မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အက်စ်ပါဂါရောဂါလက္ခဏာကို ခါးစည်းခံခြင်း

အက်စ်ပါဂါရောဂါလက္ခဏာကို ခါးစည်းခံခြင်း

အက်စ်ပါဂါရောဂါလက္ခဏာကို ခါးစည်းခံခြင်း

ဗြိတိန်မှ နိုးလော့! စာရေးသူ ပေးပို့သည်

သင်သည် မိတ်ဆွေများရှိလိုသော်လည်း စကားစမြည်ပြောဆိုရန်မူ မလွယ်ကူချေ။ သို့သော် သင်အနှစ်သက်ဆုံး အကြောင်းအရာကို နာရီနှင့်ချီ ပြောဆိုနိုင်ပါသည်။ သင့်ဘဝကို ပုံမှန်လုပ်ရိုးလုပ်စဉ်က စိုးမိုးထား၏၊ အပြောင်းအလဲက သင့်ကို အနှောင့်အယှက်ပေး၏။ သင်သည် မကြာခဏ စိုးရိမ်နေပြီး မချင့်မရဲဖြစ်ကာ တစ်ခါတစ်ရံ စိတ်ဓာတ်ကျနေ၏။

လူတို့က သင့်ကို အထင်လွဲ၏။ သင့်ကို လူထူးလူဆန်း၊ ဆက်ဆံရခက်သူ သို့မဟုတ် ရိုင်းစိုင်းသူဟုပင် ခေါ်ဆိုကြသည်။ အခြားသူတို့၏ သဘောထားများနှင့် ခံစားချက်များကို နားလည်ရန် သင်အခက်တွေ့နေ၏၊ အထူးသဖြင့် ထိုသူတို့၏ မျက်နှာအနေအထား သို့မဟုတ် ကိုယ်အမူအရာကို အကဲမခတ်နိုင်သောအခါတွင်ဖြစ်သည်။ အက်စ်ပါဂါရောဂါလက္ခဏာရှိသူများစွာသည် ယင်းသို့သောအခြေအနေများကို ပုံမှန်ရင်ဆိုင်နေရ၏။

အက်စ်ပါဂါရောဂါလက္ခဏာရှိသူတို့သည် အခြားသာမန်လူတစ်ဦးကဲ့သို့ပင်ဖြစ်ပြီး အလွန်ဉာဏ်ကောင်းသူများဖြစ်လေ့ရှိသည်။ သို့သော် ထိုသူတို့တွင် အာရုံကြောကို အခြေခံသည့် ဖွံ့ဖြိုးမှုဆိုင်ရာရောဂါလက္ခဏာရှိပြီး ယင်းက လူများနှင့် အပြန်အလှန်ဆက်ဆံပုံကို ထိခိုက်စေသည်။ အဆိုပါရောဂါလက္ခဏာစုတွင် စရိုက်အမျိုးမျိုးပါဝင်ပြီး တစ်ဦးစီအား နည်းအမျိုးမျိုးဖြင့် ထိခိုက်စေပါသည်။ သို့သော် အက်စ်ပါဂါရောဂါလက္ခဏာဖြင့် အောင်မြင်စွာ အသက်ရှင်နေနိုင်ပါသည်။ ကလဲယာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။

နောက်ပိုင်းမှ ရောဂါအမည်ဖော်နိုင်ခဲ့

ကလေးတစ်ဦးအနေနှင့် ကလဲယာသည် အလွန်အေးပြီး ဘာသိဘာသာနေတတ်သူဖြစ်၏။ သူသည် လူတို့နှင့် မျက်လုံးချင်းမဆုံအောင် ရှောင်ပြီး လူအုပ်ကိုကြောက်သည်။ သူသည် ငယ်ရွယ်စဉ်ကတည်းက ကောင်းစွာစကားပြောတတ်သော်လည်း စကားလုံး နည်းနိုင်သမျှ နည်းနည်းသာ သုံးလေ့ရှိပြီး လေသံတစ်သံတည်းဖြင့် ပြောဆို၏။ သူသည် ပုံမှန်လုပ်ရိုးလုပ်စဉ်ကို နှစ်သက်ပြီး အပြောင်းအလဲဖြစ်သွားသောအခါ စိုးရိမ်လာတတ်သည်။

