ်လာမည်ဟု မိမိ၏တပည့်များအား မိန့်ဆိုခဲ့သည်။ “အသစ်ပြုပြင်ရာကာလ၌” ‘[သင်တို့သည်] ထာဝရအသက်ကို အမွေခံရလိမ့်မည်’ ဟုကိုယ်တော် မိန့်ဆိုခဲ့သည်။ “အသစ်ပြုပြင်ရာကာလ၌” ဟုဆိုရာတွင် ယေရှု အဘယ်အရာကို ဆိုလိုခဲ့သနည်း။—မဿဲ ၁၉:၂၅-၂၉။
ကျမ်းရေးသူ လုကာ၏ ကျမ်းပြိုင်မှတ်တမ်းအရ လာမည့် “အနာဂတ်ကာလတွင်” မိမိ၏တပည့်များသည် “ထာဝရအသက်” ရရှိကြလိမ့်မည်ဟု ယေရှု မိန့်ဆိုခဲ့သည်။ (လုကာ ၁၈:၂၈-၃၀၊ ကဘ) သမ္မာကျမ်းစာက “အနာဂတ်ကာလ” သည် “အသစ်ပြုပြင်ရာကာလ” နှင့် အတူတူပင်ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုသနည်း။
ယင်းသည် သာယာလှပသော ကမ္ဘာမြေပေါ်တွင် လူသားတို့ ထာဝစဉ်အသက်ရှင်ရန်ဟူသည့် မိမိ၏ မူလရည်ရွယ်ချက်ကို ယေဟောဝါဘုရားသခင် အမှန်ပင် အထမြောက်စေမည်ကို အလေးပေး ဖော်ပြခြင်းဖြစ်ကြောင်း ထင်ရှား၏။ လူသားတို့သည် အာဒံနှင့်ဧဝ အပြစ်မလုပ်မီက ခံစားခဲ့ရသည့် စုံလင်ခြင်းအဖြစ်သို့ ပြန်လည်ရောက်ရှိပါလိမ့်မည်။ ထို့ကြောင့် လာမည့် “အနာဂတ်ကာလတွင်” ဧဒင်ဥယျာဉ်၌ တည်ရှိခဲ့သည့် သာယာလှပသော အခြေအနေများနှင့်ဆိုင်သည့် “အသစ်ပြုပြင်ရာကာလ” ရှိနေပါလိမ့်မည်။
သာယာလှပသောပရဒိသု ပြန်လည်ဖြစ်ပေါ်လာပုံ
ကမ္ဘာမြေတစ်ခုလုံးကို သာယာလှပသော ပရဒိသုဖြစ်ပေါ်စေရန် ဘုရားသခင် အသုံးပြုမည့် အုပ်ချုပ်မှုအတွက် ဆုတောင်းကြရန် ယေရှု မြေကြီးပေါ်ရှိခဲ့စဉ်က မိမိ၏နောက်လိုက်များအား သွန်သင်ပေးခဲ့၏။ “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဟုကျွန်ုပ်တို့ ဆုတောင်းသင့်ကြောင်း ယေရှုမိန့်ဆိုခဲ့၏။ (မဿဲ ၆:၁၀၊ ကဘ) ဘုရားသခင်သည် မိမိ၏သားတော်အား ယင်းနိုင်ငံတော်၏ အုပ်စိုးရှင်အဖြစ် ခန့်အပ်ထားသည်၊ ယင်းသည် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ သာယာလှပသည့် အခြေအနေများ ကမ္ဘာမြေအနှံ့အပြားတွင် ဖြစ်ပေါ်တည်ရှိရန် ဆောင်ရွက်ပါလိမ့်မည်။
အုပ်စိုးရှင်အဖြစ် ဘုရားသခင် ခန့်အပ်ထားသောပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာတွင် ဤသို့ဆိုထားသည်– ‘ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက် ရှိလိမ့်မည်။ နာမတော်ကား . . . ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ . . . အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် အမြဲရှိလိမ့်မည်။’ (ဟေရှာယ ၉:၆၊ ၇) သို့သော် ယင်းသို့သော “အာဏာတော်” ဖြင့် အုပ်ချုပ်သော အစိုးရသည် ဘုရားသခင့်အလိုတော်ကို မည်သို့ ပြီးမြောက်အောင် ဆောင်ရွက်မည်နည်း။
သမ္မာကျမ်းစာက ဤသို့ဖြေဆိုသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခု [အာဏာတော်] ကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲ တည်လိမ့်မည်။”—ဒံယေလ ၂:၄၄၊ ၄၅။
ဘုရားသခင်၏ သားတော်သည် မိမိခမည်းတော်၏ နိုင်ငံတော်၌ ‘အုပ်စိုးရှင်’ အဖြစ် မိမိ၏အစွမ်းတန်ခိုးကို အသုံးပြုသောအခါ “အသစ်ပြုပြင်ရာကာလတွင်” ပြန်လည်တည်ထောင်ထားသည့် သာယာလှပသော မြေကြီးပရဒိသု၌ ဖြစ်ပေါ်လာမည့် အခြေအနေများကို သုံးသပ်ကြည့်ကြစို့။
သာယာလှပသော ပရဒိသုတွင်ရှိမည့် အသက်တာ
သေလွန်သူများ ရှင်ပြန်ထမြောက်လာကြမည်
“သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။”—ယောဟန် ၅:၂၈၊ ၂၉၊ ကဘ။
“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅၊ ကဘ။
