မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အိမ်ပြန်ချိန် သတ်မှတ်ပေးတာကို ငါ ဘယ်လို ရှုမြင်သင့်သလဲ

အိမ်ပြန်ချိန် သတ်မှတ်ပေးတာကို ငါ ဘယ်လို ရှုမြင်သင့်သလဲ

သင်သည် ညနေခင်းတွင် သင့်သူငယ်ချင်းများနှင့်အတူ အပြင်ထွက်သွားပြီးနောက် အိမ်ပြန်လာသည်။ အချိန်မှာ နောက်ကျနေပြီ။ သင့်မိဘများ သတ်မှတ်ပေးထားသည့် အချိန်ထက် ကျော်ပြီး အပြင်ထွက်လည်ခဲ့သည်ဖြစ်၍ ယခု သင့်မိဘများနှင့် မဖြစ်မနေ ရင်ဆိုင်ရတော့မည်။ အိမ်ထဲမဝင်မီ သင် ချီတုံချတုံ ဖြစ်နေသည်။ ‘ဖေဖေနဲ့မေမေ အိပ်နေလောက်ပြီ’ ဟု သင် မျှော်လင့်သည်။ သင် တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်၊ ထိုတွင် နာရီကိုကြည့်ကာ ဖြေရှင်းချက်ကို စောင့်နေသော သင့်မိဘများ ရပ်နေသည်။

အထက်ပါ ဇာတ်လမ်းကို သင်အကျွမ်းတဝင် ရှိပါသလော။ အကျိုးသင့်အကြောင်းသင့်ဖြစ်သော အိမ်ပြန်ချိန် သတ်မှတ်ချက်တစ်ခု ပြုလုပ်ရာတွင် အဘယ်အရာ ပါဝင်ရမည်နှင့်ပတ်သက်၍ သင်နှင့် သင့်မိဘများ အမြဲတစေ ကတောက်ကဆတ် ဖြစ်နေပါသလော။ “သာယာလှပပြီး လုံခြုံတဲ့ဒေသမှာ ကျွန်မတို့ နေထိုင်တယ်၊ ဒါပေမဲ့ ကျွန်မမိဘတွေ မျက်ကလဲဆန်ပြာမဖြစ်ဘဲ ညသန်းခေါင်ကျော်တဲ့အထိ အပြင်ထွက်လည်လို့ မရဘူး” ဟု ၁၇ နှစ်အရွယ် ဒီဘိုရက ပြောသည်။ *

အိမ်ပြန်ချိန် သတ်မှတ်ချက်များသည် အဘယ်ကြောင့် လိုက်နာရန် အလွန်ခက်သနည်း။ လွတ်လပ်မှုကို ပို၍လိုချင်သည့် ဆန္ဒသည် မှားသလော။ တင်းကျပ်သော အိမ်ပြန်ချိန် သတ်မှတ်ချက်တစ်ခုကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။

ပြဿနာများ

အိမ်ပြန်ချိန် သတ်မှတ်ချက်များသည် အလွန်စိတ်ပျက်ဖွယ် ကောင်းနိုင်သည်၊ အထူးသဖြင့် သင့်သူငယ်ချင်းများနှင့်အတူ နေရသည့်အချိန်ကို သတ်မှတ်လိုက်ခြင်းတွင် ဖြစ်သည်။ “ကျွန်မရဲ့ အိမ်ပြန်ချိန် သတ်မှတ်ချက်က ကျွန်မကို တကယ်စိတ်ပျက်စေတယ်” ဟု ၁၇ နှစ်အရွယ် နာတာရှာက ပြောသည်။ “တစ်ခါတုန်းက ကျွန်မရဲ့သူငယ်ချင်းတွေနဲ့အတူ ခပ်လှမ်းလှမ်းက တစ်အိမ်မှာ ရုပ်ရှင်ကြည့်နေတယ်ဆိုတာ ကျွန်မမိဘတွေ သိသွားတယ်။ ကျွန်မ နှစ်မိနစ်လောက်နောက်ကျတာနဲ့ ဘာဖြစ်လို့ အိမ်ပြန်မလာသေးတာလဲဆိုပြီး ဖုန်းဆက်မေးခဲ့တယ်။”

