မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ပြန်စီးသည့် မြစ်ရှိရာအရပ်

နောက်ပြန်စီးသည့် မြစ်ရှိရာအရပ်

နောက်ပြန်စီးသည့် မြစ်ရှိရာအရပ်

ကမ္ဘောဒီးယားမှ နိုးလော့! စာရေးသူ ပေးပို့သည်

နောက်ပြန်စီးသောမြစ်ကို သင်မြင်ဖူးပါသလော။ နှစ်ဝက်ပတ်လုံး ရေအောက်မြှုပ်နေသည့် သစ်တောကို မြင်ဖူးပါသလော။ ရေပေါ်အိမ်များတွင်နေထိုင်၍ ရေခန်းသွားသောအခါ ပြောင်းရွှေ့ရသောလူများကို သင်သိပါသလော။ “မဖြစ်နိုင်တာ” ဟုသင်ပြောပေမည်။ သို့ဆိုလျှင် မိုးရာသီတွင် ကမ္ဘောဒီးယားနိုင်ငံကို လည်ပတ်ပြီးသောအခါ သင်စိတ်ပြောင်းသွားပေလိမ့်မည်။

မေလလယ်မှ အောက်တိုဘာလအထိ နေ့စဉ် ကြည်လင်သော နံနက်ခင်းကောင်းကင်ယံသည် မဲမှောင်လာပြီး မွန်းလွဲပိုင်းတွင် မိုးများသည်းထန်စွာ ရွာသွန်းသည်။ ယခင်က ခြောက်သွေ့၍ ဖုန်ထူနေသောနေရာများတွင် ရေများ စီးဆင်းလာပြီး မြစ်ရေများ လျှံတက်လာသည်။

အဘယ်ကြောင့် နောက်ပြန်စီးရ

ပူးတွဲပါမြေပုံကိုကြည့်ပါ။ မဟာမဲခေါင်မြစ်နှင့် တန်လေဆပ်မြစ်တို့ ပေါင်းဆုံရာဒေသကို သတိပြုပါ။ ရေများပေါင်းဆုံပြီးသည့်နောက် မဲခေါင်မြစ်မကြီးနှင့် ဘာဆက်မြစ်ထဲသို့ ခွဲဝင်စီးဆင်းသွားသည်။ ထို့နောက် ၎င်းတို့သည် တောင်ဘက်မှနေ၍ ဗီယက်နမ်နိုင်ငံကို ဆက်လက်ဖြတ်သန်းစီးဆင်းသွားပြီး မဟာမဲခေါင်မြစ်ဝကျွန်းပေါ်ဒေသဖြစ်လာသည်။

မိုးရာသီစတင်သည်နှင့် မကြာမီတွင် မြစ်ဝကျွန်းပေါ်ဒေသ၏အနိမ့်ပိုင်းများ၌ ရေလျှံလာသည်။ တစ်ဟုန်ထိုးစီးဆင်းသောရေထုကြောင့် ရာသီဥတုအလိုက် ခြောက်သွေ့နေသော မြစ်လက်တက်များ ရေလျှံတက်လာသည်။ မိုးတွင်းကာလ ဆက်သွားနေသည်နှင့်အမျှ တန်လေဆပ်မြစ်တွင် ရေတက်လာပြီး ခါတိုင်းကဲ့သို့ တောင်ဘက်သို့စီးဆင်းမည့်အစား မြောက်ဘက်သို့ စီးလေတော့သည်။ ဤနည်းဖြင့် လျှံနေသောမြစ်ရေသည် တန်လေဆပ်ကန်သို့ရောက်သည့်အထိ နောက်ပြန်စီးသည်။

ဤကန်သည် ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မြို့မှ ၆၅ မိုင်ခန့်အကွာတွင်ရှိသော ရေတိမ်ပိုင်းမြေပြန့်လွင်ပြင်တွင် တည်ရှိသည်။ ခြောက်သွေ့ရာသီတွင် ကန်မျက်နှာပြင်ဧရိယာသည် ၁,၀၀၀ စတုရန်းမိုင်ခန့်ရှိသည်။ သို့သော် စိုစွတ်ရာသီတွင် ရေထုသည် ၎င်း၏ဧရိယာကို သာမန်အရွယ်အစားထက် လေးငါးဆခန့် ကျယ်ပြန့်လာစေပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးသောရေချိုကန်ကြီး ဖြစ်လာစေသည်။

