မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောင်မြင်မှုရရှိစေနိုင်သည့် နည်းလမ်းခြောက်ခု

အောင်မြင်မှုရရှိစေနိုင်သည့် နည်းလမ်းခြောက်ခု

အောင်မြင်မှုရရှိစေနိုင်သည့် နည်းလမ်းခြောက်ခု

စစ်မှန်သောအောင်မြင်မှုဟူသည် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ညီပြီး ကိုယ်တော့်စံနှုန်းများကို လက်တွေ့ကျင့်သုံးခြင်းမှ ရရှိသော အကောင်းဆုံးဘဝလမ်းစဉ်၏ အထမြောက်မှုဖြစ်သည်။ သမ္မာကျမ်းစာ၏အဆိုအရ ယင်းသို့သောအသက်တာဖြင့် အသက်ရှင်နေထိုင်သူတစ်ဦးသည် “မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်မည်။”ဆာလံ ၁:၃

မှန်ပါသည်၊ ကျွန်ုပ်တို့သည် မစုံလင်၍ အမှားများပြုကြသော်လည်း ကျွန်ုပ်တို့၏ဘဝတစ်ခုလုံးကို ခြုံ၍ကြည့်မည်ဆိုလျှင် အောင်မြင်နိုင်ပါသည်။ ဤအလားအလာကို သင်နှစ်သက်ပါသလော။ နှစ်သက်သည်ဆိုလျှင် အောက်ပါကျမ်းစာမူခြောက်ခုက ထိုပန်းတိုင်သို့ရောက်ရှိရန် သင့်အား ကူညီပေးနိုင်ပါသည်၊ ဤသို့ဖြင့် သမ္မာကျမ်းစာပါ သွန်သင်ချက်များသည် အမှန်တကယ်ပင် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်ကြောင်း ရှင်းလင်းစွာ သက်သေထူသည်။—ယာကုပ် ၃:၁၇

၁ ငွေနှင့်ပတ်သက်၍ တော်လျော်သောအမြင် ထားရှိပါ

ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။ လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် . . . ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကို ထိုးနှက်ကြပြီ။” (၁ တိမောသေ ၆:၁၀ကဘ) ပြဿနာမှာ ကျွန်ုပ်တို့အားလုံး မိမိတို့ကိုယ်ကိုနှင့် မိမိတို့မိသားစုကို ကြည့်ရှုစောင့်ရှောက်ရန် လိုအပ်သည့် ငွေကြေးကိုယ်နှိုက်မဟုတ်ဘဲ ငွေကိုတပ်မက်ခြင်းဖြစ်ကြောင်း သတိပြုပါ။ အမှန်တကယ်တွင် ထိုသို့တပ်မက်ခြင်းက ငွေကို လူတစ်ဦး၏သခင် သို့မဟုတ် ဘုရားသခင်ဖြစ်စေ၏။

ဤဆောင်းပါးတွဲ၏ အဖွင့်ဆောင်းပါးတွင် ကျွန်ုပ်တို့ တွေ့ခဲ့ရသည့်အတိုင်း အောင်မြင်မှု၏သော့ချက်အဖြစ် စည်းစိမ်ဥစ္စာနောက် တကောက်ကောက်လိုက်နေသူတို့သည် အမှန်တကယ်တွင် တံလျှပ်ကို ရေထင်နေကြခြင်းဖြစ်သည်။ သူတို့သည် စစ်မှန်သောအောင်မြင်မှုကို ရှာမတွေ့သည့်အပြင် ပြဿနာများစွာကို သူတို့ကိုယ်တိုင် လက်ယက်ခေါ်နေကြ၏။ ဥပမာ၊ လူတို့သည် ချမ်းသာကြွယ်ဝမှုနောက် တကောက်ကောက်လိုက်နေစဉ် မိသားစုနှင့် မိတ်ဆွေများ၏ဆက်ဆံရေးကို စွန့်လွှတ်လေ့ရှိသည်။ အခြားသူတို့ကမူ အလုပ်ကြောင့်မဟုတ်ဘဲ စိုးရိမ်ပူပန်မှုကြောင့် အိပ်ရေးဝဝ မအိပ်ရချေ။ “အလုပ်လုပ်သောသူသည် များစွာ စားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏” ဟု ဒေသနာ ၅:၁၂ ကဆိုသည်။

