မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောအောင်မြင်မှုကို ရှာရခက်ချိန်

စစ်မှန်သောအောင်မြင်မှုကို ရှာရခက်ချိန်

စစ်မှန်သောအောင်မြင်မှုကို ရှာရခက်ချိန်

သူသည် အသက် ၂၀ ကျော်စအရွယ်တွင် အောင်မြင်သော အဆိုတော်တစ်ဦးဖြစ်ကာ အလွန်ချမ်းသာကြွယ်ဝသူဖြစ်ခဲ့၏။ ယင်းအသက်အရွယ်ဖြင့် ထိုကဲ့သို့ အလွန်ကျော်ကြားပြီး ငွေရေးကြေးရေးအရ ကြွယ်ဝအောင်မြင်သူ မရှိသလောက်ပင်။ သို့သော် မကြာမီ သူ့ဘဝတွင် ပြဿနာစတက်လာတော့သည်။ အိမ်ထောင်နှစ်ဆက် ပျက်ပြီးနောက် သူသည် အရက်နှင့်မူးယစ်ဆေးဖြတ်သည့် ဌာနများတွင် အချိန်ကုန်ခဲ့ရသည်။ သူ၏ဘဝတစ်ခုလုံး ဖရိုဖရဲဖြစ်သွားခဲ့၏။

ဝမ်းနည်းစရာမှာ ဤငယ်ရွယ်သည့် အမျိုးသမီး၏ဇာတ်လမ်းအတိုင်း လူအများတွင် ဖြစ်ပျက်နေခြင်းဖြစ်၏၊ အောင်မြင်ကျော်ကြားသူတို့၏ ကြေကွဲစရာဇာတ်လမ်းများက မကြာခဏပင် သတင်းဖြစ်လာသည်။ သမားရိုးကျ စီးပွားရေးလောက၌ပင် အောင်မြင်ပုံပေါက်နေသူတို့၏ဘဝတွင် အခက်အခဲများ ပြည့်နှက်နေတတ်သည်။ စီးပွားရေးလုပ်ငန်းတွင် အလွန်အောင်မြင်လျက်ရှိသော နယူးယောက်မြို့သားများနှင့်စပ်လျဉ်း၍ သတင်းစာဆောင်းပါးတစ်ပုဒ်က ဤသို့ဆိုခဲ့၏– “အကျိုးအမြတ် များများရရန်ဟူသော တောင်းဆိုချက်က အလုပ်အကိုင်များပျက်ပြားခြင်း၊ မိသားစုများပြိုကွဲခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကိုဖြစ်စေသည်။ . . . အပိုဝင်ငွေများများရခြင်းက ဝေါလ်စထရိဘဏ်လုပ်ငန်းရှင်တချို့အား အောင်မြင်သူများဟု ခံစားစေသော်လည်း အခြားသူတို့မှာ အလုပ်ပြီးစီးရန် ဖိအားပေးမှုကြောင့် စိတ်ဓာတ်ချုံးချုံးကျကာ တချို့မှာမူ နာလန်မထူနိုင်တော့သည်အထိ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားသည်။”

လူတို့သည် ပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့ကို လွဲမှားသောနည်းဖြင့် ရှာဖွေနေသောကြောင့် ယင်းပြဿနာများ ပေါ်ပေါက်လာရခြင်းလော။ အသက်ရှင်ရေးအတွက် ငွေအတော်အတန်လိုအပ်သည်မှာ မှန်ပါသည်။ သို့သော် ဘဝတွင် အောင်မြင်မှုရရှိရေးသည် စည်းစိမ်ဥစ္စာရှာဖွေစုဆောင်းခြင်းအပေါ် မူတည်ပါသလော။ လေ့လာမှုများက ထိုသို့မဟုတ်ကြောင်း ဖော်ပြ၏။ ဥပမာ၊ မကြာသေးမီကာလအတွင်းက ပျမ်းမျှဝင်ငွေ ၂၅၀ ရာခိုင်နှုန်း တိုးများလာခဲ့သော လူတို့သည် ဘဝတွင် ကျေနပ်ရောင့်ရဲမှု အမှန်ပင်လျော့နည်းလာကြောင်း တရုတ်ပြည်၌ ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့သည်။