ကျောင်းတွင် ဆရာဆရာမများက ကလဲယာအား စိတ်မရှည်ကြချေ၊ အကြောင်းမှာ သူသည် တမင်တကာ အခက်အခဲတွေ့အောင် လုပ်နေပြီး အခြားကလေးများ၏ အနိုင်ကျင့်မှုကို ခံနေသည်ဟု သူတို့က ယူမှတ်ကြ၏။ မိခင်ဖြစ်သူမှာလည်း ကလဲယာ၏အမူအကျင့်ကြောင့် အခြားသူများ၏ မညှာမတာ ပြစ်တင်ဝေဖန်မှုကို ခံစားနေရသည်။ နောက်ဆုံး မိခင်ဖြစ်သူခမျာ ကလဲယာ၏ နောက်ပိုင်းပညာသင်နှစ်များအတွက် အိမ်၌သာ သင်ပေးရန် ဆုံးဖြတ်လိုက်ရသည်။

ယင်းနောက် ကလဲယာသည် အလုပ်များစွာ ရရှိခဲ့သော်လည်း ယင်းအလုပ်အားလုံးမှ ထုတ်ပစ်ခံခဲ့ရသည်၊ အကြောင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်မှ အပြောင်းအလဲများနှင့် တောင်းဆိုချက်များကို မကိုင်တွယ်တတ်သောကြောင့်ဖြစ်သည်။ သူနောက်ဆုံးအလုပ်,လုပ်သည့် ဘိုးဘွားရိပ်သာမှ သူနာပြုအုပ်က တစ်ခုခု အကြီးအကျယ် မှားယွင်းနေကြောင်း သိမြင်လိုက်သည်။ နောက်ဆုံး ကလဲယာ အသက် ၁၆ နှစ်အရွယ်ရောက်သောအခါ သူ၏အခြေအနေမှာ အက်စ်ပါဂါရောဂါလက္ခဏာဖြစ်ကြောင်း အမည်ဖော်နိုင်ခဲ့သည်။

ကလဲယာ၏မိခင်သည် သမီးဖြစ်သူ၏အပြုအမူမှာ အဘယ်ကြောင့် အခြားသူများနှင့်မတူကြောင်းကို နောက်ဆုံးတွင် သိရှိလိုက်ရသည်။ ဤရောဂါလက္ခဏာနှင့်ပတ်သက်သော အချက်အလက်အချို့ကို မိတ်ဆွေတစ်ဦးက တွေ့ရှိပြီး ကလဲယာအား ပေးဖတ်သောအခါ သူက “ကျွန်မ ဒီလို တကယ်လုပ်ခဲ့တာလား။ ကျွန်မက အဲလိုလူစားမျိုးလား” ဟု တအံ့တသြဖြင့် မေးလေသည်။ ဒေသန္တရလူမှုဝန်ဆောင်ဌာနက ကလဲယာအား အလုပ်ပေးကုထုံးဖြင့် ကုသပေးရန် အကြံပြုခဲ့ကြသည်။ အထူးလိုအပ်ချက်များရှိသော ကလေးသူငယ်များကို ကူညီပေးရာတွင် အတွေ့အကြုံရှိသည့် ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ခရစ္စသည် သက်သေခံတစ်ဦးဖြစ်သူ ကလဲယာအား သက်သေခံတို့၏ ဝတ်ပြုရာအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးတွင် အကူအညီပေးဖို့ စေတနာ့ဝန်ထမ်းရန် စီစဉ်ပေးခဲ့သည်။

