မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပိုက်ကွန်များ ဗလာဖြစ်ရသည့်အကြောင်းရင်း

ပိုက်ကွန်များ ဗလာဖြစ်ရသည့်အကြောင်းရင်း

ပိုက်ကွန်များ ဗလာဖြစ်ရသည့်အကြောင်းရင်း

“ငါးများများရတဲ့ နှစ်တွေရှိသလို၊ ငါးနည်းနည်းပဲရတဲ့ နှစ်တွေလည်းရှိပေမဲ့ အခုလို အကျပ်အတည်းမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူးဘူး။ ဆာမန်ငါး၊ ရေချိုငါးအမျိုးမျိုး၊ ကော့ဒ်ငါး၊ ပုစွန်တုပ်တွေ ရှားပါးလာနေပြီ” ဟုအင်္ဂလန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းရိုးတန်းတွင် ငါးဖမ်းခြင်းဖြင့် အသက်မွေးသူ အသက် ၆၅ နှစ်အရွယ်ရှိ ဂျော့ရှ်ကဆို၏။

ဂျော့ရှ်တစ်ဦးတည်းသာ စိုးရိမ်ပူပန်နေခြင်းမဟုတ်ပါ၊ ထပ်တူသတင်းမျိုးသည် ကမ္ဘာ့သမုဒ္ဒရာတိုင်းမှ ထွက်ပေါ်လာနေသည်။ ပီရူးနိုင်ငံမှ ဩဂတ်စတင်းသည် တန်ချိန် ၃၅၀ ရှိ ငါးဖမ်းသင်္ဘော၏ မာလိန်မှူးဖြစ်သည်။ “လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကစပြီး ဆာဒင်းငါးတွေ ရှားပါးလာတယ်။ ပီရူးနိုင်ငံမှာ တစ်နှစ်ပတ်လုံး ငါးတွေ အလျှံပယ်ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ လနဲ့ချီပြီး ငါးမရတာတွေက အကြိမ်ကြိမ်ပဲ။ ကမ်းခြေကနေ ၁၅ မိုင်ကျော်အကွာမှာ ငါးဖမ်းလေ့မရှိပေမဲ့ အခုအခါမှာ ငါးရဖို့ မိုင် ၂၀၀ အထိ သွားရတယ်” ဟုသူကဆို၏။

စပိန်နိုင်ငံ၊ ဂလီစီယာပြည်နယ်တွင် နေထိုင်သည့် အန်တိုနီယိုက ဤသို့ဆိုသည်– “ကျွန်တော် ငါးဖမ်းလာတာ အနှစ် ၂၀ ကျော်ပြီ။ ပင်လယ်ထဲမှာ ငါးတွေ တဖြည်းဖြည်း ရှားပါးလာတာကို တွေ့နေရတယ်။ ကျွန်တော်တို့က ငါးတွေ ပေါက်ပွားနိုင်တာထက် ပိုပြီးမြန်မြန် ဖမ်းနေကြတာကိုး။”

မြေထိုးစက်ကြီးများဖြင့် တူးဆွခံရသည့် မိုးသစ်တောများကို ဓာတ်ပုံရိုက်ယူသကဲ့သို့ ငါးအလွန်အကျွံ ဖမ်းဆီးခြင်းခံနေရသောသမုဒ္ဒရာကို ဓာတ်ပုံရိုက်၍မရသော်လည်း ပျက်စီးဆုံးရှုံးမှုမှာ အမှန်တကယ်ပင်ဖြစ်ပါသည်။ ငါးအလွန်အကျွံဖမ်းဆီးခြင်းနှင့်စပ်လျဉ်း၍ ယူအဲန်စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ မကြာသေးမီက ဤသို့ပြောကြားခဲ့သည်– “ကမ္ဘာ့ငါးထွက်ရှိရာဒေသများ၏ ၇၅ ရာခိုင်နှုန်းခန့်မှ ငါးများသည် အပြည့်အဝအဖမ်းခံနေရသည်၊ အလွန်အကျွံအဖမ်းခံနေရသည်၊ သို့မဟုတ် ရှားပါးကုန်ပြီဖြစ်ရာ အခြေအနေမှာ အလွန်စိုးရိမ်ရပြီး ထိတ်လန့်ဖွယ်ရာပင်။”