သို့ဆိုလျှင် စစ်မှန်သောအောင်မြင်မှုသည် လောကအလုပ်အကိုင်များနှင့် လူတစ်ဦးပိုင်ဆိုင်ထားသည့် နေအိမ်၊ ကား သို့မဟုတ် နာရီတို့ထက် ပို၍တန်ဖိုးရှိသောအရာတစ်ခုနှင့် ဆက်နွှယ်ရပေမည်။ အောင်မြင်မှုကို လူတစ်ဦးကျင့်ကြံသော မူများနှင့် ဘဝရည်ရွယ်ချက်တို့အပါအဝင် အဘယ်ကဲ့သို့သောပုဂ္ဂိုလ်ဖြစ်ခြင်းဖြင့် တိုင်းတာခြင်းက ပို၍ကျိုးကြောင်းမညီညွတ်ပေလော။ ဥပမာ၊ လူတစ်ဦးသည် သားသားနားနားနှင့် ဩဇာအာဏာရှိနိုင်သော်လည်း ကျင့်ဝတ်တရားနှင့်အညီ အသက်မရှင်၊ မေတ္တာနှင့် မိတ်ဆွေစစ်များမရှိဘဲ ဖြစ်နေပေမည်။ နောက်ပုဂ္ဂိုလ်တစ်ဦးမှာ ကျော်ကြားမှုနှင့် ငွေအမြောက်အမြား ရှိကောင်းရှိနိုင်သော်လည်း မိမိ၏အသက်တာကို နောက်ကြောင်းပြန်ကြည့်ပြီး ‘ဒီအရာအားလုံးက ဘာအတွက်လဲ။ ဘဝအဓိပ္ပာယ်ဆိုတာ ဘာလဲ’ ဟူ၍ မေးပေမည်။

သို့ဖြစ်၍ အမှန်တကယ်အောင်မြင်နေသူတို့သည် မိမိတို့၏ဘဝကို မိမိတို့အား လမ်းညွှန်ပေးသည့် ခြေမြစ်ခိုင်လုံသောမူများအပါအဝင် ပို၍အရေးကြီးသောအရာအပေါ် ဗဟိုပြုထားကြမည်မှာ သေချာပါသည်။ သို့နှင့် ထိုသူတို့သည် စိတ်ငြိမ်သက်မှု၊ ကိုယ့်ကိုယ်ကိုလေးစားမှုနှင့် အခြားသူတို့၏ လေးစားမှုကို ရရှိကြပေမည်။ ထို့အပြင် ထိုသူတို့တွင် ကိုယ်ကျိုးရှာခြင်းထက် သာ၍အရေးကြီးသော ဘဝရည်ရွယ်ချက်ရှိမည်ဖြစ်ကာ ယင်းက ဘဝအဓိပ္ပာယ်နှင့် ကျေနပ်ရောင့်ရဲမှုပေးသည်။ “ဘာမူတွေလဲ၊ ဘာရည်ရွယ်ချက်လဲ” ဟုတချို့က မေးကြပေမည်။ ဤသို့သောမေးခွန်းများ၏အဖြေများကို ကျွန်ုပ်တို့ကိုယ်တိုင်၏အစွမ်းဖြင့် ရှာတွေ့နိုင်ပါသလော သို့မဟုတ် အခြားတစ်နေရာရာတွင် ရှာဖွေရမည်လော။ နောက်ဆောင်းပါးများက ထိုအကြောင်းများကို ဆွေးနွေးပါမည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

အောင်မြင်မှုနှင့်ပတ်သက်သည့် လွဲမှားသောအမြင်

ဆေးသုတေသီများ၏အဆိုအရ အားကစားတွင် ထူးချွန်လာစေရန် စွမ်းအားတိုးစေမည်ဖြစ်သော်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးဝါးများ သုံးစွဲလာသည့် ငယ်ရွယ်သောအားကစားသမားများ ပိုမိုများပြားလာနေသည်။ Education Update အွန်လိုင်းက ဤသို့ဖော်ပြခဲ့၏– “မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ကောလိပ်ကျောင်းသားများအား ‘စတီးရွိုက်ဆေးဝါးတွေကို သုံးစွဲရင် အနိုင်ရမယ် ဒါမှမဟုတ် အသင်းမှာ ပါဝင်ခွင့်ရမယ်၊ ဒါပေမဲ့ ငါးနှစ်အတွင်းမှာ နေမကောင်းဖြစ်လာမယ်လို့ သိထားရင် အဲဒီဆေးဝါးတွေကို ဆက်သုံးစွဲဦးမလား’ ဟုမေးမြန်းခဲ့ရာ အားလုံးနီးပါးက သုံးစွဲမည်ဟု ဖြေကြားခဲ့ကြသည်။ အဆိုပါမေးခွန်းကို ပြောင်းလဲ၍ ‘ငါးနှစ်အတွင်းမှာ သေသွားမယ်ဆိုတာ သိထားရင်ကော’ ဟုမေးသည့်အခါ ၆၅ ရာခိုင်နှုန်းက သုံးစွဲမည်ဟုပင် ဆက်ဖြေဆိုခဲ့ကြသည်။”