မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

တရုတ်ပြည်တွင် “[၂၀၀၆ ခုနှစ်၌] အမေရိကန်ဒေါ်လာ ဘီလျံနာ ၁၅ ဦးရှိခဲ့ခြင်း၊ ၂၀၀၂ ခုနှစ်တွင် တစ်ဦးမျှမရှိခဲ့ခြင်းတို့နှင့် နှိုင်းယှဉ်လျှင် ၂၀၀၇ ခုနှစ်တွင် ၁၀၆ ဦး” ရှိခဲ့သည်။—CHINA DAILY, တရုတ်ပြည်။

“ရုတ်ခြည်း ခေတ်နှင့်အမီလိုက်ခြင်း . . . က အစဉ်အလာတည်ရှိခဲ့သော ဆွေမျိုးရင်းချာမိသားစုနှောင်ကြိုးအား ပျက်ပြားစေသည်ကို စိုးရိမ်ကြောင်း ဖော်ပြသည့် ဥပဒေသစ်အရ မိမိတို့၏ သက်ကြီးရွယ်အိုမိဘများအား လျစ်လျူရှုသော အိန္ဒိယလူမျိုးများသည် ထောင်ဒဏ်ချမှတ်ခံရနိုင်ဖွယ်ရှိ၏။”—ရိုက်တာ၊ အိန္ဒိယ။

“ယနေ့ အင်္ဂလန်တွင် မွတ်စလင်ဘာသာဝင်သည် အင်္ဂလီကန်ဘာသာဝင်မျှလောက် ရှိပေမည်။”—THE ECONOMIST, ဗြိတိန်။

ဆိုက်ဘေးရီးယားသစ်ပင်များ အဖိုးတန်သတ္တုများ “တူးဖော်”

ဆိုက်ဘေးရီးယား တောအုပ်များတွင် “သဘာဝရွှေများကို ဆွေးနေသောသစ်ငုတ်တိုများ၌ တွေ့ရှိနိုင်သည်” ဟုရုရှားမဂ္ဂဇင်း (Vokrug Sveta) တစ်စောင်က ဖော်ပြသည်။ ဆိုက်ဘေးရီးယား၏ မြေအောက်သတ္တုရှိသောနေရာတွင် ပေါက်သည့် အမြဲစိမ်းပင်များသည် မြေကြီးထဲမှ အရည်ပျော်နေသောသတ္တုများအား အပေါ်သို့ ဆွဲတင်ပေးသည်ကို အူလန်-အူတေမြို့၊ အီရ်ခုစ်မြို့နှင့် နိုဗိုစဗစ်မြို့တို့မှ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။ အပင်များသေပြီး ဆွေးသွားသောအခါ သတ္တုများသည် သစ်တော၏မြေမျက်နှာပြင်ပေါ်တွင် ကျန်ရစ်လေသည်။ ဆိုက်ဘေးရီးယားမှ သိပ္ပံပညာရှင်များသည် ဤဆွေးနေသောသစ်ပင်တစ်တန်၏ အကြွင်းအကျန်မှ ပလက်တီနမ် ငါးဂရမ်၊ ရွှေ ၂၀၀ မီလီဂရမ်ခန့်နှင့် ငွေ သုံးဂရမ်ကို ထုတ်ယူခဲ့သည်။

အသုဘအခမ်းအနားမှ ရှေးဦးသူနာပြု

ဩစတြေးလျနိုင်ငံရှိ သင်္ချိုင်းတစ်ခုတွင် သင်္ချိုင်းတူးသူများအား လျှစ်စစ်ဓာတ်ရိုက်ကိရိယာတစ်ခု ထုတ်ပေးခဲ့သည်။ မည်သည့်ရည်ရွယ်ချက်အတွက်နည်း။ နှလုံးရပ်သွားသော ဝမ်းနည်းပူဆွေးနေသူများ သတိပြန်ရလာစေရန်ဖြစ်သည်ဟု ဩစတြေးလျသတင်းစာ (Sun-Herald) ကဖော်ပြသည်။ “အသုဘအခမ်းအနားသည် နှလုံးရပ်သွားသူများအတွက် အန္တရာယ်ရှိသောနေရာဖြစ်သည်” ဟု လုပ်ငန်းကိုကြီးကြပ်သော စိန့်ဂျွန် လူနာတင်ယာဉ်ဝန်ဆောင်မှုမှ ပြောရေးဆိုခွင့်ရှိသူ စီစာနန်တာစန်တိုက ဆိုသည်။ “လူတို့သည် လူအုပ်ကြီးထဲတွင်ရှိနေပြီး ပူပင်သောကရောက်နေကြကာ ပူအိုက်သောနေ့များအတွက် သက်သောင့်သက်သာမရှိသည့် အခမ်းအနားဝတ်စုံများကို ဝတ်ဆင်လေ့ရှိကြသည်။” လျှပ်စစ်ဓာတ်ရိုက်ကိရိယာတွင် အသုံးပြုသူအတွက် အသံသွင်းထားသော ညွှန်ကြားချက်များ ထည့်သွင်းထားကာ ယင်းက နှလုံးရပ်တန့်သည့် သတ်သတ်မှတ်မှတ် လက္ခဏာများကို သတိပြုမိမှသာ ပူပင်သောကရောက်နေသူ၏နှလုံးကို ပြန်လည်နှိုးဆွပေးသည်။

