မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မခွဲစိတ်ဘဲ ကိုယ်ခန္ဓာအတွင်းပိုင်းကို ကြည့်ရှုခြင်း

မခွဲစိတ်ဘဲ ကိုယ်ခန္ဓာအတွင်းပိုင်းကို ကြည့်ရှုခြင်း

မခွဲစိတ်ဘဲ ကိုယ်ခန္ဓာအတွင်းပိုင်းကို ကြည့်ရှုခြင်း

ကွန်ပျူတာ၊ သင်္ချာဘာသာရပ်နှင့် သိပ္ပံပညာတို့တွင် တိုးတက်လာမှုကြောင့် ကိုယ်ခန္ဓာအတွင်းပိုင်းကို စမ်းသပ်စစ်ဆေးရာတွင် ခွဲစိတ်စရာမလိုဘဲ ရောဂါအမျိုးအမည်များကို ဖော်ထုတ်လာနိုင်ပြီဖြစ်သည်။ နည်းပညာရပ်များတွင် ယခုအခါ အနှစ် ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်သော ဓာတ်မှန်ရိုက်ခြင်းအပြင် ကိုယ်ခန္ဓာအတွင်းပိုင်းကို ကွန်ပျူတာဖြင့် ရှင်းလင်းပြတ်သားစွာရိုက်ယူခြင်း (စီတီစကဲန်)၊ ကိုယ်တွင်းအင်္ဂါများ၏ ဇီဝဖြစ်စဉ်များကို ပြသနိုင်သည့် ဆေးဘက်ဆိုင်ရာပုံရိပ်များ ရိုက်ယူခြင်း (ပီအီးတီစကဲန်)၊ ခန္ဓာကိုယ်၏တစ်ရှူးပျော့များကို လျှပ်စစ်သံလိုက်ရောင်ခြည်ဖြင့် ရိုက်ယူခြင်း (အမ်အာရ်အိုင်)နှင့် နှုန်းလွန်အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း (အာထရာလ်ဆောင်း) တို့ပါဝင်သည်။ အဆိုပါနည်းပညာရပ်များသည် မည်သို့လုပ်ဆောင်ကြသနည်း။ သင်၏ကျန်းမာရေးကို မည်သို့ထိခိုက်စေနိုင်သနည်း။ ယင်းတို့၏အကျိုးကျေးဇူးများကား အဘယ်နည်း။

ရိုးရိုးဓာတ်မှန်ရိုက်ခြင်း

မည်သို့လုပ်ဆောင်သနည်း။ ဓာတ်ရောင်ခြည် (X-rays) တွင် မြင်ရသည့်အလင်းရောင်ထက် ပို၍တိုသော လှိုင်းအလျားတစ်ခုရှိပြီး ကိုယ်ခန္ဓာတစ်ရှူးများကို ထိုးဖောက်နိုင်သည်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုကို ဓာတ်မှန်ရိုက်သောအခါ အရိုးများကဲ့သို့သော ထူထဲသည့်တစ်ရှူးများသည် ဓာတ်ရောင်ခြည်များကို စုပ်ယူပြီး တောက်ပသောနေရာများအဖြစ် ရေဒီယိုဂရပ်ဟုခေါ်သော ဓာတ်ပုံဖလင်ပြားပေါ်တွင် ပေါ်လာသည်။ တစ်ရှူးပျော့များသည် မီးခိုးရောင်အရိပ်များအဖြစ် ပေါ်လာ၏။ အများအားဖြင့် သွား၊ အရိုး၊ ရင်သားနှင့် ရင်ဘတ်တို့နှင့်ပတ်သက်သော ရောဂါများကို ဖော်ထုတ်စစ်ဆေးရန် ဓာတ်ရောင်ခြည်များကို အသုံးပြုကြသည်။ သိပ်သည်းဆတူသော ကပ်လျက်ရှိသည့် တစ်ရှူးပျော့များကို ခွဲခြားသိရှိနိုင်ရန် ဆရာဝန်သည် ရေဒီယိုအလင်းပိတ်အရည်ကို လူနာ၏သွေးကြောထဲ ထိုးသွင်းပေးပေမည်။ ယခုအခါတွင် ဓာတ်ရောင်ခြည်များကို ဂဏန်းခြေ (ဒီဂျစ်တယ်လ်) ဖြင့်ပြလေ့ရှိပြီး ယင်းကို ကွန်ပျူတာဖန်သားပြင်ပေါ်တွင် တွေ့ရ၏။