ငွေသည် ရက်စက်ကြမ်းကြုတ်သော သခင်တစ်ဦးဖြစ်ရုံသာမက လိမ်လည်လှည့်ဖြားသူတစ်ဦးလည်းဖြစ်သည်။ “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” အကြောင်း ယေရှုခရစ်ပြောဆိုခဲ့သည်။ (မာကု ၄:၁၉) တစ်နည်းအားဖြင့် စည်းစိမ်ဥစ္စာသည် ပျော်ရွှင်မှုပေးသည်ဟုဆိုသော်လည်း အမှန်တွင် ထိုသို့မဟုတ်ချေ။ ပို၍ပို၍ရလိုသည့်စိတ်ကိုသာ ဖြစ်ပေါ်စေ၏။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်” ဟု ဒေသနာ ၅:၁၀ ကဆို၏။

လိုရင်းပြောရလျှင် ငွေကိုတပ်မက်ခြင်းသည် ကိုယ့်ကိုယ်ကို ရှုံးနိမ့်စေခြင်းဖြစ်ပြီး နောက်ဆုံးတွင် စိတ်ပျက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ရာဇဝတ်မှုကျူးလွန်ခြင်းကိုပင် ဖြစ်ပေါ်စေသည်။ (သု. ၂၈:၂၀) ပျော်ရွှင်မှု၊ အောင်မြင်မှုတို့နှင့် ပို၍ဆက်စပ်နေသည့်အရာများမှာ ရက်ရောခြင်း၊ ခွင့်လွှတ်သည့်စိတ်သဘောရှိခြင်း၊ ကိုယ်ကျင့်တရားစင်ကြယ်ခြင်း၊ ချစ်ခြင်းနှင့် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိခြင်းတို့ဖြစ်သည်။

၂ ရက်ရောသည့်စိတ်သဘောကို ပြုစုပျိုးထောင်ပါ

“ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။” (တမန်တော် ၂၀:၃၅ကဘ) အခါအားလျော်စွာ ပေးကမ်းခြင်းက ပျော်ရွှင်ဖွယ်အခါသမယများကို ဖြစ်ပေါ်စေသော်လည်း ရက်ရောသည့်စိတ်သဘောသည် လူတစ်ဦးကို အများအားဖြင့် ပျော်ရွှင်နေသူတစ်ဦး ဖြစ်စေနိုင်ပါသည်။ အမှန်မှာ ရက်ရောမှုကို နည်းအမျိုးမျိုးဖြင့် ပြသနိုင်၏။ အကောင်းဆုံးနည်းများအနက် တစ်နည်းဖြစ်ပြီး မကြာခဏပင် တန်ဖိုးအထားခံရဆုံးနည်းမှာ မိမိကိုယ်ကိုပေးဆက်ခြင်းဖြစ်သည်။

ကိုယ်ကျိုးမဖက်မှု၊ ပျော်ရွှင်မှု၊ ကျန်းမာမှုတို့နှင့်စပ်လျဉ်းသည့် လေ့လာမှုအတော်များများကို ပြန်လည်သုံးသပ်ပြီးနောက် ကိုယ်ကျိုးမဖက်ခြင်းနှင့် အခြားသူများအား ကူညီပေးခြင်းတို့သည် စိတ်ဓာတ်ကျဆင်းမှုလျော့နည်းခြင်းအပါအဝင် အသက်ရှည်ရှည်နေထိုင်ရခြင်း၊ ကျေနပ်ပျော်ရွှင်သည့်စိတ်ဓာတ်မြင့်မားခြင်း၊ ကိုယ်စိတ်ကျန်းမာခြင်းတို့နှင့် ဆက်နွှယ်နေကြောင်း သုတေသီ စတီဗင် ဂျီ. ပို့စ်က ကောက်ချက်ချခဲ့၏။