ငါးသည် ကမ္ဘာ့လူဦးရေငါးပုံတစ်ပုံအတွက် ပရိုတင်းဓာတ်ဖြည့်တင်းရာ အဓိကရင်းမြစ်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် အလွန်အရေးပါသော အစားအစာများထဲမှ တစ်မျိုးဖြစ်သည့် ငါးမှာ မျိုးသုဉ်းတော့မည့်အန္တရာယ် ကြုံနေရသည်။ ငါးသည် ပင်လယ်သမုဒ္ဒရာ၏ နေရာတိုင်းတွင် ပေါများသည်မဟုတ်ပါ။ အမှန်မှာ သမုဒ္ဒရာရေပြင်အများစုတွင် သက်ရှိအနည်းငယ်သာရှိ၏။ ငါးအများစုပေါက်ပွားရာနေရာများမှာ ကမ်းရိုးတန်းအနီးနှင့် အေးမြ၍ အာဟာရဓာတ်ကြွယ်ဝသည့်ရေပြင်များဖြစ်သည်။ ယင်းအာဟာရဓာတ်များကို ပင်လယ်အစာကွင်းဆက်၏အခြေခံဖြစ်သော အလွန်တရာသေးငယ်သည့် အပင်မျှောလေးများက မှီဝဲ၏။ ငါးဖမ်းသမားများသည် မိမိတို့အသက်မွေးဝမ်းကျောင်းအတွက် မှီခိုအားထားနေရသော ငါးပေါများရာနေရာများကို အဘယ်နည်းဖြင့် ဖျက်ဆီးနေကြသနည်း။ ထူးခြားသောငါးဖမ်းလုပ်ငန်းတစ်ခု၏ သမိုင်းကြောင်းက အဖြေတချို့ပေးသည်။

ဂရန်းဘဲန့်ခ်—ဖျက်ဆီးခြင်းစတင်

အီတလီနိုင်ငံဖွား ရေကြောင်းခရီးသွားလာသူနှင့် စူးစမ်းရှာဖွေသူ ဂျွန် ကက်ဘုတ် *သည် အင်္ဂလန်နိုင်ငံမှ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး ကနေဒါကမ်းရိုးတန်းမှ ငါးပေါများသည့် ဂရန်းဘဲန့်ခ်ဒေသကို တွေ့ရှိခဲ့ချိန်တွင် ရွှေတွင်းရှိသောနေရာသစ်သို့ ရုတ်တရက် အုပ်လိုက်ပြောင်းရွှေ့သွားခြင်းနှင့်ဆင်တူသည့် အဖြစ်အပျက်တစ်ခု စတင်ခဲ့၏။ ယင်းသည် ၁၄၉၂ ခုနှစ်တွင် ခရစ္စတိုဖာကိုလံဘတ်၏ သမိုင်းဝင်ခရီးစဉ်အပြီး ငါးနှစ်မျှသာ ကြာသေးသည်။ မကြာမီ ရာနှင့်ချီသော ငါးဖမ်းသမားများသည် ဂရန်းဘဲန့်ခ်တွင် ငါးဖမ်းရန် အတ္တလန္တိတ်သမုဒ္ဒရာသို့ ထွက်ခွာသွားကြ၏။ မည်သည့်ဥရောပတိုက်သားကမျှ ကော့ဒ်ငါးများ အပြည့်ရှိနေသည့် ရေပြင်ကို မတွေ့ဖူးခဲ့ကြချေ။

ကော့ဒ်ငါးသည် ရွှေကဲ့သို့ပင် အလွန်တန်ဖိုးရှိ၏။ ယင်းငါး၏ အဖြူရောင်ရှိပြီး လုံးဝနီးပါး အဆီမပါသောအသားသည် တန်ဖိုးထားခံရပြီး ကမ္ဘာတစ်ဝန်းမှလူတို့ နှစ်သက်နေကြဆဲပင်။ အတ္တလန္တိတ်ကော့ဒ်ငါးတစ်ကောင်၏အလေးချိန်သည် များသောအားဖြင့် ၃ ပေါင်မှ ပေါင် ၂၀ အကြားရှိသော်လည်း ဂရန်းဘဲန့်ကော့ဒ်ငါးတချို့၏ကိုယ်ထည်မှာ လူတစ်ရပ်စာလောက်ရှိသည်။ နောက်ပိုင်းရာစုနှစ်များ၌ ငါးဖမ်းသမားများသည် ဆွဲပိုက်များနှင့် ငါးမျှားချိတ် ထောင်ပေါင်းများစွာ ချိတ်ဆွဲထားသော ငါးမျှားကြိုးတန်းများကို အသုံးပြုတတ်လာသည်နှင့်အမျှ ဖမ်းမိသည့်ငါးပမာဏမှာ တိုးများလာခဲ့သည်။