အန္တရာယ်များ– ဆဲလ်များနှင့်တစ်ရှူးများ ပျက်စီးနိုင်ခြေ အနည်းငယ်သာရှိသော်လည်း အများအားဖြင့် ရရှိသည့်အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်လျှင် အန္တရာယ် အလွန်နည်းပါးပါသည်။ * ကိုယ်ဝန်ရှိကောင်းရှိနေနိုင်သည့် အမျိုးသမီးများသည် ဓာတ်မှန်မရိုက်မီ မိမိတို့ဆရာဝန်အား အသိပေးသင့်၏။ အိုင်အိုဒင်းကဲ့သို့သော ရေဒီယိုအလင်းပိတ်အရည်များသည် ဓာတ်မတည့်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် အိုင်အိုဒင်း သို့မဟုတ် အိုင်အိုဒင်းပါသော ပင်လယ်စာနှင့်မတည့်ပါက သင်၏ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူအား အသိပေးပါ။

အကျိုးကျေးဇူးများ– ဓာတ်မှန်ရိုက်ခြင်းသည် မြန်ဆန်၍ အများအားဖြင့် နာကျင်မှုမရှိသည့်အပြင် ဈေးနှုန်းသက်သာပြီး လွယ်ကူသည်။ ထို့ကြောင့် ယင်းသည် ရင်သားဓာတ်မှန်ရိုက်ခြင်းနှင့် အရေးပေါ်ရောဂါရှာဖွေရေးကဲ့သို့သော နယ်ပယ်များတွင် အထူးသဖြင့် အသုံးဝင်၏။ ဓာတ်မှန်ရိုက်ပြီးနောက် ကိုယ်ခန္ဓာထဲတွင် ဓာတ်ရောင်ခြည်များ ကျန်ရစ်ခြင်းမရှိသဖြင့် ဘေးစွယ်ဆိုးကျိုးများမရှိချေ။ *

ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

မည်သို့လုပ်ဆောင်သနည်း။ ကိုယ်ခန္ဓာအတွင်းပိုင်းကို ကွန်ပျူတာဖြင့် ရှင်းလင်းပြတ်သားစွာရိုက်ယူခြင်းဖြစ်သည့် စီတီစကဲန်ရိုက်ခြင်းတွင် ပိုမိုရှုပ်ထွေးပြီး အထူးအာရုံခံကိရိယာများဖြင့် ဓာတ်ရောင်ခြည်ကို အလွန်အကျွံအသုံးပြုခြင်းပါဝင်သည်။ လူနာသည် အပြားတစ်ပြားပေါ်တွင် လဲလျောင်းပြီး စက်၏လိုဏ်ခေါင်းထဲသို့ ဖြည်းဖြည်းချင်း လျှောဝင်သွား၏။ အလွန်သေးငယ်သော ဓာတ်ရောင်ခြည်တန်းများနှင့် လူနာပတ်ပတ်လည်တွင် ၃၆၀ ဒီဂရီလည်ပတ်နေသော ရှာဖွေရေးကိရိယာများက ရုပ်ပုံများကို ထုတ်လုပ်ပေးသည်။ ယင်း၏လုပ်ဆောင်ပုံသည် ပေါင်မုန့်တစ်လုံးကို အချပ်ပါးပါးလေးများ လှီး၍ တစ်ချပ်ချင်းစီကို ဓာတ်ပုံရိုက်ယူခြင်းနှင့်ဆင်တူ၏။ ကွန်ပျူတာတစ်လုံးက အဆိုပါဓာတ်ပုံများကို ပြန်လည်စုစည်းပေးကာ ဆရာဝန်များအား ကိုယ်ခန္ဓာအတွင်းပိုင်းကို အလွှာလိုက် ဖြတ်တောက်ထားသည့်အလား အသေးစိတ်မြင်တွေ့စေနိုင်သည်။ နောက်ဆုံးပေါ် စက်ကိရိယာများသည် ကိုယ်ခန္ဓာအား ဝက်အူရစ်သဏ္ဌာန်ဖြင့် တောက်လျှောက်ရိုက်ယူလိုက်သဖြင့် ယင်းက လုပ်ဆောင်ချက်၏နှုန်းကို မြန်စေသည်။ စီတီစကဲန်သည် အလွန်အသေးစိတ်ကျသောရုပ်ပုံများကို ထုတ်လုပ်ပေးသဖြင့် ရင်ဘတ်၊ ဝမ်းဗိုက်နှင့် အရိုးစုတို့ကို စမ်းသပ်ကြည့်ရှုရန်၊ ကင်ဆာရောဂါအမျိုးမျိုးနှင့် အခြားရောဂါများကို စမ်းသပ်စစ်ဆေးရန် ယင်းစက်များကို အသုံးပြုလေ့ရှိသည်။