အခြားသူများနှင့် ပုံမှန် ပြုမူဆက်ဆံတတ်ရန်သင်ယူခြင်း

အစပိုင်းတွင် ကလဲယာသည် အခြားစေတနာ့ဝန်ထမ်းများနှင့် စကားပြောဆိုခြင်း မရှိလှပေ။ သူအခက်အခဲတွေ့သောအခါ ခရစ္စအား စာရေးပြောပြသည်၊ ယင်းက အပြောထက် ပို၍လွယ်ကူသည်။ ခရစ္စသည် ကလဲယာအား အခြေအနေကို သူနှင့်အတူထိုင်ဆွေးနွေးရန် တဖြည်းဖြည်း အားပေးခဲ့သည်။ အခြားသူများနှင့် ပုံမှန် ပြုမူဆက်ဆံတတ်ရန် သူ့ကို စိတ်ရှည်ရှည်နှင့် သင်ပေးခဲ့သည်။ အခြားသူများနှင့်ဆက်ဆံခြင်းမပြုဘဲ မိမိလုပ်ချင်ရာကိုသာ လုပ်ဆောင်နေခြင်းသည် ပုံမှန် မဟုတ်ကြောင်း သူရှင်းပြခဲ့သည်။ ယင်းသို့ကူညီပေးမှုကြောင့် ကလဲယာသည် အလုပ်တစ်ခုပြီးမြောက်ရန် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်တတ်လာခဲ့သည်။

ကလဲယာသည် မိမိ၏ပျော်ရွှင်မှုကင်းမဲ့သည့် ယခင်အတွေ့အကြုံများကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုကင်းမဲ့နေရာ ပေးလာသည့် မည်သည့်အလုပ်ကိုမဆို “ကျွန်မ မလုပ်နိုင်ဘူး” ဟုချက်ချင်းတုံ့ပြန်တတ်သည်။ ယင်းပြဿနာကို ခရစ္စ မည်သို့ဖြေရှင်းပေးခဲ့သနည်း။ သူသည် ကလဲယာအား သေးငယ်သောတာဝန်တစ်ခုပေးကာ “ဒါကို ဒီလိုလုပ်ရတယ်” ဟုရှင်းပြပြီး “သမီး လုပ်နိုင်ပါတယ်” ဟုပြောသည်။ ကလဲယာသည် ထိုတာဝန်ကို ပြီးမြောက်သောအခါ ပျော်ရွှင်ခဲ့သည်။ ခရစ္စသည် သူ့အား လှိုက်လှိုက်လှဲလှဲ ချီးမွမ်းကာ နောက်အလုပ်တစ်ခုပေးသည်။ နှုတ်နှင့်ပြောသည့် ညွှန်ကြားချက်တသီတတန်းကြီးကို မှတ်မိရန် ကလဲယာအတွက် ခက်လှသော်လည်း စာရွက်တစ်ရွက်တွင် ဖော်ပြထားပေးမည်ဆိုလျှင် အခက်အခဲမရှိပေ။ ကလဲယာသည် တဖြည်းဖြည်း ယုံကြည်စိတ်ချမှုရှိလာသည်။

လူအစုအဝေးကို ကလဲယာမနှစ်သက်သောကြောင့် ခရစ်ယာန်အစည်းအဝေးများတွင် အခြားသူများနှင့်စကားပြောဆိုရန် အခက်အခဲရှိနေသည်။ သူသည် ခန်းမ၏ ရှေ့ဆုံးခုံတွင် တစ်ယောက်တည်း ထိုင်လေ့ရှိ၏။ သို့သော် သူသည် အစည်းအဝေးပြီးသည်နှင့် နေရာမှ ချက်ချင်းထကာ ခန်းမနောက်သို့လျှောက်သွားပြီး လူတစ်ဦးနှင့်စကားပြောဆိုရန် ပန်းတိုင်ထားခဲ့သည်။