စတေစီဆိုသည့်မိန်းကလေးတစ်ဦးက အခြားပြဿနာကို ထောက်ပြသည်။ “အမေနဲ့အဖေ အိပ်ရာမဝင်ခင် ကျွန်မကို အိမ်ပြန်ရောက်နေဖို့ မျှော်လင့်ကြတယ်။ အကယ်၍ ကျွန်မကို သူတို့စောင့်နေရပြီဆိုရင်တော့ မောပန်းပြီး ဒေါသထွက်နေတဲ့ မိဘတွေနဲ့ ရင်ဆိုင်ရတော့တာပဲ။” ထို့နောက်တွင်ကော။ “အပြစ်ရှိတယ်လို့ ကျွန်မကို ခံစားရအောင် သူတို့လုပ်တယ်။” စတေစီ ဤသို့ထပ်ပြောသည်– “အဲဒီလိုလုပ်တာ အရမ်းစိတ်အနှောင့်အယှက်ဖြစ်တယ်။ သူတို့ ဘာကြောင့် အိပ်ရာမဝင်သေးတာလဲဆိုတာ ကျွန်မ နားမလည်နိုင်ဘူး။” ထိုကဲ့သို့သော ပဋိပက္ခများသည် ဤသို့ပြောခဲ့သည့် ၁၈ နှစ်အရွယ် ကေတီနှင့် ဆင်တူသောခံစားချက်မျိုး သင့်တွင် ဖြစ်ပေါ်လာစေနိုင်သည်– “ကျွန်မကို ကျွန်မမိဘတွေ လွတ်လပ်မှု ပိုပေးစေချင်တယ်၊ အဲဒီလိုသာဆိုရင် ကျွန်မကို လွတ်လပ်မှု ပိုပေးဖို့ သူတို့ကို ဖိအားပေးရမယ်လို့ ခံစားရတော့မှာ မဟုတ်ဘူး။”

ကိုးကားထားသော လူငယ်များ၏ ခံစားချက်များနည်းတူ သင်လည်း ပြောပြကောင်း ပြောပြပေမည်။ အကယ်၍ ယင်းသို့ဖြစ်လျှင် ဤမေးခွန်းကို မိမိကိုယ်ကိုယ် မေးပါ–

ကျွန်ုပ်သည် အိမ်ပြင်တွင် အချိန်ဖြုန်းရခြင်းကို အဘယ်ကြောင့် ပျော်ရွှင်သနည်း။

  • ယင်းက ကျွန်ုပ်ကို လွတ်လပ်မှုရှိသည်ဟု ခံစားရစေသည်။

  • ယင်းက စိတ်ဖိစီးမှုများကို လျော့နည်းရန် အကူအညီ ဖြစ်စေသည်။

  • ယင်းက ကျွန်ုပ်၏သူငယ်ချင်းများနှင့်အတူ ရှိနေစေသည်။

ထိုအကြောင်းပြချက်များသည် သာမန်ဖြစ်သည်။ သင် ကြီးပြင်းလာသည်နှင့်အမျှ လွတ်လပ်မှု ပိုလိုချင်သည်မှာ သဘာဝသာဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အပန်းဖြေမှုများကို စိတ်ပြေလက်ပျောက် ပြုလုပ်နိုင်သည်။ ထို့ပြင် သမ္မာကျမ်းစာက သင့်အပေါ် ကောင်းသောသြဇာ လွှမ်းမိုးမည့်သူများနှင့် မိတ်ဆွေဖွဲ့ရန် တိုက်တွန်းထားသည်။ (ဆာလံ ၁၁၉:၆၃။ ၂ တိမောသေ ၂:၂၂) အကယ်၍ သင်သည် တစ်ချိန်လုံး အိမ်တွင် ရှိနေရမည်ဆိုလျှင် ယင်းအချက်မှာ စိန်ခေါ်ချက် ဖြစ်နိုင်ပါသည်။

သို့သော်၊ တင်းကျပ်လွန်းသည်ဟု သင်ထင်သော အိမ်ပြန်ချိန် သတ်မှတ်ချက်တစ်ခုကို တွေ့ကြုံရသောအခါ အထက်ပါ လွတ်လပ်မှုများကို သင် မည်သို့ ရရှိနိုင်မည်နည်း။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ။