အန္တရာယ်များ– စီတီစကဲန်များသည် သာမန်ဓာတ်မှန်များထက် ဓာတ်ရောင်ခြည်များကို ပိုမိုအသုံးပြုလေ့ရှိ၏။ ဓာတ်ရောင်ခြည်များ ပိုမိုသက်ရောက်မှုက ကင်ဆာဖြစ်နိုင်ခြေ တိုးများစေသဖြင့် ဆိုးကျိုးများကို အသေအချာ စဉ်းစားသုံးသပ်သင့်သည်။ လူနာတချို့သည် အိုင်အိုဒင်းပါဝင်လေ့ရှိသည့် ရေဒီယိုအလင်းပိတ်အရည်များကြောင့် ဓာတ်မတည့်မှု ခံစားကြရပြီး လူနာတချို့မှာမူ ကျောက်ကပ်များ ပျက်စီးသွားနိုင်ပါသည်။ ရေဒီယိုအလင်းပိတ်အရည်ကို အသုံးပြုမည်ဆိုလျှင် နို့တိုက်မိခင်များသည် နို့မတိုက်မီ ၂၄ နာရီ သို့မဟုတ် ယင်းထက်မက စောင့်ဆိုင်းရပေမည်။

အကျိုးကျေးဇူးများ– နာကျင်ခြင်းမရှိ၊ ခွဲစိတ်ရန်မလိုဘဲ ခန္ဓာအတွင်း ဆန်းစစ်နိုင်သော စီတီစကဲန်များမှ ရရှိသည့် အသေးစိတ်အချက်အလက်များကို သုံးဖက်မြင်ရုပ်လုံးကြွပုံရိပ်များအဖြစ် ပြောင်းလဲပေးနိုင်သည်။ စကဲန်ရိုက်ခြင်းသည် အတော်အတန် လျင်မြန်ပြီး ရိုးရှင်းသည်၊ ကိုယ်တွင်းဒဏ်ရာများကို ဖော်ထုတ်ပေးခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်သည်။ စီတီစကဲန်ရိုက်သည့်စက်များသည် ကိုယ်တွင်း၌ ထည့်သွင်းထားသော ဆေးဘက်ဆိုင်ရာကိရိယာများကို မထိခိုက်ချေ။

ပီအီးတီ ရိုက်ခြင်း

မည်သို့လုပ်ဆောင်သနည်း။ ကိုယ်တွင်းအင်္ဂါများ၏ ဇီဝဖြစ်စဉ်များကို ပြသသည့် ဆေးဘက်ဆိုင်ရာပုံရိပ်များ ရိုက်ယူနိုင်သည့် ပီအီးတီစကဲန်တစ်ခုအတွက် ရေဒီယိုသတ္တိကြွပစ္စည်းတစ်ခုကို အများအားဖြင့် ကိုယ်ခန္ဓာထဲရှိ သဘာဝဒြပ်ပေါင်းတစ်ခုဖြစ်သည့် ဂလူးကို့စ်နှင့်တွဲကာ ကိုယ်ခန္ဓာထဲသို့ ထိုးသွင်းလိုက်၏။ တစ်ရှူးများမှ အဖိုဓာတ်မှုန်များဖြစ်သော ပေါ်ဆီထရွန်ထုတ်လွှတ်မှုကြောင့် ပုံရိပ်ထွက်ပေါ်လာသည်။ ပီအီးတီစကဲန်များသည် ဂလူးကို့စ်ကို သာမန်ဆဲလ်များ အသုံးပြုသည်ထက် ပိုမိုအသုံးပြုသော ကင်ဆာဆဲလ်များအပေါ် အဓိကလုပ်ဆောင်သည်၊ သို့နှင့် ရေဒီယိုသတ္တိကြွပစ္စည်းပမာဏများစွာကို ဆွဲဆောင်သည်။ ယင်းကြောင့် ရောဂါစွဲကပ်နေသော တစ်ရှူးများသည် ပေါ်ဆီထရွန်များစွာ ပိုမိုထုတ်လွှတ်ပြီး နောက်ဆုံးပိတ်ပုံရိပ်ပေါ်တွင် ကွဲပြားသောအရောင် သို့မဟုတ် တောက်ပမှုအတိုင်းအတာကို ပြ၏။

