မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေလွန်ပြီးနောက် အသက် ပြန်ရှင်လာနိုင်

သေလွန်ပြီးနောက် အသက် ပြန်ရှင်လာနိုင်

လွန်ခဲ့သော နှစ်အနည်းငယ်က ရုပ်ရှင်တစ်ကားတွင် ချစ်မြတ်နိုးရသူတစ်ဦး၏ အုတ်ဂူဘေး၌ လူရွယ်တစ်ဦး ရပ်နေသည့်ပြကွက် ပါခဲ့၏။ “သေခြင်းက ဖြစ်ရိုးဖြစ်စဉ်ပါလို့ မေမေ အမြဲပြောခဲ့တယ်နော်” ဟု ၎င်းက ဆိုခဲ့သည်။ ထို့နောက် ကင်မရာက အုတ်ဂူအမှတ်အသားပေါ် တစ်ခဏ ထိုးပြရာ “အဲလိုမဟုတ်ခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ” ဟု၎င်းက ထပ်ဆင့်ဆိုလိုက်သည်။

ယင်းသို့သော သဘောထားက ချစ်မြတ်နိုးရသူတစ်ဦးကို သေခြင်းတွင် ဆုံးရှုံးခဲ့ရသည့် သန်းပေါင်းများစွာသောသူတို့၏ ခံစားချက်များကို ဖော်ပြပါသည်။ အလွန်ကြောက်စရာကောင်းသည့် ရန်သူပါတကား။ သို့သော် ဘုရားသခင်က ဤသို့ ကတိပြုတော်မူ၏– “နောက်ဆုံးရန်သူတည်းဟူသော သေခြင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်။” (၁ ကောရိန္သု ၁၅:၂၆ကဘ) သို့သော် လူတို့သည် ထာဝစဉ်အသက်ရှင်နိုင်စွမ်း ရှိပုံပေါက်လျက်နှင့် အဘယ်ကြောင့် သေဆုံးနေရသနည်း။ သေခြင်းသည် မည်သို့ ဖယ်ရှားခံရမည်နည်း။

ကျွန်ုပ်တို့ အဘယ်ကြောင့် အိုမင်းပြီး သေဆုံးကြရ

ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက “အမှုတော်သည် စုံလင်ပေ၏” ဟုဆိုသည်။ (တရားဟောရာ ၃၂:၄။ ဆာလံ ၈၃:၁၈) ပထမဆုံးလူသား အာဒံသည် စုံလင်စွာ ဖန်ဆင်းခံခဲ့ရပြီး မိမိအား ဘုရားသခင် နေရာချထားပေးသည့် သာယာလှပသော မြေကြီးပရဒိသု ဧဒင်ဥယျာဉ်တွင် ထာဝစဉ်အသက်ရှင်နိုင်သည့် အလားအလာရှိ၏။ (ကမ္ဘာဦး ၂:၇-၉) အာဒံသည် အဘယ်ကြောင့် အဆိုပါ သာယာလှပသည့် စံအိမ်ကို လက်လွှတ်လိုက်ရပြီး အိုမင်း၍ သေဆုံးရသနည်း။

ရိုးရိုးလေး ဖော်ပြရမည်ဆိုလျှင် အာဒံသည် သတ်မှတ်ထားသော အပင်တစ်ပင်မှ အသီးကို မစားရဟူသော ပညတ်ကို မနာခံခဲ့ပေ။ စားပါက “ဧကန်အမှန် သေရမည်” ဟုအာဒံအား ဘုရားသခင် ရှင်းရှင်းလင်းလင်း သတိပေးခဲ့ပြီး ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံသည် ဇနီးဖြစ်သူ ဧဝနှင့် ပူးပေါင်း၍ အဆိုပါပညတ်ကို မလိုက်နာခဲ့ခြင်းကြောင့် ဘုရားသခင်သည် ၎င်းတို့အား ဧဒင်မှ နှင်ထုတ်လိုက်၏။ ဘုရားသခင် ချက်ချင်း အရေးယူလုပ်ဆောင်ခဲ့ရသည့် အကြောင်းရင်းမှာ သိသာထင်ရှားပါသည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြထား၏– “[အာဒံ] သည် ထာဝရအသက်ကိုရခြင်းငှာ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်။”—ကမ္ဘာဦး ၃:၁-၆၊ ၂၂