အချိန်တန်သော် ကလဲယာသည် လူများများနှင့်စကားပြောဆိုတတ်လာသည်။ “ဒါပေမဲ့ မလွယ်ဘူး” ဟုသူကဆို၏။ သူ၏အခြေအနေကြောင့် စကားစမြည်ပြောဆိုရန် အလွန်ခက်လှသော်လည်း ယေဟောဝါသက်သေများအားလုံး ပိုမိုထိရောက်စွာ ထုတ်ဖော်ပြောဆိုတတ်ရန် ကူညီပေးသည့် အစီအစဉ်ဖြစ်သော သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သူမှန်မှန်ပါဝင်သည်။

သာဤကြီးမားသော အခက်အခဲကို အောင်မြင်ကျော်လွှားခြင်း

ကလဲယာသည် ယုံကြည်စိတ်ချမှု ပိုရှိလာသည်နှင့်အမျှ ကျမ်းစာအခြေပြုယုံကြည်ချက်များကို အခြားသူများအား ပြောပြရာတွင် လစဉ် နာရီ ၅၀ သို့မဟုတ် ယင်းထက်မက အသုံးပြုရသည့် အရန်ရှေ့ဆောင်တစ်ဦးအဖြစ် ကြိုးစားအမှုဆောင်ရန် ခရစ္စက အကြံပေးခဲ့သည်။ “ကျွန်မ မလုပ်နိုင်ဘူး” ဟုကလဲယာက တုံ့ပြန်သည်။

သို့သော် ခရစ္စက သူ့အား နာရီ ၅၀ မသွင်းနိုင်လျှင်ပင် အနည်းဆုံး မိမိကြိုးစားခဲ့သည့်အတွက် ပျော်ရွှင်နိုင်ကြောင်း အားပေးစကားပြောခဲ့သည်။ သို့နှင့် ကလဲယာ ကြိုးစားခဲ့ရာ ရရှိလာသော တွေ့ကြုံမှုကို အမှန်ပင် နှစ်သက်ခဲ့သည်။ ယင်းကို ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့ရာ ပို၍ပျော်ရွှင်လာခဲ့သည်။ ယင်းက သူ့အား ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေ၏၊ အထူးသဖြင့် သမ္မာကျမ်းစာအကြောင်း ပိုမိုသင်ယူလိုသူများစွာကို တွေ့ရှိသောအခါတွင်ဖြစ်သည်။

အချိန်ပြည့် သတင်းကောင်းဟောပြောခြင်းဖြစ်သည့် မှန်မှန်ရှေ့ဆောင်လုပ်ငန်း၌ မပါဝင်စေနိုင်သည့် အတားအဆီးရှိမရှိ သုံးသပ်ဖို့ အားပေးသည်ကို ခရစ်ယာန်အစည်းအဝေးများတွင် ကလဲယာ ကြားသိသောအခါ လှုံ့ဆော်ခံရသည်။ သူသည် မှန်မှန်ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရလဒ်ကား အဘယ်နည်း။ “ဒါက အကောင်းဆုံးအလုပ်ပဲ” ဟုကလဲယာကဆို၏။ သူသည် အသင်းတော်ရှိသူတို့နှင့် ပို၍ရင်းနှီးလာပြီး မိတ်ဆွေများစွာ ရှိလာသည်။ ကလေးများက သူနှင့်ပေါင်းသင်းရသည်ကို နှစ်သက်ကြပြီး ကလဲယာကလည်း သူတို့နှင့်အတူတူ အမှုဆောင်ရာတွင် ဝမ်းမြောက်ဝမ်းသာ ကူညီပေးသည်။