ကွာရှင်းခြင်းသည် ပတ်ဝန်းကျင်အတွက် ဘေးဖြစ်စေ

တစ်ရှိန်တိုး တက်လာသော ကမ္ဘာချီကွာရှင်းမှုနှုန်းသည် နည်းပါးသော ရင်းမြစ်များကို သုံးစွဲမှု ပိုမိုတိုးများစေသောကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ကွာရှင်းခြင်းသည် အိမ်ထောင်များကို တိုးများစေ၍ မိသားစုဝင်ဦးရေကို လျော့နည်းစေကာ တစ်ဦးချင်းစီ၏ ပစ္စည်းရင်းမြစ်သုံးစွဲမှုကို မြင့်တက်စေသည်” ဟုသိပ္ပံမဂ္ဂဇင်း (the Proceedings of the National Academy of Sciences) တစ်စောင်မှ လေ့လာမှုတစ်ခုကဆိုသည်။ “အကယ်၍ [အမေရိကန်ပြည်ထောင်စု] ရှိ ကွာရှင်းထားသောအိမ်ထောင်များသည် မကွာရှင်းဘဲ အတူနေအိမ်ထောင်များအဖြစ် ပစ္စည်းရင်းမြစ်များကို သုံးစွဲပါက ၂၀၀၅ ခုနှစ်တစ်နှစ်တည်းတွင် အခန်းပေါင်း ၃၈ သန်းကျော်၊ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း ၇၃ ဘီလီယံနှင့် ရေဂါလံပေါင်း ၆၂၇ ဘီလီယံတို့ကို သက်သာစေနိုင်သည်။” ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်၌ ယင်းသို့သော “ရင်းမြစ်ကို အလဟဿဖြစ်စေသည့်” အိမ်ထောင်ပေါင်း ၆.၁ သန်းရှိခဲ့သည်။

ပင်အပ်ထိပ်ပေါ်ရှိ သမ္မာကျမ်းစာ

အစ္စရေး နာနိုနည်းပညာ သိပ္ပံပညာရှင်များသည် “ဓမ္မဟောင်းကျမ်း” တစ်ကျမ်းလုံးကို “ပင်အပ်ခေါင်းထက် သေးငယ်သော” စီလီကွန်ချစ်ပ်ပြား (silicon chip) ပေါ်တွင် ဟေဗြဲဘာသာစကားဖြင့် ပုံနှိပ်ရာတွင် အောင်မြင်ခဲ့ကြောင်း အင်တာနက်သတင်းတစ်ပုဒ်က ဖော်ပြသည်။ ချစ်ပ်ပြား၏ ရွှေဖြင့်ဖုံးအုပ်ထားသော မျက်နှာပြင်ပေါ်တွင် ကျမ်းစာသားကို ပုံဖော်ရန် စိန်ဒြပ်စင်အက်တမ်များ (gallium ions) ဖြစ်သည့် အလွန်သေးငယ်သော အမှုန်များ ရောင်ခြည်တန်းကို ချိန်လွှတ်ခြင်းအားဖြင့် ယင်းထူးခြားသောစွမ်းဆောင်မှုကို ပြီးမြောက်စေခဲ့သည်။ “နာနိုသမ္မာကျမ်းစာစီမံကိန်းက ကျွန်ုပ်တို့အလိုရှိသလို အလွန်သေးငယ်သည့်ပုံစံ ထုတ်လုပ်နိုင်ကြောင်း ဖော်ပြသည်” ဟုတက်အီယွန်-အစ္စရေး နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ယူရီစီဗန်က ရှင်းပြ၏။ ထို့အပြင် ၎င်းသည် “အချက်အလက်ကို အလွန်သေးငယ်သောနေရာတွင် သိမ်း” ထားနိုင်ရန် လမ်းစပွင့်သွားစေသည်။