မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ယေဟောဝါသက်သေများ၏ တရားဝင်ဝက်ဘ်ဆိုက် (www.watchtower.org) တွင် ယခုအခါ အချက်အလက်များကို ဘာသာစကားပေါင်း ၃၁၄ မျိုးဖြင့် ပြင်ဆင်ပေးထားသည်။ လွန်ခဲ့သောနှစ်တွင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုခဲ့သူများမှာ တစ်ရက်လျှင် ပျမ်းမျှ ၆၀,၀၀၀ ကျော်နှုန်းဖြင့် ၂၂ သန်းကျော်ရှိခဲ့သည်။

“လုံခြုံမှုရှိရန်နှင့် လူတိုင်း ရေအလုံအလောက်ရရှိရန် စိန်ခေါ်ချက်တို့သည် ယနေ့ကမ္ဘာအတွက် အခက်ခဲဆုံးပြဿနာများထဲမှ တစ်ခုဖြစ်သည်။ ရေလိုအပ်သောနေရာတွင် သေနတ်များကို ကျွန်ုပ်တို့တွေ့ရလေ့ရှိသည်။”—ဘန်ကီမွန်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်။

ပျော်ရွှင်ခြင်းနှင့် ကျန်းမာရေး

ပျော်ရွှင်ပြီး အပြုသဘောရှိသူများသည် ဖိစီးမှုဒဏ်ခံနေရသော၊ ရန်လိုသော သို့မဟုတ် အဆိုးမြင်ဝါဒရှိသူများထက် များသောအားဖြင့် ကျန်းမာရေးပိုကောင်းပုံရကြောင်း ကြာမြင့်စွာကပင် ယူဆခဲ့ကြသည်။ မကြာသေးမီက လေ့လာမှုတစ်ခု၌ “ပျော်ပျော်နေတတ်” သူများတွင် အချိန်အတော်ကြာ တိုးမြှင့်လာသောအခါ ဖျားနာမှုအမျိုးမျိုးကို ဖြစ်ပွားစေနိုင်သည့် ဖိစီးမှုဒဏ်ဟော်မုန်း—ကော်တီဆောပါဝင်မှုနှုန်း လျော့နည်းကြောင်း သုတေသီများက ကောက်ချက်ချခဲ့ကြသည်။ ထိုသို့သောသူများတွင် “ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းနာပျံ့နှံ့မှုကို ဖြစ်စေသော ပရိုတင်းနှစ်မျိုးပါဝင်မှုနှုန်းလည်း လျော့နည်းကြသည်။” လန်ဒန်၊ တက္ကသိုလ်ကောလိပ်မှ ဒေါက်တာ အန်ဒရူး စတပ်တိုး၏ပြောပြချက်အရ “ကျွန်ုပ်တို့၏စိတ်နေသဘောထားသည် မိဘများထံမှ အမွေခံခဲ့ရမှုကြောင့်သာမက လူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံပုံနှင့် ဘဝတွင်ရည်ရွယ်ချက်တစ်ခု ရှိမရှိဆိုသည့် ကျွန်ုပ်တို့၏ခံစားချက်အပေါ်တွင်လည်း မူတည်သည်။”

လပတ်လမ်းကြောင်းကို အဆင့်မြင့်နည်းပညာဖြင့် လေ့လာ

မွတ်စလင်များသည် ရာမာဒန်လအကုန် ဥပုသ်ထွက်သည့်နေ့မှစ၍ လဆန်းစအပိုင်းကို နှစ်ပေါင်းရာနှင့်ချီ၍ စောင့်ကြည့်ခဲ့ကြသည်။ ထုံးတမ်းစဉ်လာအရ အချို့သောနေရာများတွင် ဘာသာရေးခေါင်းဆောင်တစ်ဦးမှ ဘာသာဝင်များအတွက် ကြေညာချက်တစ်ခုထုတ်ပြန်ပြီးနောက် ၎င်းတို့သည် ပကတိမျက်စိဖြင့် လကိုစောင့်ကြည့်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အချို့သောဘာသာရေးခေါင်းဆောင်များသည် အဆင့်မြင့်နည်းပညာများ အသုံးပြုခြင်းကို ခွင့်ပြုခဲ့ကြသည်။ အီရန်လူမျိုး နက္ခတ္တဗေဒပညာရှင်များသည် ၎င်းတို့၏တွေ့ မြင်မှုများကို အတည်ပြုပေးသော ဘာသာရေးခေါင်းဆောင်များနှင့်တွဲ၍ ယခုအခါ အရုပ်ကြည်လင်ပြတ်သားမှုမြင့်မားသော အဝေးကြည့်မှန်ပြောင်းများ၊ ညကြည့်ကိရိယာများနှင့် အပြောင်းအလဲအသေးအဖွဲလေးကိုပင် မှတ်တမ်းတင်နိုင်သော စောင့်ကြည့်ကိရိယာများ တင်ဆောင်ထားသည့် လေယာဉ်များကိုပင် အသုံးပြုနေကြသည်။ လဆန်းစအပိုင်းကို စောစောမြင်ရလေ အခါကြီးရက်ကြီးကို စောစောစတင်နိုင်လေဖြစ်သည်။