ထောက်မကူညီခြင်း

အက်စ်ပါဂါရောဂါလက္ခဏာရှိသူတိုင်း အချိန်ပြည့်အမှုဆောင်နိုင်မည်မဟုတ်သည်မှာ မှန်ပါသည်။ သို့သော် ထိုသို့သောသူတို့သည် မိမိတို့သိမြင်သည်ထက် များစွာလုပ်ဆောင်နိုင်ကြောင်း ကလဲယာ၏တွေ့ကြုံမှုက သက်သေထူ၏။ ကလဲယာ၏ ပုံမှန်အချိန်ဇယားက သူ၏လိုအပ်ရာကို ဖြည့်ဆည်းပေးပြီး သူ၏တာဝန်သိတတ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့က သူရွေးချယ်ထားသည့်လုပ်ငန်းတွင် ကောင်းစွာလုပ်ဆောင်နိုင်ရန် သူ့အား ကူညီပေးသည်။

မိမိတွင် အက်စ်ပါဂါရောဂါလက္ခဏာရှိကြောင်း လူများသိရှိရန် အရေးကြီးသည်ဟု ကလဲယာခံစားရ၏၊ သို့မှသာ လောကကိုရှုမြင်ပုံနှင့် တုံ့ပြန်ပုံတို့တွင် သူ အဘယ်ကြောင့် ထူးခြားနေရကြောင်းကို လူတို့သိမြင်နားလည်မည်ဖြစ်သည်။ သူက “အမြဲတမ်း ကိုယ့်အကြောင်းကို လိပ်ပတ်လည်အောင် မပြောဆိုတတ်တဲ့အတွက် လူတွေက ကိုယ့်ကို ဉာဏ်မမီတဲ့သူလို့ သတ်မှတ်ကြတယ်” ဟုရှင်းပြ၏။ စကားပြောဖော်တစ်ဦးရှိထားခြင်းက အထောက်အကူဖြစ်စေနိုင်ပါသည်။

ခရစ္စနှင့်ကလဲယာသည် ဤသို့သောရောဂါလက္ခဏာရှိသူတို့အား သေးငယ်သောပန်းတိုင်များချကာ တစ်ကြိမ်လျှင် ပန်းတိုင်တစ်ခုကိုတက်လှမ်းရန် အကြံပေးကြသည်။ အဆိုပါရောဂါလက္ခဏာအကြောင်း နားလည်သူတစ်ဦးဦးထံမှ အကူအညီရယူရန် အရေးကြီး၏။ ဤသို့ဖြင့် ကိုယ့်ကိုယ်ကို ပို၍တန်ဖိုးထားလာပြီး အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်ပါသည်။

အက်စ်ပါဂါရောဂါလက္ခဏာရှိသူတို့အား ကူညီပေးရာတွင် စိတ်ရှည်မှုနှင့် အားပေးမှုတို့ဖြင့် များစွာလုပ်ဆောင်ပြီးမြောက်နိုင်ကြောင်း ကလဲယာ၏တွေ့ ကြုံမှုက ဖော်ပြ၏။ ယင်းကို ကလဲယာက “ဒီနေ့လုပ်ဆောင်နေတဲ့အရာအားလုံးကို ကျွန်မလုပ်နိုင်လိမ့်မယ်လို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တစ်ခါမှ မတွေးခဲ့ဖူးဘူး” ဟုအခိုင်အမာပြောဆိုသည်။

[စာမျက်နှာ ၁၈ ပါ အကျဉ်းဖော်ပြချက်]