စက်မှုဆိုင်ရာ ငါးဖမ်းလုပ်ငန်း၏ အကျိုးသက်ရောက်မှု

၁၉ ရာစုနှစ်ရောက်သော် ဥရောပသားတချို့သည် ငါးများ အထူးသဖြင့် ပင်လယ်ငါးသလောက်များ လျော့နည်းလာနေသည်ကို စတင်စိုးရိမ်လာခဲ့ကြသည်။ သို့သော် ဗြိတိသျှတော်ဝင်အဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ သောမတ်စ် ဟပ်စ်လေက လန်ဒန်မြို့ ၁၈၈၃ နိုင်ငံတကာငါးဖမ်းလုပ်ငန်းများ၏ ပြပွဲတွင် ဤသို့ကြေညာခဲ့သည်– “ကျွန်ုပ်တို့ဖမ်းမိသော ငါးပမာဏမှာ မဖြစ်စလောက်လေးသာဖြစ်သောကြောင့် ငါးအမြောက်အမြားရှိနေပါသေးသည်။ . . . ထို့ကြောင့် ကော့ဒ်ငါးဖမ်းလုပ်ငန်း . . . နှင့် ဖြစ်နိုင်ဖွယ်ရာမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းအားလုံး တိမ်ကောမည်မဟုတ်ဟု ကျွန်ုပ်ယုံကြည်ပါသည်။”

ဂရန်းဘဲန့်ခ်တွင် ရေနွေးငွေ့စွမ်းအားသုံး စက်မှုဆိုင်ရာ ငါးဖမ်းခြင်း စတင်ခဲ့ပြီးနောက်၌ပင် ဟပ်စ်လေ၏အမြင်ကို သံသယဝင်သူ မရှိသလောက်ပင်။ အထူးသဖြင့် ငါးကို လျင်မြန်စွာ အေးခဲစေသည့်နည်းကို အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်မှ ကလဲရန့်စ် ဘာ့ဒ်စီ တီထွင်ခဲ့ချိန် ၁၉၂၅ ခုနှစ်နောက်ပိုင်းတွင် ကော့ဒ်ငါးဝယ်လိုအားမှာ တိုးများလာခဲ့သည်။ ငါးဖမ်းသမားများသည် ဒီဇယ်စွမ်းအားသုံး ငါးဖမ်းသင်္ဘောများကို အသုံးပြု၍ ငါးအမြောက်အမြား ဖမ်းဆီးခဲ့ကြသည်။ သို့သော် အပြည့်အဝအသုံးချမှုမှာ ထပ်လာပေဦးမည်။

၁၉၅၁ ခုနှစ်တွင် ဂရန်းဘဲန့်ခ်၌ ငါးဖမ်းရန် ဗြိတိန်နိုင်ငံမှ ထူးဆန်းသောသင်္ဘောတစ်စင်း ရောက်လာခဲ့၏။ ယင်းသင်္ဘောသည် ပေ ၂၈၀ ရှည်လျားပြီး စုစုပေါင်းတန်ချိန် ၂,၆၀၀ ဝင်ဆံ့သည်။ ယင်းသည် ကမ္ဘာ့ပထမဆုံး ငါးကိုအအေးခံကာ ထုပ်ပိုးသည့် သင်္ဘောဖြစ်သည်။ ယင်းတွင် ငါးအရိုးများကို အလိုအလျောက် ဖယ်ရှားပြီး ယင်းနောက် အအေးခံသည့် စက်ကိရိယာတန်းများပါရှိသည်။ ယင်းသင်္ဘောသည် ရေဒါနှင့် ငါးရှာဖွေရေးကိရိယာများကို အသုံးပြု၍ အပတ်စဉ်အပတ်တိုင်း နေ့ရောညပါ ငါးအများအပြား ဖမ်းယူနိုင်၏။