ထို့အပြင် မိမိတို့တတ်နိုင်သလောက် ရက်ရောစွာပေးကမ်းကြသူတို့သည် ဘဝလိုအပ်ရာများ မချို့တဲ့ကြချေ။ နယပုံပြင် ၁၁:၂၅ [သမ္မာ] က “ရက်ရောသောသူသည် ကြွယ်ဝလိမ့်မည်။ ရေလောင်းပေးသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်” ဟုဆိုသည်။ အဆိုပါစကားနှင့်အညီ နှလုံးထဲမှ အမှန်တကယ် ရက်ရောသူတို့သည် အထူးသဖြင့် ဘုရားသခင်၏တန်ဖိုးထားမှုနှင့် ချစ်မြတ်နိုးမှုကို ခံစားကြရသည်။—ဟေဗြဲ ၁၃:၁၆

၃ အကြွင်းမဲ့ ခွင့်လွှတ်ပါ

‘တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍ . . . အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါဘုရားသခင်သည် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။’ (ကောလောသဲ ၃:၁၃ကဘ) ယနေ့ခေတ်တွင် လူတို့သည် အခြားသူတို့၏အပြစ်ကို ခွင့်လွှတ်လိုစိတ်မရှိကြချေ၊ သနားကြင်နာမှုပြမည့်အစား လက်စားချေလိုကြသည်။ ရလဒ်ကား အဘယ်နည်း။ ရန်ကိုရန်နှင့် တုံ့ပြန်ကြလေသည်။

ဆိုးကျိုးက ဤတွင် ရပ်တန့်သွားမည်မဟုတ်ချေ။ “အသက် ၁၈ နှစ်မှ အသက် ၃၀ အရွယ်ကြားရှိသူ လူအယောက် ၄,၆၀၀ ကျော်ကို ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်တွင် လူတစ်ဦးသည် ပို၍ရန်လို၊ ပို၍အလိုမကျဖြစ်ပြီး မလိုတမာစိတ်ပိုများလေ အဆုတ်ကျန်းမာရေး ပိုမိုချို့ယွင်းလေဖြစ်ကြောင်း တွေ့ရှိရသည်” ဟုကနေဒါနိုင်ငံ၊ မွန်ထရီရောလ်မြို့ထုတ် သတင်းစာတစ်စောင် (The Gazette) မှသတင်းတစ်ပုဒ်ကဆိုသည်။ အမှန်မှာ ဘေးဖြစ်စေသောဆိုးကျိုးတချို့သည် ဆေးလိပ်သောက်သုံးသူတစ်ဦး ခံစားရသည့်ဆိုးကျိုးထက်ပင် ပို၍ကြီးမားသေးသည်။ ခွင့်လွှတ်သည့်စိတ်သဘောသည် လူမှုဆက်ဆံရေးကို ချောမွေ့စေသည်သာမက ကျန်းမာရေးကိုလည်း အကျိုးပြု၏။

သင်သည် ပိုမိုခွင့်လွှတ်တတ်သူတစ်ဦး မည်သို့ဖြစ်လာနိုင်သနည်း။ ကိုယ့်ကိုယ်ကို ရိုးသားစွာ ဆန်းစစ်ခြင်းဖြင့် စတင်ပါ။ တစ်ခါတစ်ရံ သင်သည် အခြားသူများအား စိတ်အနှောင့်အယှက် ဖြစ်စေသည်မဟုတ်လော။ သူတို့၏ခွင့်လွှတ်မှုကို သင် တန်ဖိုးမထားပေလော။ သို့ဖြစ်၍ အခြားသူတို့အား သဘောထားကြီးကြီးဖြင့် ခွင့်လွှတ်လျှင် မကောင်းပေလော။ (မဿဲ ၁၈:၂၁-၃၅) ဤကိစ္စတွင် ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းကို မွေးမြူဖို့လည်း အရေးကြီးပေသည်။ စိတ်ချုပ်တည်းတတ်ရန် “တစ်မှ တစ်ဆယ်အထိရေတွက်” သို့မဟုတ် မိမိ၏ဒေါသကို အခြားတစ်နည်းနည်းဖြင့် ထိန်းချုပ်ရန် အချိန်ယူပါ။ ထို့နောက် ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းကို ခွန်အားအဖြစ် ရှုမြင်ပါ။ ‘စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက် သာ၍ကောင်း၏’ ဟုနယပုံပြင် ၁၆:၃၂ ကဆိုသည်။ “ခွန်အားကြီးသောသူထက် သာ၍ကောင်း၏” ဟူသောအဆိုသည် အောင်မြင်မှုမဟုတ်ပေလော။