အာဒံနှင့်ဧဝသည် မနာခံခဲ့ကြသည့်အတွက် သေဆုံးသွားသော်လည်း ၎င်းတို့၏ သားစဉ်မြေးဆက်အားလုံး အဘယ်ကြောင့် အိုမင်း၍ သေဆုံးကြရသနည်း။ အကြောင်းမှာ သူတို့သည် အာဒံထံမှ အပြစ်ကို အမွေရခဲ့ပြီး ယင်းအပြစ်က သားစဉ်မြေးဆက်တိုင်းကို မစုံလင်မှုနှင့် သေခြင်း ဖြစ်စေခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။”—ရောမ ၅:၁၂ကဘ။

အသက် ပြန်ရှင်နိုင်

အစောပိုင်းတွင် ကျွန်ုပ်တို့ ဖတ်ခဲ့ရသည့်အတိုင်း “သေခြင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်။” မှန်ပါသည်၊ ထာဝစဉ် ပယ်ရှားခံရမည် ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၂၆ကဘ) သို့သော် မည်သို့အားဖြင့်နည်း။ ယင်းကို သမ္မာကျမ်းစာက ဤသို့ ရှင်းပြသည်– “ဖြောင့်မတ်သောအမှုတစ်ခုအားဖြင့် လူအမျိုးမျိုးတို့သည် အသက်နှင့်ဆိုင်သော ဖြောင့်မတ်ရာသို့ ရောက်ရ၏။” (ရောမ ၅:၁၈ကဘ) ဘုရားသခင်ရှေ့ ဖြောင့်မတ်သောအနေအထားဖြင့် ရပ်တည်စေနိုင်ပြီး ထာဝရအသက် ရရှိစေနိုင်သည့် ယင်းအမှုကား အဘယ်အရာ ဖြစ်သနည်း။

ယင်းအမှုသည် ပထမဆုံးလူသား အာဒံထံမှ လူသားအားလုံး အမွေရရှိခဲ့သည့် အပြစ်ကို ပယ်ရှားပေးရန် ဘုရားသခင် ပြင်ဆင်ပေးသည့် အစီအစဉ် ဖြစ်၏။ သမ္မာကျမ်းစာက “ဘုရားသခင်၏ ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက် ဖြစ်သတည်း” ဟုရှင်းပြသည်။ (ရောမ ၆:၂၃ကဘ) အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို လူတို့အား ရရှိစေသည့် ဤအစီအစဉ်နှင့်စပ်လျဉ်း၍ ယေရှု ဤသို့မိန့်ဆိုခဲ့သည်– “ဘုရားသခင်၏ သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောက[လူသားများ]ကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆ကဘ။

ကျွန်ုပ်တို့အား ချစ်သည့် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကျိုးအတွက် အကြီးအကျယ် ဆင်းရဲခံခဲ့သည့် ကိုယ်တော့်သားတော် ယေရှုခရစ်၏ နက်ရှိုင်းသော မေတ္တာတော်ကို စဉ်းစားကြည့်ပါ။ တမန်တော်ပေါလုက “ဘုရားသခင်၏သားတော် . . . သည် ငါ့ကိုချစ်၍ ငါ့အတွက် ကိုယ်ကိုစွန့်တော်မူ၏” ဟုရေးသားခဲ့၏။ (ဂလာတိ ၂:၂၀ကဘ) သို့သော် ယေရှုသည် ကျွန်ုပ်တို့အတွက် “ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်” ခြင်းဖြင့် ကျွန်ုပ်တို့ကို အပြစ်၏ဆိုးကျိုးမှ ကယ်တင်နိုင်သူ တစ်ဦးတည်းသောလူသား အဘယ်ကြောင့် ဖြစ်ရသနည်း။—မဿဲ ၂၀:၂၈ကဘ။