စိန်ခေါ်ချက် #၁– အိမ်ပြန်ချိန် သတ်မှတ်မှုသည် ကလေးဆန်သည်ဟု သင် ခံစားရ၏။

“တစ်ယောက်ယောက်က ကျွန်မကို စောစောအိမ်ပြန်ပို့ပေးနိုင်ဖို့ တခြားသူတွေရဲ့ ညချမ်းကို နှောင့်ယှက်မိတဲ့အတွက် ကျွန်မကိုယ်ကျွန်မ ကလေးတစ်ယောက်လို ခံစားခဲ့ရတယ်” ဟု ယခု ၂၁ နှစ်အရွယ် အန်ဒရီယာက ပြန်ပြောပြသည်။

ယာဉ်မောင်းလိုင်စင်တစ်ခုနည်းတူ သင့်အိမ်ပြန်ချိန် သတ်မှတ်ချက်သည် တိုးတက်မှုလက္ခဏာတစ်ခု ဖြစ်သည်

အဘယ်အရာက ကူညီပေးနိုင်သနည်း– ဦးဆုံးအကြိမ် ယာဉ်မောင်းလိုင်စင်တစ်ခုကို ရယူနေသည်ဟု မြင်ယောင်ကြည့်ပါ။ အချို့သောဒေသများတွင် အဘယ်နေရာ၊ အဘယ်အချိန် သို့မဟုတ် အနည်းဆုံး တစ်စုံတစ်ရာသော အသက်အရွယ်အထိ မည်သူနှင့်အတူ သင့်ကို မောင်းနှင်ရန် ခွင့်ပြုသည်တို့ကို တားမြစ်ထားသည့် ဥပဒေပြဋ္ဌာန်းချက်များ ရှိသည်။ ထိုလိုင်စင်ကို မယူတော့ရန် သင် ဆုံးဖြတ်မည်လော၊ “အကယ်၍ အကန့်အသတ်မဲ့ လွတ်လပ်မှု မရဘူးဆိုရင် ကျွန်တော် ကားမမောင်းတော့ဘူး” ဟု စောဒကတက်မည်လော။ တက်မည် မဟုတ်ပါ။ လိုင်စင်ရရှိခြင်းကို ကြီးမားသော ပြီးမြောက်မှုတစ်ခုအဖြစ် သင် ရှုမြင်ပေမည်။

အလားတူ၊ အိမ်ပြန်ချိန် ကန့်သတ်ချက်ကို မှန်ကန်သော လမ်းကြောင်းပေါ်တွင် အဆင့်တစ်ဆင့်သို့ တက်လှမ်းစေနိုင်သော တိုးတက်မှုလက္ခဏာတစ်ခုအဖြစ် ကြိုးစား၍ ရှုမြင်ပါ။ ကန့်သတ်ချက်များကို မဟုတ်ဘဲ ယင်းက သင့်ကိုပေးသော လွတ်လပ်မှုအပေါ်တွင် အာရုံစိုက်ပါ။ သင်ငယ်ရွယ်စဉ်ကထက် ယခု ပို၍ လွတ်လပ်မှု မရရှိပေလော။

ယင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း– အချိန်ကန့်သတ်ချက်တစ်ခုကို အတားအဆီးတစ်ခုအနေဖြင့် မဟုတ်ဘဲ အခွင့်အရေးတစ်ခုအဖြစ် သင် ရှုမြင်သည်ဆိုလျှင် ယင်းကို လက်ခံရန် လွယ်ကူပေမည်။ ယခုအချိန်တွင် သင့်မိဘများ ချမှတ်ထားသော အိမ်ပြန်ချိန် သတ်မှတ်ချက်ကို လိုက်နာမည်ဆိုပါက နောက်ပိုင်းတွင် သင့်အား လွတ်လပ်မှု ပိုပေးကောင်း ပေးပေမည်။—လုကာ ၁၆:၁၀

စိန်ခေါ်ချက် #၂– အိမ်ပြန်ချိန် သတ်မှတ်ချက်သည် အဘယ်ကြောင့် အလွန်စောနေရကြောင်း သင် နားမလည်နိုင်ပါ။

မိမိ၏အိမ်ပြန်ချိန် သတ်မှတ်ချက်ကို သဘောမကျသော နီကီ ဤသို့ပြောသည်– “ကျွန်မအမေဟာ စည်းကမ်းတွေ ချမှတ်ရတာကို ကြိုက်တာနဲ့ပဲ စည်းကမ်းတွေ ချမှတ်နေတယ်လို့ ကျွန်မ တွေးမိတယ်။”