စီတီစကဲန်များနှင့် အမ်အာရ်အိုင်စကဲန်များသည် ကိုယ်တွင်းအင်္ဂါများနှင့်တစ်ရှူးများ၏ ပုံသဏ္ဌာန်နှင့်တည်ဆောက်ပုံကို ဖော်ပြပေးသော်လည်း ပီအီးတီစကဲန်များကမူ ၎င်းတို့၏လုပ်ဆောင်ပုံကို ဖော်ပြရာ ရောဂါအစပျိုးချိန်တွင် ပြောင်းလဲမှုများကို တွေ့ မြင်စေသည်။ ပီအီးတီစကဲန်များကို စီတီစကဲန်များနှင့် တွဲသုံးနိုင်ပါသည်၊ အကြောင်းမှာ ပုံရိပ်တစ်ခုကို အခြားပုံရိပ်တစ်ခုနှင့် ပူးတွဲလိုက်သောအခါ ပိုမိုအသေးစိတ်ကျ၏။ သို့သော် လူနာများအနေနှင့် စကဲန်မရိုက်မီ သတ်မှတ်ထားသောအချိန်အတွင်း အစာစားထားမည်ဆိုလျှင် သို့မဟုတ် ဆီးချိုရောဂါကြောင့် သွေးအတွင်း သကြားဓာတ်ပါဝင်မှုနှုန်းသည် လက်ခံနိုင်သောအပိုင်းအခြားထက် ပိုနေမည်ဆိုလျှင် ပီအီးတီစကဲန်များသည် မှားယွင်းသောရလဒ်များ ပေးပေမည်။ ထို့အပြင် ယင်း၏ရေဒီယိုသတ္တိကြွမှုသည် တစ်ခဏမျှဖြစ်ရာ အချိန်အတိအကျဖြင့် စကဲန်ရိုက်ရန် အရေးကြီး၏။

အန္တရာယ်များ– အသုံးပြုသည့် ရေဒီယိုသတ္တိကြွပစ္စည်းပမာဏမှာ အလွန်နည်းပါးပြီး ယင်း၏ရေဒီယိုသတ္တိကြွမှုမှာ တစ်ခဏမျှဖြစ်ရာ ဓာတ်ရောင်ခြည်ထိတွေ့မှု နည်းပါးသည်။ သို့တိုင် ယင်းသည် ကြီးထွားဖွံ့ဖြိုးလာနေသည့် သန္ဓေသားကို အန္တရာယ်ပေးနိုင်ပါသည်။ ယင်းကြောင့် ကိုယ်ဝန်ရှိကောင်းရှိနေသည့် အမျိုးသမီးများသည် မိမိတို့၏ဆရာဝန်နှင့် စကဲန်ရိုက်ပေးသည့် ဝန်ထမ်းကို အသိပေးသင့်သည်။ ကလေးရနိုင်သည့်အရွယ်ရှိ အမျိုးသမီးများကို ကိုယ်ဝန်ရှိမရှိစမ်းသပ်ရန် သွေး သို့မဟုတ် ဆီးနမူနာပေးရန် တောင်းဆိုပေမည်။ ပီအီးတီစကဲန်ကို စီတီစကဲန်နှင့်အတူ တွဲသုံးမည်ဆိုလျှင် စီတီစကဲန်နှင့်ဆက်နွှယ်နေသော အန္တရာယ်များကိုလည်း စဉ်းစားသုံးသပ်သင့်သည်။

အကျိုးကျေးဇူးများ– ပီအီးတီစကဲန်များသည် ကိုယ်အင်္ဂါများနှင့် တစ်ရှူးများ၏ပုံသဏ္ဌာန်ကို ဖော်ပြပေးရုံသာမက ၎င်းတို့ မည်မျှကောင်းစွာလုပ်ဆောင်နေပုံများကိုပါ ဖော်ပြပေးသည်ဖြစ်ရာ ယင်းစကဲန်များသည် စီတီ သို့မဟုတ် အမ်အာရ်အိုင်ဖြင့် တွေ့မြင်နိုင်သည့် တစ်ရှူးအဆောက်အအုံအတွင်း အပြောင်းအလဲများ မဖြစ်ပေါ်မီ အန္တရာယ်များကို ဖော်ထုတ်ပေးနိုင်ပါသည်။