တစ်ချိန်က လယ်ကွင်းများ၊ လမ်းများ၊ သစ်ပင်များနှင့် ရွာများဖြစ်ခဲ့သော နယ်မြေများသည် ယခု ရွှံ့ညွန်များဖြစ်နေသည်။ သုံးပေသာနက်သောရေပြင်တွင် လှေများဖြင့် သွားလာခဲ့ကြသော တံငါသည်များသည် ပေ ၃၀ မြင့်သောသစ်ပင်ကြီးများအထက်တွင် ညက်ညောစွာသွားလာကြသည်။ အခြားနေရာတွင်မူ ဤသို့ကြီးမားကျယ်ပြန့်စွာ ရေလွှမ်းမိုးခြင်းကို ဘေးအန္တရာယ်တစ်ခုအဖြစ် ရှုမြင်လေ့ရှိသည်။ သို့သော် ကမ္ဘောဒီးယားမှ လူများသည် ယင်းကို ကောင်းချီးအဖြစ် ရှုမြင်ကြသည်။ အဘယ်ကြောင့်နည်း။

ရေလျှံခြင်းသည် ကောင်းချီးတစ်ခုဖြစ်သောအခါ

နောက်ပြန်စီးသော တန်လေဆပ်မြစ်သည် တန်လေဆပ်ရေကန်တွင် ကြွယ်ဝသောမြေဆီမြေနှစ်များဖြင့် နုန်းတင်စေသည်။ ထို့ပြင် မဲခေါင်မြစ်နှင့် ငါးအများအပြား ပေါက်ဖွားသောဝန်းကျင်တို့မှ ငါးအမြောက်အမြားသည် ကန်အတွင်းသို့ ဆန်တက်လာကြသည်။ အမှန်မှာ တန်လေဆပ်ကန်သည် ကမ္ဘာပေါ်တွင် ရေချိုငါးအများဆုံးရှိသည့်ကန်များထဲမှ တစ်ခုဖြစ်သည်။ မိုးရာသီကုန်ဆုံးသွားသောအခါ ကန်ရေများ လျင်မြန်စွာခန်းသွားပြီးနောက် တံငါသည်များသည် သစ်ပင်များပေါ်တွင် တင်နေသောငါများကို ကောက်ယူရလေ့ရှိသည်။

ဤသို့ နှစ်စဉ်ရေလျှံခြင်းက လှုပ်ရှားပြောင်းလဲသော ဂေဟစနစ်ကို ဖြစ်ပေါ်စေသည်။ ရေလွှမ်းမိုးသောဒေသမှ အပင်များနှင့် ဟင်းသီးဟင်းရွက်များသည် ရေမလွှမ်းသောဒေသမှ အပင်များ၏ ကြီးထွားမှုဖြစ်စဉ်နှင့် ခြားနားသည်။ သာမန်အားဖြင့် အပူပိုင်းဒေသတွင် ပေါက်ရောက်သောအပင်များသည် နှေးကွေးစွာ ကြီးထွားကြပြီး ခြောက်သွေ့ရာသီတွင် ရွက်ဟောင်းများကြွေကာ စိုစွတ်ရာသီတွင် ရွက်နုများ ထွက်လာသည်။ ယင်းနှင့်ဆန့်ကျင်လျက် တန်လေဆပ်ဒေသမှအပင်များသည် မိုးရေများလျှံတက်၍ နှစ်မြှုပ်သွားချိန်အထိ အရွက်မကြွေသေးချေ။ စိုစွတ်သောရာသီတွင် ကြီးထွားမှုလျင်မြန်ရမည့်အစား နှေးကွေးသည်။ ရေများကျသွားပြီးနောက် ခြောက်သွေ့ရာသီအစပြုသောအခါ သစ်ကိုင်းများတွင် အညှောက်အစို့များထွက်လာပြီး အရွက်များ လျင်မြန်စွာကြီးထွားလာသည်။ ရေကန်တွင် ရေခန်းသွားသောအခါ မြေပြင်သည် သစ်ရွက်ဆွေးများ ဖုံးလွှမ်းနေပြီး ယင်းကခြောက်သွေ့ရာသီအတွင်းရှိ သစ်ပင်နှင့် အခြားအပင်များအား အာဟာရ,ရရှိစေသည်။