၄ ဘုရားသခင့်စံနှုန်းတော်များကို လိုက်နာပါ

‘ယေဟောဝါ၏ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။’ (ဆာလံ ၁၉:၈) ရိုးရိုးလေးပြောရမည်ဆိုလျှင် ဘုရားသခင့်စံနှုန်းတော်များသည် ကျွန်ုပ်တို့၏ ကာယရေး၊ စိတ္တရေးနှင့် စိတ်လှုပ်ရှားမှုတို့ကို ကောင်းကျိုးပြုသည်။ အခြားအရာများအပြင် မူးယစ်ဆေးဝါးတလွဲသုံးခြင်း၊ သောက်ကြူးခြင်း၊ လိင်မှုဖောက်ပြန်ခြင်းနှင့် အပြာရုပ်ပုံစာပေကြည့်ရှုခြင်းကဲ့သို့သော ဘေးဖြစ်စေသည့် အမူအကျင့်များမှလည်း ကျွန်ုပ်တို့ကို ကာကွယ်ပေးသည်။ (၂ ကောရိန္သု ၇:၁; ကောလောသဲ ၃:၅) အထက်ပါဘေးဖြစ်စေသော အမူအကျင့်များသည် ရာဇဝတ်မှု၊ ဆင်းရဲမွဲတေမှု၊ အယုံအကြည်မရှိမှု၊ မိသားစုပြိုကွဲမှု၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ ရောဂါအပြင် အချိန်မတန်မီ သေဆုံးမှုတို့ကို ဖြစ်စေနိုင်ပါသည်။

တစ်ဖက်ကကြည့်လျှင် ဘုရားသခင့်စံနှုန်းတော်များကို လိုက်နာသူတို့သည် အကျိုးဖြစ်ထွန်း၍ တည်မြဲသောဆက်ဆံရေးများအပြင် ကိုယ့်ကိုယ်ကိုလေးစားမှုနှင့် စိတ်ငြိမ်သက်မှုတို့ကို ခံစားကြရသည်။ ဟေရှာယ ၄၈:၁၇၊ ၁၈ တွင် ဘုရားသခင်က ‘သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင် . . . ၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ငြိမ်သက်ခြင်းသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်’ ဟုမိန့်တော်မူ၏။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးကို လိုလားတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား စစ်မှန်သောအောင်မြင်မှုလမ်းပေါ်တွင် လျှောက်လှမ်းစေလိုသည်။

၅ ကိုယ်ကျိုးမရှာသည့်မေတ္တာပြပါ

“မေတ္တာမူကား တည်ဆောက်တတ်၏။” (၁ ကောရိန္သု ၈:၁) မေတ္တာကင်းမဲ့သောဘဝတစ်ခုကို သင် မြင်ယောင်ကြည့်နိုင်ပါသလော။ ယင်းဘဝသည် အနှစ်သာရမဲ့ပြီး ပျော်ရွှင်မှုမဲ့နေပေမည်။ ဘုရားသခင့်စွမ်းအားတော်၏ တိုက်တွန်းမှုဖြင့် တမန်တော်ပေါလုက “ငါသည် . . . [အခြားသူများအပေါ်] ချစ်ခြင်းမေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။ . . . ငါ၌ အဘယ်အကျိုးမျှမရှိ” ဟူ၍ ရေးသားခဲ့၏။—၁ ကောရိန္သု ၁၃:၂၊ ၃ကဘ။