သံလိုက်ဓာတ်မှန်ရိုက်ခြင်း

မည်သို့လုပ်ဆောင်သနည်း။ အမ်အာရ်အိုင်သည် ကိုယ်ခန္ဓာအတွင်းပိုင်း တည်ဆောက်ပုံအားလုံးနီးပါး၏ အလွန်အသေးစိတ်ကျသော ရုပ်ပုံများကို ထုတ်လုပ်ပေးနိုင်ရန် ဆွဲအားကောင်းသံလိုက်စက်ကွင်းနှင့် (ဓာတ်ရောင်ခြည်မဟုတ်သည့်) ရေဒီယိုလှိုင်းများအပြင် ကွန်ပျူတာတစ်လုံးကိုအသုံးပြုသည်။ ယင်းကြောင့် ဆရာဝန်များသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို စမ်းသပ်ကြည့်ရှုနိုင်သည့်အပြင် အခြားသောနည်းပညာများဖြင့် မဖော်ထုတ်နိုင်သော ရောဂါကိုလည်း ဖော်ထုတ်နိုင်ကြသည်။ ဥပမာ၊ အမ်အာရ်အိုင်သည် အရိုးကို ထွင်းဖောက်၍မြင်နိုင်သော ပုံရိပ်ဖော်ကိရိယာအနည်းငယ်တွင် တစ်ခုဖြစ်ပြီး ဦးနှောက်နှင့် အခြားတစ်ရှူးပျော့ကို စစ်ဆေးကြည့်ရှုရန် အလွန်ကောင်းသောကိရိယာတစ်ခုဖြစ်၏။

လူနာများသည် ပုံဖော်နေစဉ်အတွင်း ငြိမ်ငြိမ်နေရမည်ဖြစ်သည်။ လူနာသည် စက်အတွင်းရှိ အတော်အတန်သေးငယ်သော လိုဏ်ခေါင်းတစ်ခုကို ဖြည်းဖြည်းချင်း ဖြတ်သန်းသွားချိန်တွင် စကဲန်ရိုက်ရသဖြင့် လူနာတချို့သည် ပိတ်လှောင်ကြောက်လွန်သည့်စိတ် ဖြစ်ပေါ်ခံစားရ၏။ သို့သော် မကြာသေးမီက စိုးရိမ်တတ်သောလူနာများ သို့မဟုတ် အဝလွန်သောလူနာများအတွက် လိုဏ်ခေါင်းထဲသွင်းစရာမလိုသည့် အမ်အာရ်အိုင်စက်များ ထွက်ပေါ်လာလေပြီ။ သတ္တုဖြင့်ပြုလုပ်ထားသော ဖောင်တိန်၊ နာရီ၊ လက်ဝတ်ရတနာ၊ ဆံညှပ်နှင့် ဇာစ်များအပြင် အကြွေးဝယ်ကတ်နှင့် သံလိုက်ဓာတ်ကူးစေသည့် အရာဝတ္ထုများကို စမ်းသပ်ခန်းထဲသို့ မယူဆောင်လာရချေ။

အန္တရာယ်များ– ရေဒီယိုအလင်းပိတ်အရည်ကို အသုံးပြုမည်ဆိုလျှင် ဓာတ်မတည့်မှုအနည်းငယ်ရှိသော်လည်း ဓာတ်မှန်နှင့် စီတီစကဲန်များတွင် အများအားဖြင့် အသုံးပြုသည့် အိုင်အိုဒင်းအခြေပြု ဒြပ်ဝတ္ထုများနှင့်ဆက်နွှယ်နေသော အန္တရာယ်ထက်မူ ပိုနည်းပါသည်။ အမ်အာရ်အိုင်သည် လူနာအား အခြားအန္တရာယ်ပေးခြင်းမူ မရှိသေးချေ။ သို့သော် အားပြင်းသော သံလိုက်စက်ကွင်း၏ အကျိုးသက်ရောက်မှုကြောင့် အချို့သောခွဲစိတ်မှုဆိုင်ရာ အစားထိုးပစ္စည်းများ သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုကြောင့် သတ္တုအပိုင်းအစများ ထည့်သွင်းထားသည့် လူနာများသည် အမ်အာရ်အိုင်ရိုက်၍ရနိုင်မည်မဟုတ်ချေ။ သို့ဖြစ်၍ သင်သည် အမ်အာရ်အိုင်ကို ရွေးချယ်ပါက သင့်ကိုယ်တွင်းတွင် အဆိုပါပစ္စည်းတစ်မျိုးမျိုး ရှိနေသည်ဆိုလျှင် သင်၏ဆရာဝန်နှင့် အမ်အာရ်အိုင်နည်းပညာရှင်အား ပြောပြရန် သေချာစေပါ။