မိမိတွင် အက်စ်ပါဂါရောဂါလက္ခဏာရှိကြောင်း လူများသိရှိရန် အရေးကြီးသည်ဟု ကလဲယာခံစားရ

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

အက်စ်ပါဂါရောဂါလက္ခဏာ

၁၉၄၄ ခုနှစ်တွင် ယင်းရောဂါလက္ခဏာကို ဦးစွာဖော်ထုတ်ခဲ့သည့် ဒေါက်တာ ဟန်စ် အက်စ်ပါဂါကိုအစွဲပြု၍ ခေါ်ဆိုခဲ့သည်။ သို့သော် အဆိုပါရောဂါလက္ခဏာပြသူအရေအတွက် တိုးများလာခြင်းကို နားလည်ပေးရန်နှင့် အကူအညီပေးရန် မကြာသေးမီနှစ်များအတွင်း၌သာ သုတေသနများစွာပြုလုပ်ခဲ့သည်။ ယင်းသည် အော်တစ်ဇင်မ် (ကလေးအထီးကျန်စိတ်ဝေဒနာ) လောက်မပြင်းထန်သည့် ရောဂါပုံစံလော၊ သီးခြားရောဂါပုံစံတစ်မျိုးလောဟူသည်ကိုမူ ဆေးသုတေသီများ မဝေခွဲနိုင်ကြချေ။ ယခုထက်ထိ အက်စ်ပါဂါရောဂါလက္ခဏာကိုဖြစ်စေသည့် အကြောင်းရင်းများကို မည်သူကမျှ မသိရှိပေ။ သို့သော် ယင်းသည် စိတ်လှုပ်ရှားမှုကင်းမဲ့ခြင်းကြောင့် မဟုတ်သကဲ့သို့ ကလေးတစ်ဦး၏ကြီးပြင်းလာပုံကြောင့်လည်း မဟုတ်ချေ။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]

အက်စ်ပါဂါရောဂါလက္ခဏာရှိသူတို့အား ကူညီပေးခြင်း

အက်စ်ပါဂါရောဂါလက္ခဏာရှိသူတို့ကို စိတ်ဝင်စားမှုပြရန်နှင့် သိကျွမ်းရန် ကြိုးစားပါ။ ထိုသူတို့သည် စကားစမြည်အစပြုပြောဆိုရန် အခက်တွေ့မည်ဖြစ်သော်လည်း မိတ်ဆွေများရှိလိုပြီး လိုအပ်ကြသည်ကို အသိအမှတ်ပြုပါ။ ထိုသူတို့သည် တမင်တကာ ဆက်ဆံရခက်အောင် သို့မဟုတ် အနေရခက်အောင် ပြုလုပ်ကြခြင်းမဟုတ်ချေ။

စိတ်ရှည်ပါ၊ ထိုသူတို့၏အခက်အခဲများကို နားလည်ရန် ကြိုးစားပါ။ ထို့အပြင် သူတို့သည် သင်ပြောဆိုရာကို အရှိအတိုင်း အဓိပ္ပာယ်ကောက်ယူမည်ဖြစ်သောကြောင့် ကိစ္စရပ်များကို တိတိကျကျနှင့် ရှင်းရှင်းလင်းလင်း ဖော်ပြပေးရန်လိုအပ်ကြောင်း သတိပြုပါ။ ချမှတ်ထားသော လုပ်ရိုးလုပ်စဉ်တစ်ခုကို ပြောင်းလဲရန်လိုအပ်ပါက အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး ဖြစ်နိုင်မည်ဆိုလျှင် သူတို့ထံမှ မျှော်လင့်သော လုပ်ဆောင်ပုံအသစ်ကို သရုပ်ပြပေးပါ။

သူတို့အား စိတ်မကောင်းဖြစ်စေခဲ့သည့် ကြားသိခဲ့ရာတစ်ခုခု သို့မဟုတ် တွေ့မြင်ခဲ့ရာတစ်ခုခုနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်နေကြောင်း သင်သိရှိပါက လှပသောပန်းချီကားကို ကြည့်ရှုရန် သို့မဟုတ် သာယာငြိမ့်ညောင်းသော တေးသီချင်းနားထောင်ရန် သူတို့ကို အားပေးပါ။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

တာဝန်တစ်ခုပြီးမြောက်ရန် အခြားသူများနှင့် မည်သို့ပူးပေါင်းလုပ်ဆောင်နိုင်ပုံကို ကလဲယာအား ခရစ္စရှင်းပြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကလဲယာသည် အခြားသူများနှင့် စတင်မိတ်ဆွေဖွဲ့တတ်လာ