အခြားနိုင်ငံများလည်း အမြတ်အစွန်းရနိုင်သည့်အလားအလာကို သတိထားမိလာကြသည်၊ မကြာမီမှာပင် ယင်းကဲ့သို့သောသင်္ဘောများ ရာနှင့်ချီရောက်ရှိလာပြီး ဆွဲပိုက်များဖြင့်ငါးဖမ်းရာ တစ်နာရီလျှင် တန်ချိန် ၂၀၀ အထိ ဖမ်းမိကြ၏။ အချို့သောသင်္ဘောများသည် တန်ချိန် ၈,၀၀၀ ဝင်ဆံ့ပြီး ဂျမ်ဘိုဂျက်လေယာဉ်တစ်စင်းကို ဖုံးအုပ်ထားနိုင်လောက်သည်အထိ ကြီးမားသော ပိုက်ကွန်များပါရှိသည်။

နောက်ဆုံးမျှော်လင့်ချက် ပျက်ပြားခြင်း

“၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်း၌ လူအများစုသည် သမုဒ္ဒရာတွင် ငါးများ မကုန်မခန်းနိုင်အောင်ရှိနေသည်ဟု အထင်မှားနေကြဆဲဖြစ်ကြောင်း” စာအုပ်တစ်အုပ် (Ocean’s End) ကဆို၏။ ပို၍ပို၍များပြားလာသည့် ငါးဖမ်းသင်္ဘောကြီးများသည် ဂရန်းဘဲန့်ခ်တွင် ၁၉၈၀ ပြည့်လွန်နှစ်များတစ်လျှောက် ငါးဖမ်းခဲ့ကြသည်။ ကော့ဒ်ငါးကောင်ရေသည် ရှားပါးလုနီးအခြေသို့ဆိုက်နေကြောင်း သိပ္ပံပညာရှင်များက သတိပေးခဲ့ကြ၏။ သို့သော် ယခုအခါ ထောင်ပေါင်းများစွာသောသူတို့သည် မိမိတို့၏ဝင်ငွေအတွက် ငါးဖမ်းလုပ်ငန်းအပေါ် မှီခိုအားထားနေခဲ့ကြပြီး နိုင်ငံရေးသမားများကမူ အများမနှစ်သက်သည့် ဆုံးဖြတ်ချက်ကို မချလိုခဲ့ကြချေ။ နောက်ဆုံး ၁၉၉၂ ခုနှစ်တွင် သိပ္ပံပညာရှင်များက အနှစ် ၃၀ အတွင်း ကော့ဒ်ငါးကောင်ရေသည် ထိတ်လန့်စဖွယ်ကောင်းလောက်အောင် ၉၈.၉ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ဖော်ပြခဲ့ကြသည်။ ဂရန်းဘဲန့်ခ်တွင် ကော့ဒ်ငါးဖမ်းလုပ်ငန်းကို ပိတ်ပင်လိုက်ရ၏။ သို့သော် အလွန်နောက်ကျသွားချေပြီ။ ယင်းကိုတွေ့ရှိပြီးနောက် အနှစ်ငါးရာအကြာ ကမ္ဘာပေါ်တွင် ငါးအပေါများဆုံးနေရာများအနက် တစ်ခုဖြစ်သော ယင်းနေရာ၌ ငါးများကို ကုန်ခန်းသည်အထိ ဖမ်းဆီးခဲ့လေပြီ။

ငါးဖမ်းသမားများကမူ ကော့ဒ်ငါးများ မကြာခင် ပြန်လည်များပြားလာမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ကော့ဒ်ငါးသည် အနှစ် ၂၀ ကျော် အသက်ရှင်ပြီး ကြီးထွားနှုန်း နှေးကွေး၏။ ၁၉၉၂ ခုနှစ်မှစ၍ နှစ်များတစ်လျှောက်တွင် ငါးများပြန်လည်များပြားလာမည်ဟူသော မျှော်လင့်ချက်မှာ မဖြစ်လာသေးချေ။