အဘယ်အရာက ကူညီပေးနိုင်သနည်း– နယပုံပြင် ၁၅:၂၂ တွင်တွေ့ရသော မူကို လက်တွေ့ကျင့်သုံးပါ၊ ဤသို့ပြောသည်– “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏။” ကိစ္စကို သင့်မိဘများနှင့် အေးအေးဆေးဆေး ဆွေးနွေးပါ။ သင့်မိဘများသည် အဘယ်ကြောင့် ထိုအချိန်ကို သတ်မှတ်ရကြောင်း သိရှိရန် ကြိုးစားပါ။ *

ယင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း– သင့်မိဘများ၏ အကြောင်းပြချက်ကို နားထောင်ခြင်းက နားလည်သဘောပေါက် လာစေနိုင်သည်။ “ညဘက်မှာ ကျွန်တော် အိမ်ကို ချောချောမောမော ပြန်မရောက်မချင်း အမေ အိပ်မပျော်ဘူးလို့ အဖေက ပြောပြတယ်။ ကျွန်တော် အဲဒီအချက်ကို တစ်ခါမှ မစဉ်းစားမိဘူး” ဟု စတီဖင်က ဆိုသည်။

သတိရပါ– ဒေါသထွက်ပြီး စောဒကတက်မည့်အစား ကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးခြင်းက အမြဲကောင်းပါသည်—ယင်းက အကျိုးရလဒ်များ ရရှိစေမည်မှာ သေချာပါသည်။ “အကယ်၍ ကျွန်မ မိဘတွေကို ဒေါသထွက်လိုက်မယ်ဆိုရင် အများအားဖြင့် ကျွန်မ လုပ်ချင်တဲ့ နောက်ထပ်အရာအချို့ကို မလုပ်ရအောင် တားဆီးတာ ဖြစ်သွားတတ်တယ်” ဟု အထက်တွင် ကိုးကားခဲ့သော နာတာရှာက ပြောသည်။

စိန်ခေါ်ချက် #၃– သင့်မိဘများသည် သင့်အသက်တာကို ထိန်းချုပ်ထားသည်ဟု သင် ခံစားရသည်။

အချိန်ကန့်သတ်ချက်တစ်ခုပါဝင်နိုင်မည့် မိသားစုစည်းမျဉ်းများသည် သင်တို့၏ကောင်းကျိုးအတွက်ဟု တစ်ခါတစ်ရံ မိဘများ ပြောသည်။ “ကျွန်တော့်မိဘတွေ မိသားစုစည်းမျဉ်းတွေအကြောင်း ပြောတဲ့အချိန်မှာ သူတို့တွေဟာ ကျွန်တော့်ကို ကိုယ်ပိုင်ရွေးချယ်မှု မပြုလုပ်စေချင်ဘူး ဒါမှမဟုတ် ကျွန်တော့်ရဲ့သဘောထားကို မဖော်ပြစေချင်ဘူးလို့ ကျွန်တော် ခံစားရတယ်” ဟုအသက် ၂၀ အရွယ် ဘရန်ဒီက ပြောသည်။

အဘယ်အရာက ကူညီပေးနိုင်သနည်း– မဿဲ ၅:၄၁ တွင် မှတ်တမ်းတင်ထားသော ယေရှု၏ အကြုံပြုချက်ကို လိုက်လျှောက်ရန် သင် ရွေးချယ်နိုင်ပါသည်– “အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတစ်တိုင် သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင် သွားဦးလော့။” အက်ရှ်လေနှင့် သူ၏အစ်ကိုသည် ယင်းမူကို ကျင့်သုံးရန် လက်တွေ့ကျနည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။ “အများအားဖြင့် သတ်မှတ်ထားတဲ့အချိန်ထက် ၁၅ မိနစ်စောပြီး အိမ်ပြန်ရောက်ဖို့ ကျွန်မတို့ ကြိုးစားတယ်” ဟု သူပြောသည်။ ယင်းနှင့်ဆင်တူသော ပန်းတိုင်တစ်ခု သင် ချမှတ်နိုင်ပါသလော။