အကျိုးကျေးဇူးများ– အမ်အာရ်အိုင်သည် ဘေးဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်ကို အသုံးမပြုသည့်အပြင် မူမမှန်သောတစ်ရှူးများ အထူးသဖြင့် အရိုးတစ်ရှူးများ၏အတွင်းပိုင်း သို့မဟုတ် အနောက်ဘက်တွင် ရှိနေနိုင်သည့် မူမမှန်မှုများကို ရှာဖွေစစ်ဆေးရာတွင် အထူးကောင်းမွန်လှ၏။

နှုန်းလွန်အသံလှိုင်း ဓာတ်မှန်ရိုက်ခြင်း

မည်သို့လုပ်ဆောင်သနည်း။ နှုန်းလွန်အသံလှိုင်းဓာတ်မှန်ရိုက်ခြင်းဟုလည်း ခေါ်ဆိုသည့် ဤနည်းပညာသည် အခြေခံအားဖြင့် လူ့နားဖြင့်မကြားနိုင်သော အသံလှိုင်းများကို အသုံးပြုသည့် ကိရိယာပုံစံတစ်မျိုးဖြစ်၏။ ဥပမာ၊ အသံလှိုင်းများသည် သိပ်သည်းနေသောတစ်ရှူး—အင်္ဂါတစ်ခု၏မျက်နှာပြင်—ရှိ အပြောင်းအလဲဖြစ်နေသောနေရာသို့ ရောက်ရှိသွားသောအခါ ပဲ့တင်သံပြန်လာ၏။ အဆိုပါပဲ့တင်သံကို ကွန်ပျူတာက ဆန်းစစ်ပေးပြီး ကိုယ်တွင်းအင်္ဂါ၏ အတိမ်အနက်၊ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် ထူခြင်း၊ ချောမွတ်ခြင်းတို့ကို နှစ်ဖက် သို့မဟုတ် သုံးဖက်မြင်ပုံရိပ်များက ဖော်ပြပေးသည်။ တုန်ခါကြိမ်နှုန်းနည်းသော လှိုင်းများသည် ကိုယ်ခန္ဓာ၏ ပိုမိုနက်ရှိုင်းသော အစိတ်အပိုင်းများကို ပုံဖော်ပေးနိုင်သည်၊ နှုန်းလွန်မြင့်တုန်ခါမှုများသည် မျက်လုံးနှင့် အရေပြားအလွှာများကဲ့သို့သော အပေါ်ယံအင်္ဂါများကို လေ့လာသိရှိစေသည်၊ အရေပြားကင်ဆာစမ်းသပ်စစ်ဆေးရာတွင်လည်း အထောက်အကူပြုသည်။

များသောအားဖြင့် စစ်ဆေးသူသည် စွမ်းအင်အသွင်ပြောင်း လက်ကိုင်ကိရိယာတစ်ခုကို အသုံးပြု၏။ သူသည် သန့်စင်ဂျယ်လ်ကို အရေပြားပေါ် လိမ်းကျံပြီးနောက် စစ်ဆေးရန်လိုအပ်သော နေရာတစ်လျှောက်ကို စွမ်းအင်အသွင်ပြောင်းကိရိယာဖြင့် ပွတ်တိုက်ပေးရာ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ပုံရိပ်ချက်ချင်းပေါ်လာသည်။ လိုအပ်လာပါက အချို့သောကိုယ်တွင်းအင်္ဂါများကို အတတ်နိုင်ဆုံး စမ်းသပ်စစ်ဆေးမှုများပြုလုပ်နိုင်ရန် စွမ်းအင်အသွင်ပြောင်းကိရိယာလေးတစ်ခုကို စမ်းတံတစ်ခုနှင့်တွဲ၍ ကိုယ်ခန္ဓာအတွင်းသို့ ထည့်သွင်းသည်။

ဒေါ့ပလာနှုန်းလွန်အသံလှိုင်း (Doppler ultrasound) ဟုခေါ်ဆိုသော နည်းပညာတစ်ခုမှာ ရွေ့လျားမှုကို အလွယ်တကူအာရုံခံနိုင်ပြီး သွေးစီးဆင်းမှုကို ဖော်ပြရန်အသုံးပြုသည်။ တစ်ဖန် ယင်းသည် အင်္ဂါများနှင့်အကျိတ်များအပါအဝင် ရောဂါလက္ခဏာများ စမ်းသပ်စစ်ဆေးရာတွင်လည်း အထောက်အကူပြုနိုင်ပါသည်။