ကမ္ဘာချီအကျပ်အတည်းဖြစ်နေသော ငါးဖမ်းခြင်း

ဂရန်းဘဲန့်ခ်မှ အဖြစ်အပျက်သည် ငါးဖမ်းလုပ်ငန်း၌ ကမ္ဘာချီပြဿနာဆိုင်ရာ စိတ်ပျက်ဖွယ်ပုံနမူနာတစ်ရပ်ဖြစ်၏။ ၂၀၀၂ ခုနှစ်တွင် ဗြိတိန်နိုင်ငံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက “ကမ္ဘာပေါ်တွင် ငါးများတွေ့ရှိနိုင်သောနေရာ၏ ၆၀ ရာခိုင်နှုန်း၌ ယခုအခါ ငါးများကို ကုန်ခန်းသည်အထိ ဖမ်းယူနေကြ” ကြောင်းပြောဆိုခဲ့သည်။ အလွန်အကျွံဖမ်းဆီးခြင်းခံနေရသော ငါးမျိုးစိတ်များစွာတွင် ငါးမည်းလုံး၊ ဓားရှည်နှုတ်သီးငါး၊ ငါးမန်းနှင့် ကျောက်ငါးတို့ ပါဝင်ကြ၏။

မိမိတို့ပိုင်နက် ငါးဖမ်းကွက်များတွင် ငါးရှားပါးနေပြီဖြစ်သော ချမ်းသာကြွယ်ဝသည့်နိုင်ငံများစွာသည် ယခုအခါ အကျိုးအမြတ်အတွက် ဝေးလံသောနေရာတွင် ငါးဖမ်းရန် ရှာဖွေနေကြသည်။ ဥပမာ၊ အာဖရိကကမ်းရိုးတန်းများတွင် ကမ္ဘာ့အကျိုးအဖြစ်ထွန်းဆုံး ငါးဖမ်းကွက်တချို့ရှိသည်။ အာဖရိကနိုင်ငံများစွာမှ အာဏာပိုင်များသည် နိုင်ငံတော်ဘဏ္ဍာအတွက် နိုင်ငံခြားငွေကို အားကိုးအားထားပြုနေရသဖြင့် ငါးဖမ်းခွင့်လိုင်စင်များမပေးဘဲနေရန် အခက်တွေ့နေကြသည်။ ငါးများ ရှားပါးနေမှုနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ ဒေါသထွက်နေကြသည်ကို နားလည်နိုင်ပါသည်။

အဘယ်ကြောင့် ဆက်လက်၍ ငါးအလွန်အကျွံဖမ်းဆီးနေရ

အပြင်လူတစ်ဦးအတွက်မူ ဖြေရှင်းနည်းမှာ ရိုးရိုးလေးဖြစ်ပုံရ၏၊ ယင်းမှာ အလွန်အကျွံငါးဖမ်းခြင်းကို ရပ်တန့်လိုက်ရန်ဖြစ်သည်။ သို့သော် ယင်းသည် ထိုမျှမလွယ်ကူချေ။ စီးပွားဖြစ်ငါးဖမ်းခြင်းတွင် ပစ္စည်းကိရိယာများအတွက် ငွေကြေးအမြောက်အမြားသုံးစွဲရန်လို၏။ ထို့ကြောင့် ငါးဖမ်းသမားတစ်ဦးစီသည် မိမိတို့ ဆက်လက်ငါးဖမ်းနိုင်ရေးအတွက် အခြားသူတို့ ငါးမဖမ်းကြတော့ရန် မျှော်လင့်ကြသည်။ ရလဒ်မှာ မည်သူမျှ မရပ်တန့်ကြခြင်းဖြစ်၏။ ထို့အပြင် အစိုးရများသည် ငါးဖမ်းလုပ်ငန်းတွင် အဓိကရင်းနှီးမြှုပ်နှံသူများ ဖြစ်လေ့ရှိရာ ပြဿနာဖန်တီးရာတွင် ၎င်းတို့လည်း အပါအဝင်ဖြစ်ကြသည်။ မဂ္ဂဇင်းတစ်စောင် (Issues in Science and Technology) ကဤသို့ဆို၏– “ငါးကောင်ရေတိုးပွားမှုကို ကာကွယ်စောင့်ရှောက်ရန်ဟူသော [ယူအဲန်] ၏ရည်မှန်းချက်များကို အခြားနိုင်ငံများက လိုက်နာသင့်သော်လည်း မိမိတို့မူ ချိုးဖောက်၍ရသည့် ဥပဒေစုတစ်ခုအဖြစ် နိုင်ငံများက ရှုမြင်လေ့ရှိကြသည်။”