ယင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း– တာဝန်ရှိ၍ လုပ်ရသည်ထက် လုပ်ချင်သည့်အတွက် ကိစ္စရပ်များ လုပ်ဆောင်ရသည်မှာ ပို၍နှစ်သက်ပျော်မွေ့ဖွယ် ကောင်းသည်။ ဤအချက်ကို စဉ်းစားကြည့်ပါ– အချိန်အနည်းငယ်စော၍ အိမ်ပြန်ရောက်ရန် သင် ရွေးချယ်သောအခါ သင့်အချိန်ကို သင် ထိန်းချုပ်ထားသည်။ ထို့ပြင်၊ ဤမူကို သင့်အား အမှတ်ရစေပေမည်– “သို့သော် ငါသည် သင်၏သဘောတူညီချက်မရဘဲ မည်သည့်အရာကိုမျှ မပြုလို။ သင် ကောင်းမှုပြုခြင်းသည် အတင်းအကျပ်ခိုင်းစေခံရ၍ မဟုတ်ဘဲ စိတ်လိုကိုယ်လျောက်ပြုလုပ်ခြင်း ဖြစ်စေလို၏။”—ဖိလေမုန် ၁၄ကဘ

အိမ်သို့ စောစောပြန်ခြင်းသည် သင့်မိဘများ၏ ယုံကြည်မှုကိုလည်း ရရှိစေပြီး ယင်းက သင့်ကို လွတ်လပ်မှု ပိုပေးရန် ခွင့်ပြုစေသည့် ရလဒ်များကို ဖြစ်ပေါ်စေလေ့ရှိသည်။ “သင့်မိဘတွေရဲ့ ယုံကြည်မှုကို ရရှိရင် သူတို့တွေက သင့်ကို လွတ်လပ်မှု ပိုပေးလိမ့်မယ်” ဟူသည့် အချက်ကို ၁၈ နှစ်အရွယ် ဝေ့ဒ် သတိပြုမိသည်။

သင့်အချိန်ကန့်သတ်ချက်က ဖြစ်ပေါ်စေသော နောက်စိန်ခေါ်ချက်ကို ရေးချပါ။

ယင်းစိန်ခေါ်ချက်ကို ကျော်လွှားရန် သင့်အား အဘယ်အရာက ကူညီနိုင်သနည်း။

ယင်းသည် အကျိုးရှိနိုင်သည်ဟု သင် အဘယ်ကြောင့် ထင်သနည်း။

တစ်ချိန်ချိန်တွင် သင်သည် သင့်မိဘ၏အိမ်မှ ထွက်ခွာကောင်း ထွက်ခွာလိမ့်မည်ဖြစ်ပြီး မြောက်မြားလှသော လွတ်လပ်မှုများ ရရှိပါလိမ့်မည်။ ဤအချိန်အတောအတွင်း သည်းခံပါ။ “သင်လိုချင်တဲ့ လွတ်လပ်မှုအားလုံးကိုတော့ သင် ရနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သတ်မှတ်ချက်တွေကို လေးစားမယ်ဆိုရင် သင့်ဆယ်ကျော်သက်နှစ်တွေအတွင်းမှာ စိတ်ဆင်းရဲစရာရှိမှာ မဟုတ်ဘူး” ဟုအသက် ၂၀ အရွယ် တီဖင်နီက ပြောသည်။

 

^ အပိုဒ်၊ 4 ဤဆောင်းပါးတွင် နာမည်အချို့ ပြောင်းထားသည်။

^ အပိုဒ်၊ 21 အကြံပြုချက်အတွက် ဒီဇင်ဘာ ၂၀၀၆ နိုးလော့! မှ “လူငယ်များအမေး . . . ဘာကြောင့် စည်းကမ်းတွေ ဒီလောက်များရတာလဲ” ဆောင်းပါးကို ကြည့်ပါ။

ချင့်တွေးစရာ

  • သင့်အတွက် သင့်မိဘများ၏ စိုးရိမ်ပူပန်မှုကို အိမ်ပြန်ချိန် သတ်မှတ်ချက်က မည်သို့ ဖော်ပြသနည်း။

  • သင်သည် အိမ်ပြန်ချိန် သတ်မှတ်ချက်ကို ချိုးဖောက်ခဲ့သည်ဆိုလျှင် သင့်မိဘများ၏ ယုံကြည်မှုကို မည်သို့ ပြန်လည်ရယူနိုင်သနည်း။