နှုန်းလွန်အသံလှိုင်းပုံရိပ်သည် သမားတော်များအား ရောဂါအခြေအနေအမျိုးမျိုးကို စစ်ဆေးရန်၊ နှလုံးအဆို့ရှင်ရောဂါမှစ၍ ရင်သားအတွင်းရှိ အကျိတ်များအထိ ရောဂါဖြစ်ပေါ်စေသည့်အကြောင်းရင်းကို ခွဲခြားသိမြင်နိုင်ရန် သို့မဟုတ် မမွေးသေးသည့်ကလေးငယ်၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် ကူညီပေးသည်။ သို့သော် နှုန်းလွန်အသံလှိုင်းများသည် ဓာတ်ငွေ့ကိုမဖြတ်သန်းသောကြောင့် ဝမ်းဗိုက်၏ အချို့သောအစိတ်အပိုင်းများကို စစ်ဆေးရာတွင် ရှင်းလင်းသောပုံရိပ်များ အမြဲမထွက်ပေါ်စေပါ။ ပုံရိပ်သည်လည်း ဓာတ်မှန်ပုံရိပ်ကဲ့သို့သော အခြားသောပုံရိပ်များလောက် မရှင်းချေ။

အန္တရာယ်များ– အများအားဖြင့် နှုန်းလွန်အသံလှိုင်းကို မှန်ကန်စွာ အသုံးပြုလျှင် အန္တရာယ်ကင်းသော်လည်း ယင်းသည် စွမ်းအင်ပုံစံတစ်မျိုးဖြစ်ပြီး မမွေးသေးသောကလေးငယ်၏ တစ်ရှူးများအပါအဝင် တစ်ရှူးများကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် မမွေးသေးသောကလေးကို နှုန်းလွန်အသံလှိုင်းအသုံးပြု၍ စစ်ဆေးရာတွင် ယင်းနှင့်ဆက်နွှယ်သောအန္တရာယ်တချို့ ရှိနေဆဲပင်။

အကျိုးကျေးဇူးများ– ဤနည်းပညာသည် နေရာတကာတွင် ပျံ့နှံ့လာပြီး ခွဲစိတ်ခြင်းမရှိသည့်အပြင် အကုန်အကျလည်း မများလှချေ။ ထို့အပြင် ပုံရိပ်ကို ချက်ချင်းကြည့်၍ရနိုင်သည်။

အနာဂတ်နည်းပညာများ

လက်ရှိတွင် ရှိနှင့်ပြီးသားနည်းပညာကို တိုးတက်ကောင်းမွန်စေရန် သုတေသနပြုနေကြပုံပေါ်၏။ ဥပမာ၊ သုတေသနပညာရှင်များသည် လက်ရှိကိရိယာများ၏ သံလိုက်စက်ကွင်းထက် များစွာအားပျော့သော အမ်အာရ်အိုင်စကဲန်နာစက်များကို တီထွင်နေကြရာ ယင်းက ကုန်ကျမှုစရိတ်ကို အတော်အတန် သက်သာစေပါသည်။ တီထွင်နေဆဲ အလွန်အသုံးဝင်မည့် နည်းပညာအသစ်တစ်ရပ်ကို မော်လီကျူးပုံရိပ် (အမ်အိုင်) ဟုခေါ်သည်။ မော်လီကျူးအဆင့်တွင် ကိုယ်ခန္ဓာအတွင်းရှိ အပြောင်းအလဲများကိုရှာဖွေရန် ပုံစံပြုထားသော အမ်အိုင်သည် ရောဂါကို စောစီးစွာ ဖော်ထုတ်ကုသပေးနိုင်သည့် အလားအလာရှိ၏။

ပုံရိပ်နည်းပညာသည် နာကျင်မှု၊ အသက်အန္တရာယ်ရှိမှုနှင့် မလိုအပ်သော ခွဲစိတ်ကုသမှုများစွာကိုပင် လျော့နည်းစေခဲ့ပြီဖြစ်သည်။ ပုံရိပ်သည် ရောဂါလက္ခဏာကို စောစီးစွာ သိရှိစေပြီး ကုသသည့်အခါ ပိုမိုကောင်းမွန်သောရလဒ်ကို ထွက်ပေါ်လာစေပေမည်။ သို့သော် အဆိုပါစက်ကိရိယာသည် အလွန်ဈေးကြီး၏၊ စက်တချို့၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ တစ်သန်းကျော်၏။