ဤတွင်ဖော်ပြထားသည့် မေတ္တာပုံစံသည် ဖိုမဆိုင်ရာမေတ္တာမျိုးမဟုတ်ပေ။ ယင်းအစား ကျမ်းစာမူများအပေါ် အခြေခံသည့် မေတ္တာမျိုးဖြစ်သည်။ * (မဿဲ ၂၂:၃၇-၃၉) ထို့အပြင် ယင်းတွင် ရယူလိုသည့်သဘောမရှိဘဲ ပေးဆက်ခြင်းဖြစ်သည့်လုပ်ရပ် ပါဝင်သည်။ ယင်းမေတ္တာသည် စိတ်ရှည်၍ ကြင်နာတတ်ကြောင်း ပေါလုဆက်ဆိုခဲ့သည်။ ယင်းသည် မနာလိုခြင်း၊ ဝါကြွားခြင်း သို့မဟုတ် မာန်မာနကြီးခြင်းမရှိ။ ယင်းသည် သူတစ်ပါးအကျိုးသယ်ပိုးရန် လှုံ့ဆော်ပေးပြီး အလွယ်တကူ ဗွေယူမည့်အစား ခွင့်လွှတ်သည်။ ယင်းမေတ္တာမျိုးသည် တည်ဆောက်ပေး၏။ ထို့အပြင် အခြားသူများ၊ အထူးသဖြင့် မိသားစုဝင်များနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးတွင် အောင်မြင်မှုရှိစေရန် ကူညီပေး၏။—၁ ကောရိန္သု ၁၃:၄-၈

မိဘများအတွက်မူ မေတ္တာဟူသည် သားသမီးများကို ချစ်ခင်ကြင်နာမှုပြခြင်း၊ သူတို့လေးများအတွက် ရှင်းလင်း၍ ကျမ်းစာအပေါ် အခြေပြုထားသည့် ကိုယ်ကျင့်တရားနှင့် အခြားသော အမူအကျင့်ပိုင်းဆိုင်ရာ လမ်းညွှန်ချက်များ သတ်မှတ်ပေးခြင်းကို ဆိုလိုပါသည်။ ယင်းသို့သောဝန်းကျင်တွင် ကြီးပြင်းလာကြသည့် ကလေးများသည် လုံခြုံမှုရှိသည်၊ မိသားစုနှောင်ကြိုး ခိုင်မြဲသည်ဟုခံစားရပြီး အမှန်တကယ် ချစ်မြတ်နိုးခံရပြီး တန်ဖိုးထားခံရသည်ဟုလည်း ခံစားကြရသည်။—ဧဖက် ၅:၃၃–၆:၄; ကောလောသဲ ၃:၂၀

အမေရိကန်နိုင်ငံမှ ဂျက်ခ်အမည်ရှိ လူရွယ်တစ်ဦးသည် ကျမ်းစာမူများကို ကျင့်သုံးသည့် မိသားစုတစ်စုတွင် ကြီးပြင်းလာခဲ့၏။ ဂျက်ခ်သည် အိမ်နှင့်ခွဲနေပြီးနောက် မိဘများထံ စာရေးခဲ့သည်။ ၎င်း၏စာတစ်စိတ်တစ်ပိုင်းတွင် သူဤသို့ဆိုသည်– “ကျွန်တော် အမြဲ ကြိုးစားလုပ်ဆောင်ခဲ့တဲ့အရာက ‘သင်သည် . . . ကောင်းစားရမည်အကြောင်း . . . သင်၏မိဘကို ရိုသေစွာပြုလော့’ ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို လိုက်လျှောက်ခြင်းဖြစ်တယ်။ (တရားဟောရာ ၅:၁၆) အဲဒီအတိုင်း လိုက်လျှောက်ခဲ့လို့ ကျွန်တော့်ဘဝ အဆင်ပြေခဲ့တယ်။ ဖေဖေနဲ့မေမေတို့ရဲ့ ဇွဲနဲ့ မေတ္တာပါပါ ပြုစုပျိုးထောင်ပေးမှုတွေကြောင့်ဆိုတာ အရင်ကထက် ပိုနားလည်လာတယ်။ ကျွန်တော့်ကို ကြိုးကြိုးစားစားနဲ့ ကျွေးမွေးပြုစုပေးခဲ့သမျှအတွက် ဖေဖေနဲ့မေမေကို ကျေးဇူးတင်ပါတယ်။” သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် ထိုကဲ့သို့သောစာတစ်စောင် လက်ခံရရှိပါက မည်သို့ခံစားရမည်နည်း။ ယင်းက သင့်အား အလွန်ပျော်ရွှင်စေမည်မဟုတ်ပေလော။