ဖျားနာခြင်း၊ အိုမင်းခြင်း သို့မဟုတ် သေခြင်းမရှိတော့
“ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိ ပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”—ဟေရှာယ ၃၅:၅၊ ၆။
“ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည် မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည် မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာ. ၂၁:၃၊ ၄၊ ကဘ။
အစားအသောက် ပေါများကြွယ်ဝမည်
“မြေသည် မိမိဘဏ္ဍာကို ပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူ၏။” —ဆာလံ ၆၇:၆။
‘မြေကြီးပေါ်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။’—ဆာလံ ၇၂:၁၆။
အားလုံးအတွက် သင့်တော်သောနေအိမ်များနှင့် ပျော်ရွှင်ဖွယ်အလုပ်များ ရှိမည်
“ထိုသူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူ စားရမည်မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။
ရာဇဝတ်မှု၊ အကြမ်းဖက်မှု သို့မဟုတ် စစ်မှု မရှိတော့
‘ဆိုးသောသူတို့မူကား မြေကြီးမှ ပယ်ရှားခြင်းကို ခံရကြလိမ့်မည်။’ —သု. ၂:၂၂၊ သမ္မာ။
“သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။”—ဟေရှာယ ၂:၄။
နေရာတိုင်းတွင် ကြောက်ရွံ့ခြင်း ကင်း၍ ငြိမ်သက်အေးချမ်းမည်
“ခြိမ်းခြောက်သူမရှိဘဲ လုံခြုံစွာ နေရကြလိမ့်မည်။”—ယေဇကျေလ ၃၄:၂၈၊ သမ္မာ။
‘ငါ၏သန့်ရှင်းသောတောင် တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ယေဟောဝါကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’—ဟေရှာယ ၁၁:၉။
ကမ္ဘာမြေတစ်ခုလုံး သာယာလှပသည့်ပရဒိသု ဖြစ်လာသောအချိန်တွင်၊ ဘုရားသခင်အား လူတိုင်း ချစ်မြတ်နိုး၍ လူသားချင်းကို မေတ္တာပြသောအချိန်တွင် အသက်ရှင်ရခြင်းက အလွန်ကြည်နူးစရာ ဖြစ်ပေလိမ့်မည်။ (မဿဲ ၂၂:၃၇-၃၉) ထိုအခါ ဘုရားသခင် ကတိပြုထားရာအားလုံး ပြည့်စုံလာမည်ကို သင် ယုံကြည်စိတ်ချနိုင်ပါသည်။ “ငါသည် နှုတ်ထွက်အတိုင်း ပြုမည်။ ကြံသည်အတိုင်း စီရင်မည်” ဟု ဘုရားသခင် မိန့်တော်မူ၏။—ဟေရှာယ ၄၆:၁၁။
ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်ကတိပြုထားသော ကမ္ဘာသစ်အကြောင်း သင်ယူရန် လိုအပ်သည့် အကြောင်းအရာများစွာ ရှိပါသေးသည်။ ဥပမာ၊ ဤကမ္ဘာသစ်သည် မကြာမီ ရောက်လာတော့မည်ဟူသော အဘယ် သက်သေအထောက်အထား ရှိသနည်း။ ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာပေါ်ရှိ အုပ်ချုပ်မှုမှန်သမျှကို မည်သို့ အစားထိုးမည်နည်း။ အဘယ် ဖြစ်ရပ်များက ထိုသို့အစားထိုးခြင်းကို ဦးတည်စေမည်နည်း။ ယင်းသို့သော မေးခွန်းများကို ဆန်းစစ်နိုင်ရန် ယေဟောဝါသက်သေများက သင့်အား ဝမ်းမြောက်စွာ ကူညီပေးပါလိမ့်မည်။ ပိုမိုသိရှိနိုင်ရန် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၂၄ ကိုကြည့်ပါ။
လူသားတို့ ဖြောင့်မတ်သောကမ္ဘာသစ်ကို တောင့်တခဲ့ရသည့်နှစ်များ အဆုံးတိုင်လုနီးပြီဖြစ်သည်။ သေဆုံးသွားသော လူသားအများစုအတွက် သေခြင်းသည် ဘဝနိဂုံးမဟုတ်ချေ။ ပြန်လည်အသက်ရှင်ခြင်းဟူသည် မဖြစ်နိုင်ရာ မဟုတ်ချေ၊ ယင်းသည် ဘုရားသခင့်အလိုတော် ဖြစ်၏။ ပြန်လည်အသက်ရှင်ဖို့ဟူသည်မှာ ဖြစ်နိုင်ပါသည်။ ယင်းသည် “အနာဂတ်” တွင်ရရှိမည့် “မှန်သောအသက်” ပင်ဖြစ်ပေသည်။—၁ တိမောသေ ၄:၈၊ ကဘ။ ၆:၁၉၊ ကဘ။