မှန်ပါသည်၊ ရောဂါကာကွယ်ရေးသည် ရှာဖွေရေးနှင့်ကုသရေးထက် ပို၍ကောင်း၏။ သို့ဖြစ်၍ သင့်တော်သောအစားအသောက်စားခြင်း၊ ကာယလေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း၊ လုံလောက်စွာအနားယူခြင်းနှင့် အပြုသဘောထားရှိခြင်းတို့ဖြင့် ကျန်းမာစွာနေထိုင်ရန် ကြိုးစားပါ။ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏” ဟုနယပုံပြင် ၁၇:၂၂ ကဆိုသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ရေဒီယိုဓာတ်ရောင်ခြည်ခံယူခြင်းနှင့်ပတ်သက်၍ နှိုင်းယှဉ်မှုကို  “ရေဒီယိုဓာတ်ရောင်ခြည်ကို မည်မျှထိတွေ့ရမည်နည်း” ဟူသော လေးထောင့်ကွက်ကိုရှု။

^ အပိုဒ်၊ 6 ဤဆောင်းပါးတွင် ပုံရိပ်ရိုက်သည့်နည်းပညာများ၊ ယင်းတို့၏အန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ခြုံငုံသုံးသပ်ထားခြင်းသာဖြစ်ပါသည်။ ထပ်ဆင့်သိရှိလိုပါက ကျေးဇူးပြု၍ အထူးသီးသန့်ထုတ်စာပေများကို ဖတ်ရှုလေ့လာပါ သို့မဟုတ် ရေဒီယိုဓာတ်ရောင်ခြည်ပညာရှင်တစ်ဦးနှင့် ဆွေးနွေးတိုင်ပင်ပါ။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

ရေဒီယိုဓာတ်ရောင်ခြည်ကို မည်မျှထိတွေ့ရမည်နည်း

  အာကာသမှရောက်ရှိလာသော ကော့စမစ်ရောင်ခြည်များမှဖြစ်စေ၊ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ရေဒွန်ဓာတ်ငွေ့ကဲ့သို့သော ရေဒီယိုသတ္တိကြွပစ္စည်းများမှဖြစ်စေ ကျွန်ုပ်တို့သည် နောက်ခံရေဒီယိုဓာတ်ရောင်ခြည်နှင့် နေ့စဉ် ထိတွေ့နေရ၏။ အောက်ဖော်ပြပါ နှိုင်းယှဉ်မှုက တစ်စုံတစ်ရာသော ဆေးစစ်ချက်နှင့်ဆက်နွှယ်နေသည့် အန္တရာယ်များကို သတ်မှတ်ဆုံးဖြတ်ရန် သင့်အား ကူညီပေးပေမည်။ ပျမ်းမျှအားဖြင့် ဓာတ်ရောင်ခြည်၏အကျိုးသက်ရောက်မှုကို မီလီစီဗာ့တ် (mSv) ဖြင့် တိုင်းတာတွက်ချက်၏။

ခရီးသည်တင်လေယာဉ်တစ်စီးအတွင်း ငါးနာရီကြာ စီးနင်းမှုတစ်ခု– ၀.၀၃ mSv

သဘာဝနောက်ခံမှ ရေဒီယိုဓာတ်ရောင်ခြည်ကို ဆယ်ရက်ကြာခံယူမှု– ၀.၁ mSv

သွားဓာတ်မှန်တစ်ခု– ၀.၀၄–၀.၁၅ mSv

ပုံမှန်ရင်ဘတ်ဓာတ်မှန်တစ်ခု– ၀.၁ mSv

ရင်သားဓာတ်မှန်တစ်ခု– ၀.၇ mSv

စီတီစကဲန်ဖြင့်ရိုက်သော ရင်ဘတ်ဓာတ်မှန်တစ်ခု– ၈.၀ mSv

သင်စမ်းသပ်စစ်ဆေးမှုခံယူရန် လိုအပ်သည်ဆိုလျှင် ရေဒီယိုဓာတ်ရောင်ခြည်ထိတွေ့ မှု ပမာဏ သို့မဟုတ် သင်၌ရှိနေနိုင်သည့် မည်သည့်စိုးရိမ်ပူပန်မှုကိုမဆို သင့်ဆရာဝန် သို့မဟုတ် ရေဒီယိုဓာတ်ရောင်ခြည်ပညာရှင်အား မေးမြန်းရန် မတွန့်ဆုတ်ပါနှင့်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဓာတ်မှန်

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

စီတီ

[Credit Line]

© Philips

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ပီအီးတီ

[Credit Line]

Courtesy Alzheimer’s Disease Education and Referral Center, a service of the National Institute on Aging

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အမ်အာရ်အိုင်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

နှုန်းလွန်အသံလှိုင်း