ထို့အပြင် မူအပေါ်အခြေခံသော မေတ္တာသည် သမ္မာကျမ်းစာတွင် တွေ့ရှိရသည့် ဘုရားသခင်နှင့်ဆိုင်သော “အမှန်တရား၌ ဝမ်းမြောက်တတ်” ၏။ (၁ ကောရိန္သု ၁၃:၆ကဘ; ယောဟန် ၁၇:၁၇) ဥပမာပြရသော်– အိမ်ထောင်ရေးပြဿနာကြုံနေသော မောင်နှံတစ်စုံသည် မာကု ၁၀:၉ [ကဘ] တွင်တွေ့ရသည့် “ဘုရားသခင် တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” ဟူသော ယေရှု၏စကားကို အတူတကွဖတ်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခု သူတို့သည် မိမိတို့၏နှလုံးကို ဆန်းစစ်ကြရမည်။ သူတို့သည် အမှန်ပင် ‘ကျမ်းစာအမှန်တရား၌ ဝမ်းမြောက်’ ကြသလော။ သူတို့သည် အိမ်ထောင်ရေးကို မြင့်မြတ်ရာအဖြစ် ဘုရားသခင်ရှုမြင်သကဲ့သို့ ရှုမြင်ကြမည်လော။ မိမိတို့၏ပြဿနာများကို မေတ္တာဖြင့် ဖြေရှင်းရန် ကြိုးပမ်းလိုစိတ်ရှိပါသလော။ ထိုသို့ဖြစ်ပါက သူတို့သည် အောင်မြင်သောအိမ်ထောင်ရေးကို တည်ဆောက်နိုင်ပြီး ယင်းကြောင့် ဝမ်းမြောက်နိုင်ကြပေမည်။

၆ ဘုရားသခင်ကို မှီခိုရန်လိုကြောင်း အသိအမှတ်ပြုပါ

“ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။” (မဿဲ ၅:၃ကဘ) တိရစ္ဆာန်များနှင့်မတူဘဲ လူသားတို့သည် ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သဘောပေါက်ကြသည်။ ထို့ကြောင့် ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။ ဖန်ဆင်းရှင်တစ်ပါးရှိပါသလော။ ကျွန်ုပ်တို့ သေဆုံးသွားသောအခါ ဘာဖြစ်သွားသနည်း။ အနာဂတ် မည်သို့ရှိသနည်းဟူသော မေးခွန်းများကို ကျွန်ုပ်တို့မေးကြ၏။

အဆိုပါမေးခွန်းများကို သမ္မာကျမ်းစာက ဖြေဆိုပေးကြောင်း ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသော စိတ်ရင်းမှန်သူတို့ တွေ့ရှိခဲ့ကြပြီ။ ဥပမာ၊ နောက်ဆုံးမေးခွန်းသည် လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ဆက်စပ်နေ၏။ ယင်းရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းမှာ ကမ္ဘာမြေကြီးကို ဘုရားသခင်နှင့် ကိုယ်တော်၏စံနှုန်းတော်များအား ချစ်မြတ်နိုးကြသူတို့ ထာဝစဉ်နေထိုင်နိုင်မည့် သာယာလှပသည့်နေရာတစ်ခုဖြစ်သော ပရဒိသုတစ်ခု ဖြစ်စေရန်ပင်တည်း။ ‘ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်’ ဟု ဆာလံ ၃၇:၂၉ ကဆို၏။