ခြေတံရှည်အိမ်များနှင့် ကျွန်းမျှောများပေါ်တွင် နေထိုင်ခြင်း

လူများကော အသို့နည်း။ ကန်အတွင်းနေထိုင်သူအချို့သည် ခြေတံရှည်အိမ်ငယ်လေးများ ဆောက်လုပ်ကြသည်။ ခြောက်သွေ့ရာသီ၌ ဤအိမ်များသည် မြေပြင်မှ ပေ ၂၀ အမြင့်တွင် တည်ရှိသည်။ သို့သော် ရေအကြီးဆုံးအချိန်တွင် ကလေးများအား အိမ်တံခါးပေါက်အထိ သယ်ယူပို့ဆောင်ပေးရန် တစ်ခါတစ်ရံ တံငါလှေများနှင့် သတ္တုစည်ပိုင်းကြီးများကို အသုံးပြုကြသည်။

ကန်အတွင်းနေထိုင်သော အခြားသူများသည် ကျွန်းမျှောပေါ်တွင် ဆောက်ထားသော အိမ်များဖြစ်သည့် လှေအိမ်တစ်မျိုးပေါ်တွင် နေထိုင်ကြသည်။ မိသားစုကြီးလာသောအခါ နောက်ထပ်ကျွန်းမျှောတစ်ခုနှင့် တွဲချိတ်ကာ အိမ်ကို တိုးချဲ့ကြသည်။ ကန်ထဲတွင် ရေပေါ်ရွာ ၁၇၀ ခန့်ရှိသည်။

နေ့အချိန်တွင် လူငယ်လူကြီးများသည် ရေပေါ်တွင် မြှုံးများ၊ ပိုက်များဖြင့် ငါးဖမ်းကြသည်။ ကမ်းခြေအသစ်အနီးတွင် သို့မဟုတ် ငါးပိုထွက်ရှိသည့်နေရာတွင် တည်ရှိနေစေရန် ရေမျက်နှာပြင် အတက်အကျအလိုက် အိမ်များ သို့မဟုတ် တစ်ရွာလုံးသည် မိုင်ပေါင်းများစွာဝေးသည့်နေရာသို့ ရွှေ့ပြောင်းကြပေမည်။

ကနူးလှေရှည်ကြီးများသည် ကုန်ခြောက်ဆိုင် သို့မဟုတ် ရေပေါ်ဈေးများဖြစ်လာ၍ လူများ၏ နေ့စဉ်လိုအပ်ရာအမျိုးမျိုးကို ထောက်ပံ့ပေးနိုင်ကာ “ဘတ်စကားများ” ပင်ဖြစ်လာသည်။ ကလေးများသည် ရေပေါ်ကျောင်းဆောင်တွင် ကျောင်းတက်ကြသည်။ အပင်များမှအစ လူများအထိ အရာအားလုံးသည် နောက်ပြန်စီးသည့်မြစ်ရှိရာဒေသမှ ရေများ၏ စီးဆင်းပုံနှင့်အညီ အသက်ရှင်နေထိုင်ကြသည်။

[စာမျက်နှာ ၁၅ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ခြောက်သွေ့ရာသီ

စိုစွတ်ရာသီ

ကမ္ဘောဒီးယား

တန်လေဆပ်ကန်

တန်လေဆပ်မြစ်

မဲခေါင်မြစ်

ဖနွမ်းပင်

ဘာဆက်မြစ်

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ

ဗီယက်နမ်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

တန်လေဆပ်မြစ်တစ်လျှောက် လှော်ခတ်နေသော ယောက်ျားလေးတစ်ဦး

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံများ]

ရွာတစ်ရွာ၏ ခြောက်သွေ့ရာသီရှိအခြေအနေနှင့် စိုစွတ်ရာသီရှိအခြေအနေ၏ပုံများ

[Picture Credit Lines on page 15]

Map: Based on NASA/​Visible Earth imagery; village photos: FAO/​Gordon Sharpless