နို့စို့ကလေးများတွင် လူမှုရေးစွမ်းရည်များရှိသလော

အသက်ခြောက်လသာရှိသော ကလေးငယ်များသည် “စကားမပြော [နိုင်] မီတွင် လူတို့၏အပြုအမူကို အကဲဖြတ်နိုင်စွမ်းများဖွံ့ဖြိုးလာကြ” ကြောင်း အမေရိကန်နိုင်ငံ၊ ယေးလ်တက္ကသိုလ်မှ သုတေသီများက ဆိုကြသည်။ အသက် ခြောက်လမှဆယ်လရှိ ကလေးငယ်များသည် မျက်လုံးပြူးပြူးနှင့်အရုပ်တစ်ရုပ် ကုန်းမြင့်များပေါ်သို့တက်နေစဉ် အရုပ်တချို့က ထိုအရုပ်ကို ကူညီပေးပြီး အရုပ်တချို့က နောက်သို့တွန်းချသည်ကို စောင့်ကြည့်ခဲ့ကြသည်။ ယင်းနောက် ကလေးများ မည်သည့်အရုပ်နှင့် ကစားလိုသည်ကိုသိနိုင်ရန် အဆိုပါအရုပ်များပေးခဲ့သည်” ဟု သတင်းစာတစ်စောင် (Houston Chronicle) ကရှင်းပြ၏။ “ကလေးတိုင်းလိုလိုသည် တွန်းချသည့်အရုပ်ကိုမယူဘဲ ကူညီသောအရုပ်ကို ရွေးချယ်ခဲ့ကြသည်။” ထို့ကြောင့် အတိုင်းအတာတစ်ခုအရ၊ “နို့စို့ကလေးများပင်လျှင် ကောင်းသောကစားဖော်နှင့် ဆိုးသောကစားဖော်များ၏ ခြားနားချက်ကို သိမြင်နိုင်ကြပြီး မည်သည့်အရာအား ရွေးချယ်ရမည်ကို သိကြသည်” ဟုအဆိုပါသတင်းစာက ဆို၏။

“သောက်ရေပုလင်းများ အလွန်အမင်းလိုအပ်”

“အမေရိကန်တွင် သောက်ရေပုလင်းများ လိုအပ်မှုသည် မပြည့်မီနိုင်ပုံပေါက်ပြီး တစ်နှစ်လျှင် ဘီလီယံ ၃၀ နီးပါးသို့ ရောက်ရှိနေသည်” ဟု အမေရိကန်မဂ္ဂဇင်းတစ်စောင် (U.S.News & World Report) ကဆိုသည်။ သို့သော်၊ သောက်ရေပုလင်းအများစုသည် အများသုံးဘုံပိုင်ခေါင်းမှလာသည့် ရေများသာဖြစ်ကြောင်း ဝယ်ယူသုံးစွဲသူအများစုက မသိကြပါ၊ ထို့ကြောင့် “ကျန်းမာရေးအကြောင်းပြချက်ဖြင့် စည်ပင်သာယာ[ရေ] အစား သောက်ရေပုလင်းဝယ်သောက်ရန် ဆုံးဖြတ်သူမည်သူမဆိုသည် လွဲမှားနေသည်” ဟု အဆိုပါမဂ္ဂဇင်းကဆို၏။ နိုင်ငံများစွာတွင် စည်ပင်သာယာရေကို တိကျသောစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိသေချာစေရန် စမ်းသပ်စစ်ဆေးကြသည်။ အလွန့်အလွန်ဈေးကြီးသော သောက်ရေပုလင်းနှင့်နှိုင်းယှဉ်သောအခါ ဘုံပိုင်ခေါင်းမှရေသည် “အခမဲ့နီးပါး” လည်းဖြစ်သည်။