ရှင်းနေသည်မှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အား အနှစ် ၇၀၊ ၈၀ မျှသာဖြစ်သော ယာယီအောင်မြင်မှုထက်မက ပိုမိုအောင်မြင်စေလို၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ထာဝစဉ်ပင် အောင်မြင်စေလို၏။ ထို့ကြောင့် သင့်အတွက် သင်၏ဖန်ဆင်းရှင်အကြောင်း လေ့လာသင်ယူရန်အချိန်သည် ယခုပင်ဖြစ်သည်။ ယေရှုက “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်” ဟုမိန့်ဆိုခဲ့၏။ (ယောဟန် ၁၇:၃ကဘ) ယင်းအသိပညာကို သင်ရရှိပြီး ယင်းကို ဘဝတွင် လက်တွေ့ကျင့်သုံးသည်နှင့်အမျှ ‘ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းကို ရောနှောတော်မမူ” ကြောင်း အသင်ကိုယ်တိုင် သိမြင်လာပါလိမ့်မည်။—သု. ၁၀:၂၂သမ္မာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 22 ခရစ်ယာန်ဂရိကျမ်း၌ “မေတ္တာ” ဟူသောစကားလုံးပါသည့် နေရာတိုင်းနီးပါးတွင် ဂရိစကားလုံး အဂါးပေးဟူ၍ ပြန်ဆိုထား၏။ အဂါးပေးသည် မူ၊ တာဝန်နှင့် လိုက်နာအပ်သည့် အမူအကျင့်တစ်ခုအဖြစ် အခြားသူများကို မေတ္တာထားရန် တမင်တကာရွေးချယ်ခြင်းအပေါ် အခြေခံသည့် ကိုယ်ကျင့်တရားနှင့်ဆိုင်သော မေတ္တာမျိုးဖြစ်သည်။ သို့သော် အဂါးပေးသည် ခံစားချက်မဲ့မဟုတ်ဘဲ နွေးထွေး၍ လှိုက်လှိုက်လှဲလှဲရှိနိုင်ပါသည်။—၁ ပေတရု ၁:၂၂

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

ပိုမိုအောင်မြင်စေသည့် ထပ်ဆင့်ကျင့်ဝတ်များ

ဘုရားသခင်အား ကြောက်ရွံ့ပါ။ ‘ယေဟောဝါကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။’ —သု. ၉:၁၀

မိတ်ဆွေများကို ပညာရှိရှိရွေးချယ်ပါ။ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”—သု. ၁၃:၂၀

စားကြူးသောက်ကြူးခြင်းကို ရှောင်ကြဉ်ပါ။ “သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။”—သု. ၂၃:၂၁

လက်စားမချေပါနှင့်။ “မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။”—ရောမ ၁၂:၁၇၊ ကဘ။

အလုပ်ကြိုးစားပါ။ “မည်သူမဆို အလုပ်မလုပ်လိုလျှင် အစာကိုလည်း မစားစေနှင့်။”—၂ သက်သာလောနိတ် ၃:၁၀၊ ကဘ။

ရွှေပညတ်ကို ကျင့်သုံးပါ။ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”—မဿဲ ၇:၁၂၊ ကဘ။

သင်၏လျှာကိုထိန်းပါ။ ‘အသက်ကိုမြတ်နိုး၍ ကောင်းမွန်သောနေ့ရက်များကို တွေ့မြင်လိုသူသည် မိမိလျှာဖြင့် မကောင်းသောအရာကို မပြောစေနှင့်။’ —၁ ပေတရု ၃:၁၀၊ ကဘ။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ချစ်ခြင်းမေတ္တာသည် ဆေးစွမ်းကောင်းဖြစ်