အပျော်တမ်းငါးဖမ်းသမားများလည်း တာဝန်မကင်းချေ။ အမေရိကန်နိုင်ငံတွင်ပြုလုပ်သည့် လေ့လာမှုတစ်ရပ်နှင့်ပတ်သက်၍ ဂျာနယ်တစ်စောင် (New Scientist) ကဤသို့ဖော်ပြသည်– “မက္ကဆီကိုပင်လယ်ကွေ့တစ်လျှောက်ရှိ ငါးမျိုးစိတ်များကို အလွန်အကျွံဖမ်းဆီးနေသည်ဟူသော မှတ်တမ်း၏ ၆၄ ရာခိုင်နှုန်းအတွက် အပျော်တမ်းငါးဖမ်းခြင်းတွင် တာဝန်ရှိသည်။” အပျော်တမ်းနှင့် စီးပွားဖြစ် ငါးဖမ်းသမားများက ဩဇာလွှမ်းမိုးထားသဖြင့် နိုင်ငံရေးသမားများသည် ငါးထွက်ရှိရာနေရာများကို ကာကွယ်ပေးရေးထက် မိမိတို့နာမည်ရရေးကိုသာ လိုလားကြသည်။

ကမ္ဘာ့ငါးထွက်ရှိရာဒေသများကို ကာကွယ်နိုင်ပါသလော။ ဘွိုင်စ် သောန်-မီလာက ၎င်း၏စာအုပ် (The Living Ocean) တွင် ဤသို့ဆို၏– “လူသားတို့သည် မိမိတို့၏သဘောထားများကို သိသိသာသာ မပြောင်းလဲမချင်း ရေသတ္တဝါမျိုးစိတ်များကို သတ်သတ်မှတ်မှတ် ကယ်တင်နိုင်သောအရာမရှိ။” ဝမ်းသာစရာမှာ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် အနာဂတ်တွင် ကမ္ဘာကြီးတစ်ခုလုံး လုံခြုံမှုရှိစေရန် ပြုလုပ်ပေးမည့် အုပ်ချုပ်မှုတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီဖြစ်၏။—ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ဂျွန် ကက်ဘုတ်သည် အီတလီနိုင်ငံတွင် မွေးဖွားခဲ့ပြီး ထိုစဉ်က သူ့ကို ဂျိုဗန်နီ ကာဘိုတိုဟုခေါ်၏။ သူသည် ၁၄၈၀ ပြည့်လွန်နှစ်များတွင် အင်္ဂလန်နိုင်ငံ ဘရစ္စတိုလ်မြို့သို့ ပြောင်းရွှေ့သွားပြီး ၁၄၉၇ ခုနှစ်တွင် ပင်လယ်ခရီးထွက်ရန် ယင်းနိုင်ငံမှ ပြန်ထွက်ခွာခဲ့သည်။

[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]

မြေထိုးစက်ကြီးများဖြင့် တူးဆွခံရသော မိုးသစ်တောများကဲ့သို့ ငါးအလွန်အကျွံဖမ်းဆီးခံရသည့် ပင်လယ် သမုဒ္ဒရာများသည် အကြီးအကျယ် ဖျက်ဆီးခံခဲ့ရလေပြီ

[စာမျက်နှာ ၁၆ ပါ အကျဉ်းဖော်ပြချက်]

“ကမ္ဘာ့ငါးထွက်ရှိရာဒေသများ၏ ၇၅ ရာခိုင်နှုန်းခန့်မှ ငါးများသည် အပြည့်အဝအဖမ်းခံနေရသည်၊ အလွန်အကျွံအဖမ်းခံနေရသည်၊ သို့မဟုတ် ရှားပါးကုန်ပြီဖြစ်သည်။” —ယူအဲန် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့

[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]

ငါးသည် ကမ္ဘာ့လူဦးရေငါးပုံတစ်ပုံအတွက် ပရိုတင်းဓာတ် ဖြည့်တင်းရာ အဓိကရင်းမြစ်ဖြစ်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကမ္ဘောဒီးယား

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

စီးပွားဖြစ်ငါးဖမ်း လုပ်ငန်း၊ အလက်စကာ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကွန်ဂို ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ

[Picture Credit Line on page 14]

© Janis Miglavs/​DanitaDelimont.com

[Picture Credit Lines on page 16]

Top: © Mikkel Ostergaard/​Panos Pictures; middle: © Steven Kazlowski/​SeaPics.com; bottom: © Tim Dirven/​Panos Pictures