ယေရှုသည် ပထမဆုံးလူသား အာဒံထံမှ အပြစ်ကို အမွေမခံခဲ့သည့် တစ်ဦးတည်းသော လူသားဖြစ်သဖြင့် ရွေးနုတ်ဖိုးအဖြစ် မိမိ၏အသက်ကို စွန့်နိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်သည်။ ကိုယ်တော်သည် အဘယ်ကြောင့် အပြစ်ကို အမွေမခံခဲ့ရသနည်း။ အကြောင်းမှာ ယေရှု၏အသက်ကို အပျိုစင်မာရိ၏ သားအိမ်ထဲသို့ ကောင်းကင်မှ အံ့ဖွယ်နည်းဖြင့် ပြောင်းရွှေ့ခဲ့သောကြောင့် ဖြစ်သည်။ သို့နှင့် မာရိအား ကောင်းကင်တမန်တစ်ပါး ပြောပြခဲ့သည့်အတိုင်း သူမ၏သားသည် “ဘုရားသခင်၏ သားတော်၊ သန့်ရှင်းတော်မူသောသူ” ဖြစ်သည်။ (လုကာ ၁:၃၄၊ ၃၅ကဘ) ယင်းသည် ယေရှုကို “နောက်ဆုံးသော အာဒံ” ဟုခေါ်ဆိုရသည့်အကြောင်းရင်းနှင့် “ပထမလူအာဒံ” ထံမှ အပြစ်ကို အမွေမခံခဲ့ရသည့်အကြောင်းရင်း ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၄၅ကဘ) သို့ဖြင့် အပြစ်မဲ့လူသားတစ်ဦးအနေနှင့် ယေရှုသည် “ညီမျှသော ရွေးနုတ်ဖိုး” အဖြစ် မိမိကိုယ်ကို ပေးဆက်နိုင်ခဲ့သည်၊ ကိုယ်တော်၏ အသက်သည် တစ်ခါက စုံလင်၍ အပြစ်မဲ့သော ပထမဆုံးလူသား၏ အသက်နှင့် ညီမျှ၏။—၁ တိမောသေ ၂:၆ကဘ။

အဆိုပါ ရွေးနုတ်ဖိုးကို ပြင်ဆင်ပေးခြင်းဖြင့် ပထမလူအာဒံ ဆုံးရှုံးခဲ့သော သာယာလှပသည့် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းကို ကျွန်ုပ်တို့ ပြန်လည်ရရှိနိုင်ရန် ဘုရားသခင် လုပ်ဆောင်တော်မူခဲ့သည်။ သို့သော် သေဆုံးသွားကြသူ အများစုသည် ဤကောင်းချီးခံစားရရန် အသက်ပြန်ရှင်ရမည် ဖြစ်သည်။ အံ့ချီးဖွယ် အလားအလာပါတကား။ သို့သော် ယင်းကို ယုံကြည်ရခက်လွန်းပုံ ပေါက်သလော။

ယုံကြည်ရန် အကြောင်းရင်း

အသက်ကို ဖန်ဆင်းတော်မူခဲ့သော ယေဟောဝါဘုရားသခင်၌ အသက်ရှင်ခဲ့ဖူးသူတစ်ဦးကို ပြန်လည်ဖန်ဆင်းနိုင်သည့် တန်ခိုးရှိတော်မူသည်ကို ယုံကြည်ရန် ခက်ခဲလွန်းသင့်သလော။ ပထမဆုံး အမျိုးသမီးအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သည့် ကိုယ်ဝန်ဆောင်နိုင်စွမ်းကို သုံးသပ်ကြည့်ပါ။ “အာဒံသည် မယားဧဝနှင့် ဆက်ဆံ” ပြီး ကိုးလခန့်အကြာတွင် ၎င်းတို့နှင့် ပုံသဏ္ဌာန်ချင်း လုံးဝတူသော ပုံတူလေးတစ်ဦး မွေးဖွားလာခဲ့သည်။ (ကမ္ဘာဦး ၄:၁) ဧဝ၏သားအိမ်ထဲတွင် ကလေးငယ်လေးတစ်ဦး ဖွံ့ဖြိုးကြီးထွားလာသည့် ဖြစ်စဉ်ကို လူသားတို့ အပြည့်အဝ နားမလည်နိုင်သော အံ့ဖွယ်တစ်ခုအဖြစ် ယနေ့ထိတိုင် ဖော်ပြနေဆဲ ဖြစ်သည်။—ဆာလံ ၁၃၉:၁၃-၁၆

တစ်ရက်လျှင် ကလေးထောင်ပေါင်းများစွာ မွေးဖွားနေသည်ဖြစ်ရာ အများအားဖြင့် ကလေးမွေးဖွားခြင်းကို အံ့ဖွယ်တစ်ခုအဖြစ် လူတို့ မယူဆကြချေ။ သို့သော် ယခင်က အသက်ရှင်ခဲ့ဖူးသူတစ်ဦး၏ အသက်ကို ပြန်သွင်းပေးခြင်းသည် လူများစွာအတွက် မယုံနိုင်စရာ ဖြစ်နေဆဲပင်။ သူငယ်မလေးတစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်းပူဆွေးနေသူတို့ကို မငိုကြဖို့ ယေရှု မိန့်ဆိုသောအခါ သူတို့သည် “ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏၊” အကြောင်းမှာ သူငယ်မလေး သေဆုံးနေပြီကို သူတို့သိထားကြသောကြောင့် ဖြစ်သည်။ သို့သော် ယေရှုက သေဆုံးနေသော သူငယ်မအား “ထလော့” ဟု မိန့်ဆိုလိုက်ရာ ‘ထိုခဏချင်းတွင် ထိုသူငယ်မသည် ထ၍ လှမ်းသွားလေ၏။’ “[ရောက်ရှိနေသူတို့] သည် အလွန်အံ့သြမိန်းမောကြ၏” ဟုကျွန်ုပ်တို့အား ဖော်ပြပေးသည်။—မာကု ၅:၃၉-၄၃ကဘ။ လုကာ ၈:၅၁-၅၆ကဘ။