ဆေးဆရာဝန်နှင့် စာရေးဆရာဖြစ်သူ ဒင်းအော်နစ်ရှ်က ဤသို့ရေး၏– “မေတ္တာနှင့် ချစ်ခင်ရင်းနှီးမှုသည် ကျွန်ုပ်တို့ကို ဖျားနာစေသည့်၊ ကျန်းမာစေသည့်၊ ဝမ်းနည်းစေသည့်၊ ပျော်ရွှင်စေသည့်၊ ဝမ်းနည်းဖွယ်ဝေဒနာ ခံစားရစေသည့်၊ ကုစားပေးသည့် ရင်းမြစ်တစ်ခုဖြစ်၏။ ဆေးဝါးအသစ်တစ်မျိုးသည် အလားတူအကျိုးသက်ရောက်မှုရှိလျှင် ထိုနိုင်ငံရှိ ဆရာဝန်တိုင်းလိုလိုက သူတို့၏လူနာများအား ထိုဆေးကို ညွှန်းလိမ့်မည်ဖြစ်သည်။ ထိုဆေးကိုမညွှန်းခဲ့သော် လွဲချော်သောကုသမှု ဖြစ်သွားပေမည်။”

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မျှော်လင့်ချက်ကင်းမဲ့မှုမှ အောင်မြင်မှုဆီသို့

ဘော်လ်ကန်ဒေသတွင် နေထိုင်သူ မီလန်ကိုသည် ပြည်တွင်းစစ် စတင်သောအခါ စစ်ထဲဝင်ခဲ့၏။ သူသည် ရဲဝံ့စွန့်စားသည့်အတွက် အကြမ်းဖက်ရုပ်ရှင်ဇာတ်လိုက်၏အမည်ကို အစွဲပြု၍ သူ့အား ရမ်ဘိုဟု ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော် မီလန်ကိုသည် စစ်တပ်တွင် အကျင့်ပျက်မှုနှင့် အရေခြုံမှုတို့ကို တွေ့ မြင်သဖြင့် စိတ်ပျက်လာ၏။ “ယင်းတို့ကြောင့် အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး၊ လောင်းကစားနှင့် လိင်ကိစ္စရှုပ်ပွေခြင်းစသော အကျင့်ဆိုးများကို ပြုကျင့်ခဲ့၏။ ကျွန်ုပ်၏ဘဝသည် ထိတ်လန့်ဖွယ်ရာဖြစ်ခဲ့ပြီး လွတ်မြောက်ရာလမ်းကို မတွေ့မြင်နိုင်ခဲ့ချေ” ဟုသူရေးသားခဲ့သည်။

ထိုခဲယဉ်းဆိုးယုတ်သောအချိန်တွင် မီလန်ကိုသည် သမ္မာကျမ်းစာကို စတင်ဖတ်ရှုခဲ့၏။ ယင်းနောက် ဆွေမျိုးတစ်ဦးထံ သွားလည်သောအခါ ယေဟောဝါသက်သေများထုတ်ဝေသည့် ကင်းမျှော်စင် မဂ္ဂဇင်းတစ်စောင်ကို သူတွေ့ ရှိသွား၏။ ဖတ်ရှုခဲ့ရာကို သူနှစ်သက်သွားရာ မကြာမီမှာပင် သက်သေခံများနှင့် ကျမ်းစာစလေ့လာခဲ့သည်။ ကျမ်းစာ အမှန်တရားက သူ့အား ပျော်ရွှင်မှုနှင့် စစ်မှန်သောအောင်မြင်မှုကို တွေ့ ရှိရန် ကူညီပေးခဲ့သည်။ “အဲဒီအမှန်တရားက ကျွန်တော့်ကို အားအင်အသစ်တွေ ပေးခဲ့တယ်။ ကျွန်တော့်ရဲ့အကျင့်ဆိုးတွေအားလုံးကို စွန့်လွှတ်ပြီး လူသစ်တစ်ယောက်အသွင် ပြောင်းလဲလိုက်တယ်၊ ပြီးတော့ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော့်ကို အရင်ကတည်းက သိကြတဲ့လူတွေက ရမ်ဘိုလို့မခေါ်တော့ဘူး၊ အဲဒီအစား နူးညံ့သိမ်မွေ့တဲ့သူဖြစ်လာလို့ ကျွန်တော့်ရဲ့ငယ်နာမည်ဖြစ်တဲ့ ဘန်နီလို့ ခေါ်ကြတော့တယ်” ဟုသူကဆို၏။