မိမိချစ်မြတ်နိုးရသော လာဇရု၏သင်္ချိုင်းဂူကို ဖွင့်ပေးရန် ယေရှု မိန့်ဆိုသောအခါ လာဇရု၏အစ်မ မာသက “ယခုဆိုလျှင် လေးရက်ရှိပြီဖြစ်၍ နံလောက်ပြီ” ဟု လျှောက်ဆိုခဲ့၏။ သို့သော် ယေရှုသည် လာဇရုကို အသက်ပြန်ရှင်စေခဲ့သောအခါ အလွန်ဝမ်းမြောက်ခဲ့ကြသည်။ (ယောဟန် ၁၁:၃၈-၄၄ကဘ) များစွာသောသူတို့သည် ယေရှု၏ အံ့ဖွယ်အမှုများနှင့် အကျွမ်းတဝင် ရှိလာခဲ့ကြသည်။ နှစ်ခြင်းဆရာယောဟန် ထောင်ကျနေချိန်တွင် ယေရှု၏လုပ်ဆောင်မှုနှင့်ပတ်သက်၍ ယောဟန်၏ တပည့်များက “သေလွန်သူများ ထမြောက်ကြပြီ” ဟုယောဟန်အား သတင်းပို့ခဲ့ကြသည်။—လုကာ ၇:၂၂ကဘ။

ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ပြန်ရှင်လာ

ရှင်ပြန်ထမြောက်ခဲ့သူတို့သည် နောက်ပိုင်းတွင် ပြန်လည်ဖျားနာပြီး သေဆုံးသွားခဲ့ရာ ယင်းသို့သော အံ့ဖွယ်အမှုများကို ယေရှု အဘယ်ကြောင့် လုပ်ဆောင်ခဲ့ရသနည်း။ ယင်းသို့ လုပ်ဆောင်ခဲ့ရခြင်းမှာ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းဟူသည့် အာဒံဆုံးရှုံးခဲ့ရာကို ပြန်ရရှိစေနိုင်ကြောင်း၊ ပြန်ရရှိစေမည်ဖြစ်ကြောင်း သက်သေထူရန် ဖြစ်သည်။ ယေရှု ပြုလုပ်ခဲ့သည့် ရှင်ပြန်ထမြောက်မှုများက နောက်ဆုံး၌ သန်းနှင့်ချီသော လူသားများ မည်ကဲ့သို့ ‘မြေကြီးကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်’ ကို သက်သေထင်ရှား ပြခဲ့သည်။—ဆာလံ ၃၇:၂၉

ဝမ်းသာစရာမှာ ကျွန်ုပ်တို့သည် ‘ဘုရားသခင်အား ဆည်းကပ်ဝတ်ပြု’ မည်ဆိုလျှင် ထာဝစဉ်အသက်ရှင်ရန် အံ့ချီးဖွယ် အလားအလာရှိသူတို့တွင် ပါဝင်နိုင်ပါသည်။ ယင်းသို့သော ဆည်းကပ်ဝတ်ပြုမှုသည် “ယခုအသက်၊ အနာဂတ်အသက်တို့နှင့်ဆိုင်သော ကတိတော်ကို ရစေသည်” ဟု သမ္မာကျမ်းစာက ဆို၏။ ထို “အနာဂတ်အသက်” ကို “မှန်သောအသက်” ဟုလည်း ခေါ်သည်။—၁ တိမောသေ ၄:၈။ ၆:၁၉ကဘ။

ဖြောင့်မတ်သော ကမ္ဘာသစ်တွင် ရရှိမည့် ဤမှန်သောအသက်သည် မည်ကဲ့သို့ဖြစ်မည်ကို သုံးသပ်ကြည့်ကြပါစို့။